Wednesday, 30 January 2013

တစ်ခုသော တနင်္ဂနွေ ထမင်းဝိုင်း.....


တနင်္ဂနွေမနက်စာ ကောက်ညှင်းပေါင်းပူပူလေးနဲ့ ဆတ်သားခြောက်ကြော် အခါးရည်ပူပူ





လက်ဆောင်ရထားတဲ့ ဆတ်သားခြောက်နှစ်ထုပ်ကို ဖုတ်ဖို့ မီးသွေးမရှိ မီးဖိုမရှိနဲ့မနက်စာကောက်ညှင်းပေါင်းနဲ့စားချင်လို့ ဆတ်သားကို အရွယ်တော်လေးတုံး ရေနွေးဆူဆူမှာ ဆယ်မိနစ်စိမ်ထားပြီး ရေစစ်ထား... ငရုတ်ကျည်ပွေ့နဲ့ အပြားထုလိုက်တယ်...။ ဆီပူပူမှာ ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်း(ကြိုက်သလောက်ထည့်ပါ)ဓါးပြားရိုက်တာကိုဆီသတ်ပြီး ပန်းကန်ထဲပြန်ဆယ်ထည့်ထား ဆတ်သားခြောက်ကိုထည့်ကြော်... မွမွရွရွလေးဖြစ်ရင် ဖယ်ထားတဲ့ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းကိုထည့်မွှေလိုက်..ရပြီ...။ ဒီလိုကြော်နည်းကို ကျိုက်ထီးရိုးဘုရားက ကျီးကန်းပါးစပ်ကိုအဆင်းလှေကားအကွေ့ဆိုင်တွေမှာရနိုင်ပါတယ်...။ သူတို့ဆတ်သားကတော့ ဒီလိုလုံးလုံးအခြောက်ခံထားတဲ့အသားမဟုတ်ဘဲ တစ်နေလှန်းထားတဲ့အသားကို ခုတ်ထစ်ပြီး ကြော်ပေးတတ်ကြတယ် ပူပူနွေးနွေး အခါရည်လေးနဲ့သောက်... ၀ါးခြေတန်ရှည်ကလေးကနေ တောင်ငွေ့တောင်တန်းတွေငေးမောရတာ ဘယ်လောက်အရသာရှိလိုက်သလဲ.....။






ကောက်ညှင်းပေါင်းက ညကတည်းက ဆန်ကိုရေစိမ်ဖို့မေ့သွားခဲ့ရင် ပေါင်းခါနီး ကောက်ညှင်းဆန်ကို စင်စင်ဆေးပြီး ရေနွေးဆူဆူနဲ့ ဆယ်မိနစ်စိမ်ထားချိန်မှာ မီးဖိုပေါ် ပေါင်းချောင်အတွက် ရေအိုးကိုအဆင်သင့် တည်ထားလို့ရပါတယ်...။ မိနစ်နှစ်ဆယ်လောက်ပေါင်းပြီးရင် ကောက်ညှင်းကို အပေါ်အောက်လှန်ပေးရင် ရေနွေးနဲနဲထည့်မွှေပြီး ဆယ်မိနစ်လောက်ထပ်ပေါင်းရင် ပူပူနွေးနွေး ကောက်ညှင်းအိအိလေးရပြီ...။




နေ့လည်စာ အသားလုံးကွေ့သယို






အမေတာချီလိတ်ကပြန်လာလို့ပါလာတဲ့ အသားလုံးတွေကို ကွေ့သယိုလုပ်စားတာ...။ လုပ်နည်းကတော့ မပြောတော့ဘူးနော် ခဏခဏတင်ဖူးပါတယ်...။ အသားလုံးပြုတ်ရည်ထဲကို ခနောကြက်သားနှစ်တုံးနဲ့ နာနတ်ပွင့်သုံးပွင့်ရယ် ပဲငံပြာရည်အကြည်ရယ်ထည့်ပြုတ်ထားတယ်...။ ခါတိုင်းနဲ့မတူအောင် ဥနီကိုအတုံးလေးတွေ တုံးထည့်ထားတယ်.. ပိုချိုပြီး အရသာရှိတယ်..။





 ညနေစာကိုတော့ နေ့လည်ကပိုတဲ့ အသားလုံးအရည်ကို ဟင်းရည်တစ်ခွက်လုပ်တယ်... အမဲသားပြုတ်ကြော်တစ်ပွဲ၊ ဟိုတစ်ပတ်က ပြည်ကိုဘုရားဖူးသွားတုန်းက ရွှေဘုံသာမုနိဘုရားဈေးတန်းက၀ယ်ခဲ့တဲ့ ကြက်သွန်နီအပေါက်ကလေးတွေကို အခွံသင် ဆားနဲနဲနဲ့ ရှာလကာရည်စိမ်ထားတဲ့ ကြက်သွန်ချဉ်တစ်ခွက်၊
ဗူးထဲက မရမ်းသီးငပိထောင်း၊ အရွက်ကြော်က baby bok choy လို့ခေါ်တဲ့ထိုင်ဝမ်မုန်ညှင်းကို အသားနဲ့ကြော်ထားတာ...။



 

ထိုင်ဝမ်မုန်ညှင်းသုံးသည်းကို အလယ်တည့်တည့်ပိုင်းပြီး ရေဆေး။ အရွက်စိမ်းနေအောင်လို့ ဆားခတ်ပြီး ဆီတစ်ဇွန်းထည့်ထားတဲ့ရေနွေးဆူဆူအိုးထဲ တစ်မိနစ်ခွဲလောက် ထည့်ဖျောပါ....။ ရေသန့်ဇလုံတစ်ခုထဲ ပြန်ဆည်ထည့်ထားပါ...။  ပြီးမှ ပန်းကန်ပြားချပ်ထဲ စီထည့်ပြီး...။ ၀က်/ကြက်သားနုတ်နုတ်စင်းကို ပဲငံပြာရည် ပဲငပိနဲ့ ကော်ရည်ထည့်ကြော်ပြီး အရွက်ပေါ်လောင်းလိုက်ပါ...။ လတ်ဆတ်တဲ့အရွက်မို့လို့ ချိုနေရောပဲစားရတာ...။ ကြော်နည်းလေးကို ဒီက ယူထားပါတယ်....။





ပိုတဲ့ကောက်ညှင်းပေါင်းကို အပြားလေးဖြစ်အောင်လက်ဖနောင့်နဲ့ဖိ ဆားနဲ့ဆီလူးပြီး မကပ်တဲ့ ဒယ်အိုးမှာ အိုးကပ်လေးလုပ်စားလိုက်တယ်...ရှယ်ပဲ...။ ရှမ်းပြည်ဖက်မှာဆိုရင်တော့ အဲလိုကောက်ညှင်းအပြားလေးကို ပဲပြုတ်လေးလူးပြီး မီးဖိုမှာကင်စားကြတယ် ကောင်းမှကောင်းပဲ...။


မိုးငွေ့


Monday, 28 January 2013

စိတ္တဇရုပ်ရှင်.....





အားငယ်တတ် ခံစားလွယ်တတ်လွန်းတဲ့သူဟာ နောက်ဆုံးတော့ အဲဒီအရာတွေကပဲ အဆုံးသတ်တာကိုခံလိုက်ရတာပဲ….။
ကြေကွဲညတွေကို တဖြေးဖြေးဖြတ်သန်းရင်း….. ညိုမျက်ဝန်းတွေနဲ့ ဘယ်တော့မှပြန်မရနိုင်တော့တဲ့အရာတွေကို အသည်းအသန်ရှာဖွေနေတုန်း….။ ခံစားမှုတွေသိပ်သည်းလာတဲ့အခါ သက်ပြင်းချတလှည့် တံတွေးမျိုချတလှည့်နဲ့.. လည်ချောင်းထဲမှာနာကျင်ခါးသီးမှုတွေက တစ်တစ်ဆို့ဆို့….။

မင်းနဲ့စတွေ့ပြီး သိပ်မကြာတော့ ကိုယ်မက်ခဲ့ဖူးတဲ့ အိပ်မက်လိုပဲ….ခု..ကိုယ်ကိုယ်တိုင် အဲဒီသစ်တောအုပ်အုပ်ထဲက အမှောင်ထဲမှာတစ်ယောက်တည်း……..။ ဘာမှမမြင်ရတဲ့ အမှောင်ထုထဲမှာ အချိန်ရှိသရွေ့မင်းကို စမ်းတ၀ါးနဲ့ရှာဖွေနေတုန်းပဲ အိန်ဂျယ်…။
မင်းပြောခဲ့ဖူးတယ်လေ အဲဒီတုန်းက… ကိုယ့်ကို ကော်ဖီတစ်ခွက်ကိုယ်တိုင်ဖျော်တိုက်မယ်တဲ့……။ ကိုယ့်မှာတော့ မမြင်ရတဲ့အမှောင်ထဲမှာ ထိုင်ရင်း မင်းဆီက ကော်ဖီနံ့လေးဘယ်တော့များလေပြေနဲ့အတူရောက်လာမလဲလို့ စောင့်မျှော်နေတုန်းပဲ….။

မင်းနဲ့ပတ်သက်ပြီး ကိုယ့်ကိုအိပ်မက်ကနိုးထပါရစေတော့လို့ ယောင်ပြီးတော့တောင် ဆုမတောင်းခဲ့ဖူးဘူး..။ ဟုတ်တယ် မင်းကို ကိုယ်အိပ်မက်ထဲကတောင် ပိုင်ဆိုင်ခွင့်မရခဲ့သူမို့… အိပ်မက်သယောင်အတွေးငွေ့တွေကို ဖမ်းဆုတ်သိမ်းဆည်းထားပါရစေ….။
မင်းကိုစောင့်ရင်း မြင်လွှာတွေက မကြာခဏ၀ိုးဝါးသွားတတ်ကြတယ်….။ ကိုယ်ငိုနေတာမဟုတ်ပါဘူး….။ မင်းပြန်အလာကိုစောင့်ကြည့်ရင်းေ၀၀ါးသွားမယ့်အမြင်တွေကို ဆေးကြောပေးတဲ့သဘောပါ….။

ဟူးးးးးးးး…. လေပူတွေကိုမှုတ်ထုတ်မိတယ်…။ မင်းအကြောင်းတွေးနေတုန်း ဆွေးဆွေးမြေ့မြေ့သံစဉ်တစ်ခုကို ကြားလိုက်ရလို့လေ….။ တိုက်ဆိုင်သွားတာပါ….။ ပီယာနိုအသံက ညအမှောင်ကိုခွင်းလို့ ကိုယ့်ရင်ထဲက လွမ်းဆွတ်တသမှုတွေကို ဖစ်ညစ်ဆုတ်ကိုင်လိုက်ကြတယ်…။ စူးခနဲအောင့်သွားတဲ့ ဘယ်ဖက်ရင်အုံကို လက်ဖနောင့်နဲ့အသာဖိရင်း….လှိမ့်ကျစီးဆင်းလာတဲ့ မျက်ရည်ပူတချို့ လက်ဖမိုးပေါ်နွေးခနဲ နွေးခနဲ….။
ဟဟ…ရောဂါက နောက်ဆုံးအဆင့်ရောက်နေပြီပဲ….။ ဆေးထိုးဆေးစားကုသမရနိုင်တဲ့ ဝေဒနာတစ်ခုဟာ ဘယ်ချိန်ပျောက်မလဲလို့ ကိုယ်မမျှော်လင့်ချင်တော့ဘူး….။ သေရာပါလဲဖြစ်သွားနိုင်တယ်လေ…..။ အဲလိုတွေးရင် ကိုယ့်ဘာသာကိုယ် ခြောက်ကပ်ကပ်နဲ့ပြုံးလိုက်မိတယ်….။
မင်းနဲ့ပတ်သက်တဲ့ လူတိုင်းနားမလည်နိုင်တဲ့ ဟောဒီစာတွေကို မသေခင်တော့ ကိုယ်အမှတ်တရတခုခုလုပ်ခဲ့ချင်သေးတယ်….။ အဲဒီလိုလုပ်ဖြစ်ခဲ့ရင် မင်းကို ပထမဦးဆုံး ကိုယ်လက်ဆောင်ပေးချင်သေးတယ်…..။ 

လက်ခံပေးပါအိန်ဂျယ်…..။ မိန်းမတစ်ယောက်အတွက် မင်းဟာ အဖြူရောင်တောင်ပံတစ်စုံကိုပိုင်ဆိုင်အုပ်မိုးခွင့်ရခဲ့ဖူးတဲ့ အိန်ဂျယ်တစ်ယောက်ဖြစ်ဖူးခဲ့တယ်ဆိုတာ မင်းသမိုင်းမှာတွင်စေခဲ့ချင်သေးတယ်…။ မင်းနဲ့ပတ်သက်ပြီး အဆုံးအစမဲ့ ရူးသွပ်မှုတွေနဲ့ပြည့်နှက်နေတဲ့ မိန်းမတစ်ယောက်….။ အိပ်မက်ကလန့်နိုးမှာကို သေမလောက်ကြောက်နေတဲ့ မိန်းမတစ်ယောက်…..။
မင်းကို ပန်းပွင့်လေးတွေလို သီကုံးနေတတ်တဲ့ မိန်းမတစ်ယောက်…။ မင်းအတောင်ပံဖြူဖြူတွေကို ကြွေကျပျက်စီးသွားမှာစိုးလို့ ခပ်ဖွဖွလေးတောင် တို့ထိမကြည့်ဖူးတဲ့ မိန်းမတစ်ယောက်…….။

ကိုယ့်အဖြစ်က စိတ္တဇဆန်လွန်းနေပြီလား…..။ ရုပ်ရှင်လည်းဆန်နေမယ်လို့ကိုယ်ထင်တယ်….။ ရုပ်ရှင်ဆန်လွန်းတော့လဲ တချိန်ချိန်မှာ စာတန်းထိုးလို့ရပ်သွားမှာစိုးရတယ်….။


မိုးငွေ့


Friday, 25 January 2013

စိတ်ဒဏ်ရာ.....






နံရံကပ်ထားသည့် တစ်ယောက်အိပ်ကုတင်တစ်လုံး …။ ကုတင်ခေါင်းရင်းဘေးတွင် ယိုးဒယားဖြစ် ရယ်ဒီမိတ်မှန်တင်ခုံတစ်ခု အဲဒီဘေးမှာမှ သစ်သားခုံပုလေးနဲ့သနပ်ခါးကျောက်ပြင်တစ်ခု တဖက်ခြမ်းကိုကန့်ထားတဲ့ ကျွန်းဗီဒိုတစ်ခု….။ ဒီအခန်းကျဉ်းကလေးက မီ့ရဲ့ ကမ္ဘာငယ်လေးတစ်ခုပါ…။ ဗီဒိုလေးနဲ့တွဲလျက်မှာ မီကြိုက်တဲ့ ပစ္စည်းပစ္စယသေးသေးမွှားမွှားတွေ မင်းသားမင်းသမီးတွေရဲ့ ပိုစတာတွေ ဓါတ်ပုံတွေကို အစီအရီထည့်ထားတယ်…။ သင်ဖြူးဖျာခင်းထားသည့် ကုတင်လေးဟာ မအိပ်ခင်မှာတော့ မီအတွက်စာကြည့်စားပွဲလေးလည်းဖြစ်သေးတယ်..။ မီ ဒီနေရာဒေသကို ရောက်နေတာ အသားကျနေပြီဖြစ်ပေမယ့် ခုချိန်ထိ အထီးကျန်နေသည်လို့ထင်မှတ်နေဆဲ….။ အဖေမရှိတော့ဘူးဆိုတဲ့ အသိက မီ ရဲ့စိတ်အားငယ်မှုဓါတ်ခံကိုပိုလို့တိုးစေခဲ့ပြန်တယ်…။ ကိုယ့်မိဘနဲ့ အထူးသဖြင့် အမေနဲ့ခွဲပြီး သူများအိမ်မှာလာနေရတာ ဘယ်သူမဆို ဝမ်းနည်းအားငယ်စိတ်တော့ ရှိတတ်ကြမှာပါပဲ…။ သူစိမ်းမဟုတ် အဒေါ်အရင်းခေါက်ခေါက်ပေမယ့်လည်း…အားငယ်တာက အားငယ်တာပဲလေ…။


ပိုဆိုးတာက အဒေါ်ကနွေးထွေးမှုရှိသလောက် သူ့သမီးတွေက အဲလိုမဟုတ်…..။ ဒါငါ့အိမ် ဒါငါ့နေရာ ငါဆိုတဲ့အတ္တတွေနဲ့ထိုးနှက်ခံရတော့ မီမပျော်တော့ဘူး….။ မီထက် အသက်အများကြီးငယ်တဲ့ တစ်ဝမ်းကွဲညီမက တခါတလေ မီကို ငါ့အိမ်ပေါ်ကဆင်းသွားဆိုတဲ့အထိပြောဖူးလို့ သူ့အမေ မီအဒေါ်က ကြက်မွှေးတံမြက်စည်းနဲ့ရိုက်ပြီးဆုံးမတတ်သည်…။ ဘယ်လိုပင်ဖြစ်စေ… စိတ်သန္ဓေတည်ပြီးသားသူတစ်ယောက်အနေနဲ့ သူ့ဗီဇစိတ်ကိုတော့ ဖျောက်မရပါဘူး…။ တခါက အဒေါ့်အသိ သားအမိနှစ်ယောက်အိမ်ကိုလာတည်းဖူးပါသည်…။ သူ့သားလေးက ဆယ်နှစ်အရွယ် ငါးတန်းကျောင်းသားလေးပါ…။ မီ့ညီမဝမ်းကွဲက အဲဒီတုန်းကသုံးလေးတန်းအရွယ်လောက်ပေါ့….။ အဲကောင်လေးနဲ့ မီနေတဲ့ထပ်ခိုးမှာဆော့ရင်း မီးပူကိုကိုယ့်အသားကိုတို့ပြီး ကောင်လေးက သူ့ကိုလုပ်ပါတယ်လို့ လီစယ်ပြောဆိုပြီး သူ့အမေကိုတိုင်တောလို့ ကောင်လေးအမေက သူ့သားကို ရိုက်နှက်ဆုံးမလိုက်ရသည်…။ မီ တော်တော်လည်းအံ့အားသင့်သွားခဲ့သည်..။ ဒီလိုလုပ်ကွက်မျိုးကို ရုပ်ရှင်တွေ ဗီဒီယိုတွေထဲမှာပဲကြည့်ခဲ့ဖူးတာကိုးး…။ ကောင်လေးကိုသနားလို့ မီသူ့ဒဏ်ရာကို ဆေးလိမ်းပေးလိုက်သေးသည်….။



ဒီလိုနဲ့ မီနဲ့အတူ ညီမတစ်ဝမ်းကွဲလေးနောက်တစ်ယောက်ကျောင်းလာတက်ပါသည်…။ မီထက် အသက်သုံးနှစ်ငယ်တဲ့ အဲဒီညီမတစ်ဝမ်းကွဲနဲ့က မီငယ်ငယ်ကတည်းကခင်မင်တာမို့ တိုးတိုးဖော်ရသွားခဲ့သည်…။ အဒေါ့်သမီးရန်ကိုကာကွယ်ဖို့ အဖော်ရသွား အားရှိသွားသည်ပေါ့…။ နောက်ကွယ်မှာလဲ စင်ဒရဲလားပုံပြင်ထဲကလို အားဂလီးစစ္စတားလို့ သူ့ကိုခေါ်ကြသည်…။ ထုံးစံအတိုင်းပဲ မီနဲ့ ညီမဝမ်းကွဲကျောင်းအတူတက်ရင်း အိမ်အလုပ်ကူလုပ်ရင်းနဲ့နေလာခဲ့ပါသည်….။ အဲဒီအိမ်မှာ အိမ်အကူ ဟင်းချက် ကလေးထိန်းကအစ မမြဲပါဘူး…။ မမြဲဆို အဒေါ့်သမီးလက်ချက်နဲ့ ဝင်လိုက်ထွက်လိုက်ဖြစ်နေကြတာလေ….။ တခါက အိမ်ဖော်အမကြီးတစ်ယောက်ကို အဒေါ့်သမီးက ပါးရိုက်ဖူးသည်။ မီတို့မှာ မခံမရပ်နိုင်လွန်းလို့ အဲဒီအစ်မရွာပြန်တော့ အောက်ထပ်တံခါးဝထိလိုက်ပြီး ဘယ်တော့မှပြန်မလာတော့နဲ့လို့ အသေအချာမှာလိုက်သေးသည်…။ မီတို့မှာ ဗလာစာအုပ်လေးနဲ့ အိမ်ဖော်တွေအရေအတွက်ကို မှတ်လိုက်တာ နှစ်ဘယ်လောက်မှမရှိဘူး စာမျက်နှာကိုပြည့်လို့လေ…။

ကျောင်းလာတက်သည့် မီညီမဝမ်းကွဲလေးက တစ်နေ့တော့ ရည်းစားကိစ္စနဲ့အတိုင်ခံရကာ့ သူ့အမေအကြီးအကျယ်ဆူလို့ ညကိုအိပ်ဆေးတွေအများကြီးပဲသောက်အိပ်လိုက်သည်…။ မီသူ့လိုစိတ်ညစ်အားငယ်ဖူးပါသည် ဒါပေမယ့် ခုလောက်ထိ ကိုယ့်ကိုယ်ကိုသတ်သေဖိုထိ မီသတ္တိမရှိခဲ့ဘူး….။ အိပ်ခါနီးထိ ညီမလေးကပြောသွားသေး “မနက်မိုးလင်းရင် သမီးမရှိတော့ဘူးနော် မမီ”တဲ့….။ မီကလည်း သူ့ကိုအဲလိုမလုပ်ဖို့ဘာလို့မတားခဲ့မိသလဲမသိဘူး….။ တစ်ယောက်အိပ်ကုတင် ကျဉ်းကျဉ်းကလေးမှာ ညီအစ်မနှစ်ယောက်အတူအိပ်ရတာ…။ မနက်လင်းတော့ နံရံဖက်လှည့်ပြီးကျောခိုင်းအိပ်နေတဲ့ ညီမနောက်ကျောကိုလက်နဲ့ကိုင်ကြည့်တော့ အေးစက်နေတာပဲ…။ မီတော်တော်တုန်လှုပ်သွားခဲ့သည်…။ ညီမလေး ညကပြောခဲ့သလို သူတကယ်သေနေပြီလားပေါ့…။ မီထိလိုက်လို့ သူက အီခနဲညည်းရင်းလှည့်လာပါတယ်…။ ဒီတော့မှ သူအသက်ရှိနေသေးတယ်ဆိုပြီး အပူလုံးကျသွားတော့သည်…။ 


အဒေါ့်သမီး နိုင်ငံခြားကိုကျောင်းသွားတက်တဲ့နေ့က မီတို့ညီအစ်မနှစ်ယောက် ဘယ်လောက်ထိပျော်သလဲဆို မိုးပျံပူဖေါင်းတွေအများကြီးဝယ်ပြီး မိုးပေါ်လွှတ်တဲ့အထိပါပဲ……။ ဒါကတော့ မီကြိတ်ခံစားခဲ့ရတဲ့ ငယ်ကစိတ်ဒဏ်ရာတချို့ပေါ့….။ ဆယ်တန်းအောင်ပြီးလို့ သင်တန်းတွေလျှောက်တက်ရတဲ့အချိန်မှာ…သင်တန်းအတူသွားအတူလာ ကားနဲ့ကြိုပို့တဲ့မီထက် အသက်ငါးနှစ်ငယ်တဲ့ သူငယ်ချင်းကောင်လေးနဲ့တွဲမိသွားသည်…။ မီတို့နှစ်ယောက်ကတကယ် သူငယ်ချင်းအဆင့်ပါပဲ…။ မီ ရည်းစားထားဖို့လည်း စိတ်မကူးမိပါဘူး…။ မီသူငယ်ချင်းတွေနဲ့ပျော်ပျော်ပါးပါးနေရတာကိုပဲကြိုက်သည်…။ ဒါကို တစ်နေ့မီးဖိုချောင်အလုပ်ကူရင်း အဒေါ်ကပြောလာသည်…။ သူစိမ်းယောကျာၤးတစ်ယောက်နဲ့တွဲသွားတွဲလာလုပ်တာ ကြာရင်မကောင်းကြောင်းကစပြီး… ဗိုက်တွေကြီးလာရင်ဘယ်လိုလုပ်မလဲ ဆိုတဲ့အထိပြောဆိုလာပါသည်….။ မီ အဲဒီစကားကိုတော်တော်လည်း နာသွားခဲ့သည်…။ မီ ကိုယ့်ရဲ့စိတ်ထားနဲ့ ခင်မင်မှုကိုသိတာမို့ အဲလောက်ထိစွပ်စွဲလာခဲ့တဲ့ အဒေါ့်စကားကို တမြေ့မြေ့တွေးတိုင်း စိတ်မကောင်းဖြစ်ရသည်…။ မီ အကောင်းဖက်ကပြန်တွေးလိုက်ပါသည်…။ အော်…သူ့မလဲ ငါ့ကို သူ့သမီးမဟုတ်ဘဲ တာဝန်ယူကျွေးမွေးထားရတာ ကျောင်းထားပေးရတာလေ…. တစ်ခုခုဖြစ်လာခဲ့ရင် သူ့တာဝန်မကင်းလို့ သူစိတ်ပူပြီးဆူတာပါလို့ ဖြေသိမ့်လိုက်ပါသည်…။ 

ဘယ်လိုပဲဖြစ်ဖြစ် မီ မသိစိတ်ကနေ အမှတ်သည်းထားလိုက်တာကတော့… တချိန်ချိန်ကျ ရည်းစားသနံတောင်မရှိခဲ့တဲ့ မထားခဲ့ရတဲ့ငါ့ကို အိမ်ထောင်ချပေးဖို့လုပ်လာရင် စိန်တွေရွှေတွေပေါများကြွယ်ဝချမ်းသာနေပါစေ ဘယ်လိုလူမျိုးကိုမှ ငါလက်မခံဘူးလို့ ကိုယ့်ကိုယ်ကို ကျိန်စာတိုက်လိုက်ခြင်းပါပဲ….။ တကယ်လည်း မီခုချိန်ထိ ကိုယ့်ကျိန်စာကိုယ်သင့်နေဆဲပါပဲ…..။ ဒါပေမယ့် မီကျေနပ်သည်လေ….။ ခုဆို မီဆိုတဲ့မိန်းကလေးဟာ အချိန်ရှိသရွေ့သိမ်ငယ်နေတဲ့ လောကကြီးကိုအရှုံးပေးနေတတ်တဲ့ ခပ်ညံ့ညံ့မိန်းကလေးတစ်ယောက် မဟုတ်တော့ဘူးလေ…..။ မီ ကိုယ့်မိသားစုမောင်နှမတွေနဲ့အတူနေနေရပြီ…။ ဒါကလဲ အဒေါ့်ကျေးဇူးတွေ မီတို့မှာ အများကြီးပါ….. ဘယ်တော့မှ ဆပ်မကုန်တဲ့ကျေးဇူးတွေပေါ့…..။ မီ ဝါသနာမပါတဲ့အလုပ်ကိုလုပ်ရတယ်ဆိုပေမယ့် မိသားစုဝမ်းစာအတွက် မီအလုပ်လုပ်ခဲ့သည်……အချိန်ရရင် မီဝါသနာပါတဲ့ စာပေတွေဖတ်ရှူ ရေးသားရင်း အဖော်ပြုခဲ့သည်…။


မီဘဝမှာ စိတ်ဒဏ်ရာ နှစ်ခါရခဲ့ဖူးသည်…။ အဲဒီဒဏ်ရာရဲ့ အနာရွတ်ကိုမြင်တိုင်း ဘယ်တော့မှ မေ့ဖျောက်ပစ်လို့ရမှာမဟုတ်ပါဘူး…။ အော်…အဒေါ့်သမီးက ကြီးလာတော့ ငယ်တုန်းကလိုမဆိုးတော့ပါဘူး…။ နိုင်ငံရပ်ခြားမှာ သူများအိမ်မှာနေခဲ့ရတော့ ကိုယ်ချင်းစာတတ်သွားသလား လုပ်ခဲ့ဖူးတာတွေကို အကြွေးပြန်ဆပ်နေတာလားတော့မသိဘူး… ခုချိန်မှာတော့ ပရဟိတလုပ်ငန်းတွေကို အားပေးလုပ်ကိုင်တဲ့ သူတစ်ယောက်တောင်ဖြစ်နေပါပြီ….။  ရှိနေပြီးသား စိတ်သန္ဓေဆိုတာ ဖျောက်ဖျက်ပစ်ဖို့ခက်ပါတယ် သွေးထဲကပါလာပြီးသားလေ...။ စိတ်အခြေခံလည်းကောင်းခဲ့မယ်ဆိုရင်တော့ မိမိပြုခဲ့တာကို ပြန်လည်ပြုပြင်ပြောင်းလဲဖို့ အချိန်ဘယ်တော့မှနောက်မကျဘူးဆိုတာကို မီသိလိုက်ရပါပြီ…။

မိုးငွေ့

Thursday, 24 January 2013

မပီပြင်တဲ့ဆောင်း.....





တိမ်ဗလာတွေနဲ့ကောင်းကင်ကို ကိုယ့်မမော့ကြည့်ဖြစ်တာကြာပြီ……။
တိမ်တွေငိုမယ့်အချိန်တွေကိုကိုယ်အကြာကြီးစောင့်ရဦးမှာလေ……။ 
ကြည်လင်တဲ့ အပြာနုရောင်မိုးသားကောင်းကင်မှာ လွတ်လပ်စွာပျံဝဲနေကြတဲ့ ငှက်ကလေးတွေကိုကြည့်ရင်း ကိုယ်အားမကျမိဘူး….။ လူတကာပေါပေါလောလော ကားရောင်စုံတွေကိုအခန့်ထည်စီးနေကြတာကိုလဲ ကိုယ်အားမကျမိဘူး….။ လူတိုင်းနဲ့တသားထဲတိုးကျိတ်သွားလာရတာကိုပိုကြိုက်မိတယ်…။ ကိုယ့်ဘဝအတွက် အဆင်ပြေမယ့်နည်းလမ်းကိုရွေးချယ်ရင်းနဲ့ မသိစိတ်က မင်းကိုလိုက်ရှာကြည့်နေမိတယ်…။ 
မင်းဘယ်ဆီမှာလဲကွယ်…………
ဆောင်းမပီတာကြာခဲ့ပြီဖြစ်တဲ့ကိုယ်တို့ဆီမှာ….ကိုယ့်ရဲ့နွေဦးလည်းဘာလိုလိုနဲ့နီးလာခဲ့ပြီပေါ့….။ မီးပွိုင့်မှာဘတ်စ်ကားမိတော့ လမ်းဘေးအပင်ကြီးကြီးတစ်ပင်ဆီကဥသြသံကိုကြားရတယ်…….။ ဥသြဆိုတာနွေမှာမှတွန်တတ်တဲ့ငှက်လေ…။ ဆောင်းအလည်ကြီးမှာ ဥသြတွန်သံကြားရတော့…နွေကိုသတိရမိသွားတယ်…..။ 

သစ်ရွက်ခြောက်တွေတကျွတ်ကျွတ်နဲ့မြည်အောင်နင်းလျှောက်ရတဲ့ ဒီလိုရာသီမျိုး… မီးခိုးနံ့တချို့ကိုရှူရှိုက်ရင်း ခြေထောက်တွေဖုန်တလူးလူးနဲ့….အသားအရေတွေ
နှုတ်ခမ်းတွေပါ စိတ်နဲ့အတူညှိုးနွမ်းခြောက်ကပ်အက်ကွဲလို့…။ 
အနွေးထည်ခပ်ပါးပါးလည်း ကိုယ်ပေါ်မှာ မနက်ပိုင်းနာရီပိုင်းကလေးပဲ နွေးထွေးမှုပေးနိုင်ခဲ့တဲ့ဆောင်း….။ 
ညနေနေဝင်ရီတရောတွေမှာ ခပ်အေးအေးလေတွေနဲ့ ဆောင်းအသက်ကိုလှစ်ပြရုံပြခဲ့တဲ့ဆောင်း……။
နှင်းပွင့်တွေ မြူခိုးတွေပုန်းနေတဲ့…ဆောင်း…။ ကော်ဖီနွေးနွေးတစ်ခွက်ကို ဇိမ်ပြေနပြေသောက်ရင်း….မပီပြင်တဲ့ဆောင်းကိုနားမလည်စွာငေးကြည့်ရင်း…….။

မိုးငွေ့