Monday, 28 August 2017

အုန်းဆီနဲ့ရေမွှေး.....



ခုနောက်ပိုင်း အုန်းဆီရဲ့အသုံးဝင်ပုံလေးတွေ တော်တော်ကြားသိနေရတယ်..။ ကျွန်မ မလေးမသွားခင် ကတည်းက မလေးမှာနေတဲ့ သူငယ်ချင်းက အုန်းဆီရဲ့ အာနိသင်ကောင်းကြောင်းကို ပို့စ်ခဏခဏရေးတင်တာတွေကို ဖတ်ရတယ်..။ ဟိုသွားတော့ မ၀ယ်ဖြစ်ဘူး အလေးချိန်မလောက်တာလဲ ပါတယ်..။ ပြန်ရောက်တော့မှ သူ့ကိုလှမ်းမှာလိုက်တာ တစ်လီတာပုလင်းနှစ်လုံးဝယ်လိုက်တယ် သူက အွန်လိုင်းဈေးရောင်းတယ်လေ..။ ဟိုတလောကလည်း ညီမလေး ကန်ဒီက အုန်းဆီနဲ့ပလုတ်ကျင်းတဲ့ (oil pulling)အကြောင်းရေးသေးတယ်...။ ကျွန်မ၀ယ်ထားတဲ့ အုန်းဆီက Cold Press နည်းနဲ့ထုတ်ထားတာမို့ ဆီမခဲဘူး ..။ ပုံမှန် အုန်သီးခြစ်ကနေ အုန်းနို့ညှစ်ယူ ရေခဲသတ္တောထဲ ခဲခံ အပေါ်ယံ အုန်းနို့ခဲကိုပဲဆယ်ယူပြီး အုန်းဆီချက်ထားတာကျတော့ နဲနဲအေးတာနဲ့ အဖြူခဲတွေဖြစ်သွားရော...။ ငယ်ငယ်ကတည်းက ကျွန်မက အုန်းဆီနဲ့ မစိမ်းခဲ့ပါဘူး...။ အုန်းဆီကပူတော့ ရှမ်းပြည်အအေးပိုင်းမှာမွေးခဲ့တဲ့ကျွန်မကို မွေးကင်းစတုန်းက  နှာစေးတာ အအေးမိတာ မဖြစ်အောင်ဆိုပြီး အဖွားက ငယ်ထိပ်ကလေးကို ပွတ်ပွတ်ပေးထားတတ်တယ်တဲ့..။ အဲတုန်းက ဖေဖေက အုန်းဆီလိမ်းရင်နံတယ်ဆိုပြီး ယောက်ခမဖြစ်သူ ကျွန်မအဖွားကိုပေးမလိမ်းပါဘူး..။ အဖွားကတော့ အုန်းဆီကို အိမ်မှာကိုယ်တိုင်ချက် ပုလင်းတွေထဲထည့်ပြီး တစ်ပတ်ကို နှစ်ခါ သုံးခါလောက် အကြွေစေ့နဲ့ ကျောပြင်ကို မက်ကလောင်ခြစ်တတ်တယ်....။ ဆောင်းတွင်းမှာ အုန်းဆီပုလင်းတွေခဲရင် နေပူထုတ်ထုတ်လှမ်းရတာကို မှတ်မိသေးတယ်...။ ကျွန်မတို့ ကလေးဘ၀တုန်းက အိုးပုပ်ကစားရင် အဖွားအုန်ဆီခဲတွေကိုယူပြီး ဖယောင်းတိုင်မီးနဲ့ ဟင်းချက်တိုင်းကစားခဲ့ဖူးတယ်...။

အုန်းဆီကို ခဲလို့ဆိုပြီး အစားထိုးဆီကလွဲလို့ Edible အဖြစ်လူတွေ မသုံးခဲ့တာတော်တော်ကြာပါပြီ..။ အုန်းနို့စားရင် အုန်းဆီတွေ အူထဲခဲကုန်မယ်လို့ အကြမ်းတွေးကြတာကိုး..။ ခုတော့ အနောက်နိုင်ငံတွေက အသစ်ရှာဖွေတွေ့ရှိလို့ အုန်းဆီရဲ့ အသုံးဝင်ပုံတွေကို အံ့မခန်းသိကြရပါပြီ..။ အမျိုးပေါင်းလေးဆယ်ကျော်လောက်ကို အကျိုးကျေးဇူးရှိတာတွေ့ရပါတယ်..။ အုန်းဆီကို မနက်မိုးလင်း ဘာမှမစားမသောက်ခင် ထမင်းစားဇွန်းတစ်ဇွန်လောက် ပါးစပ်ထဲထည့်ပြီး မိနစ်နှစ်ဆယ်လောက် ပလုတ်ကျင်းနေပါ..။ ပလုတ်ကျင်းပြီးရင်တော့ ရေပိုက်ပိတ်မှစိုးလို့ လက်ဆေးကန်ထဲကိုထွေးမထုတ်ဘဲ အမှိုက်ပုံးထဲကိုသေချာထွေးထုတ်ပေးပါ ပြီးရင် ရိုးရိုးရေသန့် မဟုတ်ရင် ဆားရေနွေးနွေးလေးနဲ့ ပြန်ပြီး ပလုတ်ကျင်းပစ်ရပါမယ်..။  အကျိုးကတော့ သွားပိုးပေါက်ဖြစ်တာကာကွယ်ပေးတယ်၊ သွားဖြူစေတယ်၊ ခံတွင်းနံ့ကောင်းစေတယ်၊ အာခေါင်နဲ့မေးရိုးတွေကိုခိုင်မာစေတယ်၊ လူရဲ့ Immune စနစ်ကိုမြှင့်တင်ပေးတယ်၊ အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ်၊ ရောင်ရမ်းတာတွေကိုလျော့ကျစေတယ်..။ တခြား အပြင်ပအနေနဲ့ဆို ခေါင်းမလျှော်ခင် ဆံပင်ပေါင်းဆေးလဲလုပ်လို့ရတယ်၊ မိတ်ကပ်ဖျက်ဆေးလဲလုပ်လို့ရတယ်၊ အသားအရေအတွက် Lotion၊  နှုတ်ခမ်းခြောက်တာ အက်တာတွေအတွက် နှုတ်ခမ်းအမြဲစိုပြီး ပြည့်တင်းနေဖို့ အုန်းဆီကို ခပ်ပါးပါးလိမ်းပေးလို့ရပါတယ်..။ အသွေးအသားလွတ်စားသူများအတွက် မုန့်လုပ်ရင် ထောပတ်အစားထိုးဆီအဖြစ် အသုံးပြုနိုင်ပါသေးတယ်..။

ကျွန်မကတော့ မနက်တိုင်း oil pulling လုပ်တဲ့အပြင်ကို လက်ဖက်စိမ်းရည်နွေးနွေးထဲ အုန်းဆီတစ်ဇွန်း ထည့်သောက်ပါတယ်...။ အစာခြေစနစ်အတွက်ကောင်းစေတဲ့အပြင် ၀မ်းတွင်း အဆိပ်အတောက်ကင်းစေတယ် အဆီကျစေတယ်တဲ့...။ အုန်းဆီအကြောင်းသိကောင်းစရာတွေကတော့ ဒါအကုန်ပဲ ကျန်တာတွေကို Pinterest မှာ ပုံနဲ့တကွ အသေးစိပ်ရှာဖတ်လို့ရပါတယ်..။






အုန်းဆီအကြောင်းပြီးတော့ နေခြည်ဦးရဲ့ Hope  အိမ်ခန်းသုံးရေမွှေးလေး ၀ယ်ဖြစ်တဲ့အကြောင်း ပြောပြချင်ပါတယ်..။ Hope ..Mystical Dream by Nay Chi Oo ရဲ့  Limited edition အခန်းသုံးရေမွှေးလေးကို စထွက်ကတည်းက ၀ယ်ချင်နေခဲ့တာ ...။ ဖြန့်ထားတဲ့ဆိုင်တွေထဲက ၀ယ်ဖို့အဆင်ပြေနိုင်မယ့် Cherish ဆိုတဲ့ အလှကုန်စတိုးဆိုင်ကိုလည်း ရွေးထားပြီးသား ...။ ဒါပေမယ့် လမ်းမကြုံတာနဲ့ မ၀ယ်မ၀ယ်ဖြစ်နေခဲ့တာ အဲဒီနေ့က မိုးသဲသဲမဲမဲကြားထဲက လမ်းလည်းကြုံနေလို့ ရအောင် တခါတည်းဝင်ဝယ်မယ်လို့ ဆုံးဖြတ်လိုက်တယ်..။ ကိုယ်တွေပဲမိုးရွာထဲလာဝယ်တယ်မထင်နဲ့ ကျွန်မရှေ့မှာ အမျိုးသမီးတစ်ယောက် ကျွန်မပစ္စည်းရွေးနေတုန်းမှာလည်း ထပ်ရောက်လာသေးတယ်..။ Cherish မှာ တခြား American brand အလှကုန်တွေမျိုးစုံရတယ်..။ Kylie ရဲ့ နောက်ဆုံးထွက်တဲ့ In Love with the Ko Ko  ထဲက နှုတ်ခမ်းနီတွေ ရောင်စုံ အကပ်လိုက်ရတယ်..။ Hudabeauty ရဲ့ The Nude Edition ထဲက Liquid matte နှုတ်ခမ်းဆိုးဆေး ချောကလက်ရောင်လေးဝယ်ခဲ့တယ်.. လက်သည်းဆိုးဆေး အ၀ါရောင်လည်းဝယ်ခဲ့တယ်..။ Hope ကို အခန်းသုံးရေမွှေးအပြင် ကားခန်းထဲချိတ်တဲ့ ရေမွှေပုလင်းလေးပါ ၀ယ်လာခဲ့တယ်...။ စပါးလင်နဲ့ သစ်မွှေးနံ့နှစ်မျိုးထဲက သစ်မွှေးနံ့လေးဝယ်ခဲ့တာ..။ အိမ်ခန်းသုံးကတော့ ခုထိမသုံးရသေးပါဘူး..။ တစ်ပုလင်းကို တစ်လတိတိခံပါတယ်..။ ထုပ်ပိုးမှုပုံစံလေးလှတယ် ဆွဲဆောင်မှုရှိတယ် နေခြည်ဦးပုံပါတဲ့ ပို့စ်စကဒ်လေးလည်းပါတယ် လက်ဆောင်ပေးလို့ကောင်းတဲ့ ပစ္စည်းလေးလည်းဖြစ်တယ်..။ ကြော်ငြာကောင်းပုံး)



 လှုပ်လေမွှေးလေပဲ Hope က ...း)











ကျွန်မဒီပို့စ်မှာပြောချင်တာလေးရှိတယ် ပို့စ်နဲ့တော့မဆိုင်ပါဘူး..။ ကျွန်မတို့နိုင်ငံမှာ ပညာမတတ်တခေါက်လူတွေ သိပ်များလာတာတွေ့နေရတယ်..။ ပိုဆိုးတာက 88 နောက်ပိုင်းမွေးတဲ့ မျိုးဆက်တွေများနေတယ်..။ နှိမ့်ကျတဲ့ အဆင့်မမှီတဲ့ ပညာရေးစနစ်ကနေဖြတ်သန်းလာရတာမို့ ကလေးတွေ အပြစ်မဟုတ်ပေမယ့် တိုင်းပြည်ကို အုပ်စိုးခဲ့တဲ့ သူတွေဖန်တီးထားတဲ့ ပုံစံခွက်ပညာရေးစနစ်ကိုတော့ ပြစ်တင်ရှုံ့ချချင်တယ်..။ အင်္ဂလိပ်စာကိုအပထား မြန်မာစာကိုတောင်မှ သဒ္ဒါမမှန် စားလုံးပေါင်းသတ်ပုံမမှန်ကြတော့ဘူး..။ တချို့ဆို ဘွဲ့ရနေပြီ စာလုံးပေါင်းမှားနေတုန်း..။ ကျွန်မကိုယ်တိုင်လည်း စာရေးရင် သတ်ပုံမှားတတ်ပါတယ်...။ ဒါပေမယ့် သိပြီးရှမ်းပြီးမှားတာနဲ့ လုံးဝမသိဘဲ အမှန်ထင်ပြီးမှားတာမတူပါဘူး..။ (2011 2012 လောက်တုန်းက ကျွန်မရေးသမျှပို့စ်တွေကို လာလာဖတ်ပြီး သတ်ပုံအမှားတွေကို ပြင်ပေးတတ်တဲ့ ကိုဆူးသစ်ကိုတောင် သတိရသွားတယ်..) ခုခေတ် ပိုဆိုးတာ နည်းနည်းလေးတတ်ပြီး ပညာပြချင်နေတဲ့ သူတွေကများနေတယ်..။ စကားပုံရှိပါတယ် Little Knowledge is dangerous တဲ့...။ အဲလိုလူတွေများနေတော့ အနာဂတ်တိုင်းပြည်အတွက် မတွေးရဲစရာပဲ..။ ပထမ စာတတ်ရမယ် ပြီးရင် ပညာတတ်ရမယ် ပညာတတ်မှ တွေးတောဆင်ခြင်နိုင်စွမ်းရှိမယ်..။ ကျွန်မတို့ဆီမှာရှိတဲ့လူတွေလိုနေတာက အတွေးအခေါ်ပိုင်းပဲ..။ ဘာမှမတွေးမခေါ်ဘဲ ဦးနှောက်သံချေးလိုက်နေတဲ့ လူတွေက တပုံကြီးဖြစ်နေတယ်..။ အဲဒီလိုနဲ့ သေဆုံးသွားကြတဲ့ သူတွေကလည်း တပုံကြီး..။ ဘယ်အရာကိုမဆို လွယ်လွယ်လေးပဲစဉ်းစားမယ် ဖြတ်လမ်းလိုက်မယ်..။ ကိုယ့်ခွန်အားနဲ့ ကိုယ့်ဥာဏ်နဲ့ ကြိုးစားယူရမယ်လို့ မရှိကြဘူး...။ ဥပမာ လမ်းမပေါ်က ကားမောင်းသမားတွေကိုပဲကြည့် တန်းမစီချင်ဘူး သူများစီထားတဲ့နေရာ ခေါင်းထိုးပြီးဖြတ်ဝင်မယ်.. အဲလိုပေါ့..။ ကားမောင်းနေရင်းနဲ့ကို လူတွေရဲ့ စိတ်ဓါတ်အထင်းသားမြင်ရတယ်..။ လောကမှာ ဘယ်အရာမဆို အလွယ်တကူရရင် အလွယ်တကူပဲ ပပျောက်တတ်ပါတယ်...။ ကိုယ်လိုချင်တာကို ဘာမှစိုက်မထုတ်ဘဲ အလကားဆိုတာ  ဘာမှမရဘူး...။ ကျွန်မတော်ရုံ နိုင်ငံရေးအကြောင်းသိပ်ပြောလေ့မရှိပါဘူး..။ အခုက ကြည့်မနေနိုင်လို့ နည်းနည်းလေးပြောလိုက်မိတာပါပဲ..။ တကယ်တော့ ကျွန်မတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတိုင်းက နိုင်ငံကို affect ဖြစ်တယ်ဆိုတာ သတိမထားမိကြတာပါ...။ လူတစ်ဦးတစ်ယောက်ခြင်းရဲ့ လုပ်ဆောင်မှုကောင်းမှ သူ့မိသားစုအတွက်ကောင်းမယ် သူ့ပတ်ဝန်းကျင် သူ့အသိုင်းအ၀ိုင်းနဲ့ သူ့ရပ်ကွက်အတွက်ကောင်းမယ် သူ့မြို့နယ် အတွက်ကောင်းမယ် ပြီးရင် တစ်တိုင်းပြည်လုံး တစ်နိုင်ငံလုံးအတွက်ထိ ထိရောက်မှုရှိပါတယ်..။ ဒါကြောင့် ကျွန်မတို့ရဲ့ နေ့စဉ်လုပ်ဆောင်မှုတွေဟာလည်း နိုင်ငံရေးကိုလုပ်နေတာပါပဲ ကျွန်မတော့ အဲလိုမြင်တယ်..။

စကားမစပ် ဒီမနက် ရုံးအလာ ရှမ်ခေါက်ဆွဲဆိုင်မှာ တိုဖူးနွေးဝင်စားတုန်း ဘေးဝိုင်းမှာလာထိုင်စားတဲ့ မေဦးနဲ့တွေ့တယ်...။ အဖော်သူငယ်ချင်းကောင်မလေးတစ်ယောက်ပါသေးတယ်..။ ကျွန်မစားပြီး သူတို့အတွက်ပါရှင်းတော့..“ ဘာလို့ ရှင်းတာလည်းအစ်မ”တဲ့... သူက မျက်လုံးဝိုင်းလေးတဲ့ အံ့အားသင့်ပြီး ကျွန်မကိုမော့ကြည့်ပြီးမေးတယ်...။ “အစ်မက မေဦး ပရိတ်သတ်” လို့လည်းဆိုရော... သူက စားလက်စ ရှမ်းခေါက်ဆွဲပန်းကန်ကို ဘေးချ “အစ်မနဲ့ ဓါတ်ပုံတွဲရိုက်မယ်”ဆိုပြီး ရှမ်းခေါက်ဆွဲဆိုင်ရှေ့က ငှက်ပျောသီးဆိုင်ကို နောက်ခံထားပြီး ကျွန်မတို့နှစ်ယောက် Selfie ဆွဲလိုက်ကြတယ်...း) ။ ကျွန်မ ပိုက်ဆံရှင်းတုန်းက ဆိုင်ရှင်ရှမ်းမက ဘယ်သူလဲသူက ရုပ်ရှင်မင်းသမီးလားတဲ့ ကျွန်မကို ရှမ်းလိုမေးတယ် မဟုတ်ဘူး အဆိုတော်လို့ ပြန်ဖြေလိုက်တယ်...။ မေဦးက ကျွန်မကို မသိပေမယ့် ကျွန်မနဲ့ မေဦးက ခုနောက်ပိုင်း တော်တော်ဆုံတတ်သား...။ ဘဏ်သွားလို့တခါဆုံတယ်... ဟိုရက်ပိုင်းကလေးကပဲ နိုင်ငံခြားသားတစ်ယောက်ကို လိုက်ပို့တာထင်တယ် စက်လှေခါးစီးရင်း တခါတွေ့လိုက်သေးတယ်..။ ခုတော့ ကိုယ်မနက်စာစားနေတဲ့ ဆိုင်မှာ တည့်တည့်တိုးတာပဲ..။ မေဦးကို Trio အဖွဲ့မှာ သီချင်းဆို ကတည်းကကြိုက်တာ..။ ကျွန်မ သူ့အသားအရေကို သိပ်ကြိုက်တယ်....။ အသားရေကောင်းပြီး ညိုညက်နေတာပဲ...။ I love your skin... baby.....



ဒီပုံလေးကိုခွင့်မတောင်းထားပေမယ့် ညီမလေးမေဦး ခွင့်ပြုပေးမယ်လို့ ယုံကြည်ပါတယ်



မိုးငွေ့


Wednesday, 23 August 2017

9th Anniversary.....




ဘာလိုလိုနဲ့ ကျွန်မ ဘလော့လေး ကိုးနှစ်ပြည့်သွားပြီ...။ တကယ်တမ်း ဒီဘလော့ကိုစလုပ်တာက 2008 August လမှာဖြစ်ပေမယ့် ...ဒီဇင်ဘာကျမှ ပို့စ်တွေစတင်တာ ....။ 2008 ဆိုတာကို ပြန်လှမ်းကြည့်တော့လည်း ဟိုး...အဝေးကြီးမှာ ဒါပေမယ့် စိတ်ထဲမှာတော့ အချိန်တွေက ခဏလေးလိုပဲ...။ ကျွန်မ ကိုးနှစ်တာအတွင်းမှာ ဘာတွေရေးခဲ့သလဲ ဘာတွေပြောင်းလဲသွားသလဲလို့ ပြန်ကြည့်ကြည့်တော့ ပြောင်းတာတော့ ပြောင်းလဲသွားပါတယ်...။ အချိန်ကာလတစ်ခုဆိုတာ တိုတောင်းတာနဲ့ ရှည်လျားတာနဲ့မှမဆိုင်ဘဲ လူတစ်ယောက်ကို အမှတ်မထင်တာတွေရော မှတ်ထင်တာတွေရော အဖြစ်အပျက်ပေါင်းများစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်စေခဲ့တာပဲ...။ 2008  ဘလော့စရေးတော့ ကျွန်မအသက်က ကိုမျိုးကျော့ သီချင်းထဲကလို ၃၃...:) ။ 2008 ခုနှစ်မှာ မိုးငွေ့တွေနဲ့အတူ ရောက်လာခဲ့တဲ့ သူငယ်ချင်းလေးတစ်ယောက်က ဒီဘလော့လေးကို ဆောက်ပေးခဲ့လို့ ကျွန်မဘလော့ကို “မိုးငွေ့နှင့်အတူ” ဆိုတဲ့ နာမည်နဲ့စရေးခဲ့တယ်...။ ဒါနဲ့ ကျွန်မလည်း မိုးငွေ့ဆိုတဲ့ ကလောင်နာမည် အလိုလိုရသွားခဲ့တယ်..။ တကယ်တမ်းက ဘလော့နာမည်သက်သက်ပဲပေးခဲ့တာ..။ စာဖတ်သူတွေကတော့ ကျွန်မကို မမိုး  မမိုးကြီး.. မမိုးငွေ့  မမငွေ့ စဖြင့် အမျိုးမျိုးခေါ်ကြတယ်...။ မမငွေ့လို့ခေါ်တတ်တာ တစ်ယောက်ပဲရှိတယ် သူက ကိုရဲထွန်းဇော် မလေးမှာနေတုန်းက ကျွန်မတို့ 2010 ဘလော့ခေတ်အစက စာရေးဖော်ရေးဖက်တွေလည်းဟုတ်တယ် ။ ခုတော့ ရန်ကုန်ပြန်ရောက်ပြီး အိမ်ကပေးစားလို့ မိန်းမတွေဘာတွေတောင်ရနေလောက်ပြီ...။   အဲဒီတုန်းက စာရေးချင်တာပဲသိတယ်...။ ပို့စ်တင်ချင်တာပဲသိခဲ့တယ်..။ တကယ်ကိုယ်တိုင်က ဘာစာကိုအားသန်တယ်ဆိုတာ မသိသေးဘူး...။ စမ်းတဝါးဝါးနဲ့ သူများကဗျာလေးတွေပဲ တင်ခဲ့တယ်...။

2009 မေလလောက်ကျမှ ကျွန်မရဲ့ ငယ်ဘဝအကြောင်းတွေကို “တစ်ခါတုန်းကတို့ရွာမှာ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေစရေးခဲ့တယ်...။ 2010 မှာတော့ အက်ဆေးလိုလို ဘာလိုလိုစာတွေကို တစ်ပုဒ်စနှစ်ပုဒ်စရေးနေပြီ...။ ဝတ္တုတိုလေးတွေနဲ့ ဟင်းချက်နည်းတွေကတော့ ကြိုကြားပေါ့..။ 2011 ဖေဖော်ဝါရီကစပြီး ကျွန်မကိုယ်တိုင် ဖန်တီးလိုက်တဲ့ အပြင်မှာသက်ရှိထင်ရှားရှိတဲ့ အိန်ဂျယ်ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ အက်ဆေးတွေစရေးလိုက်တာ ခုဆိုရင် 118 ပုဒ်ရှိသွားပြီ...။ 2011 ကနေ 2013 ထိက အက်ဆေးနဲ့ “အိန်ဂျယ်စာစု”တွေကို လက်သွက်သွက်နဲ့ ရေးနေတဲ့ နှစ်တွေပေါ့...။ 2014 မှာ နှစ်ဝက်လောက်ရေးပြီး 2015 နှစ်ဦးပိုင်းမှာ နောက်ဆုံး နွေဦး(၅)ဆိုတဲ့ အိန်ဂျယ်စာစုကိုရေးပြီးနောက် နှစ်ကုန်ထိ ဘလော့နဲ့ တော်တော်ကြာ အဆက်ပြတ်သွားခဲ့တယ်...။ အလုပ်များတာရော စိတ်ရှုပ်တာတွေရောကြောင့်ပါ..။ 2016 ဇန်နဝါရီလကစပြီး  ကျွန်မ ဘလော့ကို “မိုးငွေ့နှင့်အတူ”မဟုတ်ဘဲ ကျွန်မရဲ့ ကဗျာဆရာမိတ်ဆက်ပေးခဲ့တဲ့ ကျွန်မသိပ်ရောက်ဖူးချင်ခဲ့တဲ့ မလေးက လက်ဖက်ခင်းတွေ စတော်ဗယ်ရီခင်းတွေရှိတဲ့ “Cameron”ဆိုတဲ့ နာမည်နဲ့ ပြန်ရေးခဲ့တယ်...။ အဲဒီနောက်ပိုင်းရေးတဲ့ စာတွေကတော့ အရင်တွေနဲ့မတူတော့တဲ့ စာအုပ်စာပေခံစားမှုတွေ သီချင်းခံစားမှုတွေ ခရီးသွားမှတ်တမ်းတွေ အက်ဆေးနဲ့ ဝတ္တုတိုတချို့တွေပဲဖြစ်တယ်..။

2011 ကစပြီး ကျွန်မအားသန်တာ ကျွန်မရေးတဲ့ စာပုံစံဟာ လွတ်လပ်ပေ့ါပါးတဲ့ စာဖတ်သူတွေကို စေခိုင်းခြင်း အမိန့်ပေးခြင်း ဆရာလုပ်ခြင်း မရှိတဲ့ အက်ဆေးပုံစံလေးဆိုတာ သေချာသိလာခဲ့ရတယ်...။ ဘေးပတ်ဝန်းကျင်အကြောင်းအရာတွေကို အငှားခံစားချက်နဲ့ရေးတာရှိသလို ကိုယ်ပိုင်ခံစားသိမြင်တာတွေလည်း ပါတယ်..။ စိတ်ကူးနဲ့ ဇာတ်ကွက် ဇာတ်အိမ်ဆောက်ပြီး ရေးရတာထက် တကယ့်အပြင်ဖက်မှာမြင်တွေ့နေရတဲ့ အကြောင်းအရာအဖြစ်အပျက်တွေကို ရေးရတာ ပိုအားရတယ်..။ အဲဒီပိုးက ကျွန်မ 2016 ဆရာသာဓုတို့ မိသားစုရေးတဲ့ စာအုပ်တွေစဖတ်ကတည်းကစတာ...။ သူတို့ထဲက ဆရာဦးသုမောင်ရေးတဲ့စာကို အကြိုက်ဆုံး..။ Family Saga ဆိုတဲ့ စာအမျိုးအစားက ကမ္ဘာမှာရေးလေ့ရေးထရှိတဲ့သူ သိပ်ကိုရှားတာ...။ ဒီလိုစာမျိုးရေးဖို့ ကိုယ့်ရာဇဝင်ဇာတ်ကြောင်းဆွေမျိုးသားခြင်းတွေအကြောင်းကို မကွယ်မဝှက်တမ်း ရေးချနိုင်ဖို့လိုတယ်....။ အတ္ထုပ္ပတိစာအမျိုးအစားနဲ့ ခပ်ဆင်ဆင်တူတယ်...။ အတ္ထုပ္ပတိရေးတာကတော့ တာဝန်ပိုကြီးပြီး တိကျရတယ်...။ Family Saga ကတော့ လက်ဖက်ရည်သောက်ရင်း ကော်ဖီလေးမြ့ုံရင်း ပတ်ဝန်းကျင် မိသားစုမောင်နှမတွေ ကိုယ်တိုင်တကယ်ကြုံတွေ့ဖြစ်ပျက်ခဲ့တဲ့ အမှတ်ရစရာတွေကို ပြန်လှန်ပြောပြတဲ့ စာမျိုးလို့ ကျွန်မထင်တယ်...။

တစ်ခုရှိသေးတယ် ကျွန်မ ဆရာချစ်ဦးညိုရဲ့ ရာဇဝင်တွေကို ဇာတ်လမ်းပြန်ရေးတာမျိုးထဲက ရာဝဏဒဿဂီရိဘီလူး နေရာကနေပြန်ရေးထားကို သဘောကျမိတယ်..။ ရာဝဏဟာ တစ်သက်လုံး ဗီလိန်နေရာက နေလာရာကနေ ဆရာချစ်ဦးညို အရေးအသားကြောင့် မယ်သီတာကို ချစ်ကျွမ်းဝင်ခဲ့တဲ့ သူ့မေတ္တာဟာ သူလူမဟုတ်တာနဲ့ မဆိုင်ဘူး ဘီလူးမှာလည်း အသည်းနှလုံးရှိတယ်ဆိုတာကို ပြသွားနိုင်ခဲ့တယ်..။ ပြောချင်တာက လူဆိုးကို လူကောင်းဖြစ်အောင်ရေးသွားနိုင်တယ်..။ အဲဒါမျိုးလည်း ကျွန်မသဘောကျတယ်..။ ဘာကြောင့်ဆိုတော့ ကျွန်မ စာတွေထဲမှာ အပြင်မှာတကယ်ဖြစ်ပျက်တာတွေကို အခြေခံထားတာ အများကြီးရှိတယ်..။ ကျွန်မရဲ့ ဇာတ်လိုက်မင်းသားတွေဟာ အပြင်မှာ ဘယ်လောက်ပဲ ဆိုးသွမ်းရိုင်းစိုင်းပါစေ.... ကျွန်မစာထဲမှာတော့ သူတို့ဟာ လူကောင်း လူရည်မွန် ဇာတ်လိုက်တွေပဲ...။ ကျွန်မ လူဆိုးကို လူကောင်းတစ်ယောက်ဖြစ်အောင် ရေးရတာကို ကြိုက်တယ်..။ လူတစ်ယောက်ကိုကြည့်ရင် သူဟာ လူဆိုးဖြစ်နေပါစေ သူ့ကောင်းကွက်ကိုပဲ အရင်ရွေးကြည့်ရတာကို ကြိုက်တယ်...။ လူတစ်ယောက် ဆိုးသွမ်းသွားရတဲ့ အကျိုးအကြောင်းတော့ရှိမှာပဲလေ..။ ရုပ်ရှင်ကြည့်ရင်တောင် တခါတလေ မင်းသားတွေထက် ဗီလိန်တွေဖက်ကနေခံစားပြီးကြည့်တတ်တယ် ...။ ကျွန်မရဲ့ လူတစ်ယောက်အပေါ်ကြည့်တဲ့ အမြင်တွေ ရှုဒေါင့်တွေက တခြားသူတွေနဲ့မတူ တမူတော့ထူးခြားလိမ့်မယ်..။  တကယ်တော့ ဒါဟာ နိယာမတစ်ခုပါပဲ...။ ကိုယ်မေတ္တာလိုချင်ရင် တစ်ဖက်လူကို မေတ္တာပေးတတ်ရမယ်...။ ဘာမဆို အရင်းနှ်ီးလိုတယ်.. ရင်းနှီးမြှုပ်နှံမှုမလုပ်ချင်ရင် အကျိုးအမြတ်ကောင်းလည်း ရလာမှာမဟုတ်ဘူးလေ..။

ကျွန်မဆီမှာ ရေးလက်စ စာတစ်ပုဒ်ရှိတယ်...။ စာဖတ်သူ ကလေးမတစ်ယောက်က သူ့ခံစားချက်ကို စာတစ်ပုဒ်ရေးပြပေးပါလို့တောင်းဆိုထားလို့ ကျွန်မ သူ့ဇာတ်အကြမ်းကိုဖတ်ပြီး ပြန်ပုံဖော်ထားတာလေးပါ...။ ဒီနေ့ အပြင်လောကမှာ တကယ်ဖြစ်နေတဲ့ အွန်လိုင်းဇာတ်လမ်းမျိုးလေးပါ..။ ဇာတ်လမ်းထဲမှာ ကောင်မလေးက စာရေးဆရာမဖြစ်ဖို့ စိုင်းပြင်းနေတဲ့ သူတစ်ယောက်...။ တစ်နေ့တော့ အွန်လိုင်းကနေခင်မင်တဲ့ ကောင်လေးနဲ့ အပြင်မှာတွေ့ရင်း ကောင်မလေးအချစ်ကို ကောင်လေးကအကြမ်းနည်းနဲ့သုံးပြီး ရယူခဲ့တာ...။ ပြီးတော့ အမှုမမြှောက်အောင် ရဲတွေရဲ့စစ်ချက်တွေဘယ်လိုရှိကြောင်း ကောင်မလေးကိုနားချသလိုနဲ့ ပြောပြတယ်...။ အရှက်ရမှာစိုးလို့ ကောင်မလေး ငြိမ်ခံခဲ့တယ်...။ ဒီလိုနဲ့ မာယာတွေနဲ့ချော့တလှည့်ခြောက်တလှည့် ကောင်မလေးအချစ်ကို သူအကြိမ်ကြိမ်ရယူခဲ့တယ်...။ နောက်ဆုံး ကောင်မလေး တခြားမြို့ အဝေးတစ်နေရာကို ပြောင်းပြေးသွားခဲ့တယ်..။ ပြီးတော့ ကောင်မလေးက တကောင်ကြွက် နယ်မှာရှိတဲ့ အမျိုးအိမ်မှာ မျက်နှာငယ်ငယ်နဲ့ ကပ်နေခဲ့ရတယ်...။ ပိုပြီး ကံဆိုးမိုးမှောင်ကျစေတာကတော့ ကောင်မလေးဆီမှာ ကိုယ်ဝန်ပါလာခဲ့တာပဲ...။ ဒုက္ခမျိုးစုံကြားထဲမှာ ကောင်မလေးက သူ့သားကလေးကိုမွေးခဲ့တယ်...။ သူ့သားအသက် နှစ်နှစ်မပြည့်ခင်မှာ အဆက်သွယ်ကောင်းတစ်ခုနဲ့ သူလုံးချင်းဝတ္ထုတစ်အုပ်ထုတ်လိုက်တယ်..။ သူနဲ့ ကောင်လေးနဲ့ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို တကယ်အပြင်မှာနဲ့ဆန့်ကျင်ပြီး ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးပြီးရေးလိုက်တာ သူ့စာအုပ်လေးအောင်မြင်သွားခဲ့တယ်..။ အဲလိုဇာတ်မျိုးလေးနဲ့ ကျွန်မရေးပေးထားပါတယ်  ဆိုလိုတာက လူဆိုးကို လူကောင်းဖြစ်အောင် အကောင်းဖက်က လှည့်ရေးထားတာကိုပါ...။ အကြမ်းပဲရှိပါသေးတယ်..... ကာယကံရှင် သေချာဖတ်ရှုပြီး ခွင့်ပြုမှ ကျွန်မအဲဒီပို့စ်ကိုတင်မှာပါ...။ ဒါက ဆရာချစ်ဦးညိုဆီကရလာတဲ့ အိုင်ဒီယာနဲ့ အဲဒီညီမလေးကို အချစ်ဇာတ်လမ်းလှလှလေးတစ်ပုဒ် ပြန်ရေးပေးထားတာပါ...။ သူကြုံတွေ့ခဲ့တဲ့ ရုန့်ရင်းဆန်မှုတွေကို ကျွန်မက သိမ်မွေ့နူးညံ့မှုတွေနဲ့ ပြန်ပုံဖော်ပေးရင်း ပညာပေးထားတဲ့ ဇာတ်မျိုးလေးလဲဖြစ်ပါတယ်...။

ကျွန်မဖြတ်သန်းလာခဲ့ရတဲ့ ဘလော့ရေးတဲ့ကာလ ကိုးနှစ်တာအတွင်းမှာ ကြုံတွေ့ပတ်သက်ဆက်ဆံဖူးခဲ့တဲ့ လူတွေကအများကြီး...။ စိတ်စေတနာကောင်းသူ၊ အဝေဆုံးတနေရာကိုရောက်နေပေမယ့် အမြဲတစေကျန်းမာရေးဂရုစိုက်ဖို့ တဖွဖွပြောပြီး စိတ်ပူပေးတတ်တဲ့သူ၊ ကိုယ်ကချည်းပဲယူပြီး ပြန်ပေးရမှာမေ့လျော့နေတဲ့သူ၊ ကတိတစ်လုံးကိုလွယ်လွယ်ပေးပြီး ကတိမတည်တဲ့သူ၊ မာယာများပြီး လှည့်စားတတ်တဲ့သူ၊ ယုတ်မာရိုင်းစိုင်းတဲ့သူ၊ ကိုယ်ချင်းစာတယ်ဆိုတဲ့ စကားကို ခဏခဏသုံးပြီး ကိုယ်တိုင်မခံစားဖူးတော့ ကိုယ်ချင်းစာနာမှုကို ပီပီပြင်ပြင်မသိတဲ့သူ...၊ လူတစ်ဖက်သားကို အနိုင်ပိုင်းချင်တိုင်း သူ့အားနည်းချက်ကို ထုတ်သုံးပြီး နင်းချေတတ်တဲ့သူ....။ အဲဒီလူမျိုးတွေအားလုံးနဲ့ တွေ့ဖူးခဲ့တယ် ..။ စင်းလဲတဲ့သူမျိုးကိုမတွေ့ခဲ့ရတာပဲ ကံကောင်းတယ်မှတ်ပါတယ်..။ ကျွန်မကိုယ်တိုင် လူတွေကို ဘယ်တော့မှ မကောင်းမမြင်တတ်လို့... အဲဒီကံအကျိုးပေးကြောင့်လို့ပဲထင်ပါတယ်..။ တကယ်တော့ လူတစ်ယောက်မှာ လိုအပ်တာ ကိုယ်ချင်းစာတရားပဲ အဲဒါတစ်ခုထဲရှိတာနဲ့ကို အားလုံးကျန်တာ သူ့ဘာသာသူ အော်တိုလိုက်ပါလာလိမ့်မယ်...။

ဒီနေရာလေးဟာ မိသားစုနဲ့အတူနေရတဲ့အိမ်ပြီးရင် ကျွန်မအချစ်ဆုံးနေရာတစ်ခုပဲ...။ ကျွန်မအသက်ရှင်နေသရွေ့ ကျွန်မချစ်တဲ့စာတွေကို ဒီနေရာလေးမှာ ရေးနေဦးမှာပါ...။ ပြီးတော့ ကျွန်မအတွက် လျှို့ဝှက်ထွက်ပေါက် တစ်ခုလည်းဟုတ်တယ်...။ ငယ်ငယ်တုန်းက ကျွန်မ ဒိုင်ယာရီသိပ်ရေးဖူးခဲ့တယ်...။ မှတ်မှတ်ရရ ခုနှစ်တန်းနှစ်ကနေ ဆယ်တန်းထိရေးဖူးခဲ့တယ် ...။ ကျွန်မအတွက် privacy မရှိဘူး လုံခြုံမှုမပေးနိုင်ဘူးလို့ စိတ်ထဲစွဲထင်သွားခဲ့တဲ့ အချိန်ကစပြီး ဒိုင်ယာရီမရေးဖြစ်တော့တာ ဒီနေ့ထိပဲ...။ စာရေးခြင်းရဲ့ အခြေခံတစ်ခုတော့ဖြစ်ခဲ့ဟန်တူပါတယ်..။ ဒီနေရာလေးဟာ ကျွန်မခံစားချက်တွေ ကျွန်မပြောပြချင်တာတွေကို တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာစာဖတ်တတ်တဲ့ လူတိုင်းဝင်ဖတ်လို့ရတဲ့ နေရာဆိုပေမယ့် ကျွန်မအတွက် လုံခြုံနွေးထွေးတယ်လို့ခံစားရတယ်...။ အွန်လိုင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်.. မုဆိုးနဲ့ သားကောင်တွေ အပြန်အလှန်ချောင်းနေတဲ့နေရာ အချက်အလက်တွေ စုဆောင်းလို့လွယ်ကူတဲ့ နေရာ ...။ Privacy မရှိတဲ့အတွက် တော်တော်များများ အွန်လိုင်းကို စွန့်ခွာသွားကြတယ်..။ ကျွန်မကတော့ စာရေးနေရရင်ကိုပဲ နေလို့ထိုင်လို့ကောင်းနေသူမို့ ဒီနေရာလေးကိုမစွန့်လွှတ်နိုင်သေးဘူး..။ ကျွန်မအတွက် Privacy ရှိတယ်လို့လည်းယုံကြည်တယ်...။ ဘာကြောင့်လည်းဆိုတော့ ကျွန်မရေးတဲ့စာတွေက အဆိပ်တွေမဟုတ်လို့ပဲ..။ ကျွန်မစာကိုနှစ်သက်လို့ ကျွန်မကိုချစ်လို့ အမြဲအစဉ်မပြတ် စာလာဝင်ဖတ်တဲ့ သူတွေနဲ့ ကျွန်မဟာ အချင်းချင်း မေတ္တာရောင်ပြန်တွေ ဟပ်နေတာပါ...။ တချို့တွေ ကော်မန့်မပေးပေမယ့် Silent Reader တွေကအများကြီး...။ တခါတလေ သူတို့ ကျွန်မကို အမှားလာပြင်ပေးတတ်သေးတယ်..။ အဲလိုခါမျိုးဆို သိပ်ကေးျဇူးတင်မိတယ်...။ ကျွန်မရေးတဲ့ စာကိုအလေးထားလို့ ကျွန်မကိုချစ်ခင်လို့သာ ဒီလိုလုပ်ဆောင်ကြတယ်လို့ မြင်တယ်..။






ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ဘလော့ကို ဒီနေ့ထိတိုင် လာဖတ်ပေးကြတဲ့ စာဖတ်သူအားလုံးကို ကျွန်မဒီနေရာလေးကနေ အများကြီးကျေးဇူးတင်ပါတယ်.....:)


မိုးငွေ့



Friday, 18 August 2017

မင်းမရှိတဲ့နေရာ ၃၃.....




ကျွန်မရဲ့ University Life ဟာ ကိုမျိုးကျော့ သီချင်းတွေနဲ့ဖြတ်သန်းခဲ့ရတာဆိုရင်မမှားဘူး...။ အဲတုန်းက ကိုမျိုးကျော့က ပထမဆုံး သူ့အခွေတွေကို New Year Eve 31ရက်နေ့ညမှာ Limited Edition နဲ့ အသိမိတ်ဆွေတွေကိုဝေခဲ့တယ်..။ သူ့ခွေကြမ်းကို နားထောင်ရတော့ သူ့သီခ ျင်းတွေကို နားထောင်လို့ရတယ် ကြိုက်တယ်..။ အဲဒီတုန်းက Music အမျိုးအစားတွေဘာတွေလဲ သိပ်နားမလည်ပါဘူး..။ မြန်မာပြည်မှာ ပထမဆုံး Rap ဂီတကို စတင်သူ...။ သူတီထွင်တဲ့ Melody တွေက ဆန်းပြားတယ် ပုံပြင်ဆန်တယ် နားထောင်ပြီးရင် ရင်ထဲ ကျွမ်းမြေ့ပျော်ဝင်သွားစေတယ်.... သီးခြားကမ္ဘာကို ရောက်သွားစေတယ်...။ တစ်နေ့ သီချင်းအဟောင်းတွေချည်းပဲ ရောင်းတဲ့ဆိုင်တစ်ခုကို ရောက်သွားတော့ ကိုမျိုးကျော့ရဲ့ လူဖြစ်ရတဲ့ဒုက္ခရှိလားလို့ ဝင်မေးဖြစ်ရင်း ဒီစီဒီလေးရခဲ့တယ်...။ A Night with Myo Kyawt Myaing ကျွန်မကြိုက်တဲ့ သီချင်းတွေများတယ်..။ အဲဒီထဲက သုံးပုဒ်လောက်ကို You Tube ကနေတင်ပေးလိုက်ပါတယ်..။





၃၃


၃၃ ဆိုတဲ့ သီချင်းလေးကတော့ ကိုမျိုးကျော့ရဲ့ ဘယ်နှစ်ခွေမြှောက်က သီချင်းမှန်းတော့မသိ 2000ခုနှစ်တော်တော်စွန်းမှ ထွက်တဲ့ အခွေ...။ ဒီသီချင်းလေးနားထောင်ဖြစ်တော့မှ ကိုမျိုးကျော့ရဲ့ ခံစားမှုလေးကို စာနာကြည့်မိတယ်..။ လူတစ်ယောက်ရဲ့  ၃၃နှစ် ဆိုတဲ့အသက်အရွယ်ဟာ တကယ်တွေးကြည့်ရင် ကိုးလို့ကန့်လန့်အရွယ်ဖြစ်နေတာ...။ လူငယ်နဲ့ လူကြီးအရွယ်ရဲ့ ကြားအသက်အရွယ်မျိုးလေ...။ လူငယ်တွေနဲ့ ပေါင်းတော့လဲ ကိုယ်ကလူကြီးဖြစ်...။ လူကြီးတွေနဲ့ပေါင်းပြန်တော့လဲ ကိုယ်က ကလေးဖြစ် အဲလိုစကောစကအရွယ်ကို ရေးစပ်ထားတဲ့ စာသားလေးနဲ့...။ ကျွန်မက ကိုယ်ပိုင်သံစဉ်တေးရေးဆရာတွေထဲမှာ အကြိုက်ဆုံးက ကိုငှက်ကြီးပြီးရင် ကိုမျိုးကျော့ပဲ... သူတို့က သီချင်းရေးရင် သံစဉ်တေးသွားတွေ မထပ်ဘူး...။ စာသားတွေက လေးနက်ပြီး ကဗျာဆန်တယ်.. စကားလုံးတွေ နူးညံ့ပျော့ပျောင်းတယ်... သံလိုက်စွမ်းအားတွေပျော်ဝင်တယ်..။




မင်းမရှိတဲ့နေရာ



မင်းမရှိတဲ့ နေရာ ဆိုတဲ့သီချင်းလေးကတော့ 2006 2007 ဝန်းကျင်ကထွက်တဲ့ လူဖြစ်ရတဲ့ ဒုက္ခဆိုတဲ့ အယ်လ်ဘမ်ထဲကတစ်ပုဒ်...။ အဲဒီအယ်လ်ဘမ်လေးက ကိုမျိုးကျော့ ခါတိုင်းရေးနေကျ သီချင်းတွေနဲ့ကွဲထွက်တယ်..။ သူ့သီချင်းအမျိုးအစားက အီလက်ထရိုပေါ့ပ်ဆန်တယ် အီလက်ထရိုပေါ့ပ် စစ်စစ်လဲမဟုတ်ဘူး...။ သံစဉ်ခပ်ဆန်းဆန်းလေးပေမယ့်  နားထောင်ကောင်းတယ်..။ ဒီဖက်ခေတ် သီချင်းအသစ်တွေကို သိပ်မခံစားနိုင်တော့လို့လား အဟောင်းတွေကို ပြန်လည်ရှာဖွေရင်း အဟောင်းထဲက အကောင်းများကို နားထောင်ဖြစ်တဲ့ အခါတိုင်း ဒီနေရာလေးမှာ ပြန်လည်မျှဝေပါရစေလို့...း)



 သတိရရင်ပြီးတာပဲ



သတိရပြီးတာပဲ ဆိုတဲ့ သီချင်းလေးကို ပြန်နားထောင်ဖြစ်တော့ သူငယ်ချင်းတစ်ယောက်ကို ပြန်သွားသတိရမိတယ်..။ သူက အဲသီချင်းကိုနားထောင်လည်းပြီးရော တိတ်ခွေကိုထုတ်ပြီး နင်းချေပစ်လိုက်တယ်..။  ပျက်ပြီးသားရည်းစားကိုဘာလို့လွမ်းနေမှာလဲ.. တခြားလူရင်ခွင်ထဲရောက်နေတာကို ဘာလို့ ပြန်လာဖို့မျှော်နေတာလဲဆိုပြီး စာသားကိုမကြိုက်လို့တဲ့ နင်းချေပစ်လိုက်တယ် ခွေကို.....။ သြော်... လူတစ်ကိုယ် စိတ်တစ်မျိုးလေ.. ခံစားချက်တွေ ခံယူချက်တွေ ဘယ်လိုတူနိုင်ပါ့မလဲ ..။




 


မိုးငွေ့

Wednesday, 9 August 2017

ကၽြန္မ၏ရိုက္ခ်က္မ်ား(၁).....

 
 မှတ်မှတ်ရရ ပုဂံရောက်တုန်းက Northern Breeze Hotel အခန်းထဲမှာ ကုတင်ပေါ်နေထိုးတော့ အလင်းရောင်းကောင်းတယ်ဆိုပြီး ပါလာတဲ့ ပစ္စည်းတွေကို စီပြီး LG phoneနဲ့ ရိုက်ထားတာလေးပါ..း)


ကျွန်မ မြန်မာအချိတ်ဆင်လေးတွေ သိပ်ကြိုက်တယ် ဒါက မြန်မာချည်ပေါင်းသားအနက်ပေါ်မှာ ကွန်ပြူတာစက်အချိတ်ထိုးထားတဲ့လုံချည်နဲ့ ကျွန်မရဲ့ ဒီပို့စ်ရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့ Fuji X-A2


လက်ဖျံတုတ်တုတ် ယွန်းလက်ကောက်ကကြီးကြီး


အဲဒီ Fuji X-A2 လေးတစ်လုံးရထားတာ ရိုက်ချင်နေတာပဲသိတယ် မရိုက်တတ် ဘာရိုက်ရမှန်းမသိ..။ တစ်ခါလောက်တော့ Out door လေးထွက်ရိုက်ချင်သေးတာ..။ ဒီလိုဆိုတော့ ညီမလေး အနှိုင်းမဲ့ကို အားကျမိတယ်..။ သူ့လို ကင်မရာကြီးတကားကားနဲ့ တောတောင်ထဲ လျှောက်သွားပြီး ရိုက်ပစ်ချင်တာ..။ ပြီးတော့ ကျွန်မရဲ့ ဓါတ်ပုံဆရာလိုလည်း ရိုက်တတ်ချင်တယ်...။ ကိုယ့်အနီးနားရှိတဲ့ အရာဝတ္ထုတွေကို အနီးကပ်ပုံလေးတွေရိုက်တာ သိပ်လှတာပဲ..။ သေးသေးမှုန်မှုန်လေးတွေကို အကြီးချဲ့ထားတာမို့ တခါတလေ ဘာကိုရိုက်ထားမှန်းပုံကို သေချာကြည့်ယူရတဲ့အထိ လက်ရာမြောက်တယ် ..။ ဥပမာ သွားတိုက်တံအမွှေးလေးကို အနီးကပ်ရိုက်တာမျိုး အသီးတစ်ခုခုရဲ့ အခွံကိုအနီးကပ်ရိုက်တာမျိုး..။ ရိုက်တတ်ရင် ကိုယ့်အနီးနားက ဘာမဆို ရိုက်စရာတွေချည်းပဲ...။



 coffee and me




ပုဂံစရောက်တဲ့ မနက်စောစော ဟိုတယ်နားက အကြော်တဲရှေ့မှာ အကြော်စုံနဲ့စားဖို့ ပဲပြုတ်နဲ့ ကောက်ညှင်းပေါင်းဝယ်။ အဲ ကောက်ညှင်းပေါင်းလာရောင်းတဲ့ ပုဂံသူလေးက ဆိုင်ကယ်နဲ့ ..။ ပဲပြုတ်တွေက သိပ်ကောင်းတာပဲ ရန်ကုန်နဲ့မတူဘူး အစေ့လုံးကြီးကြီးနဲ့ ချိုအိနေတာပဲ..။ ကောက်ညှင်းတွေလည်း သိပ်ကောင်းတယ် အဖြူရော ငချိပ်ရောပဲ..။ သစ်စေးသုတ်ထားတဲ့ ၀ါးတောင်းကြီးနဲ့ သိပ်ကို ရိုးရာဆန်တာပဲ..။


 ကိုယ်တိုင်စမ်းသပ်ထားတဲ့ Blueberry Cream Milo Sponge Cake


ပဲပြားပေါင်းအတွက် အစာပလာတွေ


 သင်္ကြန်ပိတ်ရက်မှာဖတ်ခဲ့တဲ့ စာအုပ်


 ဆိုင်ဂွန်စီးတီးက၀ယ်ခဲ့တဲ့ သော့ချိတ်ကလေး


ကျွန်မမြတ်နိုးသော ၀တ်စုံ (၁)


ကျွန်မမြတ်နိုးသော ၀တ်စုံ (၂)



မုန့်သင်တန်း cert ယူတုန်းက ဆရာလက်ဆောင်ပေးတဲ့ စီလုံတီး လက်ဖက်ခြောက်ဗူး


 ကော်ဖီသင်တန်း Cert ယူတုန်းက ဆရာကတော်လက်ဆောင်ပေးတဲ့ lemongrass လက်ဖက်ခြောက်နဲ့ စပါယ်ပန်းလက်ဖက်ခြောက်ထုပ်တွေ





Viet Nest Coffee


Kota Bharu က Aeron Mall မှာဝယ်ခဲ့တဲ့ ရောင်စုံကြာဇံ


အလင်းအမှောင်မချိန်တတ်သေးတဲ့ ရိုက်ချက် ခပ်ညံ့ညံ့တွေကို သီးခံကြည့်ပေးကြပါကုန်...။ အနှိုင်းမဲ့ဆီ တပည့်သွားခံဦးမှပါပဲ...။



မိုးငွေ့

Friday, 4 August 2017

လတ်တလောပြောင်းလဲမှု.....


 အခုဒီဆံပင်ပုံလေးညှပ်ထားတယ်


ပုံမှန်ဆို ကျွန်မက ခရီးသွားပို့စ်တွေရေးရတာပျော်တယ်...။ ခုတစ်ခေါက် ဘန်ကောက်သွားပြီးပြန်လာတော့ ဘန်ကောက်ခရီးသွားပို့စ်ကို ရေးချင်စိတ်နဲနဲလေးတောင်မဖြစ်မိဘူး..။ မှတ်တမ်းတင်ပုံတွေကအစ ရိုက်ချင်စိတ်ကိုမရှိ သိပ်မရိုက်မိ ရိုက်မိတာလေးတွေကိုတောင် delete ပြန်လုပ်မိ အဲလိုတွေ..။ တကယ်တော့ ဘန်ကောက်သွားဖို့က သူငယ်ချင်းတွေကိုချိန်းထားတာ နှစ်ချီနေပြီ တခြားသူနဲ့ ကပ်လျက်နိုင်ငံတွေသာ ရောက်ပြီး ပြန်လာခဲ့တာ ..။ ဒီတစ်ခေါက်တော့ အဒေါ်တွေနဲ့လိုက်သွားတာ.. လေးညအိပ်ငါးရက်ခရီး..။ အဒေါ်က သူ့သမီးမင်္ဂလာဆောင်အတွက် လိုအပ်တာတွေသွားကြည့် အင်္ကျီချုပ်စရာရှိတာ အပ်ခဲ့..။ ကျွန်မကတော့ သူတို့နောက်ကို နှစ်ရက်လောက် တစ်ကောက်ကောက်လိုက်..။ ရောက်ဖူးသူတွေကတော့ ဟိုကိုသွားခဲ့ ဟိုဟာကြည့်ခဲ့ ဒီဟာဝယ်ခဲ့ မှာတာပဲ..။ မြဘုရား လေးမျက်နှာဘုရား safari ဖတ္တရားကမ်းခြေ ဘယ်မှမရောက်ခဲ့ နေမပူမိုးမထိတဲ့ ရှော့ပင်းမောကြီးတွေကိုပဲရောက်ခဲ့..။ ရောက်ခဲ့တဲ့ မောတွေမှာလဲ ဖုတ်ဖက်ခါပဲကြည့်ရ အဲလိုတွေ..။  ကိုယ်လိုချင်တဲ့ ပစ္စည်းကို စိတ်ကြိုက်မွှေခွင့် သိပ်မရလိုက်တော့ စိတ်တွေပျက် ဘာမှမလုပ်ချင် ဓါတ်ပုံတွေမရိုက်ချင်..။ ဓါတ်ပုံမရိုက်ချင်တော့ အဒေါ်က ဆံပင်ပုံမလှတော့ဘူး ဆံပင်ညှပ်လိုက်ဆိုလို့ တွေ့တဲ့ဆိုင်ဝင်ညှပ်လိုက်တာ နဂိုကောက်သားရှိတော့ ပုံသွင်းရတာအလုပ်ရှုပ်..။ ဘာမှသိပ်မဝယ်ခဲ့ရပါဘူး H&M  Zara နဲ့ Uniqilo ဒီသုံးဆိုင်မှာပဲ ရာခိုင်နှုန်းတွေတော်တော်များများလျှော့လို့ ဝယ်ဖြစ်...။ ဘန်ကောက်မြို့ကြီးက နေချင်စရာမကောင်း ကားတွေပိတ်ညှပ်ကျပ် အသက်ရှုမ၀ ပိတ်လှောင်မွန်းကျပ်..။ ထိုင်းမတွေက ဈေးရောင်းတာပုံမလာ ဆက်ဆံရေးမကောင်း မြန်မာပြည်နဲ့ ဘာမှသိပ်မကွာ အင်္ဂလိပ်လိုမရ ပြောလည်းနားမလည် သူတို့ပြန်ပြောတဲ့လေသံကိုလည်း ဘယ်လိုမှဖမ်းမရ..။ တော်သေး ကိုယ်တွေက ငယ်ငယ်က နယ်စပ်မှာနေခဲ့တော့ ထိုင်းစကားလေးတတ်နေပေလို့ သူတို့နဲ့ဈေးမေးဈေးဝယ် အဆင်ပြေ..။ မြန်မာလုပ်သားတွေကို ပြန်ပို့လို့ သူတို့မှာ ဆိုင်ပေါင်း နှစ်ထောင်ကျော်လောက်ပိတ်ထားရ...။ နင်တို့ထုတ်လုပ်သမျှပစ္စည်းတွေကို ဒိုင်ခံဝယ်ယူစားသုံးနေတာ ငါတို့မြန်မာပြည်ကပဲဆိုတာ မှတ်လောက်သားလောက်အောင် နယ်စပ်တွေအကုန်တံခါးပိတ်ပစ်မှပဲ..။


FYI : ဒီ August လကစပြီး ကျွန်မတို့သင်တန်းကကော်ဖီဆိုင်မှာ weekend ရက်တွေတိုင်း part time အလုပ်ဆင်းဖြစ်မယ် ..။ ကော်ဖီ Bar မှာတစ်ပတ်လုပ်ရမယ် Bakery မှာ ဆရာတွေနဲ့ မုန့်ကူလုပ်တာတစ်ပတ် နှစ်မျိုးကို Rotate လုပ်သွားမယ်...။ ဒီကြားထဲအားသေးရင် Busan အသားချောင်းလေးတွေရောင်းတဲ့ ဘားမှာ စားပွဲထိုးလည်းလုပ်ပါမယ်...။ ကိုယ်ပိုင်ဆိုင်ဖွင့်တဲ့အခါကျ Practice ရနေအောင်လို့...။ ကျွန်မဖျော်တဲ့ကော်ဖီ သောက်ချင်တယ်ဆိုရင် စံရိပ်ငြိမ်ဂမုန်းပွင့် လေးထပ်က WTC မှာ weekend တွေတိုင်းလာအားပေးလို့ရပါတယ်လို့..း)


 လေးလကျော်လောက် Latte art နဲ့ အဆက်ပြတ်ပြီး 
ကျွန်မရဲ့ ပထမဆုံး latte art ပုံလေး ရုပ်ဆိုးလေး
 ကော်ဖီအရောင်မညီဘူး Rosetta ပွင့်က ကားထွက်မသွားဘူး 
အပွင့်ထိပ်မှာ အသဲပုံမပေါ်ဘူး ဟဟ...ပြစ်ချက်တွေ ပြစ်ချက်တွေ







 WTC ရဲ့ မိနု


 WTC က ခုခေတ်စားနေတဲ့ Busan  အသားချောင်းရောင်းတဲ့ ကောင်တာ



   ဆရာ ကယ်လ်ဗန်ရဲ့ မိုခါးလက်တေးကော်ဖီ လှမှလှ



စကားမစပ် ခုတလော ရုံတင်နေတဲ့ “ည”ဆိုတဲ့ဇာတ်ကားကို Cele တွေ ရေးတဲ့ပုံစံနဲ့ “ည”ဆိုတဲ့စကားလုံးကို ကာတွန်းနဲ့ ဟာသလေးတွေရေးကြတာ...။   ဥပမာ နီနီခင်ဇော်ရေးတဲ့ပုံနဲ့ “ကျွန်မနဲ့ (၇)ညအိပ်နိုင်မှလာခဲ့ပါ” အဲလိုမျိုး..။ ကျွန်မလဲ မတင်ရသေးတဲ့ ကျွန်မပို့စ်တစ်ခုထဲက ဝါကျလေး တစ်ကြောင်းလောက်ဖွဲ့ပါရစေ... ။

“ညက မလှဘူးလား..ဟင်..ကလေး...ကိုယ်တို့နှစ်ယောက် ဒီလိုလှတဲ့ညတွေကို အတူမဖြတ်သန်းရတာ ဘယ်လောက်ကြာခဲ့ပြီလဲ...”  


မိုးငွေ့