Saturday, 3 October 2020

ဒုတိယလှိုင်း Stay Home ကာလ.....



မြန်မာနိုင်ငံရဲ့ ကိုဗစ်ပထမလှိုင်းနဲ့ ဒုတိယလှိုင်းက သုံးလနီးပါးလောက်ကွာဟမယ်ထင်တယ်....။ ပထမလှိုင်းတုန်းက မတ်လနဲ့ ဧပြီလမှာ ပိုးတွေ့သူတရိတ်ရိတ်တက်နေတဲ့အချိန် ဒါတောင် တစ်ရာကျော် နှစ်ရာလောက်တွေ့တာ ကြောက်တဲ့သူတွေလဲ အကြောက်လွန် ရိုးလာလို့ အဖက်မလုပ်တဲ့သူတွေလဲများနေတာ....။  ပထမလှိုင်းနဲနဲအေးခဲလာချိန် လူတွေ ပုဂံတို့ ကလောတို့ ခရီးတွေလျှောက်ထွက်ကြသေး....။ ကိုယ်တွေမသွားမိတာ ကံခပ်ကောင်းကောင်းရယ် ....။ ခုလို ကပ်ဆိုက်ချိန်မှာ ဘာလုပ်လုပ် ချင့်ချင့်ချိန်ချိန် စဉ်းစဉ်းစားစားလုပ်တာအကောင်းဆုံးပဲ ကြိုတင်ပြင်ဆင်မှုဟာ လွန်တယ်လို့မရှိပါဘူး....။ သေခြင်တရား သုံးမျိုးရှိတဲ့အထဲ ကျွန်မကတော့ အသက်ကိုဉာဏ်စောင့်တယ်ဆိုတာကို ယုံကြည်တယ်....။ တန်ဖိုးရှိလှတဲ့ လူ့အသက်တစ်ချောင်းကို တန်ဖိုးရှိရှိ ကာကွယ်တတ်ရမယ်....။ ဆိုလိုချင်တာက ကိုယ့်အသက် ဘယ်နှစ်ရက်ဆက်ရှင်ချင်လဲဆိုတာ ကိုယ့်ရဲ့ စိတ်ခွန်အားနဲ့ခံနိုင်စွမ်းရည်ပေါ်အများကြီးမူတည်တယ်....။ ဟော အခု ဒုတိယလှိုင်းမှာ ပိုးတွေ့လူနာကူးစက်မှုမြန်နှုန်းက ဆယ်ဆမကဘူး မြန်ချက်ကတော့ ကြောက်ခမန်းလိလိ....။ ကိုးလပိုင်းအစကတုန်းက ပိုးတွေ့လူနာခြောက်ရာ ခုနှစ်ရာကနေ လကုန်မှာ တစ်သောင်းကျော်သွားပြီ.....။ သေနှုန်းကလည်း မြင့်တက်နေတယ်...။ ကိုဗစ်ပိုးက အားနည်းတယ်ဆိုပေမယ့် ကူးစက်မှုမြန်ဆန်တယ် အဓိကကတော့ လူတွေအနေအထိုင်ပေါ့ရော့ကြတယ်....။ ကိုယ့်ကိုယ်ကို မသင်္ကာဖြစ်လည်း တခြားသူတွေနဲ့ ခပ်ခွာခွာနေတာတို့ဘာတို့ သိပ်မလုပ်ကြဘူး....။ ဒါကြောင့် အစိုးရက နိုင်ငံခြားမှာလို စိတ်ချလက်ချနဲ့ home Q မထားဘဲ Q Center တွေကို ငွေကုန်ကြေးကျခံပြီး သတင်းရတာနဲ့ ဆွဲဆွဲခေါ်သွားရတာပဲ....။ 


