Saturday, 27 August 2016
မဟာ.....
Monday, 22 August 2016
မိုးသည်းတုန်းတစ်ခဏ.....
ဒီမနက် မိုးတွေသည်းလိုက်တာ.........
ကားမှန်အပြင်ဖက်က အုံ့ဆိုင်းညှို့မှိုင်းနေတဲ့ အရောင်တွေနဲ့ မိုးရေစက်တွေ ယှက်ထွေး နေတာကိုငေးမောရင်း... ဖုန်းနားကြပ်လေးနဲ့ X-banana အဖွဲ့ရဲ့ “မိုးရာသီအလွမ်း” သီချင်းကို နားထောင်နေခဲ့မိတယ်...။ သီချင်းလေးနဲ့ အပြင် ပတ်ဝန်းကျင်အပံ့အပိုးက လိုက်ဖက်နေတာကိုး....။
တရွေ့ရွေ့သွားနေတဲ့ ကားတန်းကြီးကိုမေ့ထားပြီး မျက်စိစုံမှိတ်ထားလိုက်တယ်...။ ခုချိန်မှာ ကားတန်းကြီးမလှုပ်လေ ကိုယ့်အတွက်ပျော်လေပဲ...။ မိုးရွာနေတာကို ကိုယ်က သဘောကျတယ်လေ...။
ကောင်းကင်ကြီးတစ်ခုလုံး မီးခိုးရောင်တိမ်တိုက်တွေဖုံးလွှမ်းနေတာများ ဒါဟာ မနက်ခင်းတစ်ခုလို့တောင် မထင်မှတ်မိဘူး...။
အင်းလေ... မနက်ခင်းတစ်ခုဟာ ကျေးငှက်သံသာတွေနဲ့ နေခြည်နုတွေနဲ့ မြက်ခင်းစိမ်းတွေနဲ့ ပန်းပေါင်းစုံတွေ ဖူးပွင့်မွှေးမြနေရမယ်လို့ တရားသေသတ်မှတ်လို့မှမရဘဲ...။ ဒီလိုပဲ အချိန်တိုင်း မိနစ်တိုင်း စက္ကန့်တိုင်းမှာ အရာရာတိုင်းဟာ ပြောင်းလဲနေကြမှာပဲ..။
အရင် ရက်တွေဆို ကိုယ်အလုပ်သွားရင် ကားစီးရင်း စာအုပ်ဖတ်ဖြစ်တာများတယ်...။ ခုနောက်ပိုင်း နဲနဲဆင်ခြင်လိုက်တယ် ..။ အလုပ်မှာလည်းတနေကုန် ကွန်ပြူတာကြည့်တာဆိုတော့ မျက်လုံးကို သက်ညှာရမယ်လေ...။ ဒါကြောင့် စာအုပ်မဖတ်ဖြစ်တော့ဘဲ သီချင်းနားထောင်တယ်... လမ်းတလျှောက်လုံးက သစ်ပင်စိမ်းစိမ်းတွေကို မျက်စိအားဆေးအဖြစ်ကြည့်ဖြစ်တယ်...။ စာအုပ်ကိုတော့ ညမအိပ်ခင် ဖတ်နိုင်သလောက်ဖတ်တယ်...။ ပိတ်ရက်တွေမှာ ဖတ်တယ်...။ အသုံးအဆောင် အဝတ်အစားတွေထဲမှာ အစိမ်းကို မနှစ်သက်ပေမယ့်လည်း အစိမ်းရောင်ရှိတဲ့ ပတ်ဝန်းကျင်ကိုတော့ ကြိုက်တယ်..။
ခုလို မိုးသည်းထဲ ဘာအနှောင်အဖွဲ့ အချည်အနှောင်မှမပါဘဲ အနှောက်အယှက်ကင်းကင်း လမ်းလျှောက်ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်...။ ဘယ်သူမှလုမယူနိုင်တဲ့ ကိုယ်ပိုင်ချိန်စစ်စစ် ရလိုတယ်...။ မိုးသည်းထဲလျှောက်သွားပြီးရင်လည်း ကော်ဖီပူပူလေးတစ်ခွက်သောက်ရင်း မိုးကို ထိုင်ကြည့်ချင်သေးတယ်...။
မိုးကိုမြင်ရင် မိုးထဲ လမ်းလျှောက်ချင်မိ...။ ရွှဲရွှဲစိုတဲ့ အရသာကိုခံစားချင်ခဲ့မိ...။ မိုးကောင်းကင်ကို မျက်နှာမူတဲ့အခါ မိုးစက်တွေခပ်စူးစူးလေးလာထိမှန်တဲ့ ခံစားမှုကိုလိုချင်မိ....။ သြော်.... မိုးကို တွယ်တာမက်မော စွဲလန်းတဲ့ စိတ်က အရင်တိုင်းပါပဲလား....။ ပြောင်းလဲခြင်းတွေထဲက မပြောင်းလဲသေးတဲ့ စိတ်ခံစားမှုတစ်ခု...။
မိုးငွေ့
Wednesday, 17 August 2016
သာဓု Family.....
ဦးသုမောင်ကို အများအားဖြင့် ရုပ်ရှင်မင်းသားတစ်ယောက်လို့ပဲ သိထားကြတာ..။ တကယ်တမ်းသူက မင်းသားမဖြစ်ခင်ကတည်းက စာရေးဆရာစဖြစ်ခဲ့သူပါ နောက်မှ ဂီတ နဲ့ ရုပ်ရှင်တွဲဖက်လိုက်လာတာ..။ ကျွန်မကတော့ ၀ါသနာအရ စာရေးနေသူ စာပေကိုချစ်မြတ်နိုးသူတစ်ယောက်မို့ ဦးသုမောင်ကို စာရေးဆရာတစ်ယောက်အဖြစ်သာ မြင်ပါတယ်...။ ဒါကြောင့် ဦးသုမောင်နာမည်ကို အရှေ့က စီးစီးပိုးပိုး ဆရာလို့တပ်ပြီး ရေးရတာကြိုက်လို့ကို အဲလိုရေးတာပါ...။ ခုနောက်ပိုင်း ပေါ်ပင်စာရေးဆရာတွေ အသစ်ထွက်လာတဲ့ စာရေးဆရာတွေကို သိပ်မသိတော့ဘူး...။ အနှစ်သာရရှိတဲ့ စာအုပ်အဟောင်းတွေ ယခင့်ယခင် ဆရာ့ဆရာကြီးတွေရဲ့ အတွေးအရေးကို ပိုပြီး ခုံမင်မိတာတော့အမှန်ပဲ...။ သူတို့စာတွေကို ဖတ်ရတာ လေးလေးပင်ပင်ရှိတယ်လေ..။
နောက်များမှာ ကျွန်မဖတ်ထားခဲ့တဲ့ စာအုပ်တွေထဲက တစ်အုပ်ချင်းဆီကို Review မဟုတ်ဘဲ အဲဒီစာအုပ်တွေ ဖတ်နေစဉ်မှာ ဖြစ်ပေါ်လာတဲ့ ကျွန်မရဲ့ ခံစားမှုနဲ့ အတွေးစလေးတွေကို အက်ဆေးတစ်ပုဒ်အဖြစ် ရေးပြချင်ပါသေးတယ်...။ အခုဒီစာပေခံစားမှု စာစုအဆုံးသတ်ကိုတော့ ဦးသာဓုရဲ့ ကိုယ်ရေးအကျဉ်းလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်...။
သခင်ဖေသန်း (သာဓု)
စာပေနှင့် ဘ၀ဖြစ်စဉ်မှတ်တမ်း
Saturday, 13 August 2016
မချစ်ရဘူးတဲ့လား.....
ဝေလကို စသိတာ လွန်ခဲ့တဲ့ နှစ်နှစ်က မိုးရာသီMTV ဆုပေးပွဲတုန်းကပါ...။ ကြိုဆိုပါ၏၊ ပြတ်တုန်းလပ်တုန်း၊ ခင်လေးစိမ်းတယ်၊ မိတ်ကပ်မကြိုက်သူများ၊ စတဲ့သီချင်းတွေနဲ့ တခြားတော်တော်များများကို နားထောင်ဖြစ်ပါတယ်..။ “မချစ်ရဘူးတဲ့လား”က နောက်စီးရီးထဲက သီချင်းပါ..။ ခုနောက်ဆုံးထွက်တဲ့ အဓိပတိဖွား ထဲက သီချင်းတွေလည်းအကုန်ကောင်းတယ်။ မချစ်ရဘူးတဲ့လားကိုလည်း နားထောင်ဖြစ်နေပေမယ့် အိပ်မက်ဆုံရာမှာ အိသန္တာပြန်ဆိုတော့ ပိုကြိုက်သွားတယ်..။ နောက်ဆုံး ဟမ်းလေးဆိုတာကို အကြိုက်ဆုံးပဲ ဝေလဆိုတာလောက် မရှည်ပေမယ့်ကောင်းတယ်...။ နားထောင်ကြည့်ကြည့်နော်...း)
Thursday, 11 August 2016
ဧ၀မတိုင်ခင်က.....
နယူတန်
မပေါ်ခင်ကတည်းက
ပန်းသီးတွေ
ကြွေကျနေခဲ့တာပါ။
ကိုပါးနီးကပ်စ်
မသိခင်ကတည်းက
ကမ္ဘာကြီးက
နေကိုပတ်နေခဲ့တာပါ။
ပိုက်သာဂိုးရပ်စ်
မစဉ်းစားခင်ကတည်းက
စက်ဝိုင်းတွေရှိနေခဲ့တာပါ။
ဆွန်ဇူး
မမွေးခင်ကတည်းက
စစ်ပွဲတွေ
ဖြစ်နေခဲ့တာပါ။
အိုင်စတိုင်း
မတွေးမိခင်ကတည်းက
အချိန်တွေ
ရွေ့လျားနေခဲ့တာပါ။
ဒါဆို
အာဒမ်ရဲ့
နံရိုးတစ်ချောင်းကို
မထုတ်ယူခင်ကတည်းက
အချစ်ဆိုတာ
ရှိနှင့်နေခဲ့ပြီးသား
ဖြစ်များ ဖြစ်နေမလား။ ။ (မင်းလူ)
တစ်ကိုယ်တော်မဂ္ဂဇင်းမှ (ဟာသဂျာနယ်၊ အတွဲ(၁) )
Monday, 8 August 2016
ဖြေတွေး-၂
လေးပါးသီလမြဲတဲ့ ယမကာလုလင်နဲ့
လိမ်ပြောတတ်တဲ့ ဖိုးသူတော်
ဘယ်သူက အပြစ်ပိုကြီးသလဲ။
ရှိပြီးသားကို လှူတဲ့လူနဲ့
မရသေးတာကို စွန့်လွှတ်တဲ့လူ
ဘယ်သူက ပိုမွန်မြတ်သလဲ။
တောင်းတဲ့လူနဲ့
ပေးတဲ့လူ
ဘယ်သူက စိတ်ပိုရှည်သလဲ။
လူဆိုးလုပ်ရတာနဲ့
လူကောင်းယောင်ဆောင်ရတာ
ဘယ်ဟာက ပိုခဲယဉ်းသလဲ။
ကင်းစောင့်တဲ့လူနဲ့
ဖောက်ထွင်းဖို့ ကြံစည်တဲ့လူ
ဘယ်သူက ၀ီရိယပိုသာသလဲ။
လွတ်အောင်ပြေးတဲ့လူနဲ့
မိအောင် လိုက်တဲ့လူ
ဘယ်သူက ပိုမောပန်းသလဲ။
ဖဲလိမ်ရိုက်တဲ့လူနဲ့
ဓါးကိုင်ရမ်းတဲ့လူ
ဘယ်သူက ရင်ဆိုင်ရပိုခက်သလဲ။
မသေချာဘဲ ၀င်ပြိုင်တဲ့သူ
ရှုံးမယ်မှန်းသိရက် ၀င်နွှဲတဲ့လူ
ဘယ်သူက သွေးပိုကောင်းသလဲ။
ဆာလောင်မွတ်သိပ်တာနဲ့
စားပိုးနင့်တာ
ဘယ်ဝေဒနာက ပိုဆိုးသလဲ။
နင်ကျင်တာနဲ့
ယားယံတာ
ဘယ်ဟာက ပိုခံရခက်သလဲ။
ကျပ်ကျပ်တည်းတည်းထိုင်ရတာနဲ့
လွတ်လွတ်လပ်လပ် ရပ်ရတာ
ဘယ်ဟာက ပိုသက်သာသလဲ။
လိုချင်တာကို မရတာနဲ့
မလိုချင်တာကို ရတာ
ဘယ်ဟာက ပိုဆုံးရှုံးသလဲ။
ထွက်ခွာသွားတဲ့လူနဲ့
ကျန်ရစ်ခဲ့တဲ့လူ
ဘယ်သူက ပိုလွမ်းရသလဲ။
အဖြေကို
ဘ၀စာမျက်နှာ
တစ်နေရာတွင်
ရှာကြည့်ပါ။ (မင်းလူ)
အတွေးသစ်ဂျာနယ်၊ သြဂုတ်၊ ၂၀၀၅ (တစ်ကိုယ်တော်မဂ္ဂဇင်းစာအုပ်မှ)
Wednesday, 3 August 2016
ကာရံမဲ့ စကားပြေ.....
ချစ်ဦးညိုနဲ့တော့
လမ်းလျှောက်အတူ
မထွက်ချင်ဘူးဗျာ။
လောကဓံဆိုတာကြီးက
သူ့ဘေးမှာ
လက်ချင်းချိတ်လျက်
အမြဲပါနေတာကိုး။
မောင်ခိုင်မာရဲ့
သိင်္ဂါရငှက်တွေလိုပေါ့။
မရှောင်ရင်လွတ်တယ်ဆိုတဲ့
မြိုင်ရာဇာတွတ်ပီရဲ့
သီအိုရီကို ယုံစားမိတာကြောင့်
အလွမ်းမြားတွေ
ရင်နဲ့အပြည့် စူးစိုက်လို့ပေါ့။
ဖူးစာဆိုတာကတော့
နီကိုရဲနဲ့
ဆွေမျိုးတော်တယ်ထင်ပါ့။
ထင်တိုင်းလွဲ
မှန်းတိုင်းလွဲ
ချစ်တိုင်းလွဲ
လွဲချက်ကတော့လွန်ပါရော။
ကံကြမ္မာကို မယုံကြည်ကြသူများရဲ့
ဗေဒင်ဟောစာတမ်းထဲမှာတော့
မေတ္တာရေးမှာ ကံခေပြီး
အသည်းသက်စေ့ ကွဲဦးမှာတဲ့လေ။
တကယ်တော့
အချစ်ဟာ
တာရာမင်းဝေရဲ့
ကဗျာတစ်ပုဒ်လို
တစ်ခုခုခံစားလိုက်ရပေမယ့်
အဓိပ္ပါယ်ပြန်ပြောဖို့တော့
မလွယ်လှပါဘူး။
အချစ်ဆိုတာ ဘာလဲ
သစ္စာတရားဆိုတာဘာလဲ
ကျွန်တော်လည်းပဲ
အဲဒါကိုပဲ
သိချင်နေတာပါပဲ ခင်ဗျာ။ ။ (မင်းလူ)
တစ်ကိုယ်တောမဂ္ဂဇင်းစာအုပ်မှ (အလင်းတန်းဂျာနယ်၊ အောက်တိုဘာ၊ ၂၀၀၀)