Wednesday, 30 July 2014

မိုးရာသီအလွမ်း(၁၀).....







ဟိုးးး အဝေးက တိုးဖွဖွအသံတစ်ခုကို မိုးစက်တွေနဲ့ ရောနှောပြီး ကြားလိုက်ရတယ်….။ သံစဉ်လေးတစ်ခုပါ…။
ဟုတ်တယ်… မင်းဆိုနေကျ သီချင်းလေ…။
လက်ဖက်ရည်ဆိုင်တစ်ခုက ဖွင့်ထားတဲ့ သီချင်းသံဖြစ်မှာပေါ့…။
ကိုယ်တောင် လက်ဖက်ရည်ပူပူတစ်ခွက်သောက်ချင်စိတ်ပေါက်သွားခဲ့တယ်…။
မိုးချုပ်နေပြီလို့မပြောပါနဲ့…။ စိုစွတ်နေတဲ့ လမ်းမပေါ်မှာ လူသူတွေ သွားလာလှုပ်ရှားတုန်းပါ…။
အဲသီချင်းသံလေးအတိုင်း ကိုယ်လိုက်သွားလိုက်ရမလား…။
ကံကောင်းရင် အဲလက်ဖက်ရည်ဆိုင်မှာ မင်းကိုမတွေ့ရဘူးလို့ ဘယ်သူပြောနိုင်မလဲ….
(မဖြစ်နိုင်တာလေ မင်းက ဒီရပ်ကွက်မှာနေတာမှမဟုတ်ဘဲ..) ။
အဝေးကလွင့်လာတဲ့ သီချင်းသံနောက် ကိုယ်လိုက်သွားခဲ့တယ်…။ မင်းနဲ့အတူလျှောက်ခဲ့ဖူးတဲ့လမ်းကြားကိုဖြတ်ရတော့ ရေမြောင်းထဲက ဖားအော်သံတွေက ညံစီလို့…။ မိုးတိတ်သွားပြီဆိုပေမယ့် လဲရွက်တွေပေါ်မှာ ခိုတွဲနေတဲ့ မိုးရေစက်တွေက တစ်စက်စက်ကျလို့….။ အဲလမ်းလေးကထွက်ပြီး လမ်းမကြီးကိုကူးလိုက်တော့ ဟိုဘက်ရပ်ကွက်က လမ်းသွယ်လေးမှာရှိတဲ့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကိုတွေ့လိုက်တယ်…။
သီချင်းလေးက အဲဒီဆိုင်ကဖွင့်တာပါ…။ လက်ဖက်ရည်ဆိုင်ထဲမှာ လူတွေဝိုင်းတိုင်းမပြည့်တော့ဘူး…။ ကိုယ်ဝင်ထိုင်လိုက်ရုံရှိသေးတယ် သီချင်းလေးက ပြီးသွားတယ်..။
စားပွဲထိုးလေးကို ပေါ့ဆိမ့်တစ်ခွက်မှာပြီး ခုနကပြီးသွားတဲ့သီချင်းကို တကျော့ပြန်ဖွင့်ပေးဖို့ပြောတော့ ကောင်လေးက ကောင်တာမှာရှိတဲ့ ကက်ဆက်ခလုတ်လေးကို သွားနှိပ်လိုက်တာ မင်းဆိုနေကျသီချင်းလေး အစကနေပြန်ကျော့လာတယ်…။
လက်ဖက်ရည်ခွက်လေးကို ဇိမ်ပြေနပြေသောက်ရင်း မင်းဆိုပြနေသယောင် နားထောင်နေလိုက်တယ်…။ 
မိုးရယ်.... မင်းဆိုနေကျသီချင်းရယ်...... ပေါ့ဆိမ့်တစ်ခွက်ရယ်…
ဒီညတော့ ပြည့်စုံပါပြီ အိန်ဂျယ်……။








မိုးငွေ့


Monday, 28 July 2014

မိုးရာသီအလွမ်း(၉)…..






ရေငွေ့တွေပါတဲ့ လေတွေတစ်ချက်တိုက်လိုက်လို့ ကိုယ့်ဆံပင်တွေ ဖွာလန်ကျဲကုန်ကြတယ်…။ ဘယ်သူမှ ရောက်မလာတတ်တဲ့ ဒီလိုရာသီမျိုးမှာ ကိုယ်ကတော့ မင်းခြေရာတွေကို ပြန်ကောက်ဖို့ ရူးမိုက်စွာ ရောက်လာခဲ့သူလေ…။

ဒီသဲသောင်ပြင်မှာ မင်းခြေရာတွေရှိနေခဲ့မှာပဲဆိုပြီး ကိုယ်လာရှာတာပါ အိန်ဂျယ်…..။ ရေလှိုင်းတွေက တဝုန်းဝုန်းနဲ့ ကိုယ်ခြေဖဝါးချထားတဲ့နေရာထိ ပြေးလာလိုက် ထွက်သွားလိုက်နဲ့…။ ဟင့်အင်း  ကိုယ်ပြန်ကောက်မယ့် မင်းခြေရာတွေကို ဒီလှိုင်းတွေက အဝေးကို ယူဆောင်သွားလိမ့်မယ်…။ ကိုယ်ဘယ်လို တားဆီးရပါ့မလဲ…။

ကိုယ်ငိုမချလိုက်ခင်မှာပဲ… တိမ်တွေက ကိုယ့်ကိုကြည့်ပြီးတော့ပဲ သနားသွားလို့လား ကိုယ့်ထက်ဦးအောင်ငိုချကြတယ်…။ ကိုယ့်မြင်ကွင်းထဲမှာ မိုးရေစက်တွေ…မိုးရေစက်တွေချည်းပဲ…။ ကိုယ်လဲ ရွှဲရွှဲကိုစိုလို့….။

တဒင်္ဂလေးမှာ မိုးစက်တွေ ကိုယ့်ကိုယ်ပေါ်ကျမလာတော့လို့ မိုးတိတ်သွားပြီလား ဆိုပြီး ကောင်းကင်ကိုမော့ကြည့်လိုက်တာ…။ မိုးပြာနုရောင်မိုးကောင်းကင်တစ်ခုကို မယုံနိုင်စွာ ကိုယ်တွေ့ လိုက်ရတယ်…။ ကိုယ်နောက်ကိုလှည့်ကြည့်လိုက်တော့ … အဖြူရောင်ဝတ်စုံနဲ့ ကိုယ့်ကို ထီးမိုးပေးနေတဲ့မင်း….။

“အိန်ဂျယ်..” လို့ ကိုယ်အသံထွက် ခေါ်လိုက်ရင်း ဝမ်းသာလွန်းလို့ ပြုံးလိုက်တဲ့အချိန် စက္ကန့်ပိုင်းလေးမှာပဲ မင်းပျောက်ကွယ်သွားခဲ့တယ်….။ ဘုရားရေ… ကိုယ်အစွဲလန်းလွန်သွားခဲ့တာလား…။ မင်းမရှိဘဲ မင်းရောက်လာခဲ့တယ်လို့ ထင်ယောင်ထင်မှားမှုတွေဖြစ်ကုန်တာလား…။

မင်းအနားမှာမရှိတော့ပြန်ဘူးဆိုတဲ့ အသိစိတ်တွေက တကိုယ်လုံးမှာရှိတဲ့ အင်အားတွေကို ဆုတ်ယုတ်ယူငင်လိုက်သလိုပဲ တမဟုန်ခြင်း ပျော့ခွေသွားပြီး သောင်ပြင်ပေါ်  ပက်လက်အနေထားလေး ကျောချလိုက်ရတယ်….။ ကိုယ့်မျက်နှာပေါ်ကို မိုးစက်မိုးပေါက်တွေ အဆက်မပျက် ခုန်ချစီးဆင်းကြတယ်…။ ကိုယ့်မြင်ကွင်းထဲမှာ ခဲသားရောင်တွေအပြည့်…..။ ကိုယ်သိပ်နှစ်သက်လှချေရဲ့ဆိုတဲ့…အရောင်တွေလေ….။

မျက်စိကိုစုံမှိတ်ထားလိုက်တယ်…….။ 
မိုးတွေပိုသည်းလာတယ်… ကိုယ့်ခန္ဓာကိုယ်လဲ သဲထဲကို တဖြေးဖြေးနစ်ဝင်လာပြီ…။ 

အိန်ဂျယ်ရေ….မင်း ဘယ်ဆီမှာလဲ….။ 
မင်းရှိမယ့်နေရာဆီကို ကိုယ်မှန်းဆပြီး လိုက်ခဲ့မယ်….။



မိုးငွေ့

Thursday, 24 July 2014

မိုးရာသီအလွမ်းများ(၈)…..






