Saturday, 30 January 2016

ဖေဖေနှင့်အိပ်မက်.....


 




ကျွန်မဘဝရဲ့အကြီးမားဆုံးလစ်ဟာမှုကိုပြပါဆိုရင် “ဖေဖေ”ဆိုတဲ့ လူပုဂ္ဂိုလ်လို့ ပြောရလိမ့်မယ်…။

ဖေဖေကျွန်မတို့ကိုထားသွားခဲ့တာ ခုဆိုရင် (၂၈)နှစ်တိုင်ခဲ့ပြီ…။ ဒါပေမယ့် ကျွန်မဖေဖေ့ကို ယနေ့ထိ အိပ်မက်မက်နေတတ်တုန်းပဲ….။ အိပ်မက်ထဲမှာဖေဖေ့ရုပ်ကို ကျွန်မငယ်ငယ်တုန်းကမြင်ဖူးခဲ့တဲ့အတိုင်းပဲ အသားခပ်ညိုညို ဆံပင်ကောက်ကောက်ကွေးကွေး ကျစ်လစ်သန်မာယောကျာ်းပီသတဲ့ အသွင်ကိုမြင်မက်ဆဲ။  ဖေဖေကျွန်မကို ကောက်ချီပြီး ကျွန်မမျက်နှာကို ခပ်စူးစူးကြမ်းကြမ်း ရိပ်ပြီးခါစ ပါးမြိုင်းမွှေးတွေနဲ့ လာပွတ်ပြီး စတတ်တယ်…။ အိပ်မက်ထဲမှာ ဖေဖေ့ ပါးမြိုင်းမွှေးတွေကအစ အဲဒီတိုင်းပဲ စိမ်းမှောင်လို့…။ 

ပြီးခဲ့တဲ့နှစ်နောက်ဆုံးမက်တဲ့ အိပ်မက်ထဲမှာ ဖေဖေက ဟိုးး ... အဝေးဆုံးတစ်နေရာကနေ ပြန်လာပုံရတယ်။ ပြီးတော့ ကျွန်မတို့ကို အကြာကြီးဝေးကွာသွားပြီးမှပြန်လာတဲ့ပုံမျိုးပဲ သမီးတို့နဲ့ဖေဖေအတူပြန်လာနေတော့မယ်တဲ့…။ မတွေ့တာကြာတဲ့ ဆွေမျိုးတွေအိမ်ကိုလည်း ဖေဖေက အလည်သွားတယ်တဲ့...။ ဖေဖေကပြောသေးတယ် ဖေဖေ့တူ အာကာတို့အိမ်ကိုလည်းသွားလည်ရဦးမယ်တဲ့…။ ဖေဖေတို့က မောင်နှမဆယ်ယောက်ရှိတယ် အဲဆယ်ယောက်ထဲကမွေးလိုက်တဲ့ ကျွန်မတို့ ဝမ်းကွဲမောင်နှမတွေ အားလုံး လေးဆယ်နှစ်ယောက်ရှိတယ် ဆိုတာ အစ်မဝမ်းကွဲတစ်ယောက်က ပြောပြလို့သိရတာ အားလုံးကို ကျွန်မ မမြင်ဖူးဘူး…။ ဖေဖေပြောတဲ့ အာကာဆိုတာ ဘယ်သူဖြစ်မလဲ ကျွန်မ အိပ်မက်ကနိုးလာတော့ ရက်တော်တော်ကြာတဲ့အထိ စဉ်းစားနေခဲ့တယ် ..။  ဖေဖေ့ညီအငယ်ဆုံးဦးလေးက မွေးတဲ့ သားသုံးယောက်ရှိတယ် ငယ်ငယ်တုန်းကတော့ အလတ်တစ်ယောက်ကို မြင်ဖူးသေးတယ် အာကာဆိုတာ သူတို့သုံးယောက်ထဲကလဲဖြစ်နေနိုင်တာပဲ..။

ဖေဖေအိပ်မက်ထဲရောက်ပြီး နိုးလာတိုင်း ကျွန်မငိုတယ်…။ ကျွန်မငယ်ငယ်တုန်းက စကားပြောတတ်ခါစကနေ ဖေဖေနဲ့နောက်ဆုံးတွေ့တဲ့အချိန်ထိ “ဖေဖေ့ကိုသမီးလေးချစ်လား”လို့ ဖေဖေဘယ်နှစ်ကြိမ်မေးခဲ့ဖူးသလဲ ကျွန်မကရော “ဖေဖေ့ကိုသမီးချစ်တယ်”လို့ ဘယ်နှစ်ခါဖြေခဲ့ဖူးသလဲ….။ အဲအချိန်က ဖေဖေ့ကို မပြောဖြစ်ခဲ့တာတွေ တော်တော်ကြီးနောက်ကျသွားပြီဖြစ်ပေမယ့် ကျွန်မ ဖေဖေ့ကိုသတိရတိုင်း စိတ်ထဲကပြောဖြစ်ခဲ့ပါတယ်… မဟုတ်ဘူး ပြောဖြစ်နေတုန်းပါပဲ…။

ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..
ဖေဖေ့ကို သမီးချစ်တယ်…..

ဘဝမှာ အနှိမ်ခံခဲ့ရတာတွေ ရှုံးနိမ့်လဲပြိုခဲ့တာတွေ ဆင်ခြင်တုံတရားကင်းမဲ့စွာ စိတ်အလိုကိုလိုက်ပြီး အမှားတွေကျူးလွန်ခဲ့တာတွေ ဝမ်းနည်းကြေကွဲစရာတွေကြုံရတိုင်း ဖေဖေ့ကို အဦးဆုံးမြင်ယောင်မိတယ်…။ ငါ့မှာ ဖေဖေသာရှိခဲ့ရင် ငါ့ရှေ့မှာ ဖေဖေသာမားမားမတ်မတ်ရပ်နေခဲ့ရင် ဒီလိုတွေဖြစ်လာမှာ မဟုတ်ဘူးလို့တွေးမိတယ်..။ တကယ်တော့ ဖေဖေ့ကို ဝမ်းနည်းစရာတွေကြုံမှသာ သတိရတာ တရားတော့မတရားပါဘူး…။ ဝမ်းသာစရာ ပျော်ရွှင်စရာအချိန်တွေ အစားကောင်းစားနေရတဲ့ အချိန်မျိုးတွေမှာလဲ သတိတရရှိရမှာမဟုတ်လား…။ 

ခုချိန် ဖေဖေဘယ်ရောက်နေမလဲ…. ပျော်စရာကင်းမဲ့တဲ့ လောကကြီးထဲကနေ
စောစောစီးစီးထွက်ခွာသွားခဲ့တာဟာ ဖေဖေ့အတွက် ကံကောင်းခြင်းလို့ဆိုရမလား....။ ဒါမှမဟုတ် အိပ်မက်ထဲကလိုပဲ ဖေဖေသမီးတို့ဆီတကယ်ပြန်လာခဲ့မှာလား...။




ပြာသိုလပြည့် အမေနေ့တုန်းက မေမေ့ကိုပေးဖို့ရည်ရွယ်ပြီး ဝယ်ထားခဲ့တဲ့ Toothbrush Holder လေး ...။ ဖေဖေသာရှိရင် အဖိုးကြီးနဲ့ အဖွားကြီးရုပ် Toothbrush Holder လေးနှစ်ခု ယှဉ်တွဲလျက်တွေ့ရဦးမှာ...။

ကျွန်မ ဒီအိပ်မက်ကို မက်ပြီး သိပ်မကြာဘူး ကျွန်မတစ်ဝမ်းကွဲညီမတစ်ယောက် ကိုယ်ဝန်ရတယ်...။ သူ့အတွက်တော ဒုတိယကိုယ်ဝန်ပေါ့...။ လူဝင်စားဆိုတာ တကယ်ရှိသလား ကျွန်မ မသိဘူး...။ ဖေဖေ တကယ်ပြန်လာခဲ့မယ်ဆို ဘယ်ချိန်ဖြစ်ဖြစ် ကျွန်မတို့ အမြဲကြိုဆိုနေပါ့မယ် ဖေဖေ...။


မိုးငွေ့

 

Saturday, 23 January 2016

ဟဲလို......


Hello!!!  Its me..... 
Long time no see......

အားလုံးမတွေ့ဖြစ်တာကြာပြီနော်......။ အလုပ်များတာနဲ့ စိတ်ဖိစီးတာနဲ့ ဒီဖက်ကိုမလှည့်ဖြစ်ဘူး...။ ကျွန်မသိပ်ချစ်တဲ့စာတွေကို ရေးချင်နေခဲ့တာ အချိန်မရှိ မုမရှိတာနဲ့ ဒီတိုင်းလေးပစ်ထားခဲ့လိုက်တာ ခုပြန်ရောက်ဖြစ်တဲ့အကြောင်းအရင်းကတော့ ကျွန်မသိပ်ကြိုက်တဲ့ ကော်ဖီတစ်ခွက်ကြောင့်ပဲဖြစ်နေခဲ့တယ်...။







collagen ကော်ဖီတဲ့ အသားအရေနုပျိုပါစေတော့လို့ ရည်ရွယ်ချက်နဲ့ဝယ်သောက်တာတော့ မဟုတ်ဘူး...။ ကော်ဖီသရဲမို့ ဘယ်လိုအရသာလဲသိချင်တာနဲ့ ဝယ်သောက်လိုက်တာပါပဲ...။ တကယ်တော့လည်း ကျွန်မတို့အရွယ်က ကော်လဂျင်တွေဘာတွေ တစ်နေ့တစ်ဗူး ဝယ်သောက်နေတဲ့သူတွေ တပုံကြီး...။ ဇရာဆိုတာ အံတုလို့ရနိုင်ရိုးလားနော်...။ ထားပါတော့ ..အဲကော်ဖီတစ်ခွက်ဖျော်ပြီး တီဗီရှေ့မှာ ဇိမ်ယူလိုက်တာ တစ်ညလုံးအိပ်မရတော့ပါဘူး...။ အဲဒါနဲ့ ခေါင်းကိုအလုပ်ပေး ဟိုတွေးဒီတွေး အတွေးတွေထဲ အလုပ်အကြောင်းကခပ်များများ... အဲဒီကနေ ဘလော့မှာ စာလေးဘာလေးပြန်ရေးရင်ကောင်းမယ်ဆိုပြီး မနှစ်က ရေးထားခဲ့တဲ့ အက်ဆေးလေးတစ်ပုဒ်တင်လိုက်တယ်...။ “အနီရောင်ကြာသပတေးကြယ်” ဆိုတဲ့ အက်ဆေးလေး ကျွန်မ အက်ဆေးလေး လက်ရည်မကျသေးဘူးမဟုတ်လား...။

လူတွေဟာ အသက်ကြီးလာလေ စာအနုလေးတွေကိုရေးဖို့ အားသန်လာတတ်ကြတယ်တဲ့...။ ကျွန်မ အသက်ခပ်ငယ်ငယ်တုန်းက အခုကျွန်မအရွယ်ရှိနေတဲ့ အဒေါ်တွေကိုနားမလည်နိုင်ခဲ့ဘူး... သူတို့ခံစားချက်တွေကိုပေါ့...။ ကိုယ်တိုင် ဒီအရွယ်ရောက်လာတော့ ကိုယ်ချင်းစာတတ်လာတယ် ...။

2016 အစမှာ ကျွန်မတို့ရုံးက New Year အတွက် Long Holiday ငါးရက်ပေးတာနဲ့ ပင်လယ်ကမ်းခြေတစ်ခုကို ခရီးထွက်ဖြစ်တယ်...။ ကျွန်းတွေဆီကို မော်တော်ငှားပြီး လျှောက်လည်ဖြစ်တယ်...။ တစ်နှစ်ပတ်လုံးရဲ့ စိတ်ဖိစီးမှုကို ဖြေလျော့စေတာပါပဲ...။ ကျွန်းတွေပေါ်က သောင်ပြင်ကမ်းစပ်မှာ ငယ်ငယ်ကလို ခရုခွံတွေကောက်ရတာ ပျော်စရာတော့ ကောင်းသား...။ ကျွန်မတို့ရုံးက senior အစ်မတစ်ယောက်က သူ့သမီးလေးပါခေါ်ခဲ့တော့ အဲကလေးမလေးနဲ့ ကျွန်မခရုခွံရောင်စုံလေးတွေနေပူကျဲအောက်ပုဝါပါးခြုံ ဦးထုပ်စောင်းပြီး ကောက်ကြတယ်...။ “ I want to decorate my fish tank with this colorful sea shell, would you please help me collect them Auntie...” တဲ့ အိမ်က သမီး ငါးကန်ထဲ ဒီရောင်စုံခရုခွံလေးတွေနဲ့ အလှဆင်ခြင်လို့ အန်တီ ကူကောက်ပေးပါဦးနော်”တဲ့...။ ကလေးမလေးကို ကျွန်မက ခရုခွံလေးတွေအပြင် ကျောက်ခဲဝိုင်းဝိုင်းချောချောလေးတွေ ပါကောက်ပေးခဲ့သေးတယ်...။ ခရုခွံအကြေတွေရောနှောနေတဲ့ သဲတွေကိုလဲ ကျုံးယူလိုယူပေါ့ ...။ ပင်လယ်စာတွေတစ်ဝကြီးစားခဲ့တယ် ပင်လယ်လေတွေတဝကြီးရှုခဲ့တယ် အုန်းစိမ်းရည်တွေသောက်ခဲ့တယ်...။ 

ကမ်းခြေဆိုလို့ ကျွန်မရဲ့ ဇာတ်ကောင်လေး “အိန်ဂျယ်”ကို လွမ်းမနေကြဘူးလား....။ လာမယ့် ဖေဖော်ဝါရီလကျရင်တော့ ခါတိုင်းနှစ်တွေရေးနေကျ အိန်ဂျယ့်အတွက် “နွေဦး” တင်ပေးမယ် လာဖတ်ကြပါဦးနော်...။ စကားမစပ်... ကျွန်မဘလော့ ခေါင်းစဉ်လေးပြောင်းသွားတာ သတိထားမိကြမယ်ထင်ပါတယ်...။ “မိုးငွေ့နဲ့အတူ” ကနေ “Cameron” ဖြစ်သွားရတဲ့ အကြောင်းရင်းလေးက ဘာမှထွေထွေထူးထူးမရှိပါဘူး...။ တချိန်က ကျွန်မရဲ့ ကဗျာဆရာ ပုံတွေနဲ့မိတ်ဆက်ပေးခဲ့ဖူးတဲ့ မလေးမှာရှိတဲ့ လက်ဖက်စိုက်ခင်းတွေနဲ့ တောင်စောင်းလေးတည်ရှိရာ Cameron ကို သိပ်သဘောကျလို့ပေးလိုက်တာပါ..။

(hello... its me) လို့ နှုတ်ဆက်မှ ခုတလော သိပ်ကိုလူကြိုက်များပြီးနားထောင်နေကြတဲ့ Adele ရဲ့ “Hello”သီချင်းကိုသွားသတိရမိတယ်...။ အဲသီချင်းနားထောင်ပြီး တစ်ကမ္ဘာလုံးကလူတော်တော်များများ ရည်းစားဟောင်းနဲ့ ပြန်အဆက်သွယ်လုပ်ကြတယ်လို့ကြားလိုက်ရတယ်...(စကားချပ်)..။

အခု...စာဖတ်သူအားလုံးကို ပြန်လာနှုတ်ဆက်တာပါ....။ 
2016 နှစ်စကနေ နှစ်ဆုံးတိုင်ထိ အလုပ်အကိုင်များ အဆင်ပြေချောမွေ့လို့ စိတ်အဆင်ကြည်စင်အေးချမ်းကြပါစေလို့ ဆုတောင်ပေးလိုက်ပါတယ်...။  


I lOVE yOU aLL....

မိုးငွေ့


Tuesday, 12 January 2016

အနီရောင်ကြာသပတေးကြယ်နှင့် တွေ့ဆုံနှုတ်ဆက်ခွဲခွာခြင်း..... (My Red Jupitar )



 

စက်တင်ဘာလ လလည်ခေါင်….။

အဲဒီနေ့က မိုးမရွာဘူး….။ 

နေ့ခင်း နေပူကျဲတောက်အောက်မှာ အနီရောင်တောက်တောက် ကြာသပတေးကြယ်လေး  ကျွန်မဆီကို ရောက်လာခဲ့တယ်…။ 

တဖန်ပြန်လည်တွေ့ဆုံခြင်း တဖြစ်လဲ နှုတ်ဆက်ခွဲခွာခြင်း အဓိပ္ပါယ်သက်ရောက်မှုတို့က ကျစ်ကျစ်တောက်ပူနေတဲ့ နေရောင်အောက်မှာ အရည်ပျော်လုပျော်ခင်လေး….။ 

ဒါပေမယ့် တခဏကလေး ပြန်တွေ့ရလို့ ကြည်နူးဝမ်းသာပီတိဖြစ်မှုတို့က တမဟုန်ချင်း အေးမြတဲ့ မိုးဖွဲလေးအဖြစ် ဖန်ဆင်းလိုက်သလား….။ ကျွန်မနဲ့သူ နှစ်ယောက်ရှိရာ တစ်နေရာလေးမှာ ကွက်ကျားမိုးရွာချလိုက်တယ် ဆိုပါစို့…။ 

ငါးမိနစ်စာခရီးလောက်မှာရှိတဲ့ ကော်ဖီဆိုင်လေးဆီကို အငှားကားလေးနဲ့ ကျွန်မတို့အတူသွားကြတယ်…။ လမ်းမှာပြန်လည်ဆုံတွေ့ နှုတ်ဆက်စကားတွေ ဝေဆာပျံ့လွှင့်လို့ပေါ့…။ 

ထုံးစံအတိုင်း ကျွန်မက ကော်ဖီအပူ သူက အအေးမှာတယ်….။ နေပူလို့ထင်ရဲ့ ကျွန်မရဲ့ ကြာသပတေးကြယ်လေးက သူဝတ်ထားတဲ့ အနီရောင်စပို့ရှပ်လေးလို မျက်နှာတွေနီလို့ရယ်…။ 

အချိန်တိုလေးပေမယ့် စကားတွေအစုံပြောဖြစ်ခဲ့ကြတယ်…။ ဟိုးး….အဝေးကြီးကို အကြာကြီးသွားတော့မယ့် သူ့ကို ကျွန်မအမှတ်တရလက်ဆောင်လေးပေးချင်တယ်…။ စာပေချစ်တတ်သူမို့ စာအုပ်လက်ဆောင်လေးပေးဖြစ်တယ်…။ “ဦးနှောက်နဲ့ နှလုံးသား”တဲ့..။ ဆရာဖေမြင့်ရဲ့ ကျစ်လစ်ပြေပြစ်ရှင်းလင်းတဲ့ စကားလုံးတွေနဲ့ ဘာသာပြန်စာအုပ်လေးပါ…။ သူ့အတွက် ဦးနှောက်ရော နှလုံးသားပါ အဟာရဖြည့်ဖို့ တစ်သက်လုံးအမှတ်တရဖြစ်စေဖို့ လက်တစ်ဖဝါးစာ လက်ဆောင်လေးပါ..။ စာအုပ်လေးရဲ့ ပထမဆုံးစာမျက်နှာအလွတ် ညာဖက်ဒေါင့်မှာ  နေ့စွဲတတ်ပြီး ကျွန်မလက်မှတ်ထိုးလိုက်တယ်..။








မကြာခင် သူဟာ ကျွန်မနေထိုင်ရာနေရာရဲ့ ကမ္ဘာတစ်ဖက်ခြမ်းကိုသွားရတော့မှာ… ကာလကြာရှည်မယ့် အချိန်တစ်ခုထိပေါ့….။ အချိန်အားဖြင့် သူနေထိုင်မယ့်မြို့ရဲ့ ဒေသစံတော်ချိန်ဟာ ကျွန်မတို့နဲ့ ဆယ်နာရီခွဲတိတိနောက်ကျတယ်…။

ကျွန်မကို သူတက်စီပေါ်လိုက်ပို့ပြီး ကားထွက်ခါနီး သူ့ကိုလက်ပြတော့ သူ့မျက်ဝန်းဆီက အရောင်တစ်ခုခုကို လှမ်းမြင်လိုက်ရတယ်…။ အို…တကယ်ဆို ဟိုးးး အဝေးကြီးကို အကြာကြီးခွဲခွာသွားတော့မယ့်သူကို ကျွန်မနွေးထွေးတဲ့ ပွေ့ဖက်နှုတ်ဆက်မှုတစ်ခုပြုလိုက်သင့်တာလို့ နောင်တရနေမိတယ်…။ ညနေသုံးနာရီနောက်ပိုင်းရဲ့ နေပူပူအောက်မှာ ကျွန်မတို့ယဉ်ကျေးမှုထုံးတမ်းတစ်ခုမဟုတ်ပေမယ့် အနောက်တိုင်းဆန်ဆန် ပွေ့ဖက်နှုတ်ဆက်ခြင်းအားဖြင့် သူ့ရဲ့ ခရီးဆက်ရမယ့်ခြေလှမ်းတွေအတွက် အများကြီးမဟုတ်ရင်တောင် အားသေးသေးလေးတစ်ခုဖြစ်လောက်ရဲ့လို့ ကျွန်မ နောက်ကျစွာတွေးခဲ့မိတယ်…။

ခုတော့ …….။



 



ရန်ဖန်ရန်ခါ ကမ္ဘာမြေနဲ့အနီးဆုံးရောက်တဲ့အခါ ကောင်းကင်ရဲ့ ညနေခင်းမှာ အနီရောင်တောက်ပနေမယ့် ကြယ်တစ်စင်းကို မြင်တွေ့တတ်ကြမှာပါ…။ ခုတော့ အဲဒီအချိန်ကလေးကိုပဲ စောင့်ဆိုင်းရင်း ကျွန်မရဲ့ အနီရောင်ကြာသပတေးကြယ်ကလေးကို မော့ကြည့်ရတော့မှာပေါ့…။


မိုးငွေ့