Thursday, 7 November 2019

ဖေဖေ.....



အဲဒီနေ့က ကျွန်မတို့ရွာတိုက်နယ်ဆေးရုံဝင်းထဲမှာနေတဲ့ ဒေါ်နန်းခမ်းအင်တို့အိမ်မှာ ဝိန်းလန်းရွာက ဆေးလာကုတဲ့ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ယောက် ရောက်နေတယ်ကြားလို့ ကျွန်မတို့ ကလေးတွေ တစ်သိုက်စပ်စုပြီးသွားကြည့်ကြတယ်...။ ဝိန်းလန်းရွာကဆိုတော့ လိရှမ်းလူမျိုးတွေဖြစ်တဲ့အလျောက် ရှမ်းမလေးတွေက သိပ်လှကြတယ်လို့ လူကြီးတွေပြေတာကြားဖူးတယ်...။ အဲဒီရွာက လမုန်းအကမယ်တွေများတယ်တဲ့...။ ပြီးတော့ သူတို့အသားအရေက တခြားရှမ်းမလေးတွေလို ဖြူပြီးပန်းရောင်သန်းနေတာမျိုးမဟုတ်ဘဲ  အသားကဝင်းမွတ်ပြီး ဝါဝါကလေးနဲ့ဖြူကြတယ်...။ အဲဒီမှာ တာဝန်ကျတဲ့ စစ်ဗိုလ်တွေဆိုတာ မကြိုက်ဘဲမရှိကြဘူးတဲ့...။

ဆေးလာကုတဲ့ အမျိုးသမီးလေးက အသက် နှစ်ဆယ်ကျော်ကျော်ဘဲရှိဦးမယ်...။ ဒေါ်နန်းခမ်းအင်ဆိုတာ ဆေးရုံအကူလည်းလုပ်သလို သူ့အိမ်မှာ နတ်ရုပ်ပေါင်းစုံလဲ ကိုးကွယ်ထားတဲ့ နတ်ဝင်သည်လည်းဖြစ်တယ်...။ ဒီတော့ ဘယ်သူညွှန်းလိုက်လို့လည်းမသိဘူး  စိတ်ဝေဒနာရှင်အမျိုးသမီးလေးကို သူတို့က အပမှီတယ်ဆိုပြီး လာကုပုံရပါတယ်...။ ကျွန်မတို့ကလေးတွေ သွားကြည့်ကြတဲ့အချိန်မှာ ဒေါ်နန်းခမ်းအင်က ပဲတောင့်ရှည့်ကြော်နဲ့ ထမင်းကျွေးနေတာတွေ့ရတယ်...။  အမျိုးသမီးလေးကလည်း အေးအေးဆေးဆေးပဲ ထမင်းစားနေပါတယ်...။ စိတ်ဝေဒနာသည်ဆိုပေမယ့် မသိသာဘူး သာမန်လူပုံစံအတိုင်းလေးပါပဲ...။

အဲလိုဘာမှမဟုတ်သွားစပ်စုပြီးကြည့်လိုက်တာ ညနေတော်တော်မိုးချုပ်မှ အိမ်ပြန်နောက်ကျလို့ ဖေဖေနဲ့ရိုက်တာခံရတယ်...။ ဖေဖေက ကျွန်မကို သိပ်ချစ်တာ ခုလိုတခါမှတောင်ရိုက်ဖူးတာမဟုတ်ဘူး...။ ဆူတာလောက်ပဲရှိခဲ့တာ..။ အဲဒီနေ့ ဖေဖေ မေမေနဲ့ရန်ဖြစ်ကြလို့ ကျွန်မကိုမဲလိုက်တာဖြစ်နိုင်တယ်...။ မေမေကျွန်မကိုမွေးပြီး ခြောက်နှစ်လောက်ကျမှ မောင်လေးကိုမွေးတောဆိုတော့ ကျွန်မက ခြောက်နှစ်လောက် တစ်ဦးတည်းသောသမီးဖြစ်ခဲ့တာပေါ့....။

ကျွန်မအရွယ်ရောက်စ မှတ်မသလောက်တော့ ဖေဖေနဲ့မေမေက တကျက်ကျက်ပဲ...။ ဖေဖေက ကျွန်မနှစ်နှစ်သမီးအထိ မော်လမြိုင်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်...။ စစ်ထဲကထွက်ရတဲ့အကြောင်းရင်းက ဖိုးဖိုးပြန်ခေါ်လို့ပါပဲ...။ မိသားစုနဲ့ ဟိုးအဝေးမှာ သွားမနေရအောင်တဲ့...။ ဖိုးဖိုးက သူ့သမက် ဖေဖေ့ကို အိမ်မှာပဲ စီးပွားရေးလုပ်စေချင်ခဲ့တာ..။ ဖေဖေကလဲ စစ်ထဲကထွက်ပြီး စစ်မှုထမ်းဟောင်းအရက်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့တယ်...။ အရက်ဆိုင်မှာလုပ်တော့ အသောက်အစားမကင်းတော့ဘူးလေ...။ အဲဒါကြောင့်မေမေနဲ့မကြာခဏရန်ဖြစ်ကြတာ...။ ပြီးတော့ဖေဖေဟာ အပေါင်းအသင်းမှားခဲ့လို့ အသက်ဆုံးတဲ့အထိ အပြောင်းအလဲတွေများခဲ့တယ်...။

ဖေဖေ့ကို ကျွန်မသိပ်ချစ်တယ်...။ အဲဒီစကားကို ဖေဖေအသက်ရှင်စဉ်က ကျွန်မပြောခဲ့ဖူးသလား ကျွန်မမမှတ်မိတော့ဘူး...။ ဖေဖေဆုံးတော့ ကျွန်မအသက် ဆယ့်နှစ်နှစ်...။  ကျွန်မပေါက်စနလေးကတည်းက ဖွားဖွားတို့က ကျွန်မနှာအမြဲစေးတတ်လို့ ခေါင်းကိုအုန်းဆီလိမ်းပေးတာ ဖေဖေကမကြိုက်ဘူးတဲ့...။ ကလေးခေါင်းနံကုန်မယ်ဆိုပြီး ပေးမလိမ်းဘူး..။ ကျွန်မနာမှာစိုးလို့ဆိုပြီး ကလေးတုန်းက နားပေါက်မဖောက်ပေးခဲ့လို့ ခုထိ ကျွန်မနားပေါက်မရှိဘူး...။ ဖေဖေက သူ့သမီးလေးကိုချစ်တော့ နာမှာစိုးခဲ့တာလေ...။ ဖေဖေဟာ အလုပ်လုပ်တာလဲတော်သလို ဟင်းချက်လည်းသိပ်ကောင်းတယ်...။ ကျွန်မအဒေါ်တွေဆို ဖေဖေချက်တဲ့ ခရမ်းသီးနှပ်ကို သိပ်ကြိုက်ကြလို့ ချက်နည်းတောင်သင်ထားကြတာ....။ ဒီနေ့ထိအဒေါ်တွေက ခရမ်းသီးနှပ်ချက်တိုင်း သူတို့ခဲအိုကို သတိတရနဲ့ပြောတုန်း...။ ဖေဖေ ကချင်(၅)တပ်မှာနေတုန်းကဆို တပ်ကရတဲ့ ကုလားမခြင်းဆွဲနို့ဆီကို နို့ဆီကြော်လုပ်ကျွေးတာ သိပ်ကောင်းတယ်ပဲ...။ နို့ဆီတွေက မလိုင်လုံးတွေလိုဖြစ်သွားပြီး စားလိုက်ရင်ချိုဆိမ့်နေရော...။