အဲဒီနေ့ညက မင်းကိုနောက်ဆုံးတွေ့လိုက်ရတဲ့ အချိန်ဟာ ကိုယ့်အတွက် တစ်သက်တာလုံးအတွက် တန်ဖိုးအရှိဆုံးချိန်ပဲ ….။ ကောင်းကင်က ကြယ်တစ်လုံး ဖျတ်ခနဲကြွေဆင်းပျောက်ကွယ်သွားတဲ့ အလင်းတန်းမျိုးကို တွေ့လိုက်ရပြီး… နှမြောတသစွာ ကျွမ်းမြေ့ကျန်ရစ်တဲ့ ခံစားမှုမျိုးကို နင့်နင့်သီးသီး ခံစားလိုက်ရတယ်…..။ အဲဒီနောက် မင်းကိုယ့်ရှေ့ကို ဘယ်တော့မှ ရောက်မလာတော့ဘူးလေ….။

အဲဒီတုန်းက မိုးဘယ်နေရာမှမရွာခဲ့ပါဘူး…ကိုယ့်တစ်နေရာစာလေး… ကိုယ်ရပ်ပြီး ကျန်ရစ်ခဲ့တဲ့ တစ်နေရာစာလေးကိုပဲ ကွက်ပြီး သည်းခဲ့တာပါ…။ ရွှဲနစ်သွားခဲ့တဲ့ မျက်ဝန်းတစ်စုံ… မွှန်းကျပ်သွားခဲ့တဲ့ နှလုံးသားတစ်ခု… တုန်ခိုက်အေးစက်သွားခဲ့တဲ့ နှုတ်ခမ်း….ဒါတွေ ဒါတွေကို မင်း သိလိုက်မြင်လိုက်မှာ မဟုတ်ပါဘူး….။

အိန်ဂျယ်ဆိုတာ လူသားတစ်ယောက်မှမဟုတ်တာလေ….နော်..။ 
ကိုယ့်ဆီကို တခဏ ကိုယ်ယောင်လာပြပြီး ပျောက်ကွယ်သွားရတာပါ …ဟုတ်ပါတယ်…။

နူးညံ့ကြည်စင်လွန်းတဲ့ မင်းမျက်ဝန်းလက်လက်တွေဟာ အခါများစွာ  ကိုယ့်ကို ညွတ်နူးမိန်းမောစေခဲ့တာ ပြန်ပြန်တွေးရင်း မင်းကိုလွမ်းလွန်းလို့ မျက်ရည်တွေ စိုစွတ်တဲ့ အပြုံးတစ်ခုကို ကိုယ်ဖန်တီးမိတယ်...။

တသုန်သုန်တိုက်ခတ်လာတဲ့လေကြောင့် မိုးစက်ပွင့်တွေ စွတ်စိုနေကြတဲ့ Angel’s Trumpet ပန်းပွင့်လေးတွေ လှုပ်ခတ်သွားတာကိုကြည့်ရင်း ကိုယ့်ရင်ခုန်သံတွေ မကြုံစဖူး လန်းဆန်း သစ်လွင်လို့…။ မင်းကိုယ်တိုင် ဖန်ဆင်းလိုက်တဲ့ ပန်းပွင့်လေးတွေလို့ ကိုယ်က အမြဲယုံကြည်ထားတာမို့လေ…။ ပါးပြင်ပေါ်က မျက်ရည်စက်တွေကိုလည်း လွတ်လွတ်လပ်လပ် စီးခွင့်ပြုထားလိုက်တော့တယ်…။



မိုးငွေ့

Monday, 21 July 2014

မိုးရာသီအလွမ်းများ(၇)….





မိုးစက်မိုးပေါက်တွေအောက်မှာ ယိမ်းနွဲ့နေတဲ့ Angel’s Trumpet ပန်းကလေးတွေဟာ ရနံ့တချို့ကို သယ်ဆောင်လာလိမ့်မယ် အိန်ဂျယ်…. မိုးကိုမြင်လို့မင်းသာကိုယ့်ကို သတိတရရှိခဲ့ရင်ပေါ့…။

ကိုယ်နှစ်သက်တဲ့ မီးခိုးရောင်ကောင်းကင်ကြီးကို မော့ကြည့်ရတာ ကိုယ့်ရဲ့စိတ်ဝိညာဉ်တွေကို သိမ်းနှုတ်ယူငင်သွားသလိုပဲခံစားရတတ်တယ်… မင်းမရှိတော့တဲ့ မိုးရာသီမှာလေ…။
နာကျင်ရတယ် အိန်ဂျယ်..။ ဒါပေမယ့် အဲဒီနာကျင်မှုတွေကို ကိုယ်အသားကျနေတတ်ပြီ…။

ခုအပြင်မှာ မိုးတွေသည်းနေပြန်ပြီ အိန်ဂျယ်…..
မိုးသံကြားရင် မင်းကိုလွမ်းတဲ့ ကိုယ့်အလွမ်းတွေက ပိုပိုပြီးသိပ်သည်းလာတတ်တယ်….။






ကော်ဖီတစ်ခွက်ကို အချိန်အကြာကြီးစွဲသောက်ပြီး မင်းကို လွမ်းရတာကိုလဲ ကိုယ်သိပ်မက်မောတာပဲ …။
မင်းဘယ်ချိန် ပြန်ရောက်လာမလဲလို့ ကိုယ်ကြိုတင်မတွက်ဆချင်တော့ပါဘူး….။
မင်းကိုယ့်ဆီကို ပြန်လာချင်လာလိမ့်မယ် မလာချင်လဲ မလာတော့ဘူး မဟုတ်လား…။
ဒါပေမယ့် ကိုယ်ကတော့ မင်းကို စောင့်မယ်…။

မိုးညနေတွေမှာ ကိုယ်အိမ်ပြန်နောက်ကျတဲ့အခါ မင်း ကိုယ့်ကို ညနေစာစားဖို့ စောင့်နေတော့မှာပဲဆိုတဲ့ တွေးပူစိတ်ကလေးတောင် ကိုယ်မရလိုက်ဘူး…။



မိုးငွေ့

Thursday, 17 July 2014

မိုးရာသီအလွမ်းများ(၆)…..







ငါးခုမြောက် မိုးရာသီအလွမ်းကို လက်စသတ်ပြီး ကိုယ်အိပ်ယာဝင်ခဲ့တော့… မင်းကိုလွမ်းတဲ့စိတ်နဲ့ စွဲလန်းစိတ်ကြောင့်ထင်ပါရဲ့ အဲဒီညက..မင်း ကိုယ့်အိပ်မက်ထဲရောက်လာခဲ့တယ်…။

မိုးတွေညိုလို့ ဘယ်လောက်ပဲမှောင်မိုက်နေပါစေ… မင်းရောက်လာခဲ့ရင်တော့ အလင်းရောင်တွေဟာ မျက်စိကျိန်းစပ်လောက်တဲ့အထိ ဖြာကျလာတတ်တယ်…။ မင်းရဲ့အဖြူရောင်အတောင်ပံ စွမ်းအားကြောင့်ပေါ့…။ ကိုယ့်လက်ခုံကို မင်းငုံ့နမ်းလို့ လှုပ်ခတ်သွားခဲ့တဲ့ မင်းအတောင်ပံဖြူဖြူတွေကို ကိုယ်လက်နဲ့အသာအယာ ပွတ်သပ်ကြည့်ချင်မိတယ်…..။ ဒါပေမယ့်ကွယ် ကိုယ့်ကြောင့် မင်းရဲ့ အဖြူရောင်တွေ စွမ်းထင်းပွန်းပဲ့သွားမှာစိုးတယ်….။

သိပ်လှတဲ့ တနင်္ဂနွေမိုးသည်းတစ်ခု ကော်ဖီရနံ့မွှေးမြတဲ့ မိုးသည်းသည်းနေ့တစ်ခု စတဲ့ စတဲ့ မိုးနေ့ရက်တွေကို ကိုယ့်အတွက် မင်းဖန်တီးပေးခဲ့ဖူးတယ်....။

လသာဆောင်ကနေမျှော်ကြည့်တော့… တိမ်ညိုတွေက အုပ်အုပ်မှိုင်းမှိုင်း...။ ကိုယ့်ကိုအမြဲပြုံးပြနေကျ လမင်းကြီးမရှိ… လင်းလက်မှိတ်တုတ်နေတဲ့ ကြယ်ကလေးတွေ မရှိ….။ ငွေကြယ်စင်ကလေးတွေလို မင်းမျက်ဝန်းတစ်စုံမရှိ….။

ခုလို မိုးစက်တွေသွန်းဖွဲ မှုန်မှုန်မှိုင်းမှိုင်းမိုးရက်တွေမှာ မင်းနဲ့အတူ ကော်ဖီအတူသောက်ရရင် သိပ်ကောင်းမှာပဲ အိန်ဂျယ်…။ ကိုယ် အဲသလောက်တော့ စိတ်ကူးယဉ်ခွင့်ရှိသေးတယ်မဟုတ်လား…။







မိုးငွေ့