Sunday, 29 October 2023

အဘိဓမ္မာစိတ်ပိုင်း(၅).....

နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ



ရှေ့အပိုင်း(၄)မှာရေးခဲ့တာ စိတ်(၈၉)ပါးမှာ (၅၄)ပါးပြီးသွားခဲ့ပြီ...။  နည်းနည်းပြန်နွှေးကြည့်မယ်နော်

စိတ် (၈၉)ပါးမှာ
ကာမဝစရစိတ်      ၅၄ပါး
ရူပါဝစရစိတ်        ၁၅ပါး
အရူပါဝစရစိတ်     ၁၂ပါး
လောကုတ္တရာစိတ်   ၈ပါး

အရှေ့အပိုင်းလေးပိုင်းထိ ကာမဝစရစိတ်ထိ ပြီးသွားပါပြီ...။ အခု  ရူပါဝိစရစိတ်(၁၅)ပါး ကိုဆက်ပြောပေးပါမယ်....။ 

  1. ရူပါဝစရ ကုသိုလ်စိတ်  ၅ ပါး
  2. ရူပါဝစရ ဝိပါတ်စိတ်    ၅ ပါး
  3. ရူပါဝစရ ကြိယာစိတ်   ၅ ပါး

1. ရူပါဝစရ ကုသိုလ်စိတ် ၅ ပါး

ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ  -  ပထမဈာန်စိတ်    (၅၅)
ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ             -  ဒုတိယဈာန်စိတ်   (၅၆)
ပီတိ, သုခ, ဧကဂ္ဂတာ                       -  တတိယဈာန်စိတ် (၅၇)
သုခ, ဧကဂ္ဂတာ                               -  စတုတ္ထဈာန်စိတ်  (၅၈)
ဉပေက္ခာ, ဧကဂ္ဂတာ                         -  ပဉ္စမဈာန်စိတ်     (၅၉)


2.ရူပါဝစရ ဝိပါတ်စိတ် ၅ ပါး

ရူပါဝစရ ကုသိုလ်စိတ် ၅ ပါးနှင့်တူ     _ (၆၀-၆၄)


3.ရူပါဝစရ ကြိယာစိတ် ၅ ပါး

ရူပါဝစရ ကုသိုလ်စိတ် ၅ ပါးနှင့်တူ     _ (၆၅-၆၉)


ခက်ဆစ် 
ဈာန်အင်္ဂါ  =  ဝိတက်, ဝိစာရ, ပီတိ, သုခ, ဧကဂ္ဂတာ ဆိုတဲ့ စေတသိတ်ငါးပါးကို ဈာန်အင်္ဂါလို့ခေါ်တယ်။
ဈာန်         =  ထိုစေတသိတ်အပေါင်းကို ဈာန်လို့ခေါ်တယ် ။
ဈာန်စိတ်   =  ထိုစေတသိတ်တရားအပေါင်းဖြစ်သော ဈာန်နှင့်ယှဉ်သောစိတ်ကို ဈာန်စိတ်လို့ခေါ်တယ် ။
ရူပါဝစရ   =  ရူပါ ၁၅ ဘုံ၌ အများအားဖြင့် ကျင်လည်တတ်သော ။
ဝိတက်     =  အတူယှဉ်ဖက် တရားတို့ကို အာရုံသို့တင်ပေးခြင်း Initial application
ဝိစာရ      = အာရုံကို သုံးသပ်ခြင်း Sustained application
ပီတိ        =   အာရုံကိုနှစ်တက်ခြင်း Pleasurable interest
သုခ        =   ကောင်းသောအာရုံကိုခံစားခြင်း Pleasurable, Sensation, Happiness, Delight.
ဧကဂ္ဂတာ =  အာရုံတစ်ခု၌ တည်တံ့နေခြင်း One-pointedness of mind.

ဒီနေ့ သာမန်လူတွေမှာ ရှိတာမျိုးမဟုတ်ဘဲ သမထနဲ့ ဝိပဿနာဘာဝနာပွားများပြီး ရနိုင်တဲ့ အထက်တန်းဈာန်စိတ်တွေထဲက ရူပါဝစရစိတ် Higher Consciousness တွေကို ပြောပြပါမယ်...။ အဲဒီမှာ ကုသိုလ်ငါးပါး ဝိပါတ်ငါးပါး ကြိယာငါးပါးရှိလို့ အားလုံး ၁၅ပါးရှိတယ်....။

ဈာန်ဆိုတာ ဘာကိုခေါ်တာလဲ?
အာရုံတစ်ခုခုမှာ စူးစိုက်တည်ကြည် ငြိမ်သက်နေတာ ဈာန်ပါ...။ Mental Absorption လို့ပြန်ပါတယ်...။ လှပတဲ့ သဘာဝရှုခင်းလေးတွေ ပန်းချီကားလေးတွေတွေ့ရင် အာရုံစူးစိုက်ကြည့်မိတာ နောက်... ကိုယ်နှစ်သက်တဲ စာအုပ်ထဲမှာ စူးစိုက်နစ်မြောပြီး ဖတ်နေတဲ့အခါ စိတ်ဟာ ဘယ်မှ မပျံ့လွှင့်တော့ဘဲ အာရုံနဲ့စိတ်ဟာ Super Glue နဲ့ ကပ်ထားသလို စွဲမြဲတည်တံ့နေတာဈာန်သဘောမျိုးပါ...။

ဈာန်ဆိုတာ လောင်ကျွမ်းတယ်လို့လည်း အဓိပ္ပါယ်ရလို့ စိတ်ရဲ့ပျော်မွေ့စရာတွေမှာ တပ်မက်တဲ့ ကာမဆန္ဒ Desire of Sensual Pleasure တွေကို လောင်ကျွမ်း ပစ်လိုက်တာလည်း ဈာန်ပါပဲ...။ ဈာန် Jhana မှာ ဝိတက် ဝိစာရ ပီတိ ဝေဒနာ ဧကဂ္ဂတာ ဆိုတဲ့ အင်္ဂါငါးမျိုးရှိတယ်...။ ဒီနေရာမှာ ဝေဒနာက ဈာန်အဆင့်ကိုလိုက်ပြီး သုခနဲ့ ဉပေက္ခာလို့ နှစ်မျိုးရှိတယ်...။

ဝိတက်ဆိုတာဘာလဲ?
မြန်မာလို စိတ်ကူးနဲ့ အတွေးတွေကိုပြောတာပါ....။ အဘိဓမ္မာအရ ဝိတက်ဆိုတာ စိတ်နဲ့ အာရုံထိတွေ့အောင် ပေါင်းကူးပေးလိုက်တာပါ...။ ယှဉ်ဖက်စိတ်စေတသိတ်တွေကို အာရုံပေါ်တင်ပေးလိုက်တာ...။ အာရုံထဲထည့်ပေးလိုက်တာမို့ Initial application လို့ခေါ်တယ်....။
ဉပမာ။    ။ ဝိတက်ကို ရှင်းအောင်ပြောရရင် တောကနေ ရန်ကုန်မြို့ကိုတစ်ခါမျှမရောက်ဖူးတဲ့ ကျောင်းနေဖက်ကို လိုက်ပြပေးတဲ့ မြို့သားသူငယ်ချင်းနဲ့တူပါတယ်...။ မြို့နေသူငယ်ချင်းက တောကတက်လာတဲ့ သူငယ်ချင်းကို ရွှေတိဂုံ ဗိုလ်တစ်ထောင် တိရစ္ဆာန်ရုံ ငါးပြတိုက် လိုက်ပို့သလို စိတ်နဲ့အာရုံထိတွေ့အောင် ဝိတက်ကပို့ဆောင်ပေးပါတယ်...။

ဝိတက်မလိုတဲ့စိတ်တွေရောရှိလား?
ဝိတက်မလိဘဲ အာရုံတင်နိုင်တဲ့ စိတ်တွေလည်းရှိပါတယ်...။ ဆိုရရင် မြင်စိတ် ကြားစိတ် အရသာစိတ်တွေမှာ အာရုံထိခိုက်တာက သိသာလွန်းလို့ ဝိတက်မလိုပါဘူး....။

ဝိစာရဆိုတာဘာလဲ?
ဝိစာရဆိုတာ အာရုံကိုသုံးသပ်ပြီး ထပ်ထပ်ယူလာတဲ့သဘောပါ...။ ဝိတက်တင်ပေးလိုက်တဲ့အာရုံပေါ်မှာ တရစ်ဝဲဝဲလုပ်တာ ကြံစည်နေတာမို့ စိတ်ကူးတာကိုဝိတက် ကြံစည်တာကို ဝိစာရ Sustained Application လို့ခေါ်ပါတယ်...။ အာရုံမှာ မြဲအောင်ချည်နှောင်ပေးတဲ့ သဘောမျိုးပါ...။
မြန်မာစကားမှာ "အကြံကောင်းဉာဏ်ကောင်းရှိမှ ဘယ်အရာမဆိုအောင်မြင်မှာပေါ့"လို့ပြောကြတယ်...။ ဒီနေရာမှာ အကြံကောင်းဆိုတာ ဝိတက် ဉာဏ်ကောင်းတယ်ဆိုတာ ဝိစာရပါ...။
ကိုယ့်အိမ်ရှေ့မှာ ငှက်လာနားရင် ဝိတက်က ဒီအာရုံကိုယူလိုက်ပါတယ်..။ ဆက်လက်လို့ ငှက်ဝါလား စာကလေးလား သပိတ်လွယ်လားလို့ သုံးသပ်တာက ဝိစာရပါ...။

ဉပမာ။    ။ ရွှေတိဂုံဘုရားရင်ပြင်တော်မှာ ခေါင်းလောင်းထိုးတဲ့အခါ ပထမဆုံးဒေါင်ခနဲမြည်သွားတာ ဝိတက်သဘောပါ...။ သူက လှုပ်ရှားကြမ်းတမ်းတဲ့သဘာဝရှိပြီး အာရုံကိုသွားတိုက်လိုက်ပါတယ်..။ ဆက်ပြီး ဒင်ဒေါင် ဒင်ဒေါင်လို့ သာယာတဲ့အသံလေးဖြစ်လာတာက ဝိစာရသဘောပါ...။ သူကတော့ သိမ်မွေ့နူးညံ့တဲ့သဘောရှိပါတယ်...။ 
ဉပမာ။    ။ ပန်းပွင့်လေးထံ ဝတ်ရည်သောက်ဖို့ ထိုးဆင်းလာတဲ့ ပျားလေးနဲ့လဲ ဝိတက်ကအလားတူပါတယ်...။ ဒီမှာလည်း အာရုံနဲ့သွားထိတဲ့ ဝိတက်သဘောကကြမ်းပါတယ်..။ ပြီးမှ ဝတ်ရည်မစုပ်မီ ရစ်ဝဲကည့်နေတာက ဝိစာရ...။

ဝိတက်နဲ့ ဝိစာရက တစ်ခုပြီးမှ တစ်ခုဖြစ်တာလား တပြိုင်နက်ဖြစ်တာလား?
မြင်သာအောင် ဉပမာနဲ့ရှင်းပြပေမယ့် တကယ်တော့ ဝိတက်နဲ့ ဝိစာရက တပြိုင်တည်းဖြစ်တာပါ...။ ဒါပေမယ့် ဝိတက် သဘောကပိုထင်ရှားပြီး တခါတခါဝိစာရသဘောက ပိုထင်ရှားပါတယ်...။
ဝိစာရနဲ့သုံးသပ်လို့ စိတ်ကလေးငြိမ်သွားပြီ ဝတ်ရည်သောက်ရတော့မယ်လို့ ကျေနပ်နှစ်သက်သွားရင် ပီတိ joy ဖြစ်လာပါတယ်..။ တစ်ခါဝတ်ရည်သောက်ပြီး ကိုယ်ရော စိတ်ပါချမ်းသာတဲ့ ခံစားမှုဝေဒနာကို ရရှိသွားတာက သုခ Happiness ပါ...။

အတော်များများ ပီတိနဲ့ သုခကို အတူတူလို့ ထင်တတ်ကြတယ်...။ သူတို့နှစ်ခုက တူသလိုလိုထင်ရပေမယ့် ပီတိမှာ ခံစားမှုသဘောမရှိဘဲ သုခမှာပဲရှိပါတယ်...။ နောက်ပီတိက သင်္ခါရက္ခန္ဓာမှာပါပြီး သုခက ဝေဒနာက္ခန္ဓာမှာပါတာမို့ အဘိဓမ္မာသိမှ ဒီနှစ်ခုကွဲပြားတာ သိသွားမှာပါ...။ ပီတိရှိတိုင်း သုခရှိပေမယ့် သုခရှိတိုင်း ပီတိမရှိနိုင်တာကို ဈာန်အပိုင်းမှာတွေ့ရပါလိမ့်မယ်...။

နောက်ဆုံး ဈာန်အင်္ဂါက ဧကဂ္ဂတာ....။ ဧက ဆိုတာတစ်ခု အဂ္ဂတာက အာရုံလို့ အဓိပ္ပါယ်ရတယ်...။ အာရုံတစ်ခုတည်းမှာ တည်တံ့နေတာ One-pointedness of mind ဧကဂ္ဂတာ ပါ...။ လူအများပြောနေတဲ့ သမာဓိ Concentration နဲ့တူပါတယ်...။ 

ဈာန်အင်္ဂါကို မြင်လွယ်အောင်လို့ ဒီလိုရေးပြပါမယ်...။

ပျားလေးပန်းပွင့်ပေါ်ရောက်တာက                -  ဝိတက်
ရစ်ဝဲပြီးကြည့်နေတာက                             -  ဝိစာရ
ဝတ်မှုန်ပေါ်နားပြီးကျေနပ်နှစ်သိမ့်နေတာက     - ပီတိ
ဝတ်ရည်သောက်ပြီးအေးမြချမ်းသာနေတာက  - သုခ
အေးချမ်းတည်ငြိမ်သွားတာက                     - ဧကဂ္ဂတာ


မှတ်ချက်။     ။ ခွဲစိတ်ပါမောက္ခ ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်ပါသည်...။ ကျွန်မလေ့လာပြီးသလောက် မှတ်သားထားသည်များကို သဘောပေါက်လွယ်အောင် အပိုင်းခွဲပြီး ဆက်လက်ရေးသားဖော်ပြပေးပါဦးမယ်....။ ဓမ္မလက်ဆောင်စာအုပ်ပေးခဲ့တဲ့ ဉီး------ကိုလည်း ဒီပို့စ်နဲ့ကျေးဇူးတင် ကန်တော့လိုက်ပါတယ်...။



Thursday, 26 October 2023

နွေဦးခံစားမှုရသ.....

 


ဒီရက်ပိုင်း နှစ်စဉ် ဖေဖော်ဝရီလတိုင်း တင်ဖြစ်တဲ့ "နွေဦး" စာစုလေးကို  Mood ရလို့ နောက်နှစ်အတွက် ကြိုရေးနေရင်း အတွေးတစ်ခုရလိုက်တယ်...။ အတွေးရလိုက်တယ်ဆိုတာက သတိထားလိုက်မိတာ ကျမ "နွေဦး" စာစုကိုရေးတဲ့အချိန်တိုင်းက အမြဲတမ်း မိုးရာသီမှာဖြစ်နေတယ်ဆိုတာပဲ...။ ကျမ နှစ်တိုင်း အဆက်မပြတ်ရေးလာတဲ့ အဲဒီစာစုလေးဟာ ခုလာမယ့်နှစ်ဆို ဆယ့်လေးပုဒ်မြှောက် ...။ အဲစာစုတွေရေးတဲ့အချိန်တိုင်းက နီးကပ်မှရေးတာမဟုတ်ဘဲ နှစ်တိုင်း ခြောက်လလောက်ကြိုရေးလေ့ရှိတာကိုပါ သတိထားလိုက်မိတယ်...။ နွေဦးစာစုလေးရေးဖို့ ကျမရဲ့ ရေးချင်စိတ်ဖြစ်တာကလဲ မိုးရာသီထဲအမြဲဖြစ်နေတာလည်းပါတယ်...။ များသောအားဖြင့် မိုးရာသီဟာ ကျမအတွက် စာရေးဖို့ အတွေးတွေ ဈာန်တွေ အပေးနိုင်ဆုံးအချိန်ဖြစ်လို့ပဲနေမှာ...။ တကယ်တော့ ကျမရေးနေတဲ့ အိန်ဂျယ်စာစုဆိုတာ ကျမတစ်ယောက်ထဲအတွက် စိတ်ခံစားမှုသက်သက်က ထွက်လာတဲ့ စကားလုံးတွေပဲ...။ ဘယ်သူ့ဘယ်သူအတွက်မှ အကျိုးရှိစေတဲ့ စာမဟုတ်လို့ စာဖတ်သူတွေကိုအားတော့နာမိတယ်...။ ဒါပေမယ့် စကားလုံးလေးတွေ တစ်လုံးချင်းရဲ့ ခံစာမှုရသတွေကိုတော့ ရနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ်...။


_________________
revolution will prevail
မိုးငွေ့


Tuesday, 24 October 2023

Dear Angel(16).....



ချစ်သော အိန်ဂျယ်......,,


နောက်ဆို  မင်းဆီကို ကိုယ့်ရဲ့ ဝမ်းနည်းစရာတွေ စိတ်ညစ်စရာတွေကို သယ်ဆောင်ယူလာဖို့ သိပ်မရှိတော့ပါဘူး...ခုကစပြီး စိတ်ကျေနပ်စရာအကြောင်းအရာတွေကိုပဲ မင်းကိုလာပြောပြဖြစ်တော့မှာပါ...။

ပြီးခဲ့တဲ့ Dear Angel စာစုတွေကို ပြန်ဖတ်တော့ 

ခံစားမှုတွေက လေးလံထိုင်းမှိုင်းလိုက်တာ...မွန်းကြပ်လိုက်တာ....။ 

ဆောရီး အိန်ဂျယ်.... အဲဒီအတွက် ကိုယ်..တကယ်တောင်းပန်ပါတယ်....။

ကိုယ်မင်းကို စိတ်ဆင်းရဲစရာတွေချည်းပဲ တောက်လျှောက်လာလာပြောပြနေခဲ့တာ အပိုင်း(၁၅)ထိတဲ့.....။  ကိုယ်ခံစားရသမျှ ပျော်ရွှင်မှုတွေ ဝမ်းနည်းမှုတွေအားလုံးကို နားထောင်ပေးလို့ ဖတ်ပေးလို့ ကျေးဇူးတင်ပါတယ် အိန်ဂျယ်....။

ခုတော့ ကိုယ်.. ပျော်ရွှင်မယ့် အရာတွေကိုပဲ လုပ်နေပါပြီ...။ ပျော်ရွှင်မှုကိုပဲ ကိုယ်ရသမျှရှာဖွေနေပါပြီ...။

တည်မြဲခြင်းတောင် မတည်မြဲတဲ့ လူ့ဘဝ ခဏတာလေးမှာ... မနက်ဖန် တဘက်ခါ နောက် မိနစ်ပိုင်း နာရီပိုင်း အချိန်မရွေး ဒီလောကကြီးထဲကနေ ပျောက်ကွယ်သွားနိုင်တာပဲ...။ 

တစ်ခုခုကို  အဆုံးသတ်ခြင်းက ကိုယ့်အတွက် ပျော်ရွှင်ခြင်းရဲ့အစပဲ.... 

ခုတော့... ပျော်ရွှင်ခြင်းနိုင်ငံတွေဆီကို ခရီးထွက်ဖို့ ကိုယ်ပြင်ဆင်နေပါပြီ...။


Miss you Angel...,

Still flying .....

Still loving.....


__________________
Revolution will prevail
မိုးငွေ့


Tuesday, 17 October 2023

Tattoo.....


 




ဒီနေ့မနက် ကျနော် မန္တလေး FM " Morning Peace" အစီအစဉ်ကလွှင့်တဲ့ "တက်တူး" ဆိုတဲ့ သီချင်းလေး နားထောင်လိုက်ရတယ်...။ အဆိုတော်နာမည်က "Yummy" တဲ့....။ သူ့သီချင်းတွေကို ကျနော် တစ်ခါမှလည်း နားမထောင်ဖူးဘူး...။ Pop ဂီတ အမျိုးအစား ခပ်အေးအေး ခပ်ဆွေးဆွေးလေး ကျနော် ကြိုက်တဲ့ မယ်လိုဒီမျိုးလေး...။ သူ့ MV ကတော့ လွန်ခဲ့တဲ့ 10 Years ago ဆိုပြီး...You Tube မှာသွားရှာတော့ အဲလိုတွေ့တာလေ...။ အနည်းဆုံးဆယ်နှစ်တော့မကတော့ဘူးပေါ့....။  အဲတုန်းက ကျနော်ဘာလုပ်နေလဲ...? အင်း.... ကျနော် အိန်ဂျယ်စာစုတွေ ဆက်တိုက်ရေးနေတဲ့ ကာလလေးပဲ...:)





Tattoo by Yummy Rookie


🎵... ပြန်လည်ဖျောက်ဖျက်ပစ်မရတဲ့ အချစ်တွေကို သံမှိုစွဲကပ်ရိုက်ခတ်နိုး 
ဘာမှနောက်ထပ်မရချင်ပါ ငါမျက်လုံးမှိတ်လို့ရှေ့ကိုတိုး 🎵
🎵 တစ်သက်လုံးဖျက်လို့မရအောင် ရင်မှာ တက်တူးရေးထိုးထားသလိုမျိုး.....🎵

🎵...  တအားလုံးပျက်ကြွေဒီကမ္ဘာမြေပေါ်မှာ အားလုံးခြောက်ခမ်းသေနေတောင်မှ
ပျက်စီးပြိုလဲမသွားမယ့်အချစ်များ မော်ကွန်းတင်ထားခဲ့ငါ့ရင်ထဲမှာ
မင်းပေးခဲ့တဲ့ အမှတ်တရတွေနဲ့ငါ အဆုံးသတ်တဲ့အထိ ပြီးပြည့်စုံတော့မှာ...🎵


ကျနော့်အတွက်အမှတ်ရဆုံး ပထမဆုံးထိုးတဲ့အရုပ်နဲ့ ကျနော်အမြတ်နိုးဆုံးတက်တူးလေး


ဘဝမှာ ကိုယ့်အသားအနာခံရတဲ့ကိစ္စဆို ဘာမှမလုပ်ခဲ့ မလုပ်ရဲခဲ့ဘူး ....။ ကျနော် ဘယ်လိုဖြစ်ပြီး တက်တူးထိုးဖြစ်သွားခဲ့သလဲ အခုချိန်မှာ ပြန်တွေးကြည့်မိတယ်...။ အဲအချိန်တုန်းက တက်တူးထိုးပါလို့ ကျနော့်ကို အားပေးတဲ့ တိုက်တိုက်တွန်းတွန်းလုပ်တဲ့သူလည်း အနားမှာ တစ်ယောက်မှာမရှိပါဘူး...။ ကျနော်တက်တူးထိုးဖို့ ဘယ်လိုရုပ်မျိုး ဘယ်နေရာလေးမှာထိုးမလဲဆိုပြီး အချိန်ယူစဉ်းစားနေတဲ့ အချိန်မှာတော့ တက်တူးဆိုတာ အရေပြားပေါ်ကအရုပ်တစ်ခုပါပဲ ခင်ဗျားအသားအရေကလှပြီးသားပဲ ဘာလို့ထိုးမတုန်းဆိုတဲ့ အဓိပ္ပါယ်မျိုး Comment တော့ရဖူးခဲ့တယ်..။ ပြီးတော့ သေရာပါကျန်ရစ်မယ့် အမှတ်အသားတွေမဟုတ်လား...။ ဒါပေမယ့် တက်တူးထိုးဖြစ်သွားတဲ့ အသေချာဆုံးအချက်က ကျနော်ကိုယ်တိုင် တက်တူးထိုးချင်စိတ်ဖြစ်ခဲ့တာလေး တစ်ခုကြောင့်ပါပဲ...တခြားဘာမှထွေထွေထူးထူးမဟုတ်ဘူး...။ ပြီးတော့ ကျနော်က လက်တည့်စမ်းချင်တဲ့စိတ်ရှိတဲ့သူ အဲဒါ အသက်ငယ်ကတည်းကပါပဲ လူသာကြောက်တတ်တာ...။ Covid-19 နဲ့ တိုင်းပြည်အာဏာသိမ်းခံရပြီးနောက်ပိုင်းမှာ လူက အတွေးတွေအများကြီး အပြောင်းအလဲဖြစ်သွားတယ်...။ နေရမယ့် ဘဝတိုတိုလေးမှာ ကျနော် လုပ်ချင်တဲ့အရာတွေကို ဘယ်သူ့ဘယ်သူမှမထိခိုက်ရင် လုပ်မယ်လို့ ဆုံးဖြတ်ထားတာကြောင့်ပဲ...။ ကျနော်ကတော့ ကျနော်လုပ်ချင်တဲ့အရာတွေမှန်သမျှ ဘယ်တော့မှ နောင်တပြန်ရမယ့် သူမျိုး မဟုတ်တာမို့ တက်တူးထိုးတာလဲ ဘယ်လို အကြောင်းအရာမျိုးကြောင့်မှ ပြန်ဖျက်ပစ်ဖို့မရှိပါဘူး....။  ဒီနေ့ထိ ကျနော့်ခန္ဓာကိုယ်မှာ ကျနော်ထိုးထားတဲ့အရုပ် ဆယ့်တစ်ခုတိတိရှိတယ်...။ ခုဆိုတစ်နှစ်ခွဲရှိပြီ..။ နောက်ထပ်ထိုးဖို့ ကျနော်မှာ ပြင်းပြတဲ့ဆန္ဒမရှိပေမယ့် ထိုးချင်သေးတဲ့စိတ်ရှိရင် ထိုးဖြစ်ဦးမှာပါ...။ ကျနော်က ပြူးပြူးပြဲပြဲအရုပ်တွေထက် Small tattoo လေးတွေ စာတန်းလေးတွေကို ပိုသဘောကျတယ်...။ အဓိကကတော့ ကျနော်သေရင်ပါသွားမယ့် ပြန်ဖျက်ပစ်မရတဲ့ အမှတ်တရတွေ ကျနော့်ခန္ဓာကိုယ်မှာ သိမ်းထားချင်တယ်....ဒါပါပဲ။




_______________________
Revolution will prevail
မိုးငွေ့


Thursday, 12 October 2023

မျှော်လင့်ခြင်းဖတ်စာ.....(၅)


 


ကျမ ဒီအပိုင်းမှာ စာရေးသူ Mark Manson က အိုင်းဇက်နယူတန်ရဲ့ စဉ်းစားတဲ့ဦးနှောက်နဲ့ ခံစားတဲ့ဦးနှောက်တွေအကြောင်း..., နယူတန်ရဲ့ နေပတ်လမ်းကြောင်းလေ့လာချင်စိတ်နဲ့ သူကိုယ်တိုင် နယူတန်(၂)ဆိုပြီး လူတွေရဲ့ နှလုံးသားပတ်လမ်းကြောင်းကို သိချင်စိတ်ဖြစ်ရင်း "နယူတန်ရဲ့ ခံစားမှု ဉပဒေသ ၃ ရပ်" ကိုရေးသားဖြစ်တဲ့အကြောင်းလေး ပြန်ရေးပြပါမယ်...။ 


_____________________


နယူတန်ရဲ့ ခံစားမှုဉပဒေသ


အိုက်ဇက်နယူတန် တစ်ယောက် လယ်ကွင်းထဲမှာ မတ်တပ်ရပ်နေတယ်....။

ရုတ်တရက်... မျက်နှာကို လက်ဝါးနဲ့ ဖြောင်းခနဲ ဖြတ်ရိုက်တာ ခံလိုက်ရတယ်...။ ဘဝမှာ ပထမဆုံး အရိုက်ခံရတာပဲ...။

ဂျုံစိုက်ရင် ဘာဖြစ်လို့ ထောင့်ဖြတ်အတန်းတွေနဲ့ စိုက်ရသလဲဆိုတာကို နယူတန်ရဲ့ ဦးလေးက သူ့ကို အာပေါင်အာရင်းသန်သန်နဲ့ရှင်းပြနေတာ...။ နယူတန်က သူ့ဦးလေးပြောတာကို နားမထောင်အားဘူး...။ နေလုံးကိုငေးကြည့်နေတယ်...။ အလင်းရောင်ဆိုတာ ဘယ်ကလာသလဲ အလင်းထဲမှာ ဘာတွေပါသလဲဆိုတာကို စဉ်းစားနေတယ်...။

အဲတုန်းက နယူတန်ရဲ့ အသက်က ၇ နှစ်....။

သူပြောနေတာကို နားမထောင်ရကောင်းလားဆိုပြီး နယူတန်ရဲ့ ဦးလေးက နယူတန့်မျက်နှာကို အားရပါးရ ပိတ်တီးလိုက်တာ နယူတန်ခင်ဗျာ သူ့ကိုယ်သူ ဘယ်သူလဲဆိုတာတောင် ခဏမေ့သွားပြီး မြေကြီးပေါ် ခေါက်ခနဲ လဲကျသွားတယ်...။ စိတ်ကို ပြန်စုစည်းပြီး တဖြည်းဖြည်း ပုံမှန်ပြန်ဖြစ်လာတာတောင်မှ အိုက်ဇက်နယူတန်ရဲ့ စိတ်အပိုင်းအစတချို့ဟာ အဲဒီလယ်ကွင်းရဲ့ မြေစာခဲတွေကြားမှာ ကျကျန်ခဲ့ပြီ.... ပြန်မရတော့ဘူး...။

နယူတန်ရဲ့အဖေက နယူတန် မမွေးခင်လေးတင် ဆုံးသွားတယ်...။ သူ့အမေကလည်း သူ့ကိုထားခဲ့ပြီး ဟိုဖက်ရွာက သူဌေးတစ်ယောက်နဲ့ယူသွားတယ်...။ ဒီလိုနဲ့ နယူတန့်ကလေးဘဝတစ်လျှောက်လုံး ဦးလေးတွေ အဒေါ်တွေ အဘိုးအဘွားတွေဆီမှာ တစ်လှည့်ဆီလိုက်နေရတယ်..။ ဘယ်သူမှလည်း သူ့ကို ခေါ်မထားချင်ကြဘူး..။ ဘာလုပ်ပေးရမန်းလည်း မသိကြဘူး..။ အားလုံးအတွက် ဝန်ထုပ်ဝန်ပိုး တစ်ခုလို ဖြစ်နေတာပေါ့....။ အမျိုးထဲမှာ သူ့ကိုချစ်တဲ့သူ မရှိသလောက်ပဲ...။

နယူတန်ရဲ့ ဦးလေးက ပညာမတတ်ဘူး...။ အရက်သမား...။ လယ်စိုက်တာတစ်ခုပဲ ကျွမ်းကျင်တယ်...။ ဒီတော့ တစ်ချိန်လုံးလယ်ကွင်းထဲမှာပဲ ချိန်းကုန်နေတယ်..။ ဦးလေးလယ်ထဲသွားပြီး စိုက်ခင်းလိုင်းတွေကို ရေတွက်နေပြီဆိုရင် နယူတန်လိုက်သွားတယ်...။ အဲဒီတစ်ချိန်ပဲ နယူတန့်ကို သူ့ဦးလေးက အဖက်လုပ်တာလေ...။ ဘယ်သူမှ အရေးစိုက်တာ မခံရတော့ ဦးလေးဂရုစိုက်တဲ့ အချိန်တခဏဟာ နယူတန်အတွက် သဲကန္တာရထဲက ရေတစက်လိုဖြစ်နေတာ...။

နယူတန်က ငယ်ငယ်ကတည်းက အင်မတန်တော်တယ်...။ အသက် ၈ နှစ်သားလောက်မှာ အတွက်အချက်တွေ အရမ်းကျွမ်းကျင်နေပြီ ...။ ဦးလေးမွေးထားတဲ့ နွားတွေ သိုးတွေအတွက် နောက်တစ်နှစ်စာ အစာဘယ်လောက်ဝယ်ရမလဲ ဆိုတာ တွက်တတ်နေပြီ...။ ၉နှစ်သား အရွယ်မှာ လယ်ထဲမှာ ဘာလီခင်း ဂျုံခင်း အာလူးခင်း ဘယ်နှစ်ဧက ရှိသလဲဆိုတာ စိတ်တွက် တွက်တတ်နေပြီ...။

၁၀ နှစ်သားအရွယ်ရောက်တော့ လယ်စိုက်တဲ့ အလုပ်ဟာ နယူတန်အတွက် ပျင်းစရာဖြစ်လာတယ်...။ ကောင်းကနေလုံး ဘယ်အချိန်မှာ ဘယ်နေရာရောက်နေသလဲ ဘယ်ရာသီမှာ ဘယ်လိုရွေ့လျားနေသလဲဆိုတာကို ပိုပြီး စိတ်ဝင်စားလာတယ်...။ သူ့ဦးလေးကတော့ ဒါတွေ ဘယ်စိတ်ဝင်စားပါ့မလဲ ထမင်းစားလို့ရတဲ့ အလုပ်မှ မဟုတ်တာကိုး...။ အဲဒီတော့ လယ်အလုပ်တွေကို စိတ်မဝင်စားဘဲ နေလုံးကို တငေးငေးလုပ်နေတဲ့ နယူတန်ကို နားရင်းအုပ်တော့တာပေါ့...။

နယူတန်က ကျောင်းမှာလည်း သိပ်ပြီးအဆင်မပြေလှဘူး...။ ဖြူဖတ်ဖြူရော် ပိန်ကိုင်းကိုင်းနဲ့ ဘေးပတ်ဝန်းကျင်ပေါ်မှာလည်း အာရုံမရှိဘူးလေ....။ အပေါင်းအသင်းလည်းမရှိ နယူတန်က နေနာရီတွေကို စိတ်ဝင်စားတယ်...။ ကာတီစီရန် မျက်နှာပြင် သီအိုရီတွေကို လေ့လာချင်တယ်...။ လဆိုတာ အလုံးလား အပြားလား အတွေးနယ်ချဲ့ချင်တယ်...။ တခြားကလေးတွေက စိန်ပြေးတမ်းကစားနေတဲ့အချိန်မှာ နယူတန်က ရွာထဲက စမ်းချောင်းတွေကို တစ်ယောက်တည်းလေ့လာနေတယ်...။ စီးနေတဲ့ ရေတွေကို အကြာကြီး ထိုင်ငေးရင်း လူတွေရဲ့ မျက်လုံးဟာ အလင်းရောင်ကို ဘယ်လိုများ မြင်ရသလဲဆိုတာကို စဉ်းစားနေတယ်...။

နယူတန်ရဲ့ ငယ်ဘဝဟာ နားရင်းအုပ်ခံရတဲ့ အချိန်တွေနဲ့ ပြည့်နေတယ်...။ နားရင်းတစ်ချက် အရိုက်ခံရတိုင်း နယူတန်ရဲ့ ခံစားတဲ့ဉီးနှောက်က ငါဘာလို့ လူဖြစ်လာသလဲ တစ်ခုခုတော့ မှားနေပြီ ဆိုပြီးတွေးမိတယ်...။ ဘာဖြစ်လို့ ငါ့မိဘတွေ ငါ့ကို ပြစ်သွားကြသလဲ...။ ဘာဖြစ်လု့ ကျောင်းနေဖက်ကလေးတွေက ငါ့ကို လှောင်ကြသလဲ ဘာဖြစ်လို့ အမြဲတမ်း ငါတစ်ယောက်ထဲ ဖြစ်နေတာလဲ...။ နယူတန်ရဲ့ စဉ်းစားတဲ့ဦးနှောက်က သီအိုရီတွေ လသွားလမ်းကြောင်းတွေ နေပတ်လမ်းကြောင်းတွေနဲ့ အလုပ်ရှုပ်နေတဲ့ အချိန်မှာ ခံစားတဲ့ဦးနှောက်က ငါ့ဘဝတော့ တစ်ခုခုလွဲနေပြီ ဆိုပြီး ကောက်ချက်ချနေတယ်...။ အတွင်းစိတ်ထဲကို နစ်ဝင်သွားအောင် ဖိထည့်နေတယ်...။

တစ်ရက်ကျတော့ နယူတန်က သူ့ကျောင်းစာအုပ်ထဲမှာ ဒီလိုချရေးတယ်...။

"ငါဟာ ပျော့ညံ့တဲ့ အဖြစ်မရှိတဲ့ လူတစ်ယောက်ပဲ ငါ့အတွက် ဒီကမ္ဘာမှာ နေရာမရှိပါလား... အိမ်မှာလည်း နေရာမရှိဘူး ကျောင်းမှာလည်း နေစရာမရှိဘူး ငရဲမှာတောင် ငါ့အတွက် နေရာရှိမှာ မဟုတ်ဘူး..။ ငါဘာလုပ်ရမလဲ...။ ငါဘာအသုံးကျသလဲ... ငိုနေရုံကလွဲပြီး ဘာမှ မတတ်နိုင်ဘူး..."

ခင်ဗျားအခု ဖတ်ရသမျှတွေဟာ နယူတန်ရဲ့ တကယ့်ဘဝဇာတ်လမ်းတွေပဲ...။(နည်းနည်းပါးပါးလွဲတာတော့ ရှိရင်ရှိမှာပေါ့လေ...)

ဟုတ်ပြီ... အခု ကျွန်တော်တို့ နေနေတဲ့ စင်္ကြာဝဠာအပြင် နောက်ထပ် စင်္ကြာဝဠာတွေ ရှိနေသေးတယ်လို့ မြင်ယောင်ကြည့်လိုက်...။ အဲဒီ စင်္ကြာဝဠာတွေထဲက တစ်ခုမှာ နောက်ထပ် အိုက်ဇက်နယူတန်တစ်ယောက် ရှိနေတယ်ဆိုပါစို့...။ အဲဒီနယူတန်တန်ကလည်း ကျနော်တို့ စင်္ကြာဝဠာရဲ့ နယူတန်လိုပဲ ငယ်ငယ်ကတည်းက မိသားစုနဲ့ အဆင်မပြေတဲ့သူ အနိုင်ကျင့်ခံခဲ့ရတဲ့သူ အပါင်းအသင်းမရှိတဲ့သူ လောကကြီးကို ဒေါသထွက်နေတဲ့သူ ပြီးတော့ အဲဒီနယူတန်က ကျနော်တို့ နယူတန်လိုပဲ အတွက်အချက် အရမ်းကျွမ်းကျင်တယ် ဉာဏ်ကောင်းတယ် သူ့ကို နယူတန်(၂)လို့နာမည်ပေးလိုက်မယ်...။ 

နယူတန်(၁) နဲ့ နယူတန်(၂) မတူတာတစ်ခုတော့ရှိတယ်...။ နယူတန်(၂)က အပြင်ဖက်လောကကြီးကို မလေ့လာဘူး...။ ကမ္ဘာပတ်လမ်းနေလမ်းကြောင်းတွေကို စိတ်မဝင်စားဘူး...။ သူက လူတွေရဲ့ စိတ်အတွင်းပိုင်းမှာရှိတဲ့ ခံစားချက်တွေ စဉ်းစားမှုတွေကို ပိုစိတ်ဝင်စားတယ်လို့ စိတ်ကူးယဉ်ကြည့်လိုက်...။ အရမ်းကြီး ကြိုးစား စိတ်ကူးယဉ်ကြည့်စရာတောင်မလိုဘူး ငယ်တုန်းက နှိပ်စက်ခံရတဲ့ သူတွေဟာ ကြီးလာတဲ့အခါ ပိုပြီး မြင်တတ် စဉ်းစားတတ်တဲ့သူတွေ ဖြစ်လာတတ်တယ်...။  ကျနော်တို့ ခင်ဗျားတို့ အတွက်တော့ တခြားလူတွေကို လေ့လာရတာ အပျင်းပြေဝါသနာတစ်ခုဖြစ်ရင်ဖြစ်နေမယ်...။ ဒါပေမယ့် အနှိပ်စက်ခံခဲ့ရသူတွေအတွက်တော့ တခြားသူတွေကို လေ့လာစောင့်ကြည့်ခြင်းဟာ သေရေးရှင်ရေးတမျှ အရေးကြီးလာတယ်...။ပတ်ဝန်းကျင်ကလူတွေ ကိုယ့်ကို ဘယ်အချိန် ဒုက္ခပေးမလဲဆိုတာကို အချိန်ပြည့်စောင့်ကြည့်နေရတာကိုး...။ လေသံအနိမ့်အမြင့် မျက်ခုံးအပင့်အချ သက်ပြင်းအသွင်းအထုတ် ဒါတွေကအစ အရေးကြီးတဲ့ သတိပေးသံတွေ ဖြစ်လာနိုင်တယ်လေ...။

နယူတန်(၂)က သူ့ပတ်ဝန်းကျင်မှာ ရှိတဲ့ လူတွေရဲ့ စိတ်သဏ္ဌာန်ကို စိတ်ဝင်စားတယ်...။ သူ့တို့ကို စောင့်ကြည့်လေ့လာတယ်...။ သူတို့တွေ ဘာတွေ စဉ်းစား ဘာတွေ လုပ်နေကြသလဲဆိုတာကို မှတ်စုစာအုပ် တစ်အုပ်နဲ့ချရေးထားတယ်...။ သူတို့ ကိုယ်တိုင်တောင် သတိမထားမိတဲ့ အရာတွေကို နယူတန်(၂)က စာမျက်နှာ ရာနဲ့ချီပြီး မှတ်သားတယ်..။ အတွက်အချက် ကျွမ်းကျင်ရင် နေနဲ့လရဲ့ လမ်းကြောင်းကိုတောင် တိုင်းလို့ရတာပဲ...။ လူ့အတွင်းစိတ်ကမ္ဘာရဲ့ လည်ပတ်ပုံကိုလည်း တိုင်းလို့ မရစရာမရှိဘူးလို့ သူကတွေးတယ်..။

အဲဒီမှာ ကျနော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ သိပေမယ့် ဝန်မခံချင်တဲ့ အချက်တစ်ခုကို နယူတန်(၂)ရှာတွေ့သွားတယ်...။ အဲဒီအချက်က ဘာလဲဆိုရင် ကျနော်တို့အားလုံးဟာ မုသားတွေနဲ့ တည်ဆောက်ထားတဲ့ သူတွေဖြစ်တယ် ဆိုတဲ့အချက်...။ ပုံမှန် လိမ်ညာနေကြရင်း အကျင့်တောင် ဖြစ်နေကြပြီ...။ အရေးကြီးတဲ့ အရာတွေနဲ့ ပတ်သက်ပြီးတော့လည်း လိမ်တယ်...။ အသေးအမွှားကိစ္စလေးတွေမှာလည်း မုသားမကင်းဘူး များသောအားဖြင့် ဒီလိုလိမ်တယ်ဆိုတာ အကျင့်ယုတ်ချင်လို့ မဟုတ်ဘူး...။ ကိုယ့်ကိုယ်ကိုညာနေရင်း သူများကိုပါ လိမ်မိသွားတဲ့သဘော...။

နယူတန်(၂)ရဲ့ အမြင်အရဆိုရင် လူတွေရဲ့ နှလုံးသားကို ဖြတ်သွားတဲ့ အလင်းဟာ ကိုယ့်ကိုယ်တိုင်တောင် သတိမထားမိဘဲ ယိုင်သွားတတ်တယ်...။ မုန်းတဲ့သူ့ကို ချစ်တယ်လို့ ပြောမယ်...။ ဒီတစ်ခုကို ယုံကြည်လို့ ပြောပြီး တခြားတစ်ခုကို လုပ်မယ်...။ မရိုးသားတဲ့ ရက်စက်တဲ့ အပြုအမူတွေ လုပ်နေရင်း ကိုယ့်ကိုယ်ကို ရိုးသားကြင်နာတတ်တဲ့ သူလို့ အထင်မှားနေမယ် စိတ်ထဲမှာတော့ ကိုယ်လုပ်သမျှတွေဟာ အပြောင်းအလဲမရှိဘဲ မှန်ကန်နေတယ်လို့ ထင်ကြမယ်...။ ဘယ်သူ့ကိုမှ မယုံသင့်ဘူးလို့ နယူတန်(၂)ကောက်ချက်ချလိုက်တယ်...။ လူတွေနဲ့ ဝေးလေလေ ဒဏ်ရာနည်းလေလေပဲလို့ ယူဆလိုက်တယ်...။ ဒါကြောင့် ဘယ်သူ့နားမှာမှမနေဖို့ ကြိုးစားတယ်..။ လူ့နှလုံးသားတွေရဲ့ ဆွဲငင်အားပတ်လမ်းကြောင်းထဲ ဝင်မသွားမိအောင် ထိန်းတယ်...။  သူငယ်ချင်းမလိုဘူး လိုလည်း မလိုချင်ဘူး...။ နယူတန်(၂)ရဲ့ မျက်စိထဲမှာ ကမ္ဘာကြီးဟာ အက်ကွဲခြောက်သယောင်းနေတဲ့ ဖုန်းဆိုးမြေ တစ်ခုပဲ...။ ဒီလိုနေရာမျိုးဟာ လူဖြစ်လာမှတော့ ငါ့ဘဝ အဓိပ္ပါယ်ရှိဖို့ နေနည်း တစ်နည်းပဲရှိတော့တယ်...။ ဒီကမ္ဘာကြီးဘယ်လောက် ဆိုးသလဲ ဘယ်လောက် စိတ်ပျက်ဖို့ကောင်းသလဲ ဆိုတာကို ငါမှတ်တမ်းတင်မယ်လို့ နယူတန်(၂)က ဆုံးဖြတ်လိုက်တယ်...။

သူ့ကိုယ်သူသာ စိတ်ချမ်းသာအောင်မနေတတ်တာ နယူတန်(၂)က ရည်မှန်းချက်တော့ အကြီးသား လူ့နှလုံးသားရဲ့ ပတ်လမ်းကြောင်းကို အဖြေရှာချင်တယ်...။  နာကျင်မှုရဲ့အဟုန်ကို တိုင်းတာချင်တယ်...။ ခံယူချက်တွေ တန်ဖိုးတွေရဲ့ ခွန်အားကို လေ့လာချင်တယ်...။ မျှော်လင့်ချက်တွေရဲ့ သိပ်သည်းဆကို သိချင်တယ်...။ ပြီးတော့ အရေးကြီးဆုံးအနေနဲ့ ဒီအရာတွေ အားလုံးရဲ့ ဆက်နွယ်မှုကို သူသိချင်တယ်...။

အဲဒီမှာ နယူတန်ရဲ့ ခံစားမှု ဉပဒေသ ၃ ရပ် ဆိုတာကို ရေးဖို့ ဆုံးဖြတ်လိုက်တယ်...။



__________________
Revolution will prevail
မိုးငွေ့



Sunday, 8 October 2023

အချစ်က ခမ်းနားတယ်.....

 


အချစ်က ခမ်းနားတယ်..... ဟုတ်တယ်...။

အချစ်ဟာ.... မြူမှုန်တွေဝေသီမှိုင်းညှို့နေတဲ့အခါ 
ပန်းနုရောင် ပန်းစည်းအကြီးကြီးတစ်ခုကို ကိုင်လာတဲ့ 
အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားတဲ့ အမျိုးသမီးနဲ့တူတယ်...။ 
အချစ်ကို သူ့ရုပ်သွင်ပြင်ကလွဲလို့ 
လှပတဲ့ ခြေသလုံးသွယ်သွယ်တစ်စုံနဲ့ 
ပန်းနုရောင်ပန်းပွင့်ကြီးကြီးတွေ အနက်ရောင်ဇာဝတ်စုံတွေကိုပဲ မြင်ရတယ်...။ 

အချစ်က လှသလား...?

အချစ်က ချစ်စရာကောင်းသလား...?

အချစ်က ရင်ခုန်နူးညံ့သလား...?

အချစ်က ကိုယ်ချင်းစာတရားရှိသလား....?

တကယ်တမ်း...အချစ်က ဘာမှခန့်မှန်းလို့မရအောင် နက်နဲတယ်...။


❤️❤️❤️❤️❤️❤️❤️


တမ်းတလွမ်းဆွတ်မှုတွေ...

ရင်ခုန်စိတ်လှုပ်ရှားစရာတွေ ...အပြင်

ကြောက်ရွံတုန်လှုပ်မှုတွေ....

စိတ်ရှုပ်ထွေးမှုတွေ...

ဒီတော့.... ခံစားမှုတွေကို မပြောင်းလဲအောင်..... ဝင်/ထွက်သက်တိုင်း အမြဲသတိတရရှိနေအောင် နူးညံ့သိမ်မွေ့တဲ့ ခံစားချက်တွေကနေ.... ရုန့်ရင်းဆန်တဲ့ ခံစားမှုတွေဆီအထိ ရသပေါင်းစုံနဲ့ လွှမ်းမိုးထားနိုင်တဲ့ မမြင်နိုင် ထိတွေ့လို့မရနိုင်တဲ့ စိတ္တဇနမ်ကို အချစ်ကသာ  တစ်သက်စာ ပေးစွမ်းနိုင်ခဲ့တယ်...။

အချစ်က....စိတ်ကူးယဉ်စရာကောင်းဖို့သက်သက်ပါပဲ တကယ်တော့....။

ဒါပေမယ့် လက်တွေ့မှာ အချစ်ဟာ တစ္ဆေတစ်ကောင်မျှသာပဲလို့ ထင်သာမြင်သာ သိတတ်လာအောင် ထိုအချစ်ကပဲ  သင်ကြားပေးသွားခဲ့တယ်....။

ခံစားမှုတွေသိပ်မကောင်းတော့တဲ့အခါ အသက်ကိုပြင်းပြင်းရှူတယ်.....

မွန်းကြပ်လာတဲ့အခါတိုင်း အသက်ကို ပြင်းပြင်းရှူတယ်.....

ဝမ်းနည်းလာတဲ့အခါ အသက်ကိုပြင်းပြင်းရှူတယ်.....

နာကျင်မှုဝေဒနာတွေကို ခံစားရတဲ့အခါ အသက်ကို ပြင်းပြင်းရှူတယ်.....


ဟုတ်..... အချစ်က တကယ်ခမ်းနားပါတယ်....

အချစ်ကရတဲ့ အကျိုးကျေးဇူးတွေကတော့ ဟိုးအတွင်းကလီစာတွေက‌နေ ဦးနှောက်အထိ အောက်ဆီဂျင်တွေနေရာအနှံ့ရောက်အောင်  အသက်ပြင်းပြင်းရှူတတ်သွားအောင် သင်ကြားပေးသွားခဲ့တာပဲ...။



__________________
Revolution will prevail
မိုးငွေ့


Wednesday, 4 October 2023

မျှော်လင့်ခြင်းဖတ်စာ.....(၄)

 




သမာရိုးကျယူဆချက်


ဂီတပညာရှင် တွမ်ဝိတ်စ်ကို အရက်သောက်ခြင်းနဲ့ပတ်သက်ပြီး မေးကြည့်တော့ သူက ဒီလိုဖြေတယ်...။ "အရက်သောက်မလား Lobotomy လုပ်မလား(ဦးနှောက်ထဲက ခံစားချက်နဲ့ သက်ဆိုင်တဲ့ အပိုင်းတစ်ခုကို ခွဲပြီးထုတ်ပစ်တာ) ဆိုပြီးရွေးရရင် ကျနော်ကတော့ အရက်ပဲဆက်သောက်မှာဗျ" တဲ့...။ အဲဒီမေးခွန်းကို ဖြေတုန်းက တွမ်ဝိတ်စ်က တော်တော်မူးနေပုံပဲ...။

Frontal Lobotomy လို့ခေါ်တဲ့ ဦးနှောက်ခွဲစိတ်မှု အကြောင်းနည်းနည်းပြောပြမယ် နှာခေါင်းထဲကနေ လျှိုပြီး‌ ခေါင်းခွံထဲကို လွန်နဲ့ထိုး အပေါက်ဖောက်တယ် ပြီးရင် ဉီးနှောက်အရှေ့ပိုင်း အဖုတစ်ခုကို ပေါက်ဆူးသေးသေးလေးနဲ့ တူးထုတ်လိုက်တယ်.....။ အာရုံကြောပညာရှင် အန်တိုနီရို အီဂတ်စ်မိုနစ်ဇ် ဆိုတဲ့သူက ဒီခွဲစိတ်မှုကို ၁၉၃၅ လောက်မှာ တီထွင်ခဲ့တာ...။ စိတ်ညစ် စိတ်ဓါတ်ကျနေတဲ့သူတွေ ကိုယ့်ကိုယ်ကို သတ်သေချင်နေတဲ့သူတွေ (တကယ်ကတော့ မျှော်လင့်ချက် ငတ်နေတဲ့သူတွေပါ) ဒီလူတွေကို ဒီလိုခွဲစိတ်လိုက်ရင် ငြိမ်ကျသွားသတဲ့..။

Lobotomy ခွဲစိတ်မှု ပညာတိုးတက်လာတဲ့အခါကျရင် စိတ်ရောဂါမှန်သမျှကို ကုပေးနိုင်လာမယ်လို့ မိုနစ်ဇ်က ယုံကြည်တယ်...။ တခြားနိုင်ငံတွေက ဒီခွဲစိတ်မှုအကြောင်းကို သိလာအောင် သူက စကားဖောင်ဖောင်ပြောပြီးကြော်ငြာတယ်...။ ၁၉၄၀ လောက်ရောက်တော့ Lobotomy ခွဲစိတ်မှုကို တစ်ကမ္ဘာလုံးနီးနီးသုံးနေကြပြီ...။ လူနာ ထောင်သောင်းချီပြီး ဉီးနှောက်တွေ အဖဲ့ခံနေရပြီ...။ မိုနစ်ဇ်ကို နိုဘယ်လ်ဆုတောင် ပေးဖို့ စီစဉ်နေကြပြီ...။

ဒါပေမယ့် ၁၉၅၀ ဝန်းကျင်လောက်မှာ လူတွေ တဖြေးဖြေး ဇဝေဇဝါ ဖြစ်လာကြတယ်...။ ခေါင်းခွံကို ဖောက်ပြီး ဉီးနှောက်ကို ကော်ထုတ်တဲ့အခါ ဘေးထွက်ဆိုးကျိုးတွေ ရှိနေပါလား ဆိုတာကို အခုမှ သဘောပေါက်လာကြတာ...။ ဘေးထွက်ဆိုးကျိုးလို့ပြောတာ လျှော့လျှော့ပေါ့ပေါ့ ပြောလိုက်တာ...။ တကယ်က လူနာတွေ အာလူးတစ်လုံးလောက်ပဲ အသိဉာဏ်ရှိတော့တာ အာရုံမစိုက်နိုင်ကြတော့ဘူး ဆုံးဖြတ်ချက်တွေလည်း မချတတ်တော့ဘူး အလုပ်လုပ်လို့လည်းမရ ရေရှည်တွေးခေါ်နိုင်စွမ်းတွေလည်း မရှိတော့ ဖုတ်ကောင်တွေလို ဖြစ်လာကြရော...။  အဲလိယက်တွေဖြစ်လာကြတယ်ဆိုပါတော့...။

Lobotomy ကို စပြီး ပိတ်ပင်တဲ့ နိုင်ငံက ထူးထူးခြားခြားပဲ ရုရှားနိုင်ငံဖြစ်နေတယ်...။ ဆိုဗီယက်ခေါင်းဆောင် စတာလင်က "Lobotomy ခွဲစိတ်မှုဟာ လူ့အခွင့်အရေးကိုချိုးဖောက်တယ် ရူးနေတဲ့သူကို နုံသွားအောင် လုပ်လိုက်တာပဲ" ဆိုပြီး ကြော်ငြာချက်ထုတ်တယ်...။ အဲဒီမှာ တစ်ကမ္ဘာလုံးလည်း လန့်သွားကြတယ်...။ လန့်လည်း လန့်စရာပဲလေ စတာလင် ကိုယ်တိုင် လူ့အခွင့်အရေးတွေ ဘာတွေ စကားထဲ ထည့်ပြောလာမှတော့ အခြေအနေတော်တော် ဆိုးနေလို့ပေါ့...။

မကြာခင်မှာပဲ တစ်ကမ္ဘာလုံးက Lobotomyကို ပိတ်ပင်လာကြတယ်...။ ၁၉၆၀ လောက်မှာ အဲဒီစကားလုံးကို ဘယ်သူမှ မကြားချင်တော့ဘူး...။ နောက်ဆုံးအကြိမ်ခွဲစိတ်မှုက ၁၉၆၇ ခုနှစ် အမေရိကားမှာ ခွဲစိတ်ခံရတဲ့ လူနာသေသွားတယ်...။ နောက်ထပ် ၁၀နှစ်လောက်ကြာသွားတော့ တွမ်ဝိတ်စ်က စောစောက စကားကို တီဗီအင်တာဗျူး တစ်ခုမှာ မူးမူးရူးရူးနဲ့ ပြောသွားတယ် ...။ အဲဒါပြီးတဲ့နောက်မှာ တွမ်ဝိတ်စ်နဲ့ Lobotomy ဆိုတဲ့ စကားလုံးဟာ သမိုင်းတွင်ကျန်ရစ်တော့တာပဲ...။

တွမ်ဝိတ်စ်က အရက်ကို အဆက်မပြတ်သောက်တဲ့သူ...။ ၁၉၇၀-၈၀ ဆယ်စုနှစ်တစ်ခုလုံး အရက်ခွက်ထဲ ခေါင်းစိုက်နေခဲ့တဲ့သူ...။ ဒါပေမယ့် ဒီလို မူးရူးနေတာတောင် သီချင်းခွေ ၇ ခွေ ထုတ်သွားနိုင်ခဲ့တယ်...။ သူ့ရဲ့ ထွက်သမျှသီချင်းတွေကလည်း ဂန္တဝင်တွင်အောင် ကောင်းတာချည်းပဲ...။ ရေးနိုင် ဆိုနိုင်သလို ရေးသမျှ ဆိုသမျှကလည်း အောင်မြင်တယ်...။ ဆုတွေတစ်ပုံကြီးရတယ်...။ တစ်ကမ္ဘာလုံးက သောင်းသောင်းဖြဖြ အားပေးကြတယ်...။ ဒါကြောင့်လည်း တွမ်ဝိတ်စ်ရဲ့ လူတွေအပေါ်မှာ မြင်တဲ့ သဘောထား အတွေးအခေါ်တွေကို လေ့လာရတာ စိတ်ဝင်စားဖို့ကောင်းတာ...။

တွမ်ဝိတ်စ်ရဲ့ အဆိုအရ ဆိုရင် အရက်စွဲပြီး ခံစားချက်တွေ ပြင်းထန်ပြီး ပြဿနာတွေတက်နေတာက တော်သေးတယ်...။ ခံစားချက်တွေ မရှိတော့ဘဲ ငူငေါင်နေရတာက ပိုဆိုးတယ်တဲ့...။ မျှော်လင့်ချက်ကို အောက်ဆုံးထိဆင်းပြီး ကုန်းကောက်ရတာဟာ မျှော်လင့်ချက် မရှိတာထက်တော့ တော်ပေါသေးတယ်ဆိုတဲ့ သဘော...။ ခံစားချက်မရှိတော့ရင် ကျနော်တို့ဟာ အလကားပဲလို့ ဆိုလိုချင်တာ...။

ဆိုကရေးတီး လက်ထက်ကတည်းက ဆင်ခြင်နိုင်စွမ်းဆိုတာ အလိုအပ်ဆုံး အမွန်မြတ်ဆုံး အရည်အချင်းတစ်ခုဖြစ်တယ်လို့ သတ်မှတ်ခဲ့တယ်...။ ဒေကာတီကထပ်ပြောပြန်တယ်...။ ပြင်းထန်တဲ့ အရိုင်းဆန်တဲ့ တပ်မက်စိတ်တွေကို ကျိုးကြောင်းဆင်ခြင်မှုနဲ့ ထိန်းရမယ်တဲ့...။ ကန့်ကလည်း ဒီလိုပဲ ခပ်ဆင်ဆင်ပြောခဲ့တယ်...။ ဖရွိုဒ်လည်း အတူတူပဲ...။ မိုနစ်ဇ် Lobotomy ကိုတီထွင်တုန်းကလည်း ဒီလိုပဲ ထင်ခဲ့မှာပဲ...။ နှစ်ပေါင်းထောင်နဲ့ချီအောင် အတွေးအခေါ်ရှင်ပေါင်းများစွာက ထပ်ကာထပ်ကာ အပြစ်တင်ခဲ့ကြတဲ့ "ခံစားချက်"ဆိုတဲ့ မကောင်းဆိုးဝါးကြီးကို အသေသတ်လို့ရပြီဟေ့ဆိုပြီး မိုနစ်ဇ်က ထင်ခဲ့မှာပေါ့...။ ခံစားချက်ကိုဖယ် ဆင်ခြင်တုံတရားပဲ ချန်ခဲ့ အားလုံးကောင်းပါသည်ပေါ့လေ...။

ဒီအယူအဆဟာ ရာစုနှစ်ပေါင်းများစွာ အသက်ရှင်လာလိုက်တာ အခုခေတ် ယဉ်ကျေးမှုထဲမှာပါ စီးဝင်နေပြီ...။ ဒီယူဆချက်ကို သမာရိုးကျယူဆချက်လို့ ခေါ်ကြပါစို့...။ သမားရိုးကျ ယူဆချက်အရ ဆိုရင် စည်းကမ်းမရှိတဲ့ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့ အကျင့်မကောင်းတဲ့ သူတစ်ယောက်ဟာ ခံစားချက်ကို မထိန်းနိုင်တဲ့သူ စိတ်ပျော့တဲ့သူလို့ သတ်မှတ်လိုက်တယ်...။ ခံစားမှုတွေ တပ်မက်မှုတွေကိ မကောင်းဘူးလို့ သတ်မှတ်တယ်...။ လူ့စိတ်ထဲက အမှားတွေလို့ တံဆိပ်ခတ်မယ်...။ 

ဒီနေ့ခေတ်မှာလည်း လူတွေကို ဒီပေတံနဲ့ပဲ တိုင်းပြီး ကောင်းတယ်/ဆိုးတယ် သတ်မှတ်ကြတာပဲ...။ အဝလွန်တဲ့သူတွေကို အပြစ်တင် ကဲ့ရဲ့နေကြတာကိုပဲ ကြည့်ပါ....။  အဝလွန်တယ်ဆိုတာ  ကိုယ့်ကိုယ်ကို မထိန်းနိုင်လို့ပေါ့ဆိုပြီး ပြစ်တင်ကြတယ်...။ ပိန်ချင်ရင် ဘာဖြစ်လို့ ဆက်စားနေသလဲ...။ သူတို့ကိုယ်သူတို့ မသိကြဘူးလား...။ သူတို့ကိုက မှားနေတာ ဆိုပြီး ကောက်ချက်ချကြတယ်...။ ဆေးလိပ်စွဲနေတဲ့ သူတွေကိုလည်း ဒီလိုပဲမြင်တယ်...။ ဆေးစွဲတဲ့သူတွေကိုလည်း ဒီပုတ်ထဲကိုပဲ ပစ်ထည့်လိုက်ကြတာပဲ...။ ဆေးစွဲနေတဲ့ သူတွေကို ကျတော့ ဒုစရိုက်သမားလို့ပါ ထပ်ပေါင်းပြီး မြင်ကြတာပေါ့လေ....။

စိတ်ဓါတ်ကျနေတဲ့သူတွေ ကိုယ့်ကိုယ်ကို သတ်သေချင်နေတဲ့သူတွေလည်း ဒီပေတံအောက်က မလွတ်ဘူး ဒါပေမယ့် သူတို့ကို အပြစ်တင်တာ တခြားသူတွေကို အပြစ်တင်တာထက် ပိုအန္တရာယ်များတယ်...။ မျှော်လင့်ချက်မရှိတော့တာ ဘဝက အဓိပ္ပါယ်မဲ့နေတာ သူတို့ အပြစ်တွေသာဖြစ်တယ်လို့ လူတွေက သတ်မှတ်လာတဲ့အခါ အခြေအနေ ပိုဆိုးရုံပဲ ရှိတော့မပေါ့...။

ခံစားချက်နောက်ကို လိုက်တဲ့သူတွေကို သိက္ခာမဲ့တဲ့သူတွေလို့ မြင်လာကြတယ်...။ ကိုယ့်ကိုယ်ကို မထိန်းနိုင်တဲ့သူတွေဟာ အားနွဲ့သူတွေဖြစ်တယ်လို့ သတ်မှတ်လာကြတယ်...။ ခံစားချက်ကို ထိန်းထားနိုင်တဲ့ သူတွေကိုကျတော့ သူရဲကောင်းတွေလို ကိုးကွယ်ဆည်းကပ်လာကြတယ်...။ ခံစားချက်ကို ထိန်းနိုင်တဲ့ စက်ရုပ်တစ်ရုပ်လို အလုပ်လုပ်နိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေ အားကစားသမားတွေကိုများ တွေ့ပြီဆိုရင် အားကျတဲ့ မျက်လုံးတွေနဲ့ ဝိုင်းကြည့်လာကြတယ်...။ "ကုမ္ပဏီပိုင်ရှင် သူဌေးကြီးကို ကြည့်စမ်း အလုပ်လုပ်လွန်းလို့ အိမ်တောင် မပြန်တော့ဘူး အလုပ်စားပွဲအောက်မှာပဲ အိပ်တော့တာ...။ အိမ်က ကလေးတွေကိုတောင် ပြန်မကြည့်တော့ဘူး....။ တွေ့လား အဲဒါ ဝီရိယလို့ခေါ်တာ...။ အဲဒါမှ စိတ်မာတယ်လို့ခေါ်တာ အဲဒီလို လိုက်လုပ်နိုင်ရင် ဘယ်သူမဆို အောင်မြင်မှာပဲ" ဆိုပြီး အားကျ အတုယူချင်လာတယ်...။

"ခံစားချက်ဟာ မကောင်းဘူး" ဆိုတဲ့ သမားရိုးကျယူဆချက်သာ မှန်မယ်ဆိုရင် ကျနော်တို့ရဲ့ ပြဿနာတော်တော်များများဟာ စိတ်ခိုင်ခိုင်ထားလိုက်ရုံနဲ့ အဆင်ပြေသွားမှာပေါ့ မဟုတ်ဘူးလား စိတ်မခိုင်ရင် ခံစားချက်တွေ ရှိနေသေးရင် အတွင်းစိတ်ကိုက တစ်ခုခုမှားနေတယ်လို့ ယူဆတော့မလား...။ သမာရိုးကျ ယူဆချက်သာ မှန်မယ်ဆိုရင် Lobotomy ခွဲစိတ်မှုကို တစ်ကမ္ဘာလုံး တွင်တွင်ကျယ်ကျယ်ဆက်သုံးနေကြမှာပေါ့...။ တင်တုထည့်မယ့်အစား နှားခေါင်းပြင်မယ့်အစား ဦးနှောက်ပဲခွဲနေကြမှာပေါ့...။ ဒါပေမယ့် Lobotomy လည်းအလုပ်မဖြစ်ခဲ့ဘူး...။ အဲလိယက်တစ်ယောက်လည်း ဘဝပျက်သွားတယ်...။ ခြုံပြီးပြောရရင် ကိုယ့်ကိုယ်ကို ထိန်းနိုင်ဖို့ဆိုတာ စိတ်ထိန်းရုံတစ်ခုတည်းနဲ့ မရဘူး...။ ကျနော်တို့ရဲ့ ဆုံးဖြတ်ခြင်းတွေ လုပ်ဆောင်မှုတွေ အပေါ်မှာ ခံစားချက်ဟာ အဓိကသက်ရောက်မှုတစ်ခုဖြစ်နေတယ်...။

တကယ့်အမှန်တရားက ဒီလို...။ ကျနော်တို့ရဲ့ သိစိတ်ကို မောင်းနှင်ပေးနေတာ စိတ်ခံစားချက်သာဖြစ်တယ်...။ ဒါကိုတော့ ငြင်းလို့မရဘူး...။ ခင်ဗျားနာမည်နောက်မှာ ဘွဲ့တွေ ဘယ်နှလုံးပါနေပါစေ သိပ္ပံပညာရှင်တွေ့ရှိချက်တွေ ဘယ်နှခု ချပြနိုင်သည်ဖြစ်စေ ခင်ဗျားဟာလည်း ကျနော့်လိုပဲ ခံစားချက်နဲ့ ခရီးနှင်နေသူတစ်ယောက်ပဲ...။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ပြုသမျှတွေရဲ့ အရင်းအမြစ်က ခံစားချက်ပေါ်မှာ အခြေခံတာ...။ ခံစားချက်ကြောင့် လုပ်ဆောင်မှုဆိုတာ ဖြစ်လာတယ်..။ ခံစားချက်ဆိုတဲ့အရာက ကျနော်တို့ ခန္ဓာကို မောင်းနှင်နေတဲ့ ယန္တရား...။ စဉ်းစားတဲဦးနှောက်က ခေါင်းထဲမှာရှိနေပေမယ့် ခံစားတဲ့ဦးနှောက်ကတော့ တစ်ကိုယ်လုံးကိုလွှမ်းခြုံပစ်လိုက်တယ်...။ စိတ်ဆိုးတဲ့အခါ ကိုယ်ခန္ဓာတစ်ခုလုံး အရှိန်မြင့်လာတယ်...။  ပျော်တဲ့အခါ မျက်နှာကြွက်သားတွေ လှုပ်ရှားလာတယ်...။ ဝမ်းနည်းတဲ့အခါ တစ်ကိုယ်လုံးကျုံ့သွားပြီး ပျောက်ကွယ်သွားချင်လာတယ်...။ ခံစားချက်ကြောင့် လုပ်ဆောင်မှုတွေ ဖြစ်လာတယ် လုပ်ဆောင်မှုတွေကြောင့် ခံစားချက်တွေ အားပြင်းလာတယ်...။ ဒီနှစ်ခုက ခွဲမရဘူး...။

ကိုယ့်ကိုယ်ကိုထိန်းမရတဲ့ အခြေခံပြစ်ချက်က ကျိုးကြောင်းဆင်ခြင်ခြင်းမဟုတ်ဘူး....။ အချက်အလက်တွေ တွက်ချက်မှုတွေလည်း မဟုတ်ဘူး...။ တကယ့်တော့ ခံစားချက်ပေါ်မှာပဲမူတည်တယ်...။ ပျင်းရိခြင်းဆိုတာ ခံစားချက် ပြဿနာ...။ အချိန်ဆွဲတာ ခံစားချက်ပြဿနာ...။ မအောင်မြင်တာ ခံစားချက်ပြဿနာ...။ အသည်းအသန် ရူးတာ စွဲလန်းတာ ဒါတွေအကုန်လုံးကလည်း ခံစားချက်ကြောင့် ဖြစ်လာတာတွေ...။ ဒါကျနော်တို့အတွက် ကံဆိုးတာပဲ...။ ခံစားချက်ပြဿနာတွေက အကျိုးအကြောင်းကြောင့် ဖြစ်တဲ့ ပြဿနာတွေထက် ဖြေရှင်းရခက်နေတယ်...။ လကုန်ရင် ပေးရမယ့်ကြွေးကို တွက်ဖို့ ဖော်မြူလာတွေ တွက်ချက်နည်းတွေ ရှိပေမယ့် အဆင်မပြေတဲ့ချစ်သူနဲ့ လမ်းခွဲဖို့ ဖော်မြူလာ မရှိဘူး မဟုတ်လား...။

နောက်တစ်ခုရှိသေးတယ် ကိုယ့်အကျင့်ကို ဘယ်လိုပြင်ရမလဲဆိုတာကို သိနေရုံနဲ့ ပြင်လို့မရဘူး...။ ကျနော်ကိုယ်တိုင်လည်း ကျန်းမာစွာ စားသောက်နည်း စာအုပ် တစ်ဒါဇင်လောက်ဖတ်ပြီးပေမယ့် အခု ဒီစာရေးနေရင်းတောင် ဟမ်းဘာဂါ ပါးစပ်ထဲ ထည့်ဝါးနေတာကိုပဲကြည့်...။ ဆေးလိပ်မသောက်သင့်ဘူးဆိုတာ ကျနော်တို့သိတယ်...။ သကြားလျှော့စားသင့်မှန်းလည်းသိတယ်...။ သူငယ်ချင်းတွေအကြောင်း အတင်းမပြောသင့်မှန်းသိတယ်...။ ဒါပေမယ့်လည်း ဆက်လုပ်နေကြတာပဲ...။ ဘယ်လိုပြင်ရမလဲဆိုတာကို မသိလို့မဟုတ်ဘူး..။ ပြင်ဖို့အတွက် ခံစားချက် ဝင်မလာသေးတာ...။

ပြီးတော့ ခံစားချက်ပြဿနာတွေဟာ အဓိပ္ပါယ်ရှိချင်မှလည်း ရှိမယ်...။ အကျိုးအကြောင်းနဲ့ ရှင်းပြလို့ ရချင်မှလည်း ရမယ်...။ အဲဒီမှာ ပိုခက်လာတော့တာပဲ...။ ခံစားချက်ပြဿနာတွေကို ခံစားချက်နဲ့ပဲ ဖြေရှင်းလို့ရနိုင်တယ်...။ ခံစားချက်ဦးနှောက်ရဲ့ လက်ထဲကို ဝကွက် အပ်လိုက်ရမှာ...။ ခံစားချက်နောက် တကောက်ကောက် လိုက်ပြန်ရင်လည်း ဘာတွေဖြစ်လဲဆိုတာ ခင်ဗျားတို့ သိမှာပဲလေ...။ အဲလိုဖြစ်နေတဲ့အချိန်မှာ စဉ်းစားတဲ့ ဦးနှောက်က ဘေးခုံမှာ ထိုင်နေရင်း ဆရာကြီးလိုလို ဘာလိုလို သူ့ကိုယ်သူ ထင်နေတယ်...။ သူကိုယ်တိုင် မောင်းနေတယ်လို့ ထင်နေတာ...။ 

တကယ်တော့ ခံစားတဲ့ ဦးနှောက်က ကားမောင်းသူ ...။ စဉ်းစားတဲ့ဦးနှောက်က လမ်းပြတဲ့သူပဲ...။ စဉ်းစားတဲ့ ဦးနှောက်ရဲ့လက်ထဲမှာ ဘဝနဲ့ရင်းပြီး ရလာတဲ့ လမ်းပြမြေပုံတွေ အထပ်လိုက်ရှိနေတယ်...။ ဘယ်နေရာမှာ နောက်ပြတ်ဆုတ်မလဲ...။ ဘယ်အကွေ့ကို ရွေးရမလဲ ဖြတ်လမ်းတွေဘယ်နားမှာရှိသလဲ...။ ဒါတွေကို စဉ်းစားတဲ့ ဦးနှောက်က အကုန်သိတယ်...။ ဉာဏ်ပညာရှိတဲ့ ဆင်ခြင်နိုင်တဲ့သူလို့လည်း သူ့ကိုယ်သူယုံကြည်တယ်...။ ဒါပေမယ့် ကားမောင်းနေသူဟာ သူမဟုတ်တာကိုတော့ မရိပ်မိရှာဘူး...။ ဒန်နီယယ်ခါနီမန်းကပြောဖူးတယ်...စဉ်းစားတဲ့ဦးနှောက်ဟာ "သူ့ကိုယ့်သူ မင်းသားလို့ထင်နေတဲ့ ဇာတ်ပို့ပဲ.."တဲ့....။

ဦးနှောက်နှစ်ခုဟာ အချင်းချင်း မတည့်သော်ငြားလည်း တစ်ခုနဲ့တစ်ခု အပြန်အလှန် လိုအပ်တယ်...။ လုပ်ဆောင်မှုတွေ ဖြစ်လာဖို့ ခံစားတဲ့ ဦးနှောက်က ခံစားချက်တွေ ထုတ်ပေးတယ် စဉ်းစားတဲ့ ဉီးနှောက်က အဲဒီလုပ်ဆောင်မှုတွေကို လမ်းမှန်ဆီရောက်အောင် တည့်ပေးတယ်..။ တည့်ပေးတယ်ဆိုတဲ့ စကားက အရေးကြီးတယ်...။ စဉ်းစားတဲ့ ဉီးနှောက်က ခံစားတဲ့ ဉီးနှောက်ကို တိုက်ရိုက်ကြီး ထိန်းချုပ်လို့မရဘူး...။ ပဲ့ပြင်ပေးလို့ပဲ ရနိုင်တယ်...။ ပိုအဆင်ပြေတဲ့ လမ်းကို ရွေးဖို့ ဂငယ်ကွေ့ ကွေ့သင့်ရင် ပြန်ကွေ့ဖို့ မသွားသင့်သောလမ်းတွေကို ရှောင်ဖို့‌ဘေးကနေ လမ်းပြပေးနိုင်တယ်...။ ဒါပေမယ့် ခံစားတဲ့ ဉီးနှောက်က အင်မတန် ခေါင်းမာတယ်...။ သူဒီလမ်းကို သွားချင်ပြီဆိုရင် မရမက ရောက်အောင်သွားတော့တာ...။ ဒီဉီးနှောက်နှစ်ခုကို စိတ်ပညာရှင် ဂျွန်နသန်ဟိဒ်က ဆင်နဲ့ဆင်ဦးစီးပမာ တင်စားပြီး ပြောဖူးတယ်...။ တစ်ခါတစ်လေ ဆင်ဦးစီးက သူသွားချင်တဲ့ နေရာကိုရောက်ဖို့ ဆင်ကို အသာချော့ခိုင်းလို့ရတယ်...။ ဒါပေမယ့် အချိန်တန်တော့လည်း ဆင်က သူသွားချင်သလိုသွားတော့တာပဲ...။ 

ခံစားချက်ကို ဦးစားပေးလိုက်ရင်  မျှော်လင့်ချက် ပြဿနာတွေ ဖြစ်လာတယ်...။ ဒီလိုပဲ ခံစားချက်ကို အတင်းဖိနှိပ်ထားရင်လည်း အဆင်မပြေပြန်ဘူး...။ ခံစားချက်ကို ဖိနှိပ်ထားတဲ့သူတွေဟာ ပတ်ဝန်းကျင်နဲ့ တဖြည်းဖြည်ဝေးလာတယ်....။ ခံစားချက်တွေကိုပါ ငြင်းမိလာတယ်...။ ဘဝကိုရော ဘဝနဲ့ချီတဲ့ ဆုံးဖြတ်ချက်တွေကိုပါ ဘာသိဘာသာနဲ့ မမြင်ချင်ယောင်ဆောင်တတ်လာတယ်....။ တစ်ပါးသူနဲ့ ဆက်ဆံရတဲ့အခါမှာလည်း ခက်ခဲလာတယ်...။ အပေါင်းအသင်း မိသားစုတွေနဲ့ အဆင်မပြေတော့ဘူး...။ နောက်ဆုံးမှ ငူငူငေါင်ငေါင်တစ်ယောက်တည်းနေရင်း လူဖြစ်ရခြင်းဟာ အဓိပ္ပါယ်မရှိပါလား ဆိုပြီး ထင်လာရော...။ ဘယ်အရာမှ အရေးမကြီးဘူးလို့ ယူဆထားမှတော့ ဘာမှလည်းလုပ်စရာ မလိုတော့ဘူးလေ ဘာမှလုပ်စရာမလိုရင် ဘာလို့ အသက်ရှင်နေဦးမလဲ...။

တစ်ဖက်မှာကျတော့ ခံစားချက်ကို အလိုလိုက်ပြီး စဉ်းစားဆင်ခြင်ခြင်းကို ပိတ်ပစ်လိုက်တဲ့ သူတွေ သူတို့ကျတော့ တစ်ကိုယ်ကောင်းဆန်လာတယ် စိတ်အလိုလိုက် ရမ်းကားလာတယ် တကယ်ဖြစ်နေတာတွေကို မသိချင်ယောင်ဆောင် ကိုယ်ဖြစ်ချင်တဲ့အမြင်ဆီ အတင်းဆွဲပြောင်းပစ်လိုက်တာပဲ...။ ဘယ်လောက်ပဲ စားသည် သောက်သည် သွားသည် လာသည် ပျော်သည်ဖြစ်စေ မလုံလောက်တော့ဘူး...။ သူ့ရဲ့‌မျှော်လင့်ချက်ကလည်း ဘယ်လိုဖြည့်ဖြည့် မပြည့်တဲ့အိုးလို ဖြစ်လာတယ်...။ အပြေးစက်ပေါ်မှာ ကမူးရူးထိုးပြေးနေရင်း ဘယ်မှမရောက်ဘူး...။ ပြေးနေတာကို ခဏလေး ရပ်လိုက်တာနဲ့ ငါဘာလို့ အသက်ရှင်နေပါလိမ့် ဆိုတဲ့ မေးခွန်း ခေါင်းထဲကို တန်းဝင်လာတော့တာပဲ....။ 

ကျနော် အခုပြောနေတာတွေ အရမ်းစကားကြီး စကားကျယ်လေသံပေါက်နေရင် ဆောရီးပါ...။ ဒါပေမယ့် ပြောမှဖြစ်မယ်...စဉ်းစားတဲ့ဦးနှောက်ကိုလည်းနေရာပေးမှဖြစ်မယ် မဟုတ်ရင် ကျနော့်ရဲ့ ခံစားတဲ့ဦးနှောက်က အနိုင်ယူသွားပြီး စာအုပ်တောင်ပြီးအောင်ဆက်ရေးနိုင်မှာမဟုတ်ဘူး...။ ဖတ်လို့ကောင်းတဲ့ စာအုပ်တွေက ဘာဖြစ်လို့ ဆွဲဆောင်မှုရှိသလဲသိလား...။ အဲဒီစာမျက်နှာတွေကို လှန်နေတာ ခင်ဗျားရဲ့လက်တင်မဟုတ်ဘူး ခံစားတဲ့ဦးနှောက်က လှန်ပေးနေတာ...။ စိတ်ဝင်စားမှုတွေ စိတ်လှုပ်ရှားမှုတွေ နားလည်ခြင်းရဲ့အရသာတွေကို ခံစားချင်တာ ...။ စာအုပ်ကောင်းဆိုတာ ဦးနှောက်နှစ်ခုစလုံးက တစ်ပြိုင်တည်းမှာ ပြိုင်တူသင်ကြားဖျော်ဖြေနိုင်တဲ့အရာပဲ မဟုတ်လား....။

မိမိကိုယ်ကိုယ် ထိန်းမရခြင်းရဲ့ အခြေခံပြဿနာက ဒါပါပဲ...။ မျှော်လင့်ခြင်းပြဿနာလို့လည်း ပြောလို့ရတယ်...။ စဉ်းစားတဲ့ဦးနှောက်က ပညာမတတ်လို့ ဒီပြဿနာဖြစ်တာမဟုတ်ဘူး...။ ခံစားတဲ့ဦးနှောက်က နုံချာလို့ဖြစ်ရတာ ကိုယ့်ကိုယ်ကို မြင်တဲ့အမြင် ပတ်ဝန်းကျင်ကို မြင်တဲ့အမြင်တွေက နုံချာစုတ်ပြတ်နေတဲ့အခါ ဆုံးဖြတ်ချက်တွေ အဆင့်အတန်းနိမ့်လာတယ်...။ စိတ်ကျန်းမာရေး ကောင်းချင်တယ်ဆိုရင် ပထမဆုံး စလုပ်ရမှာက ကိုယ့်ရဲ့ တန်ဖိုးထားမှုတွေ ခံယူချက်တွေ ဆုံးဖြတ်ချက်တွေ အရင်ဆုံး တည့်မတ်လာအောင်လုပ်ရမယ်,,၊ ပြီးတော့မှ ပတ်ဝန်းကျင်ပေါ်မှာထားတဲ့ တန်ဖိုးတွေနဲ့ အမြင်တွေကို မှန်ကန်အောင် ပြင်ဆင်ရမယ်...။ 

တနည်းပြောရရင် ကျနော်တို့အားလုံးဟာ ကိုယ့်မျက်နှာကို လက်သီးနဲ့အထိုးမခံရအောင် ရှောင်တတ် နေတတ်ကြတဲ့ သူတွေချည်းပါပဲ...။ ဒါပေမယ့် အထိုးခံရတဲ့အခါ ပြန်ထိုးမယ့်အစား "ဝဋ်ရှိလို့ခံရတာပဲလေ.." ဆိုပြီး ငြိမ်ခံမိခဲ့ကြတယ်...။ အဲဒါကမှ တကယ့်ပြဿနာ....။


__________________
Revolution will prevail
မိုးငွေ့