Thursday, 19 March 2009

မိန်းမသားဆိုတာ....

ပီးခဲ့တဲ့ မတ်လက ကျမမွေးနေ့အတွက် ပို့စ်တစ်ခု အမှတ်တရတင်ဖို့ စိတ်ကူးခဲ့ပါတယ်...။ ဒါနဲ့ ဘာတင်ရင်ကောင်းမလဲလို့ ကျမစာအုပ်အဟောင်းတွေ လျှောက်ရှာပြီးဖတ်တော့ ၂၀၀၆ မွေးနေ့တုန်းက ကျမသူငယ်ချင်းတစ်ယောက် လက်ဆောင်ပေးထားတဲ့ “ မိန်းမသားဆိုတာ ” ဆိုတဲ့စာအုပ်ကိုသွားတွေ့တယ်...။ ဒီစာအုပ်က စာရေးဆရာမ တစ်ဆယ့်သုံးယောက်ရဲ့ မိန်းမသားတစ်ယောက် အကြောင်းကို သူတို့အမြင် သူတို့ခံစားမှုကိုယ်ဆီနဲ့ ရေးသားစုစည်းထားတဲ့ ဆောင်းပါးလေးတွေဖြစ်ပါတယ်...။ ဒီထဲမှာမှ ကျမ အနှစ်သက်ဆုံးဖြစ်တဲ့ ဆရာမ ရွှေကူမေနှင်းရဲ့ “ မိန်းမသားဆိုတာ” ကိုထုတ်နှုတ် ဖော်ပြပေးလိုက်ပါတယ်....။
( အကြောင်းတစ်စုံတစ်ရာကြောင့် ကြံ့ကြာပြီး ခုမှရေးဖြစ်သွားတာပါ ) ရွေကူမေနှင်းရဲ့ မိန်းမသားဆိုတာ.....
ဆွဇ်ဇာလန်နိုင်ငံတွင် ကျမ မိတ်ဆွေ အမျိုးသမီးတစ်ဦး ရှိပါသည်။ သူက စာရေးသူတစ်ဦးလဲဖြစ်ကာ ခရီးသွားလုပ်ငန်းတွင် လမ်းညွန်အဖြစ်လည်း လုပ်ကိုင်နေသူဖြစ်သည်။ သူနှင့်ကျမ အမှတ်မထင် တွေ့ဆုံသိကျွမ်းရာက ကျမကို စာရေးဆရာမတစ်ဦးအဖြစ်သိရှိသွားပြီး ကျမသွားတ်သော စာပေးဝိုင်းများ အကြောင်း ပြောပြခြင်းကို သူသဘောကျသွားခဲ့သည်။ အထူးသဖြင့် ကျမတို့စာရေး ဆရာများမှာ သီးသန့်ရုံးခန်း မငှားနိုင်ကြောင်း... လက်ဘက်ရည်ဆိုင်သည်ပင် ကျမတို့ရုံးခန်းဖြစ်ကြောင်း စာမူနှင့် စာမူခ အပေးအယူ ကိစ္စများကို လက်ဖက်ရည်ဆိုင်တွင်ပင် ပြုလုပ်ကြောင်းပြောပြသည်ကို သူတအံတသြ ခံစားသွားခဲ့....။ သူမပြန်မီ လေထန်ကုန်းတွင် ကျမအတွက် စာတစ်စောင်ရေးထားခဲ့လေသည်..။
ထိုစာထဲတွင် ၂၀၀၃ ခုနှစ် နိုဝင်ဘာ ၁၆ရက်ညနေ သူနှင့်အတူ ညစာစားဖို့ကြွရောက်ပါရန်နှင့် ထိုစားပွဲတွင် မြန်မာအမျိုးသမီးများ နေ့စဉ်ဘ၀ အကြောင်းကိုပြောပြပါရန် ဖြစ်နိုင်လျှင် သီချင်းလေးလည်း နားထောင်ချင်ကြောင်းရေးထားလေသည်..။ စာရသောအချိန်မှာ ၂၀၀၂ခုနှစ်ဖြစ်ရာ တစ်နှစ်တောင် လိုသေးသဖြင် ဖြစ်ချင်မှ ဖြစ်မှာပါဟု ခပ်ပေါ့ပေါ့သဘောထားခဲ့မိသည်...။ သို့သော် ရက်နီးကပ် လာသောအခါ ..တကယ်ပင် သူနှင့် အဖော်(၇)ဦးရောက်မည်ဖြစ်ကြောင်းမြန်မာနိုင်ငံမှ ခရီးသွားကုမ္ပဏတစ်ခုမှတစ်ဆင့် အကြောင်းကြားခဲ့၏...။
သည်တွင်မှ ကျမလည်းအစီအစဉ်ဆွဲရတော့သည်..။ ကျမသည် မြန်မာလိုဟောပြောလျက်ပင် အကြမ်းဖျင်းခေါင်းစဉ်မှာ အသေးစိတ်အချက်လက်များကို ချရေးပြီးလေ့ကျင့်ခဲ့သူဖြစ်...။ ယခု သူတို့ကို အင်္ဂလိပ်လို ဟောပြောရမည်ဆိုတော့ အကြောင်းအရာနှင့် ကိုက်ညီရန် စကားလုံးရွေးချယ်မှုများ လှပစေရန၊် သဒ္ဒါမမှားရန်၊ စိတ်ဝင်စားမှုပေးနိုင်ရန်စသည်တို့ကို စာဖြင့်ချရေးခဲ့ပါသည်..။ ခွင်ဝင်သီချင်း နှစ်ပုဒ်ကိုလည်း ကျမတို့တီးဝိုင်းမှ ဆရာနှစ်ဦးကို သီဆိုတီးမှုတ်ပေးပါရန်..အကူအညီတောင်းခဲ့သည်..။
အစစအရာရာ သူတို့နှစ်ခြိုက်ခဲ့ကြပါ..။ နောက်တစ်ခါ ယခုထက် အချိန်ကြာကြာပေးပါရန်နှင့် သမိုင်းကိုဦးစားပေးလေ့လာ မည်ဖြစ်ကြောင်း ပြောသွားခဲ့...။ သူတို့ပြန်သွားသောအခါ ကျမတွင် အင်္ဂလိပ်လို ရေးထားသော“ဟောပြောချက်” တစ်စောင်အဖက်တင် ကျန်ရစ်ခဲ့တော့..။
ုယခု “နိဒါန်းသစ်စာပေ” မှ ညီမငယ်က “မိန်းမသားဆိုတာ” အကြောင်း ရေးသားပေးပါရန် ဆိုလာသည်..။ ရေးပေးပါမည်ဟု ကတိပြုပြီး အိပ်ယာပေါ်လှဲရင်း စဉ်းစားသောအခ် အထက်ပါဟောပြောချက်ကို မိမိပင် မြန်မာဘာသာသို့ ပြန်ဆိုရေးသားရန် စီစဉ်ခဲ့ပါသည်..။ “ခေါင်းစဉ်ပေး” တောင်းဆိုနေကြသော ယခုခေတ် ထုတ်ဝေရေးအစီစဉ်နှင့် အံဝင်မည်ဆိုလျှင် ကျမအဖို့ နှစ်ထပ်ကွမ်းဝမ်းသာရမည် ဖြစ်ပါသည်..။
“ မြန်မာအမျိုးသမီးများရဲ့ နေ့စဉ်ဘ၀ ” ( Daily Life of Myanmar Women ) ကျမတို့ မြန်မာအမျိုးသမီးများရဲ့ ဘ၀ကို ခေတ်ကာလအားဖြင့် သုံးပိုင်းခွဲခြားနိုင်တယ်လို့ ကျမယူဆပါသည်..။ ၁။ စစ်ကြိုခေတ် (၁၉၄၂အထိ) ၂။ စစ်ပြီးခေတ် (၁၉၆၀အထိ) ၃။ ခေတ်သစ် (ယနေ့ထိ) ၁။ စစ်ကြိုခေတ် (၁၉၄၂ အထိ)
ကျမတို့ မြန်မာအမျိုးသမီးများရဲ့ ရှေ့ ခေတ်ဘ၀ဟာ ကမ္ဘာပေါ်မှာရှိတဲ့ အခြားသော နိုင်ငံများက အမျိုးသမီးများလိုပဲ အားနွဲ့သူ ( weaker sex) အဖြစ် သတ်မှတ်ခံခဲ့ကြရပါတယ်..။ ကျမတို့ အဖွားများ အမေများဟာ“အိမ်တွင်းမှုလုပ်၊ သိမ်းထုတ်သေချာ” ဆိုတဲ့ ဆုံးမစကားအတိုင်း အိမ်တွင်းမှုကိစ္စတွေကိုပဲ လုပ်ကိုင်ခဲ့ကြပါတယ်...။ အပြင်ထွက်ပညာသင်ဖို့ အလုပ်လုပ်ဖို့ အခွင့်အလမ်းများမရှိခဲ့ပါဘူး..။ ကျမအမေဆိုရင် လုံးဝကျောင်းမနေခဲ့ရပါဘူး..။ အိမ်တွင်းမှုနိုင်နင်မှ မိန်းမပီသတယ်...။ အိမ်ထောင်ထိန်းသိမ်းတတ်မှ “ ဗိုင်းကောင်းကျောက်ဖိ” ဖြစ်တယ်လို့ ယူဆခဲ့ကြတာပါ..။ အဘွားတို့၊ အမေတို့ဟာ လင်ယောကျာင်္း ရှာဖွေ အပ်နှင်းတဲ့ငွေနဲ့ ခန့်ခွဲသုံးစွဲမယ်၊ ထမင်းချက်မယ်၊ မီးဖိုချောင်နိုင်အောင်တာဝန်ယူမယ်၊ ကလေးတွေမွေးမယ်၊ “သားကိုသခင် လင်ကိုဘုရား” ဆိုတဲ့ ဆိုရိုးအတိုင်း လင်ယောကျာင်္းစကားကိုလဲ နာခံလေ့ရှိခဲ့ကြပါတယ်..။ လင်ယောကျာင်္းကိုကျော်ပြီး လုပ်တဲ့ အလေ့အထ အလွန်နားပါးပါတယ်....။ မိန်းမတွေဟာ အဲဒီိလိုဘ၀မှာ ခေါက်ရိုးကျိုးနေခဲ့ကြရတာပါ..။
ဒါဖြင့်ရင် အဲဒီခေတ်ကမိန်းကလေး ယောင်္ကျားလေး ဘယ်လိုဆက်သွယ်ကြသလဲ.။ ချစ်မှုရေးရာ မလုပ်ကြတော့ဘူးလားလို့ မေးစရာရှိပါတယ်..။ မိန်းကလေးနဲ့ ယောကျာင်္းလေး အဆက်အသွယ်လုံးဝမရှိဘဲ အိမ်ထောင်ရက်သားကျဖို့တော့မရှိပါဘူး.....။ ဒီကိစ္စစိတ်ဝင်စားစရာပါ...။ အဘွားတို့ အမေတို့ခေတ်က မိန်းမသားတွေ အပြင်သိပ်မထွက်ရဘူးဆိုပေမယ့်..“ ပိုးပန်းခွင့် ” ကိစ္စတွေကိုတော့ သီးခြားခွင့်ပေး ထားခဲ့ ပါတယ်..။ မြို့ကြီးသူတွေ အကြောင်းကျမသိပ်မသိပါဘူး..။ ကျမအမေက ကျေးတောသူ ဖြစ်တဲ့အတွက် မေတို့ခေတ်က မိန်းကလေး ယောကျာင်္းလေး ဆက်သွယ်ခွင့် တရားဝင်တီထွင်ထားတဲ့ ရိုးရာဓလေ့လေးကို ပြောပြချင်ပါတယ်..။
အမေတို့ခေတ်က ကျေးလက်အိမ်တွေက “ခြေတံရှည်အိမ်” တွေပါ..။ ကြမ်းပြင်နဲ့ မြေကြီး လူတစ်ရပ်ကျော် ကွာတယ်..။ အိမ်အောက်မြေပြင်မှာ မတ်တပ်ရပ်လို့၊ လမ်းလျှောက်လို့ရတယ်..။ ညဘက်ရောက်ပြီဆိုရင် အိမ်ကလူကြီးတွေ အိပ်ယာဝင်တဲ့ သက်ကြီးခေါင်းချချိန်မှာ လူပျိုကာလသားများဟာ အိမ်အောက်ကို လာနိုင် ကြပါတယ်..။ လာခွင့်ပြုထားတယ်..။ မိန်းကလေးရဲ့ အိပ်ခန်းကြမ်းပြင်ကို လက်တစ်ဘက်ဝင်သာတဲ့ အပေါက်ကလေး ဖောက်ထားတယ်..။ ဒီအပေါက်ဟာ အခန်းရဲ့ ထောင့်နေရာမှာ ဖြစ်တာများပါတယ်..။ မိန်ကလေးက ကြမ်းပြင်ပေါ်မျာ ဖျာခင်းပြီးအိပ်တာမို့ အများအားဖြင့် ခေါင်းရင်းဘက်မှာ ဖောက်တတ်ကြတယ်..။
အဲဒီလိုဖောက်ထားတဲ့ဓလေ့ကို အားလုံးက တရားဝင်အသိအမှတ်ပြုထားတာပါ..။ ညဘက်ကျတော့ လူပျိုကာလသားတွေလာတာပေါ့..။ ချောမောတဲ့ အပျိုဆိုရင် လူပျိုအများလာတတ်ပြီး ရုပ်ဆိုးတဲ့ ကြိုက်စရာမကောင်းတဲ့ အပျိုဆိုရင်တော့ လာတဲ့သူမရှိဖြစ်မယ်ပေါ့နော်...။
လာပြီဆိုရင် ညကလည်းမှောင်တော့ ဘယ်သူမှန်းမသိနိုင်ဘူး..။ ဒီတော့ အိမ်အောက်ကလူပျိုက အပေါက်ထဲကို လက်လျှိုပြီး “ဟေ့ ငါမောင်ဖြူပါ..မောင်မဲပါ” စသဖြင့် အသံပြုရတယ်လေ..။ အဲဒီလူပျိုကို မိန်းကလေးက မကြိုက်ဘူးဆိုရင် ဘာမှပြန်ပြောစရာမလိုဘူး..။ အပေါက်နဲ့ဝေးဝေးမှာနေလိုက်ရုံပါပဲ..။ အသံမပြုတဲ့ ဥပေက္ခာပေါ့..။ ဒီတော့လူပျိုလဲ သဘောပေါက် နောက်ဆုတ် သူ့လက်သူပြန်ပြီး ရုပ်သိမ်း ရတော့ တာပဲ..။
ကြိုက်တယ်ဆိုရင်လား ခုမှသဘောကျတာပဲဖြစ်ဖြစ် အရင်ရက်တွေ့တုန်းက လာပြီးသားလက်ခံပြီးသားပဲဖြစ်ဖြစ် မိန်းကလေးဟာ အပေါက်နားသွားပြီး လူပျိုရဲ့လက်ကိုဆုပ်ကိုင်လိုက်တယ်..။ ဒါ သဘောကျတယ်ဆိုတဲ့ သင်္ကေတ။ အဲဒီမှာ လက်နှစ်ဖက်ဆုပ်ကိုင်ရင်း ချစ်စကားတွေ ပြောကြပါလေရော..။ ကြည့်စမ်း ညအချိန်မတော် ကြီးပေမယ့် မိန်းမသားတွေအတွက် ဘယ်လောက်များလုံခြုံလိုက်သလဲနော်..။ ( လူပျိုက လက်တစ်ဘက် တည်းနဲ့ ဘာလုပ်နိုင်မှာတုန်း )
အဲဒါ အမေတို့ခေတ်က ကျမတို့မိန်းမသားများရဲ့ ဘ၀ပါ...။
နောက်နည်းနည်းပိုပြီးလွတ်လပ်လာတဲ့အခါ...ကာလသားများဟာ ညဘက်မှာ မိန်းကလေးအိမ်နားမှာ လာပြီး တီးမှုတ် သီချင်းဆိုနိုင်ကြပါတယ်...။ သီချင်းတွေကတော့ နောက်ပိုးသီချင်းတွေပေါ့..။ မိန်းကလေး ဘယ်လောက် လှကြောင်း။ သူဘယ်လောက်ချစ်ကြောင်း။ ရှေးဘ၀ကြောင့် ခုလိုတွေ့ရကြောင်း ဂုဏ်ရည်မတူတဲ့ မောင့်ကို မမုန်းလိုက်ပါနဲ့ စသဖြင့်အများကြီးပါပဲ..။ စာသားတွေလည်းလှတယ်..။ သံစဉ်တွေလည်း ညွှတ်ပြောင်းဖွယ် ဖြစ်တယ်..။ နည်းနည်းမြည်းကြည့်ရအောင်..။
(၁) မယ်ဒလင် ဂီတာဖြင့် အဆို( သဉ္ဖာလီသီချင်း မူရင်းသီဆိုသူ ရတနာပုံမောင်စု ) (၂) မယ်ဒလင် ဂီတာဖြင့် ( ဂုဏ်မြင့်သူသီချင်း မူရင်သီဆိုသူ ပြည်လှဖေ )
သေသေချာချာစဉ်းစားကြည့်ရင် မိန်းမသားများရဲ့ ဘ၀ဟာ“ရွေးချယ်ခံ”တွေဖြစ်နေခဲ့တယ်..။ ကိုယ်က “ရွေးချယ်ခွင့်”မရှိဘူး..။ ကြေးရေတတ်သူ လူချမ်းသာအများစု မိဘများဆိုရင် စီးပွားမပျက်အောင်ဆိုပြီး မိန်းကလေးတွေအတွက် သတိုးသားကို သူတို့ဘာသာရွေးချယ်ပေးကြပါတယ်..။ ဒီလူကိုယူရမယ်..။ ဒီလိုမျိုးဆိုရင်တော့ မိန်းမသားတွေရဲ့ နှလုံးသားဆန္ဒ ဦးနှောက်အလိုကိုလုံးဝ ဥပေက္ခာပြု ခဲ့ကြတယ် လို့ပြောရင် မမှားပါဘူး...။ ဒါပေမယ့်..အဲဒီအများစုထဲက ဖောက်ထွက်လာနိုင်တဲ့ အမျိုးသမီးများလည်းရှိပါတယ်...။ အလွန်နည်းပါးသလို အလွန်လည်းထင်ရှားပါတယ်..။ အထူးသဖြင့် စာပေနယ်ပယ်ကပါ။ ဥပမာပြောရရင် စာရေးဆရာမကြီး ဒဂုန်ခင်ခင်လေးဆိုတာ စစ်ကြိုခေတ်က ပထမဆုံးပေါ်ထွန်ုးသူလို့ဆိုနိုင်တဲ့ အမျိုးသမီးပါ ။ ၁၉၀၄ ဖွားဆိုတော့ အတော်စောပါတယ်..။ ၁၉၃၀ လောက်မှာတော့ နိုင်ငံရေးနိုးကြားမှုနဲ့အတူ စာပေမှာ ၀င်လှုပ်ရှားခဲ့တဲ့ “သတင်းစာဆရာမကြီး”တွေ ပေါ်ခဲ့တယ်..။ ပထမဆုံး အမျိုးသမီး သတင်းစာထုတ်ဝေသူ အယ်ဒီတာက ဒေါ်စန်းတဲ့..။ ကိုလိုနီ အစိုးရကို ကလောင်နဲ့ တော်လှန်ခဲ့ကြတဲ့ မိန်းမသူရဲကောင်းတွေပါ..။ စစ်ကြိုခေတ် မိန်းမသားများဘ၀ ဒီမျှနဲ့ သဘောပေါက်နိုင်ပါပြီ..။
၂။ စစ်ပြီးခေတ် ( ၁၉၆၀ အထိ )
ဒီကာလကတော့ ကျမကိုယ်တိုင် ဖြတ်သန်းခဲ့ရတဲ့ ဘ၀ပါ..။ မြန်မာနိုင်ငံဟာ ဒုတိယကမ္ဘာစစ်ကြီးမှာ ကျူးကျော်ရန်စသူလည်းမဟုတ်၊ ခုခံကာကွယ်သူလည်းမဟုတ်၊ တကယ့်ကို ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင် ဖြစ်ခဲ့ရတယ်..။ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၅ ခုနှစ် စစ်ကြီးအတွင်း လက်နက်မဲ့ အာဏာမဲ့ အခွင့်အရေးမဲ့စွာ တောကြိုအုံကြားပြေးလွှားပုန်းအောင်းရင်း အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ကြရတယ်..။ နေ့မြင် ညပျောက်ဆိုတဲ့စကားဟာ အဲဒီတုန်းက လက်တွေ့အကျဆုံးပါပဲ..။ လေယာဉ်ပျံမမြင်ဖူးလို့ ထွက်ကြည့်ရင်း အူတွေ အခွေလိုက်ထွက်ကျရတဲ့လူတွေအကြောင်း ကြားခဲ့ရဖူးတယ်..။ ဗုံးခိုကျင်းထဲ ခိုလှုံခွင့်ရှာရင်း မြေကြီးပိသေရတဲ့ မိသားစုများအကြောင်းလည်း မဆန်းတဲ့ဘ၀ဖြစ်ခဲ့ရတယ်..။ အဲဒီထဲမှတော့ အမေက ဗုံးခိုကျင်းထဲ ၀င်ခိုရင် ကျမညီမလေးကိုမွေးခဲ့ရတာပါ..။ ကံကောင်းလို့ ကျင်းပိ မသေခဲ့ရပေမယ့် လေယာဉ်သံ ကြားတိုင်း အမေရယ် ညီမလေးရယ် မမလေးရယ်ဗုံးခိုကျင်းဆီပြေးခဲ့ရတာ.. လှေကလေး တစ်စင်းနဲ့ အိမ်ပြောင်းရတာ ကြိမ်ခြုံတွေ ကြားမှာ ကောက်ရိုးခင်းပြီး အိပ်ခဲ့ရတာတွေကို ခုထိ ကျမ အိပ်မက် ဆဲပါ...။
ဒီအသက်လုပြေးရတဲ့စစ်ပွဲမှာ အမေဟာ သမီးသုံးယောက်၊ ဗိုက်တစ်လုံးနဲ့ ကြုံးရုန်းခုခံရင်း အံကိုခဲထားခဲ့ပါတယ်။ အဲဒီအချိန်အဖေက ဘယ်ရောက်နေတုန်းဆိုတော့ အဖေက သစ်တောအကောက်စာရေးဘ၀က စစ်ပြေးရတော့ လှေတစ်စင်းနဲ့ ဆားဝယ်၊ ဆန်ရောင်း လုပ်နေရတာပေါ့။ အဖေနဲ့အတူ ယောက်ကျားကြီးတွေနဲ့ ရင်ဘောင်တန်းပြီး “လှေထိုးသား” လုပ်ခဲ့ရသူကတော့ ကျမရဲ့မမကြီးပါပဲ၊
မမကြီးဟာ လှေထိုးသားအဖြစ်သာမက စစ်ဘီလူးတို့ရဲ့ “ကာမစစ်” ကိုလည်းရှောင်ပုန်းခဲ့ရသူဖြစ်ပါတယ်။ ကျမမှတ်မိနေပါသေးတယ်။ စစ်ဘီလူးနှစ်ကောင်ဟာ ကြက်တစ်ကောင်ကိုပိုက်ပြီး ကျမတို့စစ်ပြေးတဲကလေးကို ရောက်လာခဲ့တယ်။ “မိန်းမ မိန်းမ” တဲ့..။ ကြက်ကို ထိုးပေးတယ်။ မြတ်စွာဘုရား မိန်းမတစ်ယောက်ကို ကြက်တစ်ကောင်နဲ့ လာလဲတာပါလား...။
ပြောပြခြင်းငှာ မပြည့်စုံနိုင်တဲ့ စစ်ရဲ့အနိဌာရုံလို့ ၁၉၆၄ခုနှစ်ကျတော့ ကျမရဲ့ တတိယအစ်မ “ မမအုန်း” ဆုံးခဲ့ပါတယ်..။ အဲဒီနေ့ကိုလည်း ကျမ မြင်ယောင်ဆဲပါ။ မမအုန်းဟာ ဆပ်ပြာခွက်ကိုင်ပြီး ရေချိုးဆိပ်သွားတာ။ ခြံနောက်ဖေးမှာ ဇီးသီးပင်ရှိတယ်..။ အကြွေသီးတွေကို ၀င်းနေတာပဲ..။ မမအုန်းက ဇီးသီးကြွေတွေ ခွက်နဲ့အပြည့်ကောက်သွားပြီး စားရင်း သွားရင်းရေချိုးတာ..။ ဘာမှမကြာဘူး...။ ၅ရက်လား ဖျားလိုက်ပြီး မမအုန်းဆုံးရှာတယ်...။ ဘယ်ဆရာဝန်မှ မပြလိုက်ရပါဘူး..။ အဖေဟာ သူ့သမီးအပျိုပေါက်လေးဆုံးရတာကို စိတ်နာလွန်းလို့ စစ်ကြီးအတွင်း သူလှေနဲ့ရှာခဲ့တဲ့ “ထောင်မလဲသဲကော်” ငွေစက္ကူရောင်စုံကို မမအုန်း ခေါင်းတလားမှာ အပြည့်ကပ်ပစ်လိုက်တယ်...။
ပြောရရင် ဇာတ်နာအောင် ဖန်တီးတယ် ထင်ကြမလားပဲ...။ ကျမရဲ့ဒုတိယအစ်မ “မမလေး” ကျတော့ အသက်(၁၅)နှစ် အပျိုစင်စင်လေး ဖြစ်ကာမှ “ခါးကုန်းကြီးဘ၀” ရောက်ရရှာတယ်..။ ဖြစ်ပုံက စစ်အတွင်းမှာ အုံးလွှဲတာပါ..။ ဇက်ကြောနာသွားတာလေ..။ အဲဒါကို ခေါင်းအုံး နေပူလှန်းပြီး အသက်အောင့် (၇)ချက်ရိုက် ရသတဲ့..။ မပျောက်ပါဘူး..။ ဒါနဲ့ အဖေကပဲ စစ်အတွင်း ဆေးရုံမရှိ၊ ဘာမရှိ ဟိုဘက်ရွာမှာ အနှိပ်သည် ကောင်းတယ် ဆိုပြီး ညအိပ်ညနေ ဆေးကုလွှတ်ခဲ့တယ်..။ ပြန်လာတော့ မမလေး ကျောရိုးကုန်းလာပြီး..၊ တဖြည်းဖြည်းပိုကုန်းလာရော...။ ဘယ်လိုမှပြန်မတ်လို့မရတော့ဘူး..။ ၀ဋ်နာပဲတဲ့..။ ဖြစ်ရခြင်း အကြောင်းရင်း ကတော့ အဲဒီအနှိပ်သည်က မမလေး ကျောကုန်းကို “လင်းပိုင်ဆီ” လူးလူးပြီး နှိပ်တာတဲ့..။ လင်းပိုင်ဆီက အရိုးပျော့စေတယ်လေ..။ စဉ်းစားသာကြည့်ကြပါတော့..။ စစ်ကြီးရဲ့ ထိုးနှက်ချက်တွေကို ကျမတို့ မိန်းမသားတွေ ခါးစည်းခံခဲ့ရတဲ့ ဇာတ်လမ်းတွေကတော့ ပြောမဆုံးပေါင် တောသုံးတောင်ပါပဲ...။
ဒီနေ့ ကလေးလေးတွေ အသက်(၅)နှစ်ပြည့်ဖို့ ၃လလိုရင် ကျောင်းနေခွင့်ရကြတယ်..။ ကျမကတော့ (၇)နှစ်မှာမှ ကျောင်းစနေရတာပါ..။ စစ်ကြီးရဲ့ ဒဏ်ပဲလေ..။ ကံကောင်းတာတစ်ခုက ကျမက စာဝါသနာပါတယ် ထင်ပါရဲ့..ကျောင်းမဖွင့်သေးတဲ့ ကာလမှာ အိမ်ကလူကြီးတွေက A,B,C,D တို့၊ ကကြီး၊ ခကွေးတို့ သင်ပေးခဲ့တယ်..။ ကျောင်းမှာ စာတွေက ရပြီးသားဖြစ်ဖြစ်နေလို့ အတန်းကျော်တက်ရတယ်..။ ဒါနဲ့ပဲ အသက် ၁၆နှစ်မှာ ၁၀ တန်းအောင်ခဲ့တာ..။ တော်သေးတာပေါ့...။
ကျမ ဆယ်တန်းအောင်တဲ့အချိုန်မှာ မိန်းကလေးအတော်များများ တက္ကသိုလ်တက်နေကြပြီ...။ မျက်စိတွေ ကျယ်ကုန်ကြပြီ၊ အခွင့်အလမ်းတွေလည်း ပေါများတယ်...။ ၇တန်းအောင်ရင် မူလတန်းဆရာမ၊ ၁၀တန်းအောင်ရင် အလယ်တန်းပြဆရာမ BA အောင်ရင် အထက်တန်းပြဆရာမ လူတိုင်းရနိုင်တယ်..။ အင်တာဗျူးဆိုတဲ့ လူတွေ့မေးခွန်းစာမေးပွဲဆိုတာ ကြားတောင်မကြားဖူးသေးဘူး...။ ဒါက စစ်ကြီးအပြီး ပညာရေးကို တွန်းတင်ခဲ့တာဖြစ်ပါလိမ့်မယ်...။ ပညာတတ်တွေ ရှားတာလည်း ပါတယ်..။ ကျမက ၇-နှစ်မှာ ကျောင်းစနေရတာ တော်သေးတယ်...။ မမကြီးနဲ့ မမလေးက လုံးဝ စာဆက်မသင်ရတော့ဘူးလေ...။ မမကြီးက စစ်ကြိုခေတ် ၇-တန်း၊ မမလေးက ၄-တန်းနဲ့ ရပ်ခဲ့တာ...။ စစ်ပြီးတော့ မမကြီးက အိမ်ထောင်ကျ မမလေးက ဒုက္ခိတဖြစ်..။
ကျမတို့ခေတ်မှာ ကျောင်းပညာ ပွင့်လန်းခဲ့သလို၊ စာပေနဲ့ အနုပညာနယ်ပယ်ကလည်း စိမ်းလန်းစိုပြေ လှပါတယ်..။ စစ်ကြီးအတွင်း၊ စာပေထုတ်လုပ်ရေးရပ်ဆိုင်းခဲ့လို့ စစ်ပြီးတဲ့အခါ အတိုးချ ထုတ်ဝေကြလို့ ဖတ်စရာ များလှပါတယ်..။ ဗဟုသုတရပါတယ်..။ ဒါ့ပြင် စစ်ကြီးကြောင့် ကမ္ဘာ့နိုင်ငံရေးဝါဒ အပြောင်းအလဲ၊ တစ်နည်းပြောရရင် ၀ါဒပြိုင်ပွဲကလည်း တွင်ကျယ်လာတယ်..။ ၀ါဒတိုက်ပွဲသံ ဆူညံလာတယ်...။ ကျမဆိုရင် ၀ါဒသဘောတရား ဘာမှနားမလည်ပဲနဲ့ကို ရန်ကုန်တက္ကသိုလ် အနှစ်လေးဆယ်ပြည့် ကျောင်းသားပွဲတော်မှာ “ငြိမ်းချမ်းရေးဂျိုးဖြူယိမ်း” မှာပါဝင်ကပြခဲ့ရပါတယ်..။ “ စစ်ကိုမလိုပါ စစ်ကိုမလိုပါ ငြိမ်းချမ်းရေး ငြိမ်းချမ်းရေး ငြိမ်းချမ်းရေးကိုသာ ပေးကြပါ” ဆိုတဲ့ စစ်ဆန့်ကျင်ရေးသီချင်းကို အဆောင် ကော်ရစ်တာတွေမှာ ကျမတို့တတွေ အာပေါင်အာရင်း သန်သန်နဲ့ ဆိုခဲ့ကြတာပေါ့...။
စီးပွားရေးအနေနဲ့ ကျမတို့ အပူအပင် မရှိခဲ့ကြဘူးလို့ ဆိုရပါမယ်...။ ကျမဆိုရင် ကချင်ပြည်နယ် ပညာရေးဌာနက ပညာတော်သင် စေလွှတ်ခံရတာပါ..။ အလယ်တန်းဆရာမ လစာတစ်ဝက်နဲ့ ရှားပါးစရိတ် စုစုပေါင်း၁၃၇/- ရပါတယ်..။ ၃၇ကျပ်ကို အိမ်မှာကျန်ခဲ့တဲ့ မောင်နှမတွေ စားဖို့ပေးပြီးကျန်၁၀၀နဲ့ကျောင်းတက် ခဲ့တာလေ..။ ကျောင်းလခ ၁၅ကျပ် အဆောင်းကြေး၅၀ပေးပြီးရင် ကျန်တဲ့ ၃၅ဟာ ရက်ပေါင်း ၃၀ မုန့်ဘိုး လောက်တဲ့အပြင် မက်စ်ဖက်တာ နှုတ်ခမ်းနီတောင့်၊ အီးဗနင်းအင်ပဲရစ် ရေမွှေး၊ တူတယ်လုံချည်ဆိုတာတွေ ၀ယ်နိုင်သေးတယ်..။
အဆောင်က မနက်ထမင်း၊ ညထမင်းအပြင် စောစောမှာ ကော်ဖီနဲ့ပေါင်မုန့်ထောပတ်သုတ်၊ နေ့ခင်းမှာ ကော်ဖီနဲ့ အုန်းသီးမုန့်လိုဟာမျိုး ကျွေးတယ်...။ အပြင်မှာ မုန့်ဟင်းခါးဝယ်စားချင်ရင် အကြော်နဲ့မှ တစ်မတ်။
Social နဲ့ပတ်သက်ပြီး ပြောရရင် အမေတို့ထက် အများကြီး လွတ်လပ်သွားပြီ ။ ယောကျာင်္းလေးတွေ အိမ်လာလည်နိုင်တယ်...။ စာပေးစာယူလုပ်ကြတယ်။ အမေတို့တုန်းကလို ကြီးပြင်မှာ အပေါက်ဖောက်စရာ မလိုတော့ဘူး။ အဲ ညဘက်မိန်းကလေးအိမ်နား၊ အဆောင်နား သီချင်းလာဆိုတဲ့ကိစ္စလေးတော့ ရှိသေးတယ်..။ ကျမက အဲဒီဓလေ့ကို သိပ်လွမ်းတာ...။ ကျမကသီချင်းကြိုက်တာကိုး...။
ကျမတို့ခေတ်မှာအားနွဲ့သူမဟုတ်ကြတော့ဘူး..။ “အမျိုးသားများနဲ့ ရင်ဘောင်တန်း နိုင်ရမယ်..”ဆိုတဲ့ ကြွေးကြော်သံ တွေ မြည်ဟိန်းနေခဲတယ်...။ အမျိုးသမီးများသည် အမျိုးသားများထက်ဘာညာ စတဲ့ခေါင်းစဉ်တွေဟာ ခေတ်အစားဆုံး စကားရည်လုပွဲခေါင်းစဉ်တွေ ဖြစ်ခဲ့တယ်...။ တိုင်းပြည်ရဲ့ ဘယ်တက္ကသိုလ်၊ ဘယ်မျက်နှာစာမှာပဲကြည့်ကြည့် အမျိုသမီးတွေရှိနေခဲ့ပြီ...။ ဗိုလ်ကြီးမလှသန်းစတဲ့ ဗိုလ်ကြီးတွေရဲ့နာမည်ဆိုရင် ခုထိကျမ မှတ်မိနေတာပဲကြည့်ပါတော့...။ ထို့အတူ ဒေါက်တာ ခင်လေးကြီး၊ ဒေါက်တာ မြမြ စတဲ့ ဆရာဝန်မကြီးများအမည်၊ လှံတန်မခင်ဌေး၊ သံလုံးပစ်.....ဆိုတဲ့နာမည်တွေ၊ စာပေနဲ့ဂီတမှာ ဆိုရင် အားကျဖွယ် အစ်မကြီးတွေ အများကြီပေါ်လာတာမို့ ကျမတို့ တစ်ခေတ်ဟာဖြင့် မဟာမျှော်လင့်ချက်များ ( Great Expectations ) ခေတ်လို့တောင် ကြွေးကြော်လိုက်ချင်စမ်းပါရဲ့...။
၃။ ခေတ်သစ်(ယနေ့ထိ)
၁၉၆၀ မှ ယနေ့အထိကိုတော့ Modern Age လို့ခေါ်ရမှာပါ။ ဒီခေတ် အမျိုးသမီးများဘ၀က ကျမတို့ စစ်ပြီး လွတ်လပ်ရေးခေတ်ရဲ့ အမွေတွေကို အသားဆက်ပြီး ပွားသွားရုံပဲလို့ အလွယ်တကူပြောနိုင်ပေမယ့် တကယ်မှာတော့ ရုန်းကန်ရပုံက ဒီခေတ်က ပိုပြီးပင်ပန်းပါတယ်...။
ဘာကြောင့်လဲ။ ဒီမေးခွန်းအတွက် အဖြေတွေက ရေတွက်လို့မကုန်အောင်ပါပဲ၊
ဒီခေတ်မှာ ကမ္ဘာ့တံခါးကြီးတွေ အသီးသီး ပွင့်သွားပြီ။ ရေဒီယိုနဲ့ ရုပ်မြင်သံကြားအပြင် နတ်အတတ် သကြားအတတ်လို့များတောင် ပြောကြရမယ့် မီဒီယာအမျိုးမျိုး၊ အီလက်ထရောနစ်စနစ်အမျိုးမျိုးတို့ကြောင့် ဘာကိုမှ တားဆီးဖုံးကွယ် လို့မရနိုင်တော့ပါဘူး...။ အားလုံးဟာ တစ်ပြင်တည်းဖြစ်သွားပြီ။
ဒီအခြေနေမှာ မိန်းမတွေလည်း တစ်ပြေးညီ ပြောင်းလဲကြရတာပါပဲ။ သိသိသာသာပြောင်းလဲသွားတာက ကျမတို့ လွမ်းတလေ့ရှိတဲ့ မိန်းကလေးအိမ်နား ညဘက် သီးချင်းလာဆိုတဲ့ဓလေ့မရှိတော့ခြင်းပါပဲ..။ မိမိကြမ်းပြင် အပေါက်ဖောက်တဲ့ဟာကတော့ ပုံပြင်ပေါ့နော်...။ ခလုပ်လေး၆လုံး(သို့) ၉လုံးနှိပ်လိုက်ရုံနဲ့ နားထဲမှာ “ဟဲလို အချစ်လား” ဆိုတဲ့ အသံကိုကြားနိုင်ပြီလေ..။ ဘယ့်နှယ့်ဟာကြောင့် ပင်ပင်ပန်းပန်း မယ်ဒလင်ထမ်းပြီး အချမ်းခံ၊ အိပ်ရေးပျက်ခံနေရမှာတုန်း..။ သီချင်းနားထောင်စေချင်လား၊ လွယ်မှလွယ်၊ VCD ဆိုတဲ့ဟာလေးကို မူရင် သန့်သန့်လေးပေးချင်၇င် ၁၅၀၀/- လောက်အကုန်ခံ ( လက်ဘက်ရည်၁၅ခွက်စာထဲပါ)။ သိပ်အကုန်မခံနိုငရင် လေးငါးရာနဲ့ ကူးခွေလေးဝယ်ပေးလိုက်ရင် ရတာပဲ။
တစ်ခုတော့ ၀မ်းနည်းစရာရှိတယ်။ အဲဒါကတော့ လူဦးရေ မမျှတတဲ့ကိစ္စပါ။ စာရေးဆရာ လူရွှင်တော်တွေ စင်မြင့်ပေါ်က ပြောဖူးသလို၊ ခုခေတ်မှာ မိန်းကလေးတွေ အမွေးများနေတယ်ဆိုတာပါ။ ဒါဘာဝမ်းနည်းစရာရှိလဲ။ သိပ်ရှိတာပေါ့။ ရှာတဲ့ပစ္စည်းဟာ တန်ဖိုးများတယ်လေ..။ ကျမတို့ခေတ်က ဟိုက်စကူးမှာ အတန်းထဲ လူ ၃၀ ရှိရင် မိန်းကလေး ၅ ယောက်ထဲရယ်...။ အဲဒီ ၅ ယောက်ကို ကျန်၂၅ ယောက်က ၀ိုင်းကြည့်ကြရတာကိုး...။ ( ဒါကြောင့် ထင်ပါရဲ့ ကျမဖြင့် ရုပ်လည်းမလှဘဲနဲ့ အမြဲလိုလိုပိုးပန်းတဲ့လူ ရှိနေခဲ့တယ်..) ။
အခုခေတ်ကလေးမလေးတွေ ပြောင်းပြန်ဖြစ်သွားပြီ။ မိန်းကလေးက ၂၅၊ ယောကျာင်္းလေးက ၅၊ ကောလိပ်တွေမှာကြည့်၊ တအားသိသာတယ်..။ ဒီတော့ ချစ်ရေးချစ်ရာမှာ ယောင်္ကျားလေးတွေက အလိုလို အသာစီးရမနေပေဘူးလား...။ သူတို့မှာ နဂိုကမှ ရွေးချယ်ခွင့်ပါမစ် လက်ကိုင်ရှိပြီးတဲ့အပြင်... ရွေးစရာတွေကများမှများဆိုတော့... ကျမတူမလေးတွေ သိပ်သနားဖို့ကောင်းနေပြီ..။
ဒီစကားကို ကျမလက်လွတ်စပယ်ပြောခြင်းမဟုတ်ပါဘူး...။ ကျမဟာ ၁၉၉၇ ခုကစပြီး ယနေ့တိုင် “သရဖူ” မဂ္ဂဇင်းမှာ အချစ်ရေး ၊ အိမ်ထောင်ရေးပြသနာများကို ဖျောင်းဖျ ဖြေကြားသူအဖြစ် လုပ်နေတာပါ၊ လာသမျှ စာတွေထဲမှာ မိန်းကလေးများပြီး ပြသနာတွေကလည်း အချစ်ရေးတွေ ပိုများပါတယ်၊ ကျမကတော့ ဒါဟာ မိန်းမဦးရေ ပိုနေလို့ လို့ကောက်ချက်ဆွဲတယ်။ ကျမမှားကောင်းမှားနိုင်တယ်...။
အချစ်ရေးအပြင် အိမ်ထောင်ရေးမှာကောတဲ့....။
ပိုတောင် ၀မ်းနည်းစရာကောင်းသေးတယ်။ ယောင်္ကျား အများစုဟာ သူတို့အိမ်ထောင်ဖက်ကို “ကွာရှင်းခြင်း” မပြုကြတော့ပါဘူး...။ ဒါနဲ့ပဲ အိမ်ကမိန်းမကို အရမ်းသစ္စာရှိကြတယ်လို့ ထင်ရင် ရာနှုန်းပြည့်မမှန်နိုင်ဘူး...။ ဒါဟာ သူတို့ရဲ့ “ဂုဏ်သိက္ခာ” အတွက်ပါ။ အမှန်က ကွာရှင်းစရာလည်း မလိုဘူးလေ၊ အိမ်ကမယားကြီးကို မကွာဘဲနဲ့ အပြင်မှာ သီးသန့်ကိစ္စကို ပုံစံအမျိုးမျိုးနဲ့ ရယူနိုင်ကြလို့ပဲ..။ ဒါ အားလုံးသိကြပါတယ်...။
ကျမသာ Law Maker ဥပဒေပြုသူဖြစ်ရင် အဲဒီကိစ္စကို တင်ပြမှာပဲ၊ ဘယ့်နှယ် ယောကျားင်္တွေကျတော့ မိန်းမကိုမကွာဘဲ နောက်ထပ် ကြိုက်သလောက်ယူနိုင်တယ်..။ ရုံးတင်ရင် မယားစရိတ်ပေးရုံသာ။ မိန်းမတွေကျတော့ မိမိခင်ပွန်း အပြင် နောက်ပိုင်းမှာသာယာမိရင် ဒါ “ဖေါက်ပြန်မှု” ဆိုပဲ။ အဲဒီ ဒုတိယလူကို ပြစ်ဒဏ်ပေးနိုင်သတဲ့..။ သူကပဲ မကျေမနပ်ရင်ဖြစ်စေ၊ ကိုယ်ကပဲ လမ်းခွဲချင်ရင်ဖြစ်စေ တရားဝင်ပြုလုပ်ပြီးမှ လူသစ်ကို နေရာပေးခြင်းသာလျှင် တရားမျှတတယ်လို့ ကျမယုံကြည်တယ်..။
မိန်းကလေးတွေဘက်ကတော့ ဒီလိုတောင်းဆိုဖို့၊ တင်းခံဖို့ မတွေးနိုင်ကြပါဘူး..။ တိုက်ခန်းလေး တစ်ခန်းငှားပေးရင်ပဲ ဟုတ်လှပြီတဲ့...။ တက္ကစီစီးနိုင်ရင်ကို ခေါင်းမော့နေလေရော၊ လျှော့ဈေးတွေချည်းပဲ..။ ယနေ့ အိမ်ထောင်ရေး၊ အချစ်ရေးနဲ့ပတ်သက်လို့ သရဖူက အမေးအဖြေကဏ္ဍတစ်ခုတည်းနဲ့ကို စိတ်အားငယ်စရာ ကောင်းလှပါပြီ။ ဒီနေ့ကစပြီး နေ့စဉ် မွေးခန်းတွေမှာ ယောကျားင်္လေးတွေ ပိုများပါစေလို့ ဆုတောင်းရ ကောင်းလေမလား...။
ဒါပေမယ့် ပြောစရာရှိပါသေးတယ်...။ အဲဒါက ဒီနေ့ မိန်းမအတော်များများဟာ အိမ်ထောင်မပြုကြတော့ဘူး ဆိုတာပါပဲ...။ ဒါဟာ ကျမတို့မြန်မာနိုင်ငံတင် မဟုတ်ဘူး..။ ကမ္ဘာမှာလည်း ဒီအတိုင်းပဲ။ ဖြစ်ပုံက ဒုတိယကမ္ဘာစစ်အပြီး မိန်းကလေးတွေ ပညာသင်လာကြတယ်..။ ပညာတတ်တွေ ဖြစ်လာကြတယ်.။ အလုပ်အကိုင် အခွင့်အလမ်းတွေ များလာကြတယ်...။ ဒီအခါ မိန်းမတွေဟာ အသက် ၃၀ ကျော်အထိ အဲဒီပညာ၊ အလုပ်၊ စီးပွားရေး ဆိုတဲ့ နယ်ပယ်မှာပဲ ခေါင်းမဖော်တမ်းကြိုးစားရင် အချစ်ကိစ္စကို နေရာမပေးနိုင်ဖြစ်ခဲ့တယ်..။ အိမ်ထောင်ပြုမှထင်ပါရဲ့လို့ဘေးဘီကို လှည့်ကြည့်တော့ တွေ့ရတဲ့ ပုရိသယောင်္ကျားများက ကိုယ့်လောက်မတော်ဘူး ဖြစ်နေပါလေရော...။ ကိုယ့်ထက်ညံတဲ့ ယောင်္ကျားကို ဘယ်မိန်းမကမှ လက်မထပ် ချင်ကြပါဘူး...။ ( ကျမစကားပြောရိုင်းသွားရင် ခွင့်လွှတ်ကြပါ )
ဥပမာ ဒေါ်ခင်မျိုးချစ်၊ လူထုဒေါ်အမာ၊ ဒေါ်ဂျာနယ်ကျော်မမလေး တို့ဟာ သူတို့ခင်ပွန်းများက သူတို့ထက်တော်တယ်လို့ ဆုံးဖြတ်ကြတယ်...။ တော်လည်း တော်ကြပါတယ်။ ဒေါ်အမာ ဆိုရင် ရနံ့သစ်ထဲမှာ “ ငယ်ကကျွမ်းတဲ့ ခင်ပွန်းသည်သို့” ဆိုတဲ့ စီးရီးစ်ကိုရေးနေတာ မကုန်နိုင်ရှာဘူး...။ ဒေါ်ဂျာနယ်ကျော်မမလေး က “ သူလိုလူ ” ဆိုပြီး ဦးချစ်မောင်ကို တသခဲ့တယ်..။ ဒေါ်ခင်မျိုးချစ်ကတော့ စကားနဲ့ မှတ်တမ်းတင်တာ...။ မှတ်သားစရာပဲ...။ “ ငါ့ဘ၀မှာ ငါဟာ အမှန်တစ်ခုထဲပဲ လုပ်ခဲ့တယ်ဆိုရင် အဲဒါဟာ ကိုလတ်ကို လက်ထပ်ခဲ့ခြင်းပဲ” တဲ့...။ နမူနာကောင်းများပြပြီးတဲ့အခါ... နမူနာဆိုးတစ်ခုလည်း ပြဦးမှ တရားမယ်ထင်တယ်...။ ဒေါ်ဒဂုန်ခင်ခင်လေးရဲ့ “ နှစ်ပေါင်း ၆၀ ” ထဲမှာ သူ့ခင်ပွန်း ဗမာ့ဦးအုန်းခင်ကို ဘာကြောင့် စွန့်ပစ်ရကြောင်း ရှင်းပြထားတာမှာ အဓိကကတော့ သူ့ခင်ပွန်း သူ့လောက်မတော်လို့ပါပဲ..။ အစစအရာရာ မှာပေါ့လေ...။
ဒီခေတ် မိန်းကလေးများရဲ့ဘ၀မှာ ရုန်းကန်မှုပိုပင်ပန်းတယ်ဆိုတာ အိမ်ထောင်ရေးမှာ ယောင်္ကျားက တော်တည့်မှန်ကန်တယ်ပဲထား၊ စစ်ကြိုခေတ်က လက်သုံးဝါဒဖြစ်တဲ့ “ မိန်းမဟာ မီးဖိုချောင်မှာ” ဆိုတဲ့ ဟာကြီးက ရှိဆဲပဲ။ ဒါ ဘယ်လိုမှ ပစ်ချလို့မရဘူး..။ အိမ်ဖော်ငှားချင်ရင် အနည်းဆုံးတစ်သောင်းအကုန်ခံရတယ်..။ ယုံကြည်စိတ်ချလို့လည်း မရဘူး..။ ဒီအခါ မိန်းမတွေဟာ အပြင် အလုပ်လည်းလုပ်ရ၊ အိမ်မှုကိစ္စလည်း ရှောင်မရ “ ရေအိုးနှစ်လုံးရွက်ရသလို” ဖြစ်ကြရတယ်...။
မိန်းမတွေ စိတ်ညစ်ရပြီ၊ ညည်းညူကြပြီ၊ အအိုမြန်ပြီ၊ အအိုမြန်တော့ ကိုကိုက အနားကပ်မခံချင်တော့ဘူး..။ အထူးနှုန်းလျော့ဈေးတွေလာလည်း ဖိတ်ခေါ်နေ၊ တကယ်တမ်းစမ်းသပ်တဲ့ ကိရိယာရှိရင် အိမ်ထောင်ရေးသာယာမှု ဒီဂရီကတော့ အမေတို့ခေတ် အမြင့်ဆုံးပဲလို့ ကျမ ယုံကြည်ပါတယ်..။
အလွန်တရာ နားလည်ပေးတဲ့ ခင်ပွန်းများလည်း ၁%ခန့်ရှိမယ်ထင်ရဲ့။ ငွေရှာတဲ့ အလုပ်အပြင် ကလေးထိန်းပေးတာ၊ ဈေးသွားပေးတာ၊ ဟင်းချက်ပေးတာ၊ အ၀တ်လျှော်ပေးတာ၊ မိန်းမကို ဇက်ကြောလျှော့ပေးတာ၊ အဲသလို ခင်ပွန်းမျိုးရသူ မိန်းကလေးများ သိန်း ၃၀၀ ထီးထိုးသင့်ပါကြောင်း အကြံပေးလိုပါတယ်..။
ဒါတွေကလွဲလို့ တခြားမျက်နှာစာတွေမှာတော့ ကျမတူမများ အခွင့်အရေးတန်းတူရပြီး ကွန်ပျူတာခုံမှာ ထိုင်၊ အင်တာနက်ထဲက ၀က်ဆိုက်မှာရှာဖွေ၊ သိန်း ၅၀ တန် စိန်နားကပ် တစ်ဖျစ်ဖျစ်နဲ့ နေထိုင်သူများ အများကြီးရှိနေပါကြောင်း အတိုချုံး တင်ပြလိုက်ပါတယ်...။

Saturday, 14 March 2009

မိုးငွေ့ နှင့်သူ၏ခရေဇီများ.......

ကျမရဲ့ ခရေဇီတွေကိုပြောရမယ် ဆိုရင်တော့ ဟိုးငယ်ငယ် ကလေးဘ၀ကနေ စရလိမ့်မယ်...။ ခရေဇီတွေဆိုတော့ ၀မ်းတွင်းမွေးရာပါ ၀ါသနာပဲပေါ့...။ကျမက စာပေ၊ရုပ်ရှင်၊ ဂီတအပြင်... ဖက်ရှင်ဘက်မှာလဲ စိတ်အား ထက်သန်ပါသေးရဲ့..။ ကျမ ၇နှစ် ၈နှစ်သမီးအရွယ်ကဆိုရင် အိမ်မှာ အဒေါ်တွေရဲ့ ကြိုးသိုင်းဒေါက်ဖိနပ်တွေကို ယူယူစီးပြီးဆော့တတ်တယ်...။ ( ကျမရဲ့ဇာတိက တာချီလိတ်မြို့နဲ့ မိုင်၃၀အကွာမှာရှိတဲ့ တာလေဆိုတဲ့မြို့လေးပါ..။ နယ်စပ်မြို့ဆိုတော့ ထွက်သမျှပစ္စည်းတွေကို အလွယ်တကူ ၀ယ်ယူနိုင်တယ်လေ )...အဲဒီခေတ်ကအ၀တ်အစားတွေ ဖန်စီပစ္စည်းတွေက ခုခေတ်စားနေတာတွေနဲ့ဘာမှမကွာဘူး...။ အသားကပ်ခြေအိတ်ဝတ်တာ ကအစပေါ့...။ အ၀တ်အစားမှာ ဘာကိုခရေစီအဖြစ်ဆုံးလဲမမေးကြနဲ့ ကျမကခေါင်းကအစ ခြေထောက်အဆုံး အားလုံးကို ကြိုက်တာ...။ အ၀တ်အစား၊ လက်ကိုင်အိတ်၊ ဖိနပ်၊ ပုဝါ၊ ဆွဲကြိုး၊နားကပ် အကုန်အကုန်ပါပဲ..။
၈တန်းကျောင်းသူ ဘ၀မှာတော့ ကျမကရန်ကုန်ရောက်နေပြီ..။ အဲဒီချိန်ကျမရဲ့ ခရေဇီကတော့ လက်ရေးစုတာပဲ...။ လက်ရေးလှတဲ့သူငယ်ချင်းတွေဆီကနေ အမှတ်တရတွေရေးခိုင်းရတာပေါ့...။ အဲဒီစာအုပ်ကလေး ကျမမှာခုထိရှိတုန်းပဲ...။ တက္ကသိုလ်ရောက်တော့ စာရေးစက္ကူတွေကို စုတာဘက်ရောက်သွားတယ်...။ ကျမတို့ ဒုတိယနှစ် ကျောင်းပိတ်တော့ သူငယ်ချင်းတွေစုပြီး မန္တလေး ဘူတာကြီးနားမှာ ဖက်ရှင်ဆိုင် တစ်ဆိုင်ဖွင့်ဖြစ်တယ်...။ လမ်းတော့ မမှတ်မိတော့ဘူး..။ ကြည်ပြာနဲ့ ဂင်ဇာဆိုတဲ့ စတိုးဆိုင်တွေမှာ ကိုးရီးယားက လာတဲ့ writing pad ခပ်ဆန်းဆန်းလေးတွေကို ၀ယ်စုတယ်...။ ဟိုတလောကမှ ကျမအခန်းရှင်းလို့  ညီမတစ်ယောက်ကို အကုန်ပေးလိုက်တယ်..။ ဒီခေတ်ကစာရေးတဲ့ ခေတ်မဟုတ်တော့ ပေမယ်. ရုပ်ပုံလှလှခပ်ဆန်းဆန်းနဲ့ စာရေးစက္ကူတွေကို ညီမလေးကလဲ နှစ်သက်ပုံရတယ် ၀မ်းသာအားရနဲ့ ယူသွားတယ်...။
မန္တလေးရောက်တုန်းတလက်စတည်း ကျမရေဇီဖြစ်တဲ့ မန္တလေးက အစားအစာအကြောင်း ပြောရဦးမယ်...။ ကျမ မင်းသီဟက မုန့်တီနဲ့ ဗထူးကွင်းနားက မြီးရှည်ကိုသိပ်ကြိုက်တယ်...။ အကင်တွေအရမ်း hot ဖြစ်နေပေမယ့် ကျမက ရိုးရာအစားအစာကို ပိုကြိုက်တယ်....။ ရှမ်းပြည်မှာမွေးတော့ ရှမ်းစာက ဘာပြောစရာလိုမလဲ...ကျမရဲ့ခရေဇီတွေပဲပေါ့...။ ခုတော့လဲ မနိုင်းနိုင်းစနေဘလောက်ထဲက ရှမ်းစာတွေကိုပဲ သရေယိုနေရတော့တာပေါ့...။ ရန်ကုန်မှာလဲ ရနိုင်တယ်ဆိုပေမယ့်..တကယ်တမ်း ရှမ်းပြည်မှာ စားရတာ လောက်တော့ မကောင်းတာအမှန်ပဲ...။ တလောက ကျမတို့ အိမ်နားက လားရှိုးဆိုတဲ့ ရှမ်းဆိုင်မှာ ညီမတစ်ယောက်နဲ့ မနက်စာသွားစားဖြစ်တယ်...။ လုံးဝစားမကောင်းဘူး....တကယ်...။ အဲဒီလိုကျပြန်တော့ မန်းကိုသတိရသား...။ ၇၃ လမ်းပေါ်က နေရောင်ခြည်ဆိုတဲ့ ဆိုင်က ဂျုံဆီချက်ကိုတောင်အမှတ်ရမိပါရဲ့....။ တစ်ခါတုန်းက မန္တလေးည ဆိုတဲ့ ကိုအငဲရဲ့ သီးချင်းထဲကအတိုင်းပေါ့ ...။ ညဘက် ကျုံးဘေးမှာ ဆိုင်ကယ်စီးရတဲ့ အရသာတို့ ဘာတို့ ပေါ့..။ အဲ ခရေဇီတွေ အကြောင်းပြောရင်းနဲ့  ဘေးချော်ထွက်ကုန်ပြီ...။
စာအုပ်တွေ စဖတ်ဖြစ်တော့ မန္တလေး ၁၂ ကျောင်းစတက်တုန်းကပေါ့ ..။ ခုနှစ်တက်တုန်းကပေါ့ ....။ အဲဒီတုန်းက ဗီဒီယိုခွေတွေ ဘာတွေလဲ သိပ်မရှိတော့ ညနေဆို စာအုပ်ဆိုင်သွား...ကာတွန်းတွေ၊ ရုပ်ပြတွေ ငှားဖတ်တာပေါ့..။ ၀တ္ထုစဖတ်တော့ ဆရာမဂျူးရဲ့ အမှတ်တရ ဆိုတဲ့စာအုပ်ကို အရင်ဆုံးစဖတ်ဖြစ်သွားတယ်...။ ခုထိလဲ ဆရာမရဲ့ ၀တ္ထုတွေကို ထွက်တိုင်းဝယ်စုဖြစ်တယ်...။ ဆရာမရဲ့ အမှတ်တရဆိုတဲ့ ၀တ္ထုက ဝေဖန်ခံရဆုံးဝတ္ထုလေ....။ ကျမခရေဇီအဖြစ်ဆုံးစာအုပ်ထဲမှာပါတာပေါ့...ပြီးတော့ ချစ်သူရေးတဲ့ ကျမရဲ့ညတို့ ၊ ပင်လယ်နှင့်တူသောမိန်းမများတို့ ပေါ့ ..။ မရှိမဖြစ်မိုးဆိုလဲ သိပ်ကောင်းပါတယ်...။ နောက်ပိုင်းထွက်တဲ့ စာအုပ်တွေကတော့ ဘ၀ပိုပြီးဆန်လာတယ်...။ ဆရာဖေမြင့်ရဲ့ စာအုပ် အတော်များများကိုလဲ ၀ယ်ဖတ်ဖြစ်တယ်...။ ဆရာ့ရဲ့ စာဖတ်သူတို့ ရဲ့မှတ်စုတို့ ၊ chicken soup ဆိုတဲ့ ဘာသာပြန်စာအုပ်တွေ ကတော့ကျမရဲ့ ခရေဇီတွေပေါ့ ..။ မဂ္ဂဇင်းထဲမှာဆို အနုပညာမြင်ကွင်းပုံမှန်ဖတ်ဖြစ်တယ်...။
ဂီတဘက်မှာဆို ကျမအရမ်းရူးသွပ်ရတာကတော့ Mariah Carey ပဲ သူ့ သီချင်းတွေဆို အကုန် ကြိုက်တယ်..။ သူ့ ရဲ့ဘုရားပေးတဲ့ အသံကတော့ အံ့မခန်းပါပဲ တကယ်...။ သူ့အသံက ကောင်းလွန်းတော့ Divas စာရင်းဝင်ထဲတောင်ပါတယ်လေ..။ ကျမ အခွင့်ရမယ်ဆိုရင်လေ သူဆိုမယ့် ကမ္ဘာလှည့်ပွဲမှာ လက်မှတ်ဘယ်လောက်ပဲ ဈေးကြီးကြီး တခါလောက် သွားကြည့်ချင်သေးတယ်....။ ကဲ .. အဲဒီလောက်ရူးသွပ်တာလေ..ကျမက..။ မြန်မာအဆိုတော် မှာတော့ ကိုလေးဖြူ၊ ကိုအငဲ၊ တင်ဇာမော်တို့  ကိုကြိုက်တယ်...။ သူတို့ သီချင်းတွေ ဆိုသံဆိုပေါက်တွေက ဘယ်သူနဲ့ မှမတူဘဲ ကွဲထွက်တယ်...။ ပြီးတော့ ဘ၀ဆန်တယ်...။ ခုလောလောဆယ်တော့ ကိုလေးဖြူရဲ့ နောက်ဆုံးထွကတဲ့ BOBထဲက လမင်းနဲ့  စာမျက်နှာ၁၅ ကတော့ ကျမရဲ့ ခရေဇီစာရင်းဝင်ပေါ့....။
ဆက်ရန်ရှိသေးသည်........

Saturday, 7 March 2009

သုညတစ်လုံးရဲ့ ငတ်မွတ်မှု

အလွမ်းတွေ စိမ်းလန်း သောကတွေ ရင့်မှည့်ချိန်မှာ ဒိုင်ယာရီထဲက ဝေါဟာရရုပ်ကြွင်းတွေ တူးဖော်ခဲ့သူ စကြာဝဠာရဲ့တစ်နေရာမှာ ပဲ့တင်ထပ်နေတဲ့ မင်းရဲ့ရယ်သံလွင်လွင်တွေအတွက် ငါ့နှလုံးသားက ထရန်စမစ်တာ တစ်လုံးဖြစ်ခဲ့ အနမ်းဆိုတာ ပါးပြင်ပေါ်မှာပဲ စိုက်ပျိုးလို့ ရသတဲ့ ငါ့ရဲ့ အနမ်းတွေကတော့ အပေါစား အရက်တွေထဲမှာပဲ စိုက်ပျိုးခွင့်ရခဲ့တယ်......။ ။ သာဂဒိုး(တောင်ကြီး)

ဆည်းဆာရစ်သမ်

ခရမ်းရောင်လွင်ပြင် ကြည်ရှရှ လေပြေထဲ ကောင်မလေးရေ မင်းရဲ့ ကိုယ်သင်းရနံ့ တွေတွဲခို.... ဆည်းဆာရောင်နဲ့  လိမ်းခြယ်ထားတဲ့ မင်းရဲ့ပါးပြင်တစ်စုံ ပန်းရောင်စုံတွေ ဆွံအသွားတဲ့အထိ "........"လှတယ်.... ကြည်ပြာရောင်နောက်ခံနဲ့  ဆည်းဆာကြယ်တွေ မင်းမျက်ဝန်းထဲ တစစီ..တစစီ လွှင့်ကွဲ ကောင်မလေးရေ... ဆည်းဆာလွန်တဲ့အခါ မင်းရဲ့ ဆံနွယ်လေးတွေက ငါ့အိမ်မက်ရဲ့ ရေသောက်မြစ်တွေဖြစ်လိမ့်မယ်....။ ။ သာဂဒိုး( တောင်ကြီး )