ဘာဖြစ်လို့လဲမသိဘူး အဲနေ့က သူနဲ့စကားပြောနေရင်းနဲ့ ရင်ဘတ်ထဲ သိပ်သိပ်သည်းသည်း သူ့ကိုလွမ်းလာလို့ “i miss u” လို့ပြောလိုက်တယ်...။ သူက “thanks” တဲ့ ...။ ဘာအတွက်လဲမေးတော့ သတိရပေးလို့ လို့ပြန်ဖြေတယ်...။ ကိုယ်နဲ့ပတ်သက်ပြီး သူတောင် စကားလုံးတွေရွေးချယ် သုံးတတ်နေပြီပဲ..။
သူ ကိုယ့်ကိုမေးဖူးတယ် သူနဲ့ပတ်သက်ပြီး ဘယ်လိုခံစားချက်တွေရှိနေသေးလဲတဲ့...။ ကိုယ်ဘာမှမဖြေခင် သူကအရင်ဖြေတယ်... ကိုယ့်ကိုသူ ချစ်ခင်ရင်းနှီးတဲ့မိတ်ဆွေသူငယ်ချင်းလိုပဲ သဘောထားတော့တယ် တဲ့...။ သူ့မေးခွန်း သူပြန်ဖြေတဲ့ အဖြေကို ကိုယ်ဘယ်လိုမှမတုန်လှုပ်မိပါဘူး...။ ကိုယ်တို့နှစ်ယောက်ကြားမှာ ဒီလိုပဲဖြစ်သင့်တယ်လေ... မဟုတ်လား...။
တစ်ခါက ကမ္ဘာဦးပန်းသီးလေးတစ်လုံးကို တစ်ယောက်တစ်ခြမ်းအတူ စားသုံးခဲ့ဖူးသူနှစ်ယောက်ဟာ... ဘာပဲဖြစ်ဖြစ် ခုချိန်မှာတော့ ပန်းသီးလေးရဲ့ ချိုမြရှတတဲ့ အရသာကိုတော့ ခံစားသိရှိနေကြရဦးမှာပဲလေ.... ခင်မင်တဲ့မိတ်ဆွေအဆင့်မှာရပ်နေရင်တောင်ပေါ့...။
အဲဒီတုန်းက ကမ္ဘာလောကကြီးမှာ ကိုယ်တို့နှစ်ယောက်တည်းပေါ့... အရာအားလုံး တိတ်ဆိတ်ငြိမ်သက်လို့ ကောင်းကင်ကြီးမှာလည်း တိမ်တိုက်တွေကလှပလို့ပေါ့...။ တစ်ယောက်တစ်နေရာဆီ ဝေးနေတာတောင် မတူညီတဲ့ တိမ်တိုက်တွေအောက်မှာရှိနေတာတောင် သူက ပန်းကလေးတွေ လိပ်ပြာကလေးတွေကို ကိုယ့်အတွက် စကားလုံးတွေနဲ့သီကုံးခြယ်မှုန်းပေးတတ်တယ်..။
ညဖက်တွေမှာ အိပ်မက်လှလှနဲ့ အိပ်စက်စေဖို့ ကဗျာတွေနဲ့ သူချော့သိပ်ဖူးတယ်...။ ရွှေမိုးတွေညိုလာလို့ မိုးစက်လေးတွေကတဆင့် ကိုယ့်ကို သူဘယ်လောက်လွမ်းကြောင်း ရိုးစင်းစွာဖွင့်ဟပြောပြတတ်တယ်...။ ဝမ်းနည်းစရာကြုံတွေ့လို့ ကိုယ့်မျက်ရည်တွေခမ်းရအောင် သူစွမ်းဆောင်ပေးတတ်ပြန်တယ်...။
“ရော့... ယူသွား ကိုယ့်အလွမ်းတွေ ဖိတ်မကျစေနဲ့နော်” တဲ့ သူက ကိုယ့်ကိုလက်ဝါးဖြန့်ခိုင်းပြီး ထည့်ပေးခဲ့တယ်...။ သူပေးတဲ့အလွမ်းတွေကို ကိုယ်ဘယ်ဖက်အိပ်ကပ်လေးထဲ ထည့်သိမ်းထားခဲ့ဖူးတယ်..။ ခုတော့လည်း နွမ်းလျလျအလွမ်းတွေ ကိုယ့်ဘယ်ဖက်အိပ်ကပ်ဒေါင့်မှာ ခိုကပ်နေဆဲပါပဲ...။ သူမြင်နိုင်လိမ့်မယ်လို့ ကိုယ်မမျှော်လင့်တော့ပါဘူး...။
ခုတော့ ကိုယ်လေ... တစ်ယောက်ထဲထိုင်ရင်း ပန်းသီးတစ်လုံးကို ကိုက်စားနေမိတယ်...။ ပန်းသီးလေးဟာချိုမြနေဆဲ....။ ကိုယ့်ရင်ကို ရှတစေမြဲတိုင်းပါပဲ...။
မိုးငွေ့
2 comments:
မိုးငွေ့ စာလေးတွေ ရှတတ လေးတွေ
စားစရာတွေငမ်းသွားတယ်မိုးငွေ့ ရေ။
တိုဟူးသုတ်စားချင်တယ်။
အိုင်အိုရာ
Post a Comment