အသေများရခြင်းအကြောင်းကလည်းရိုးစင်းပါတယ် ရောဂါအခံရှိသူနဲ့ သက်ကြီးရွယ်အိုတွေ တချို့အသက်ငယ်သေးပေမယ့် ရောဂါအခံကြောင့် သေဆုံးကြရတယ်...။ တချို့လည်းအကြောက်လွန် စိတ်ဓါတ်ကြံ့ခိုင်မှုအားနည်းပြီး သေဆုံးကြရတာတွေရှိမှာပဲ....။ အသိ မိတ်အဆွေထဲက မိသားစုဝင်ရေးတွေ သုံးလေးယောက် ဆုံးသွားကြတာ လက်တွေ့ကြားသိရတော့ သံဝေဂရစရာတွေ.... ။ အရေးကြီးတာက    ကိုယ့်ဆီကို ပိုးကဘယ်ချိန်ဘယ်လိုဝင်လိုက်မှန်းမသိနိုင်တာမို့ ကိုယ်ခံအားကောင်းအောင်နေထိုင်စားသောက်ဖို့လိုတယ်....။ ကျွန်မကတော့ ထုံးစံအတိုင်း ရုတ်ရုတ်ဆို လည်ချောင်းတွေနာမယ် လည်ချောင်းတွေယားကျိကျိနဲ့ ချောင်းတွေဆိုးချင်လာတယ်....။ ပထမလှိုင်းတုန်းကလည်းအဲလိုပဲ....။ ဒါနဲ့ မနက်မိုးလင်းတိုင်း ဆားရေနွေးနဲ့ ပလုတ်ကျင်းရတာနဲ့ အနံ့ရသေးလားစစ်ရတာနဲ့ ရှုတ်နေရော....။ အိမ်မှာ အဲလိုချိန်ဆို တခြားအိမ်သားတွေနဲ့ အတူတူတဝိုင်းတည်းထိုင်မစားဘူး ခပ်ခွာခွာနေတယ် ရေနွေးတို့ ပျားသံပရာတို့သောက်တယ် ဂျင်းပြုတ်ရည်သောက်တယ်....။ အွန်လိုင်းကနေ Vitamin D2 , K နဲ့ Zinc တို့မှာပြီး တစ်အိမ်လုံးထမင်းစားပြီးတိုင်းသောက်ကြတယ်....။ Vitamin C တွေသောက်တယ် ...။ ရေများများသောက်တယ်...။ ထမင်းလျော့စားပြီး ဟင်းရည်ကို အရွက်များများနဲ့ ရှမ်းဟင်းတွေချက်စားဖြစ်တယ်....။ သက်သတ်လွတ်သုံးလလဲစားနေတော့ နေ့တိုင်း သက်သတ်လွတ် ငရုတ်သီးထောင်းကိုမျိုးစုံထောင်းစားဖြစ်တယ် တို့စရာအရွက်မျိုးစုံနဲ့ပေါ့...။ ဒါနဲ့ ဟင်းချက်နည်းတွေကိုမတင်ဖြစ်တာကြာပြီ... ကျွန်မစားဖြစ်တဲ့ ရှမ်းငရုတ်သီးထောင်းမျိုးစုံကို နောက်မှ ပို့စ်တင်ပေးမယ်...။ 

ယောဂနဲ့ လမ်းလျှောက်တာကို တစ်ရက်ခြားစီလုပ်ဖြစ်တယ်....။ လမ်းက အိမ်ရှေ့ ကော်ရစ်တာမှာ အခေါက်နှစ်ဆယ်လောက်လျှောက်ဖြစ်တယ်....။ ကျွန်မတို့ ကွန်ဒိုက ကော်ရစ်လျှောက်လမ်းက ဟိုဖက်ဒီဖက် အရှည်ကြီးရယ်....။ ရုံးအလုပ်ကို အိမ်မှာလုပ်ရတော့ အရင် ပထမလှိုင်းတုန်းကလိုပဲ လူက ပုံမှန်ကိုဖြစ်နေရောအချိန်ဇယားနဲ့အတိအကျ....။ မနက်စာစားပြီးတာနဲ့ နေ့လည်စာချက်ပြုတ် ရေမိုးချိုး နေ့လည်စာစားပြီး ခနာနားနေ့ခင်း၂နာရီကနေ ၄နာရီထိကို တရေးအိတ် ၄ခွဲကနေ ၅နာရီထိ လေ့ကျင့်ခန်းလုပ် ၅နာရီ၁၅ကျ တီဗီဇာတ်လမ်းကြည့် ၆နာရီထိ အဲကျမှ ရေမိုးထပ်ချိုးပြီး ၆ခွဲမှာ ညနေစာစားပြီး ည ၈ခွဲအထိက တီဗီဇာတ်လမ်း နှစ်ခုလောက်ကြည့်တယ်...ပြီးတာနဲ့ မျက်နှာသစ် သွားတိုက် ခြေလက်ဆေးပြီး ယောကီဝတ်စုံလဲ ဘုရားရှိခိုး မေတ္တာသုတ်ရွတ် ပုတီးစိပ်တယ်....။ ဝါတွင်းသုံးလကို ဂုဏ်တော်ကိုးပါးနဝင်းပုတီးစိပ်ဖြစ်တယ်....။ သက်သတ်လွတ်က ဝါတွင်းမှာ ခုမှပြန်စားဖြစ်တာ ....။ မစားဖြစ်တာ သုံးလေးနှစ်မကတော့ဘူး....။ သက်သတ်လွတ်စားဖြစ်တဲ့ ရည်ရွယ်ချက်ကလည်း သတ္တဝါတွေရဲ့အသက်ကို မသက်ဖြစ်တော့ဘူးပေါ့ အလိုလို ပါဏာတိပါတာကံလုံပြီးသားဖြစ်သွားတာပေါ့ အသက်ငါးဆယ်ပြည့်ရင် ရာသက်ပန်သက်သတ်လွတ်စားဖြစ်ဖို့ စဉ်းစားထားတယ် ကိုယ့်ကိုယ်ကို တကယ်လုပ်နိုင်မလား စမ်းစစ်နေတုန်းပါ....။ မလုပ်နိုင်ဘူးဆိုတာတော့မရှိပါဘူး ကိုယ်ကိုယ်တိုင်ရဲ့ စိတ်ပေါ်မှာပဲမူတည်ပါတယ်...။ အားလုံးသရေကျအောင်လို့ ကျွန်မ ဒီတစ်ခေါက် စတေးဟုမ်းမှာစားဖြစ်ခဲ့တာတွေကို ပုံတွေအများကြီးတင်ပေးလိုက်ပါတယ်နော်....။ ကျွန်မက အွန်လိုင်းကနေ deli နဲ့သိပ်မမှာစားဖြစ်ဘူး ကိုယ်ဘာသာကိုယ်အိမ်မှာလုပ်စားဖြစ်တာများတယ် အွန်လိုင်းကမှာရင်လည်း ပိုးကပါလာနိုင်တာမို့စိတ်မချရဘူးလေ....။ ခုဆို ဈေးကပြန်လာရင်တောင် ပိုက်ဆံတွေကို ဆပ်ပြာနဲ့အကုန်လျှော်ပစ်တာ မရဘူး...။ စားစရာ အိတ်တွေကအစ အရက်ပျံနဲ့သုတ်စရာရှိသုတ်လိုက်တယ်....။ ခြင်းတွေ အိတ်တွေဆို လျှော်ပစ်တယ်...။ အဲလိုဂရုစိုက်မှရမယ်လေ.... ။ အသက်ကိုဉာဏ်စောင့်၏.....။  သေရမှာကြောက်တယ်မဟုတ်ဘူးလို့လဲမလိမ်ဘူး....။ ဒီရောဂါနဲ့မသေလဲ လူဆိုတာ တစ်နေ့သေရမှာပဲလေ....။ မသေခင် ကိုယ်ဆွဲထားလို့ရတဲ့ အချိန် တစ်မိနစ်တစ်စက္ကန့်ဟာ ကိုယ်အသုံးချရင်ချတတ်သလို တန်ဖိုးရှိအကျိုးရှိတယ်ဆိုတာ မမေ့စေချင်ဘူး....။



မနက်စာကိုယ်တိုင်လုပ် အီကြာကွေးနဲ့ လက်ဖက်ရည်တစ်ခွက် 




ကစွန်းဉ မန်ထိုပေါက်စီ အွန်လိုင်းမှာလုပ်နည်းလေးတွေ့လို့ လုပ်ကြည့်တာဖြစ်တယ်



ဒါက ဈေးထဲကဝယ်စားဖြစ်တဲ့ မြန်မာမုန့်မျိုးစုံ  မုန့်လုံးကြီး စလူမုန့်နဲ့ ရွှေထမင်း



၄၇လမ်းက Cafe Salween မှာသွားထိုင်သောက်ဖြစ်သေး ကော်ဖီ စွန်းကောင်း၏ 
ထန်းလျက်နဲ့ဂျင်းနဲ့လုပ်ထားတဲ့ Cold brew coffee


မုန့်လက်ကောက်နဲ့ထန်းလျက်ရည် @Cafe Salween


မုန့်ပျားသလက် @Cafe Salween မြန်မာမုန့်တွေကို presentation လှလှနဲ့
နိုင်ငံခြားသားတွေကို စိတ်ဝင်စားအောင်လုပ်ပြနိုင်တာ သိပ်ချီးကျူးတာပဲ


ပိုးခနငြိမ်းတုန်းက ကရိဝိတ်မှာ ရေခဲမုန့်သွားစားသေး အဲအစိမ်းရောင်က Mint အရသာ မကောင်းဘူး 


ကျွန်မသောက်နေက Coffee Bean and Tea leaf  က မိုခါးလက်တေးနဲ့ Blue Berry Scone


မြေပဲဆံကိုကြိတ်ပြီး အရည်ပြန်ချက်ထားတဲ့ သက်သတ်လွတ်အုန်းနို့ခေါက်ဆွဲ


Home made Vege tofu balls Angel Hair Pasta 


အညာသားကျောကုန်းမုန့်မစားဖူး မမြင်ဖူးကြဘူးဆိုသူတွေအတွက်


သူငယ်ချင်းတစ်ယောက်လုပ်ရောင်းတဲ့ စနိုးပူတင်းမုန့်လေး သိပ်ကောင်းတယ်....


တောင်ကြီးကရတဲ့ ပအိုးလ်ပဲငါးပိစေ့ကို ကြက်သွန်ဖြူနဲ့ ငရုတ်သီးစိမ်းနဲ့ကြော် မျှစ်စပ်စပ်ထောင်းနဲ့ တို့စရာ


ဟိုချီမင်းသွားတုန်းကဝယ်ခဲ့တဲ့ ကော်ပြန့်ရွက်တွေကို ခုမှလုပ်စားဖြစ် 
သက်သတ်လွတ်ရော ဝက်သားကြော်နဲ့ရော အချဉ်ရည်က မကျည်းရည်ဆမ်းထားတဲ့မြေပဲဆံထောင်း


သက်သတ်လွတ်ဂွေးတောက်ရွက်ဟင်းခါး နဲ့ အိမ်ကကြော်တဲ့ ဗရာကြော်ရယ် ပဲပုတ်ငရုတ်သီးထောင်းရယ်..


ဒါကမြင်ဖူးနေကျပါ ဗီယက်နမ် ပဲနဲ့ပြောင်းဖူးကောက်ညှင်းဆီထမင်း



အားလုံးကပ်ရောဂါကနေအမြန်ဆုံးကင်းဝေးကြပါစေ.....


မိုးငွေ့


No comments: