Friday, 29 July 2016

ကျွဲတစ်ကောင်၏စောင်းသံ.....

 


ကောင်းကင်ရဲ့ ပန်းချီကား
မခံစားတတ်ပါ။
တိမ်တွေကို ပန်းပုရုပ်
မထုလုပ်တတ်ပါ။

ငှက်တွေရဲ့ တေးသံ
ဘာသာမပြန်တတ်ပါ။
လိပ်ပြာရဲ့ ကကွက်
စည်းချက်မလိုက်တတ်ပါ။

ဝါးရုံတောရဲ့ ပုလွေသံ
ရစ်သမ်မဖမ်းတတ်ပါ။
ပန်းတွေရဲ့ ဘိုင်စကုပ်
လက်ခုပ်မတီးတတ်ပါ။

လမင်းရဲ့ကဗျာ
ကာရန်မရှာတတ်ပါ။
မိုးစက်တွေရဲ့ အက်ဆေး
မရေးသားတတ်ပါ။

မြေပြင်ရဲ့ ပဟေဠိ
အဖြေမညှိတတ်ပါ။

နားမလည်ခြင်း အလင်္ကာ
မသိခြင်းရဲ့ အရသာ
ဘာနဲ့မှ မလဲနိုင်တာ
ခွင့်လွှတ်ပါ။       ။ (မင်းလူ)

တစ်ကိုယ်တောမဂ္ဂဇင်းစာအုပ်မှ (မုဒိတာမဂ္ဂဇင်း ၂၀၀၂ )

Monday, 25 July 2016

ပန်းရောင်းသူများ.....


ဆိုရိုးစကားတစ်ခု ရှိတယ်
လက်သမားတစ်ယောက်ရဲ့
အိမ်တံခါးတွေဟာ
အပျက်တွေချည်းပဲတဲ့။

ပန်းရံဆရာတစ်ယောက်ရဲ့
ဝန်ခံချက်ကတော့
ဟိုတယ်မှာ တစ်ခါမှ
မတည်းဖူးတဲ့အကြောင်း။

မိမိမှာ
စေ့စပ်လက်စွပ် မရှိပါ လို့
ပန်းတိမ်ဆရာတစ်ယောက်က
ထွက်ဆိုဖူးတယ်။

လယ်သမားကြီးတစ်ယောက်
ဒေါ်လာဆိုတာ
ဘယ်လိုဟာမျိုးလဲလို့
မေးနေရှာလေရဲ့။

ကိုယ့်ပုံတူကို
ကိုယ်ပြန်ဆွဲဖို့
တစ်သက်လုံးမေ့လျော့နေခဲ့တာ
ပန်ချီဆရာတစ်ယောက်ပေါ့။

ဘာပဲဖြစ်ဖြစ်
ဖဲ့ထုတ်ခံရတဲ့
သစ်သားစတွေမပါဘဲနဲ့တော့
ပန်းပုရုပ် တစ်ရုပ်
      ဖြစ်မလာနိုင်ဘူးလေ။     
(မင်းလူ)

တစ်ကိုယ်တော်မဂ္ဂဇင်းစာအုပ်မှ (လွမ်းဖွယ်စံတိုးစာစု ၂၀၀၂)

Thursday, 21 July 2016

ဝေးသွားလည်း.....



ကျားပေါက်ရဲ့ မူပိုင်သံစဉ်လေးအတိုင်း ဒီသီချင်းလေးကို သိပ်ကြိုက်တယ် ခပ်အေးအေး လွမ်းလွမ်းဆွေးဆွေးလေလေလွင့်လွင့်လေး...။ “အင်းလျားလမ်းကပန်းဆိုင်”....“.နွေဦး”... “နားလည်ပါ” တို့လို သီချင်းမျိုးကြိုက်တယ်...။ သူ့ဂီတအမျိုးအစားက punk ဆိုမယ့် ကိုယ်ကြိုက်တဲ့သီချင်းလေးတွေက soft rock ထဲပါမလားပဲ...။ အသက်ကထိပ်စီးတွေပြောင်းသွားတော့ သိပ်ဆူညံတာတွေ ပွင့်ထွက်ပေါက်ကွဲတာတွေကို မခံစားနိုင်တော့...။ အရင်ကလည်း အဆူတွေကို သိပ်မနားထောင်ဖြစ်ပါဘူး..။


မိုးငွေ့

Monday, 18 July 2016

အတိတ်ရဲ့ အလွမ်းများကိုတူဖော်ကြည့်ခြင်း.....

 




အချိန်အားလေးရှိတုန်း ကော်ဖီလေးတစ်ခွက်သောက် ...ပြီးခဲ့တဲ့ 2011 နဲ့ 2012 များဆီက အက်ဆေးတွေ ကဗျာတွေ စာစုလေးတွေပြန်ဖတ်ပြီး... အဲအချိန်များဆီကို တော်တော်လေး တမ်းတမ်းတတနဲ့ လွမ်းမိသွားတယ်...။ အတိတ်ကာလဆိုတာ ဘယ်တော့မှပြန်မရနိုင်တော့တဲ့ အရာတွေဆိုတာကို သတိချပ်ရင်းလည်း ရင်ထဲနင့်နင့်နဲနဲခံစားသွားရတယ်...။ ခါးသက်တဲ့ကော်ဖီတွေ အေးစက်သွားတဲ့အထိ ကိုယ့်အတွေးတွေ ဟိုး.... အဝေးကို လွင့်လွင့်ပျံ့ပျံ့..။ 

အဲဒီအချိန်တုန်းက ကိုယ်ဟာ...အရောင်စုံတဲ့ တိမ်တွေဆီလွင့်မျောရင်း လှပတဲ့စကားလုံးတွေကို ဖန်းဆင်းခဲ့ဖူးတယ်...။ နှင်းဆီပန်းနီနီရဲရဲပန်းစည်းလေး အမှတ်တရ ရခဲ့ဖူးတယ်...။ နူးညံ့တဲ့ ကဗျာလှလှလေးတွေရဲ့ စကားလုံးတွေအဖြစ်လည်း ကိုယ်စားပြုခဲ့ရဖူးတယ်...။ ကြည်နူးစရာကောင်းတဲ့ ရွှေရောင်ညတစ်ညမှာ လပြည့်လကို ငေးမောရင်းလည်း အတူဖြတ်သန်းခွင့် ရခဲ့ဖူးတယ်...။ ကြယ်ရောင်နည်းတဲ့ ညကို ကော်ဖီနဲ့အတူတူမြည်းခဲ့ဖူးတယ်...။ သူပေးခဲ့ဖူးတဲ့ ရင်ခုန်သံပါးပါးလျားလျားလေးတွေကိုလည်း ဘယ်ဖက်အိပ်ကပ်ထဲ သိမ်းထားခဲ့ဖူးတယ်...။ ကိုယ့်လက်ဖဝါးထဲကို သူထည့်ပေးခဲ့ဖူးတဲ့ အလွမ်းတွေကို ဖမ်းဆုပ်ကိုင်ထားခဲ့ဖူးတယ်...။ 

ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အရာတွေနဲ့ အချိန်တွေကို လွမ်းဆွတ်ကြည့်ရတာဟာ ခါးသက်နာကျင်လှ ပေမယ့် အဲဒီခံစားမှုကို နောင်တတစ်ခုလို့မသတ်မှတ်ဘဲ တစ်သက်သာ သိမ်းဆည်း ထားရမယ့် အမှတ်တရပို့စ်ကဒ်လေးတစ်ခုလို့ပဲ ကိုယ်ခံယူချင်ပါတယ်..။  

နေရာအသစ်ကိုရောက်ပြီး ဘဝအသစ်စ အချစ်အသစ်နဲ့ဖြစ်နေတဲ့ သူ့ကို ဘယ်လိုမှတွေ့ဆုံပတ်သက်မှု မရှိနိုင်(မရှိသင့်)တော့ပေမယ့် အိပ်မက်ထဲတစ်ခဏရောက်လာခဲ့တဲ့ သူ့အတွက် ချရေးဖြစ်သွားတဲ့ ကိုယ့်ရဲ့ ဒိုင်ယာရီလေး...။


မိုးငွေ့


Thursday, 14 July 2016

ပျောက်ဆုံးနေသောအိန်ဂျယ်(Vs)မိုးရာသီအလွမ်းများ.....




အိန်ဂျယ်ရေ.............


ဒီနေရာလေးကို မှတ်မိသေးလား...။

ကိုယ်နဲ့တစ်ဖက်ကမ်းမှာ မင်းရပ်နေခဲ့တဲ့ မြက်ပင်ရှည်တွေကြားထဲက

အဝါရောင်ပန်းပွင့်ကလေးတွေလေ...။ အဲဒီတုန်းက မင်းရှိတဲ့ ကမ်းကို ကိုယ်အရောက်သွားဖို့ မြစ်ကိုဖြတ်မယ့် တံတားတစ်စင်း နွယ်တစ်ငင်တောင်ရှာမတွေ့ခဲ့ဘူး...။ ခုတော့ မြက်ပင်စိမ်းစိမ်းတွေကြားမှာ ပန်းပွင့်ဝါကလေးတွေက ဟိုတုန်းကထက်တောင် အများကြီးပွင့်နေကြတယ်....။ ကောင်းကင်ကြီးကိုမျက်နှာမူပြီး ပန်းခင်းပေါ် လှဲလှောင်းချလိုက်ရတဲ့ ခံစားမှုက ဘာနဲ့မှမတူဘူး...။ ခုလို ကိုယ်ရောက်လာတော့လည်း ဟိုတုန်းက မြက်ပင်ရှည်တွေကြား ပုဝါဖြူစလေး တစ်စကွယ်ပျောက်သွားသလို မင်းလည်း ပျောက်ချင်းမလှပျောက်ဆုံးနေခဲ့ပြီ...။

ငွေရောင်နှင်းပွင့်တွေ တဖွဲဖွဲကျဆင်းနေတဲ့ ရေခဲမြစ်ရဲ့ ဟိုမှာဖက်ကမ်းမှာတုန်းက နှင်းတွေစိုနေတဲ့ ကိုယ့်ရဲ့ ချည်ဂါဝန်အနားစတွေနဲ့ ပိတ်ဖိနပ်ပါးတစ်စုံတောင် ခုတော့ ခြောက်သွေ့နေကြပြီ...။

မင်းရောက်မလာပေမယ့်လည်း ကိုယ့်ကို နှစ်သိမ့်ချော့မြူဖို့

လေညှင်းလေးတွေ တသွဲ့သွဲ့တိုက်ခတ်နေလေရဲ့......

မြက်ပင်တွေနဲ့ ပန်းပွင့်ဝါကလေးတွေ ဟိုမှာဒီမှာ ယိမ်းထိုးကခုန်နေလေရဲ့....

မီးခိုးရောင် တိမ်တိုက်တွေကြားထဲ ငှက်ကလေးတွေ တစ်ကောင်စ နှစ်ကောင်စပျံသန်းနေလေရဲ့....

သိပ်မကြာခင်မှာ မိုးတွေရွာချတော့မယ်ထင်တယ်....။

မိုးပေါက်လေးတွေနဲ့အတူ မင်းရောက်လာဦးမလား အိန်ဂျယ်...။  မိုးစက်တွေနဲ့သီထားတဲ့ ငွေရောင်ကြိုးမျှင်စကနေ မင်းဆင်းလာခဲ့မယ်မဟုတ်လား...။

ကိုယ်ကတော့ မိုးတွေကျလာသည်ဖြစ်စေ မကျလာသည်ဖြစ်စေ မင်းကို စောင့်နေဦးမယ် ....။

အရင်အဟောင်းပြန်ဖတ်ချင်သူများအတွက်...


အချစ်=အဖြူရောင်ပုဝါလေး
မိုးရာသီအလွမ်း(၁)
မိုးရာသီအလွမ်း(၂) 
မိုးရာသီအလွမ်း(၃)
မိုးရာသီအလွမ်း(၄)
မိုးရာသီအလွမ်း(၅)
မိုးရာသီအလွမ်း(၆)
မိုးရာသီအလွမ်း(၇)
မိုးရာသီအလွမ်း(၈)
မိုးရာသီအလွမ်း(၉) 
မိုးရာသီအလွမ်း(၁၀) 
မိုးရာသီအလွမ်း(၁၁) 
မိုးရာသီအလွမ်း(၁၂)
မိုးရာသီအလွမ်း(၁၃)

 

မိုးငွေ့

Saturday, 9 July 2016

မိုးရွာခြင်းအနုပညာ (၉).....



မေမေက ပန်းပွင့်စိပ်ဖဲထီးကလေးကို ဖွင့်လှန်းတဲ့အခါ
ကျွန်တော်က ဖတ်လက်စ ဝတ္ထုစာအုပ်ကိုချရင်း မေမေ့ကိုလှမ်းကြည့်တယ်ဈးမှာ မုန့်စိမ်းပေါင်းကုန်ပြီတဲ့ သားရဲ့..နက်ဖြန်မှစောစောသွားပေးမယ်နော်..
နှုတ်ခမ်းကို အစွမ်းကုန်ဆူပစ်လိုက်ပြီး ကျွန်တော်အိမ်နောက်ဖေး ထွက်သွားလိုက်တယ်
လျှပ်စီးလက်လိုက်တဲ့ခဏ မေမေ့ပါးပေါ်က အပြုံးနဲ့ကျွန်တော် လွဲခဲ့တယ်။ ။(Craton)



Tuesday, 5 July 2016

မိုးရွာခြင်းအနုပညာ (၈).....




 
 
 
 
 
 
 
 
 
 
 





ညဟာ သွက်ချာပါဒလိုက်ရင်း တုန်တုန် ယင်ယင်နဲ့ ငိုပြီး
လနတ်သမီးကို တိမ်မည်းတွေ သွေးဆောင်ပြန်ပေးဆွဲသွားတယ်လို့
လင်းနို့တွေ ဇီးကွက်တွေက ကွေးကွေးကလေး အိပ်မက်မက်ကြရဲ့
နွေဦးမိုးဟာ ဒီလိုနဲ့ပဲ အငိုမတိတ်တော့ဘူး....။       ။ (Craton)