Saturday, 12 March 2016

နွေရာသီအနုပညာ (၄)နှင့်(၅)




 
  
 "နွေရာသီအနုပညာ (၄)"

ကော်ဖီတစ်ခွက်ကို သုံးနာရီကြာအောင် သောက်လေ့ရှိတဲ့အကျင့်မျိုးနဲ့

ကျွန်တော်ဟာ Rose of Sharon ကို စိုက်တယ်
ရေသုံးခါလောင်း၊ နေသုံးခါလှမ်း၊ ပေါင်းသုံးခါသင်
စိတ်ရှည်လက်ရှည်စောင့်ပြီးသားလူမို့ ပန်းတွေဘယ်အချိန်ပွင့်ပွင့်ပါ
အချိန်ဟာ ကျွန်တော့်အတွက် အဖောသီဆုံး ပိုင်ဆိုင်မှုပေါ့
ရည်စူးသူရဲ့ခြေလှမ်းတွေ ကျဲလာမလားစိပ်သွားမလားဆိုတာလည်း
ကျွန်တော် တွက်ဆမနေတော့
လာချင်လာလိမ့်မယ်၊ ကြာချင်ကြာလိမ့်မယ်
ဒါပေမဲ့ ကျွန်တော်ကတော့ စောင့်တယ်..။         


ရေးသားသူ။   ။ Craton








"နွေရာသီအနုပညာ (၅)"


ဦးထုပ်ချွတ်လိုက်ပြီး ဒန်နီယဲလာရဲ့ လက်ဖမိုးကို ငုံ့နမ်းလိုက်တယ်
ကျန်းခံ့သာပါရဲ့လားဆိုတဲ့ ကျွန်တော်တကယ်မသိချင်တဲ့မေးခွန်းကို မမေးလိုက်ဘူး
ဒန်နီ့မျက်ဝန်းတွေထဲက အိုအေစစ်ဟာ ယနေ့ထိ စိမ်းမြနေဆဲ..
ကျွန်တော့်လက်ဖဝါးတွေကြမ်းခဲ့သလောက် ဒန်နီ့ခြေဖမိုးတွေ နုလာလိုက်တာ
ဆယ်နွေလောက်ရှိခဲ့ရောပေါ့နော်
မင်းကိုပြန်တွေ့ရတာ သိပ်ဝမ်းသာတယ် ဒန်နီ..
အထူးသဖြင့် ပြောင်သလင်းခါနေတဲ့ မင်းလက်သူကြွယ်လေးကိုတွေ့ရတာ သိပ်ဝမ်းသာတယ်
အချစ်ဦးရဲ့အပြုံးဟာ ဒီနှစ် အရီဇိုးနားနွေရဲ့ ပထမဆုံးသာယာတဲ့နေ့လို့ ဒိုင်ယာရီထဲရေးရဦးမယ်
ညစာစားဖို့ဖိတ်ပါတယ် ဒန်နီ..
ကျွန်တော် ညနေခင်းဝတ်စုံလေး လူလွှတ်ပို့လိုက်ပါ့မယ်။        


ရေးသားသူ ။    ။ Craton

 


No comments: