Thursday, 22 May 2025

အဘိဓမ္မာစိတ်ပိုင်း(၇).....

 

နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ

 


အရူပါဝစရစိတ် (၁၂)ပါး

အရူပါဝစရစိတ် (၁၂)ပါးကို အောက်မှာ အဆင့်ဆင့်ခွဲပြထားပါတယ်...။

1) အရူပါကုသိုလ်စိတ် (၄)ပါး အရူပါဝစရကုသိုလ်စတ်

2) အရူပါဝစရစိတ် (၄)ပါး အရူပါဝစရ ဝိပါတ်စိတ်

3) အရူပါဝစရကြိယာစိတ် (၄)ပါး အရူပါဝစရ ကြိယာစိတ်


အရူပါကုသိုလ်စိတ် (၄)ပါး

၁. အာကာသာနဉ္စာယတနစိတ်                (၇၀)

၂. ဝိညာဏဉ္စာယတနစိတ်                        (၇၁)

၃. အာကိဉ္စာ ယတနာစိတ်                        (၇၂)

၄. နေဝသညာနာသညာ ယတနစိတ်         (၇၃)


အရူပါဝစရစိတ် (၄)ပါး

- အရူပါဝိစရ ကုသိုလ်စိတ်နှင့်တူ            (၇၄-၇၇)


အရူပါဝစရကြိယာစိတ် (၄)ပါး 

- အရူပါဝိစရ ကုသိုလ်စိတ်နှင့်တူ            (၇၈-၈၁)


1.အာကာသာနဉ္စာယတနစိတ်   

အဆုံးမရှိသော ကောင်းကင်ပညတ် Space of infinity ကိုအာရုံပြုသောဈာန်နှင့်ယှဉ်သောစိတ်...။

2.ဝိညာဏဉ္စာယတနစိတ် 

အဆုံးမရှိသော ပထမ အရူပါဝစရစိတ် Boundless Consciousness ကိုအာရုံပြုသော ဈာန်နှင့်ယှဉ်သောစိတ်...။

3. အာကိဉ္စာ ယတနာစိတ်

ပထမအရူပါဝစရစိတ်၏ မရှိခြင်း "နတ္တိဘောပညတ်" Nothingness ကိုအာရုံပြုသော ဈာန်နှင့်ယှဉ်သောစိတ်...။

4. နေဝသညာနာသညာ ယတနစိတ်  

အသိရှိလည်းမဟုတ် ရှိသည်လည်းမဟုတ်ဆိုသော နေဝသညာနာသညာယတန Neither Consciousness nor non Consciousness စိတ်...။


       အရူပါဝစရစိတ်                   မှီတွယ်အပ်အာရုံ                    လွန်မြောက်အာရုံ

         ပထမစိတ်                      ကောင်းကင်ပညတ်                   ကသိုဏ်းပညတ်
         ဒုတိယစိတ်                     ပထမရူပါဝစရစိတ်                  ကောင်းကင်ပညတ်
         တတိယစိတ်                    နတ္တိဘောပညတ်                           ပထမရူပါဝစရစိတ်
         စတုတ္ထစိတ်                    တတိယရူပါဝစရစိတ်                  နတ္တိဘောပညတ်

အရူပါဝစရစိတ်များဟာ ဉပေက္ခာ ဧကဂ္ဂတာဆိုသော ဈာန်အင်္ဂါနှစ်ပါးနဲ့သာ ယှဉ်သောကြောင့် ယင်းစိတ်အားလုံးကို ပဉ္စမဈာန်၌ထည့်သွင်းထားပါတယ်...။

အရူပဆိုတော့ နာမ်ချည်းသက်သက်သာသာရှိတဲ့ဘုံပါ...။ ရုပ်အနေနဲ့ ဘာမှမရှိပါဘူး...။ ဒီနေရာမှာ တချို့က အတွေးအခေါ်

လူ့ဘုံကိုဘယ်လိုခေါ်သလဲ ?

ခန္ဓာငါးပါးရှိတော့ ပဉ္စဝေါကာရဘုံလို့ခေါ်တယ်...။

ရူပါဈာန်ငါးဆင့်ရပြီးမှ အရူပဈာန်ကို တက်လို့ရမှာပါ...။ ရူပါဈာန်ငါးဆင့်ဝင်စားနိုင်တဲ့ ပုဂ္ဂိုလ်တွေဟာ အထက်ဈာန်ဖြစ်တဲ့ အရူပါဈာန်တွေတက်ဖို့ ဆန္ဒရှိလာကတည်းက ရူပပဉ္စမဈာန်စိတ်ဟာ ကသိုဏ်းနိမိတ်ကို အာရုံယူရတော့ ရုပ်နဲ့ဆက်စပ်နေတာမို့ ရုပ်မဆက်နွယ်တဲ့ အရူပါဈာန်တွေထက် နည်းနည်းကြမ်းတမ်းပါသေးတယ်...။


အရူပါဈာန်တက်ဖို့ဘယ်နေရာကစပြီးရှုရပါသလဲ?

အရူပါဈာန်ကို ကျင့်တဲ့ယောဂီဟာ ရုပ်နဲ့ဆက်နွယ်နေတာကို မလိုချင်လို့ ကသိုဏ်းကိုအာရုံမပြုတော့ဘဲ Ignore လုပ်လိုက်ပါတယ်..။ ကျမ်းဂန်တွေမှာ ကသိုဏ်းနိမိတ်ကိုခွာပြီး ကောင်းကင်ပညတ် Space of Infinity ကိုအာရုံပြုရမယ်လို့ဆိုပါတယ်...။ ဒီနေရာမှာ ခွာတယ်ဆိုတာ ကသိုဏ်းနိမိတ်ကို မရှုတော့တာ...။ ပယ်လိုက်တာပါ..။ ကသိုဏ်းနိမိတ်ကို ပယ်လိုက်တော့ အဲဒါပျောက်သွားပြီး ကွက်လပ်ကြီးကျန်ခဲ့တယ်...။ အဲဒီကွက်လပ်ကို အာကာသ Space ဆိုပြီး အားထုတ်ရမှာ...။


ဒုတိယဈာန်ရဖို့ ဘယ်လိုဆက်ပြီး အားထုတ်ရသလဲ?

ပထမဈာန်ရပြီးတဲ့အခါ လောကသဘာဝအတိုင်း သူက ရှေ့ဆက်တက်ချင်လာတယ် ပိုပြီးကောင်းတဲ့ ဈာန်ကိုရချင်လာတာပါ...။ ဒါကလည်း ပထမဈာန်က ရူပါပဉ္စဈာန်နဲ့နီးတော့ သူ့ထက် သိမ်မွေ့တဲ့ ဒုတိယဈာန်တက်မှပဲလို့ စိတ်ကူးရှိပြီး အားထုတ်တာပါ...။ ဒီလိုဆက်ပြီး အားထုတ်မယ်ဆိုရင် ပထမ အရူပါဝစရဈာန်ကိုပဲ ပြန်ဝင်စားရပါတယ်...။ နောက်ဆက်မဝင်စားတော့ဘဲ ပထမဈာန်စိတ်ဟာ အဆုံး အပိုင်းအခြားမရှိတဲ့စိတ်ဆိုတော့ အနန္တဝိဉာဏ် Boundless Consciousness  သဘောရှိတယ်..။ ဒီလို အထပ်ထပ်ရှုသွားရင် ဒုတိယအရူပဈာန်ကို ရောက်သွားပါလိမ့်မယ်..။ ဒီဈာန်ကို ဝိညာဏာဉ္စာယတနဈာန်လို့လည်းခေါ်တယ်...။

ဒုတိယဈာန်ရောက်ရင် တတိယဈာန်ကို တက်ချင်မှာပေါ့....


တတိယဈာန်ရဖို့ ရောက်ဖို့ ဘာကိုအာရုံပြုရသလဲ?

သူက ပထမဈာန်ရဲ့ မရှိခြင်း Nothingness ကိုပဲ အာရုံပြန်ပြုရပါတယ်...။ တကယ်တော့ စိတ်ဟာ တစ်ခုပြီးမှတစ်ခု ဖြစ်နိုင်တာလို့ ဒုတိယဈာန်ဖြစ်တဲ့အခါ ပထမဈာန်က မရှိတော့ဘဲ ပျောက်သွားပါပြီ...။ ရှိတာတောင် အာရုံပြုဖို့က ခက်ခဲတော့ မရှိတာကို အာရုံပြုနိုင်တယ်ဆိုရင် တော်တော်ကို အထက်တန်းကျပြီး သိမ်မွေ့တဲ့ စိတ်ဖြစ်နေပါပြီ...။ ဒီလိုမရှိတာကို အာရုံပြုပြီး အထပ်ထပ်ပွားများလိုက်ရင် တတိယဈာန်ကိုရောက်သွားပါတယ်...။ အာကိဥ္စညာယတနဈာန်လို့လည်း ခေါ်တယ်...။ ဒီနေရာမှာ အာကိဥ္စည က လုံးဝအကြွင်းအကျန်မရှိခြင်း Total Absent အာယတနက တည်ရာ Place ဖြစ်တာမို့ ပထမ အရူပါစိတ်ရဲ့ အကြွင်းမရှိသော နတ္တိသဘောပညတ်ကို အာရုံပြုတဲ့ ဈာန်စိတ်ရဲ့ တည်နေရာလို့ အဓိပ္ပါယ်ရတယ်...။ (အရူပဈာန်စိတ်တွေရအောင်ပွားများရတာ တော်တော်သိမ်မွေ့တာပဲ)


မရှိတာကို ဘယ်လိုအာရုံပြုရမလဲ?

ဒီလိုဘာမှမရှိတာကို အာရုံပြု အာရုံစိုက်လို့ ဖြစ်ပါ့မလားဆိုတာ ဗုဒ္ဓကျမ်းဂန်မှာ ဉပမာလေးနဲ့ ရှင်းပြထားပါတယ်...။ တစ်ခါက ရဟန်းတစ်ပါးဟာ သိမ်အတွင်းမှာ သံဃာများနဲ့အတူရှိနေပြီး ကိစ္စရှိလို့ ကျောင်းပေါ်ကို ခဏတက်သွားတယ်...။ သူကျောင်ပေါ်ရောက်ပြီး မကြာမီ သံဃာတွေကိုမတွေ့ရပေမယ့်...။ ဒီရှိတဲ့ သဘောကိုပဲ ပြန်လည်အာရုံစူးစိုက်လို့ရသလိုမျိုးပါပဲ.....။ တကယ်တော့ ရှိခြင်းမရှိခြင်းဟာ ဒင်္ဂါးပြားရဲ့ခေါင်းနဲ့ပန်းလိုပါပဲ...။


စတုတ္ထဈာန်ကျတော့ ဘာကိုအာရုံပြုရသလဲ?

သူကျတော့ အရင်ချုပ်သွားတဲ့ ဝိညာဏ်ကိုပဲ အထပ်ထပ် အာရုံပြုရပါတယ်...။ ဒီလိုနှလုံးသွင်းနေရင်း ဝိညာဏ်လေးက အလွန်သိမ်မွေ့သွားပြီး အသိရှိတယ် မရှိဘူး Neither Consciousness of non-consciousness လို့မပြောနိုင်တဲ့ အဆင့်ရောက်သွားရင် နေဝသညာနာသညာယတန စတုတ္ထအရူပဈာန်ကို‌ ရောက်သွားပါပြီ...။ ဒီသဘောလေးကိုလည်း ဗုဒ္ဓဒေသနာမှာ ရှင်းပြထားတာရှိပါတယ်...။ ဆရာတပည့်နှစ်ယောက်ခရီးသွားတော့ ကိုရင်လေးကရှေ့က ဆရာဘုန်းကြီးကနောက်က တစ်နေရာရောက်တော့ ကိုရင်က ချောင်းရိုးလေးအဖြတ်မှာ ရေလေးနည်းနည်းစီးဆင်းနေတာတွေ့တော့ "ရှေ့မှာ ရေရှိတယ်ဘုရား"လို့လျှောက်ပါတယ်...။ ရေရှိတယ်ဆိုပေမယ့် ရေချိုးလို့ရလောက်တဲ့ အထိမဟုတ် ခြေထောက်ရေစိုမယ် ရွှံ့ပေမယ်ဆိုတဲ့ သဘောပြောလိုက်တော့ အလားတူ သိလွယ်တဲ့ သညာနဲ့ စိတ်သဘောထားမျိုးမရှိပေမယ့် အလွန်သိမ်မွေ့တဲ့ စိတ်လေးကရှိနေပါတယ်...။
စတုတ္ထအရူပဈာန်က ရှိသမျှဈာန်ထဲမှာ အကောင်းဆုံးအသိမ်မွေ့ဆုံးဈာန်လို့ ထင်ရပေမယ့် လောကီချမ်းသာထဲမှာ အမြင့်ဆုံးဆိုပေမယ့် မြတ်စွာဘုရားက သူလဲ မမြဲဘဲချုပ်ပျောက်ရမှာမို့ ဈာန်ချမ်းသာကိုလည်း ဘုရားက ချမ်းသာအစစ်လို့မမြင်ဘဲ နိဗ္ဗာန်မှ ချမ်းသာအစစ်လို့ဟောပါတယ်...။


အရူပဈာန်က ဈာန်အင်္ဂါအနေနဲ့ ဘယ်နှစ်ပါးရှိလဲ?

သူက ဉပေက္ခာနဲ့ ဧကဂ္ဂတာဆိုပြီး နှစ်ပါးပဲရှိပါတယ်...။ ရူပပဉ္စမဈာန်နဲ့ အတူတူဖြစ်လို့ အရူပဈာန်စိတ်လေးပါးလုံးကို ပဉ္စမဈာန်ထဲမှာထည့်ထားတယ်...။


ရူပပဉ္စမဈာန် အရူပပဉ္စမဈာန်က ဈာန်အင်္ဂါချင်းအတူတူ ဘယ်မှာ အဓိကခြားနားလဲ?

သူတို့နှစ်ခုက ဈာန်အင်္ဂါတူပေမယ့် စိတ်တစ်ခုချင်း တစ်ခုချင်းမှာ ရှိတဲ့ အာရုံက မတူပါဘူး...။ ပထမစိတ်က ကောင်းကင်ပညတ် ဒုတိယစိတ်က အနန္တဝိညာဏ် တတိယစိတ်က နုတ္တိဘောပညတ် စတုတ္ထက အရူပါဝစရ စိတ်ဖြစ်တာမို့ ရူပဈာန်စိတ်တွေက ဈာန်အင်္ဂါနဲ့သွားပြီး အရူပါဈာန်စိတ်တွေက အာရုံနည်းသွားပါတယ်...။


ဈာန်ဝင်စားနေရင် ဘယ်နှစ်ရက်လောက် ဆက်တိုက်နေနိုင်လဲ?

လူခန္ဓာမှာ ထမင်းအသက်ခုနှစ်ရက် ရေအသက်တစ်မနက်ဆိုတဲ့ စကားအတိုင်း အစာမရှိဘဲနဲ့ အလွန်ဆုံးနေနိုင်တာ 7ရက်ပါ...။ ဈာန်ဝင်စားတယ်ဆိုရင် Limit ကအလွန်ဆုံးခုနှစ်ရက်ပါပဲ...။


နိရောဓ သမာပတ်ဆိုတာ ဘယ်လိုမျိုးလဲ ?

အဟုတ်ရှိတဲ့ နာမ်တရားတွေ ချုပ်ငြိမ်းကုန်တော့ ငြိမ်းအေးမှုသက်သက်နဲ့ အဓိဌာန်ပြုထားတဲ့ ကာလအတွင်း ခန္ဓာဟာ မလှုပ်မရှား ငြိမ်သက်စွာနေတာပါ...။ ဆီး ဝမ်း မသွားဘဲ နေလို့ရတယ်...။ မြင်လွယ်အောင် ပြောရရင် ငါးရံ့တွေဆို ရေခန်းသွားတဲ့ကန်မှာ တစ်နွေလုံးနေကြပေမယ့် မိုးပြန်ရွာတော့ ပြန်ရှင်သန်ကြပါတယ်...။ ဆေးပညာအရ Hibernation လို့ခေါ်တယ်...။ အသက်ရှူနှုန်း သွေးခုန်နှုန်းနဲ့ ခန္ဓာကိုယ်ရဲ့ ကမ္မဇီဝဖြစ်စဉ် metabolism အားလုံး နှေးသွားပြီး ပတ်ဝန်းကျင်နဲ့လိုက်လျောညီထွေ  adaptation ဖြစ်အောင်နေတာပါ...။ နိရောဓသမာပတ်မှာလည်း ဈာန်တန်ခိုး will power ခုနှစ်ရက် အဓိဌာန်ပြုပြီးနေလိုက်တာပါ...။

ရူပဝစရစိတ်က (15)ပါး အရူပဝစရစိတ်က (12)ပါး ဆိုတော့ အားလုံးပေါင်း (27)ပါး သူတို့အားလုံးဟာ အထက်တန်းကျပြီးမြင့်မြတ်တဲ့ ဈာန်စိတ်တွေမို့ Supernormal Consciousness ပါဠိလို မဟဂ္ဂုတ်စိတ်များလို့ခေါ်တယ်...။ ဒီအဆင့်ကို higher mental attainment လို့သုံးတယ်...။ စိတ်သင်တန်းအစက ကာမာဝစရစိတ် (54)ပါး ပေါင်းလိုက်ရင် (81)ပါး ရပါတယ်...။ ဒီစိတ်တွေဟာ ကာမ ရူပ အရူပ လောကသုံးပါးမှာ ကျင်လည်နေတဲ့ လောကီစိတ်တွေပါပဲ....။


မှတ်ချက်။     ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်စာအုပ်ပေးခဲ့တဲ့ ဦး-----ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။


No comments: