Saturday, 2 April 2016

နွေရာသီအနုပညာ..... (၈)




ကျွန်မ ငှက်ကလေး သေသွားတော့ မောင်လေးက ငိုတယ်

မောင်လေးအငိုတိတ်အောင် အကြာကြီးချော့ရင်း ကျွန်မလည်း ငိုတယ်

အမှန်တော့ သူများကို အားပေးတယ်ဆိုတိုင်း ကိုယ်ကပျော်နေရမယ်လို့ မရှိဘူး

ကျွန်မငိုမိတာ ငှက်ကလေးကြောင့် မဟုတ်ဘူး

မောင်လေးငိုလို့ ငိုတာ

ကျွန်မမောင်လေးကို ကျွန်မသိပ်ချစ်မှန်း တစ်ရွာလုံးသိတယ်

အဲ့ဒီည ဘုရားပွဲဈေးတန်းဖက် မောင်လေးလက်ကိုဆွဲရင်း ကျွန်မတို့ လျှောက်လည်ကြတယ်

ကောက်ညင်းကျည်တောက်တွေဝယ်စားတယ်၊ မျက်နှာဖုံးတွေ ဝယ်စွပ်တယ်

ရဟတ်စီးတယ်၊ ပုလင်းကွင်းစွပ်ပစ်တယ်၊ အငြိမ့်ကြည့်တယ်

မောင်လေးရယ်ရင် ကျွန်မစိတ်ချမ်းသာတယ်

ကျွန်မရဲ့ပျော်ရွှင်မှုဟာ မောင်လေးရဲ့မျက်နှာပေါ်မှာ တည်ရှိတယ်

မနက်ရောက်တာနဲ့ မောင်လေးဟာ ငှက်ကလေးကိစ္စမေ့သွားပြီ

နွေစပါးခင်းတွေဆီဖက်ပြေးလိုက် ရိတ်ပြီးသားကောက်ရိုးပုံတွေပေါ်တက်ဆော့လိုက်နဲ့ပဲ

မောင်လေးအတွက် ထမင်းဆီဆမ်းကို မြေပဲဆံလေးနဲ့ ငရုပ်သီးဆားထောင်းလေးနဲ့

ထမင်းဆုပ်လုပ်ပေးနေရရင်ကို ကျွန်မဗိုက်ဝတယ်

ကျွန်မ လယ်သူရင်းငှားလိုက်တယ်

မောင်လေးနဲ့ကျွန်မ ထမင်းဝတယ်

မောင်လေးကိုကျောင်းမထားနိုင်ပေမဲ့ ကျွန်မတို့မောင်နှမ တင်းတိမ်ကြတယ်

မောင်လေးကလည်း မပူဆာဘူး

မောင်လေးကန်စွန်းရွက်ရောင်းပြီး ကျွန်မကိုစကူတော့ ကျွန်မတားခဲ့သလို ဝမ်းလည်းသာမိတယ်

လောကမှာ တစ်ဦးတည်းသောဆွေမျိုးရဲ့ သိတတ်လိမ္မာမှုကို ဘယ်သူမပျော်ရွှင်ရှိမလဲ

နောက်နှစ်နွေစပါးတွေရိတ်သိမ်းချိန်တစ်နေ့ လယ်ထဲမှာ မောင်လေးကိုပိုးထိတယ်

လယ်ထဲမှာပဲ မောင်လေးဆုံးသွားတယ်ဆိုတာ ကျွန်မဦးနှောက်က လက်မခံဘူး

မောင်လေးအသက်ကို မမှီလိုက်တဲ့ ကျွန်မခြေထောက်တွေ တဖြည်းဖြည်းနွမ်းဖတ်ကုန်တယ်

အဲ့ဒီနေ့ကစလို့ ကျွန်မဟာ မောင်လေးကို အရင်ကထက် ပိုဂရုစိုက်လာရတယ်

မောင်လေးအိမ်ပေါ်တက်လာရင် ရေမိုးချိုးပေးပြီး ထမင်းကျွေးတယ်

မောင်လေးလယ်ထဲဆင်းဆော့ရင် ကျွန်မ အသံကုန်အော်ပြီး တားတယ်

မောင်လေးကို မျက်စိအောက်က အပျောက်မခံတော့တာ ကျွန်မ မလွန်ပါဘူးနော်

ကျွန်မမောင်လေးကို ကျွန်မ သိပ်ချစ်တယ်

အလုပ်ပစ်အကိုင်ပစ်ပြီးတော့ကို ဂရုတစိုက်ချစ်တယ်

ကျွန်မကိုယ်ကျွန်မ စားပြီးမှန်း၊ မစားပြီးမှန်း မေ့တော့လောက်အောင် ချစ်တယ်

နွေနေပူတွေပြင်းပြင်းလာတိုင်း ကျွန်မစိတ်တွေ ရင်းရင်းလာသလိုပဲ

မောင်လေးနဲ့ကျွန်မ ရွာဦးစေတီကို မနက်တိုင်းသွားတယ်

အကြော်သည်ဒေါ်တုတ်ဆီမှာ အကြော်တစ်ခုစီ တောင်းစားကြတယ်

ပြီးရင် ချေုာင်းထဲဆင်း ရေအတူချိုးတယ်

ညနေစာကို ဖြစ်သလိုပဲ သူများလာကျွေးရင် စားလိုက်ကြတယ်

ပြီးရင် ရွာထဲလျှောက်လည်ပြီး အတူငိုကြတယ် အတူရယ်ကြတယ်

ကျွန်မဘဝဟာ မောင်လေးနဲ့အတူ ပြီးပြည့်စုံ ကုံလုံလို့ပေါ့ရှင်..

ဘယ်တော့မှကြီးထွားမလာတတ်တဲ့မောင်လေးဟာ ကျွန်မအပါးမှာ

ကျွန်မ အဘွားကြီးဖြစ်တဲ့ထိ ထိုင်နေတုန်းရယ်။ ။



ရေးသားသူ။    ။ Craton 


1 comment:

Iora said...

ၾကိဳက္တယ္။
အုုိ္င္အိုုရာ