ကျွန်မတို့ အ လ က ကျောင်းဝင်းထဲမှာ ပွဲလုပ်တုန်းကဆိုဖေဖေက သူဝယ်ထားတဲ့ ဂက်စ်အိုးထဲကိုသွပ်စတွေညှပ်ထည့်ပြီး မိုးပျံပူဖေါင်းလုပ်ပေးတယ်...။ ကျွန်မက ဖေဖေ ဂက်စ်ဖြည့်လို့ရလာတဲ့ မိုးပျံပူဖေါင်းတွေကို ချည်ကြိုးလေးနဲ့ချီပြီး စုကိုင်ထားတယ်....။ အလုံးနှစ်ဆယ် သုံးဆယ်လောက်ရရင် ပွဲထဲသွားရောင်းတယ်...။ ပျော်စရာကြီး အဲတုန်းက...။ နောက်တော့ ဖေဖေက တာချီလိတ်မြို့က ရဲဘော်ဟောင်းအရက်ဆိုင်ကိုပြောင်းရတော့  မေမေနဲ့တကျက်ကျက်ဖြစ်တာ ပိုဆိုးလာခဲ့တယ်...။ ဖေဖေနဲ့မေမေကွဲတော့ ကျွန်မအသက် ရှစ်နှစ်ကိုးနှစ်ရှိဦးမယ်...။  ဖေဖေက သူ့အစ်ကိုရှိတဲ့ ကျောက်ဆည်မှာ ကုန်ကားသွားမောင်းတယ်...။ ဖေဖေနဲ့ကွဲသွားလို့ ကျွန်မတို့မောင်နှမတွေက အဖိုးအဖွား ဦးလေးအဒေါ်တွေနဲ့အတူနေရတော့ ဖေဖေ့ကို သတိရကောင်းမှန်း လွမ်းရကောင်းမှန်းလည်းမသိခဲ့ဘူး...။ နဂိုကတည်းက လူကြောက်တဲ့ ကျွန်မက ဖေဖေထွက်သွားပြီးတဲ့ သုံးလေးနှစ်မှာ ဖေဖေ့ကိုတော်တော်စိမ်းသွားခဲ့တယ်...။ ကျွန်မတို့ဆီ ဖေဖေပြန်ရောက်လာတော့ ဖေဖေ ကျန်းမာရေးသိပ်မကောင်းတော့ဘူး...။ ငှက်ဖျားအခံရှိသလို ဆေးလိပ်အရမ်းသောက်တော့ ချောင်းတွေဆိုးပြီး အဆုတ်လဲ သိပ်ကောင်းပုံမရတော့ဘူး...။

ညနေဖက် ကျွန်မတို့အိမ်မှာ ဗီဒီယိုပြတဲ့ချိန်ဆို ဖေဖေရောက်လာတတ်တယ်...။ "သမီးလေး ဖေဖေ့ဆီလာပါဦးလို့" ဖေဖေက လက်နှစ်ဖက်ဆန့်ပြီးခေါ်ရင် ကျွန်မက နောက်ကိုတွန့်ဆုတ်ပြီး ဖေဖေ့ဆီမသွားရဲခဲ့ဘူး...။ ကျွန်မအောက်က မောင်လေးကျတော့ တွက်တယ် လူမကြောက်တတ်ဘူး..။ ဖေဖေဆီသူလိုက်ရဲတယ်...။ ဖေဖေသူ့ကို မော်တော်ဆိုင်ကယ်နဲ့ ရွာတစ်ပတ်ပတ်ပြီး တင်စီးလဲ သူလိုက်ရဲတယ်...။ ဖိုးဖိုးကတော့ မေမေ့ကို ဖေဖေနဲ့ပြန်ပေါင်းဖို့ ဖြောင်းဖြပေမယ့် ခေါင်းမာတဲ့ မေမေကတော့ လုံးပြန်လက်မခံခဲ့ဘူး...။ ဖေဖေကျန်းမာရေး တစစဆိုးရွားလာခဲ့ရာက နောက်ဆုံးဆေးရုံတင်လိုက်ရတယ်....။ ဖိုးဖိုးပဲ အစစအရာရာ တာဝန်ယူပေးတယ်...။ ဖေဖေ့နောက်ဆုံးအချိန်မှာ ဖေဖေချစ်တဲ့ သမီးလေးကအနားမှာရှိမနေခဲ့ဘူး...။ အဖေသေတာတောင်မသွားတဲ့ သမီးလေးဆိုပြီး တရွာလုံးက ဝိုင်းပြီးအပြစ်တင်ကဲ့ရဲ့တာကိုခံခဲ့ရတယ်...။ ကျွန်မကို စိတ်မာလို့ သံယောဇဉ်မရှိလို့ စိမ်းပျက်ရက်စက်နိုင်လို့ လို့အမျိုးမျိုးထင်မြင်ချက်တွေပေးကြခဲ့လိမ့်မယ်...။ တကယ်တမ်းကျတော့ ကျွန်မက ကြောက်တဲ့စိတ် ဖေဖေ့အပေါ်စိမ်းတဲ့စိတ်တစ်ခုတည်းနဲ့မသွားခဲ့တာ...။ ကျွန်မကိုယ် ကျွန်မလည်း လူကြောက်တတ်တဲ့စိတ်ကို အသက်အရွယ်တော်တော်ရတဲ့အထိ ကြိုးစားဖျောက်ယူခဲ့ရတယ်...။ ကျွန်မဘ၀မှာ ဒီထက်ကြီးမားတဲ့ နောင်တထပ်မရချင်တော့ဘူး...။ လောကမှာ တကြိမ်တခါပဲ ရတတ်တဲ့ အခွင့်အရေးတွေကို ရယူတတ်ဖို့ ကျွန်မ အဲဒီတုန်းက နားမလည်ခဲ့ဘူး...။ ဖေဖေဆုံးခါနီး အမြင်အားရုံ အကြားအာရုံတွေတစ်ခုမှမကောင်းတော့ဘူး ...။ ဖေဖေသိပ်....ကို သနားစရာကောင်းပါတယ်...။ မောင်လေးကတော့ ဖေဖေအသက်ထွက်သွားတဲ့အထိ အနားမှာရှိနေခဲ့တယ်...သူ အဲတုန်းက အသက်ခြောက်နှစ်ထဲရယ်...။ ကျွန်မထက်စာရင် မောင်လေးကမှ ဖေဖေအလိုကိုဖြည့်နိုင်ခဲ့သေးတယ်....။

ဖေဖေအသုဘကို ဖိုးဖိုးပဲအကုန်စီစဉ်လုပ်ပေးခဲ့တယ်...။ ဖေဖေဆုံးတာ ကျွန်မ မျက်ရည်လေးတစ်စက်တောင်မကျခဲ့ဘူး...။ တကယ်တော့ ကျွန်မငိုနေခဲ့ပါတယ်... ဘယ်သူမှမမြင်နိုင်တဲ့ မျက်ရည်တွေ ခုချိန်ထိကျနေတုန်းပဲ...။ အနှစ်သုံးဆယ်ကျော်... ဆုံးပါးသွားပြီဖြစ်တဲ့ ဖေဖေ့ကို သတိရလွမ်းဆွတ်သောအားဖြင့် ဒီပို့စ်ကို မိုးငွေ့ရဲ့ဆယ်တစ်နှစ်ပြည့်နှစ်ပတ်လည် အမှတ်တရ အဖြစ် ပြန်လည်ရေးသားဖော်ပြ​ြခင်းဖြစ်ပါတယ်...။ ဖေဖေ ကောင်းရာသုဂတိဘုံ ရောက်ရှိပါစေ...။

မိုးငွေ့

ပို့စ်အဟောင်းမှာတုန်းက ကော်မန့်ပေးခဲ့တာတွေကို အမှတ်တရအဖြစ် ပြန်ရေးပေးလိုက်ပါတယ်...

၁. Anonymous said....(14.1.2010)
အမရေ တကယ်ခံစားလိုက်ရတယ်ဗျာ.....ပျော်ရွှင်ပါစေမမ

၂. ဏီလင်းညို said....(15.1.2010)
မမိုးရေ... ဒီစာလေးကိုဖတ်ပြီး မမိုးရဲ့အဖေကိုလည်းသနားတယ်... မမိုးအတွက်လည်းစိတ်မကောင်းဘူး..။ ပြီးတော့ အိမ်ကအဖေ့ကိုလည်း သတိရမိတယ်..(တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲသူနဲ့ဖုန်းပြောသေးတယ်လေ..)
ခင်မင်တဲ့
ဏီလင်းညို

၃. ညရဲ့ကောင်းကင် said...(16.1.2010)
အစ်မမိုးငွေ့ရယ် စိတ်မကောင်းဖြစ်လိုက်တာဗျာ... ဘာပြောရမှန်းမသိတော့ဘူး...

၄. Khin Oo May said...(31.7.2010)
စိတ်မကောင်းဘူး

၅. နွေတေးရှင် (မင်းဧရာ) said...(9.1.2014)
ကောင်းရာသုဂတိဘုံကနေ သိပ်တော်တာတွေသူသိမှာပါ သိပ်ချစ်တာတွေသူသိမှာပါ နှမျောတသနေတာတွေ သူသိမှာပါ ပြေမပြြဖစ်ခဲ့တာတွေလည်း သူကြားမှာပါ
ထပ်တူထပ်မျှခံစားခဲ့ပါသော

No comments: