ပထမလှိုင်း ခနငြိမ်းနေတုန်းက အိမ်မှာလုပ်စားဖြစ်တဲ့ ချိစ်ကိတ်လေးပါ....။ ပထမလှိုင်းတုန်းကတော့ မုန့်ဖုတ်ရောင်းတဲ့သူတေွ မှိုလိုပေါက်တယ် ဝယ်စားကြတာလဲတောက်တောက်လဲ....။ ကျွန်မကတော့ ဒီမုန့်လုပ်နည်းလေးကို You Tube မှာရှာထားတာပါ....။ HidaMari Cooking ကို Credit ပေးပါတယ်....။ လုပ်ရတာလွယ်လိုက်တာမှ တကယ်လွယ်တဲ့ မုန့်လေးပါ.....။ Rangoon Tea House မှာ အဲမုန့်ကို တစ်လုံး လေးသောင်းကျော်ရောင်းတယ်....။ ကိုယ့်ဘာသာအိမ်မှာလုပ်ရင်တော့ အဲလောက်မကုန်ဘူးပေါ့....။ ပါဝင်ပစ္စည်းတွေက ဈေးကြီးတဲ့ဟာတွေပဲကိုး....။ Cream Cheese နဲ့ Fresh Cream က ဈေးအကြီးဆုံးတွေလေ....။ ရောင်းတမ်းမှာ ဈေးနဲနဲနဲ့ တစ်လုံး ၅၅၀၀/- တန်တွေလည်းရှိပါတယ် လေးလက်မပတ်လည်ဆိုဒ်လောက်ပဲရှိမယ်..။
ဒီ မျက်နှာပြင်တူးတဲ့ ချိစ်ကိတ်ကို စတင်တီထွင်သူကတော့ San Sebastian, Basque Country, Spain မှာနေတဲ့ Chef Santiago Rivera ဖြစ်ပြီး ၁၉၉၀ ဝန်းကျင်ကတည်းကပါ.....။ ဒီကိတ်ကို ခုကိုဗစ်ဗိုင်းရပ်စ်ကပ်ဆိုက်တော့မှ ပြန်ခေတ်စားနေတာ လုပ်ရတာလွယ်ကူမြန်ဆန်ပြီး စားကောင်းလို့လေ....။ အမေရိကန်ချိစ်ကိတ်တစ်လုံးဖုတ်ရင် ပြင်ဆင်ချိန်ရော မုန့်ဖုတ်ချိန်ရော နှစ်နာရီနီးပါးလောက်ပေးရတယ်....။ Burnt Cheese Cake တစ်လုံးအတွက် ပြင်ဆင်ပြီးဖုတ်ပြီးတာ နာရီဝက်လောက်ပဲကြာတယ်....။ ဒါပေမယ့် ချိစ်ကိတ်တို့ရဲ့ထုံးစံ ချက်ချင်းစားလို့မရပါဘူး ရေခဲသေတ္တာထဲ အနည်းဆုံးသုံးနာရီ အများဆုံးတစ်ညသိပ်ပြီးမှစားရတာပါ....။ သုံးရက်လောက်တော့အထားခံပါတယ်....။ ဒီ burnt ချိစ်ကိတ်ကတော့ အလုံးသေးတော့ တထိုင်တည်းကုန်နိုင်ပါတယ်....။ စားရတာ လျှာပေါ်မှာ အေးအေးဆိမ့်ဆိမ့်မွမွလေးနဲ့ သိပ်ကောင်းတယ်....။ Japanese Cotton Cheese လိုမျိုးကို သူကအတူးလုပ်ထားတာပါပဲ....။
Ingredient:
200g Cream Cheese
70g Sugar
1 egg yolk
100g egg
115ml fresh cream
5g cake flour
ကိုယ့်ကို အိမ်မှာလုပ်စားတာဆိုရင်တော့ cream cheese ကို Philadelphia cream cheese သုံးရင်တော့အကောင်းဆုံးပေါ့....။ ၂၀၀ ဂရမ်ဗူးတွေရောင်းတယ်.... ရှစ်ထောင်လောက်တော့ပေးရမယ်....။ ပထမဆုံး ဇလုံသန့်သန့်တစ်လုံးမှာ မွှေတံနဲ့ ခရင်မ်ချိစ်ကို သကြားနဲ့ သကြားတွေပျော်ပြီး ချောမွတ်လာတဲ့အထိ မွှေပေးရမယ် ငါးမိနစ်ကျော်လောက်တော့ရှိမယ်.... ။ ပြီးတာနဲ့ ကြက်အဥကာထည့်မွှေမယ် သမသွားရင် ၁၀၀ဂရမ်နဲ့ညီမျှတဲ့ ကြက်ကိုဥ (ကြက်ဆိုဥဆိုဒ်သေးရင်တော့နှစ်လုံးလောက်ရှိတယ်) ပန်းကန်တစ်လုံးမှာ ခလောက်ပြီးမှ ချိစ်မုန့်သားထဲကိုထည့်ရောမွှေမယ်....။ သမသွားရင် Fresh Cream လောင်းထည့်မွှေပြီး ဂျုံကိုဇကာစစ်ထည့်ပါမယ် မုန့်သားကမပျစ်ဘူးနော် ခပ်ကျဲကျဲပဲ ညောင်စေးအနေအထားတောင်မရောက်ပါဘူး....။ မုန့်သားရရင် လေးလက်မပတ်လည် မုန့်ဖုတ်ခွက်နှစ်ခွက်ထဲ ဆီစိမ်စက္ကူကို ခွက်ပုံစံထည့်ခင်းပြီး ကြိုတင်အပူပေးထားတဲ့ မီးဖိုထဲ ၂၀-၂၅ ထိဖုတ်ပေးရင်ရပါပြီ....။ မုန့်သားမျက်နှာပြင်က တူးရောင်ပေါက်နေရမယ်...။ ဖုတ်ပြီးထွက်ထွက်လာချင်းတော့ မုန့်က ပျော့အိတုန်နေမှာနော် ချက်ချင်းလှီးစားလို့မရသေးဘူ...။ မျက်နှာပြင်တူးအောင် အပူချိန် ၂၀၀နဲ့ အမြန်ဖုတ်ထားတာမို့ အထဲက ချိစ်တွေက အရည်ပဲဖြစ်နေဦးမှာမို့ အခဲခံပြီးမှ စားရမှာပါ....။
Enjoy baking
မိုးငွေ့
1 comment:
အရသာရှိမယ့် ပုံလေးပဲ
Post a Comment