Thursday, 29 August 2019

ကံကုသိုလ်နှင့် ဥာဏ်ကုသိုလ်.....




ကံကုသိုလ်နဲ့ ဥာဏ်ကုသိုလ်ဆိုတာ ဒီလို ဥပမာပေးပြောပြပါမယ်...။ ဘုရားမှာ ဆီမီးပူဇော်ဖို့ ဖယောင်းတိုင်ထွန်းတဲ့အခါ လက်ကအားစိုက်တွန်းနေတာတွေ မီးထွန်းညှိပေးနေတာတွေဟာ စေတနာတွေပဲဆိုတာ စိတ်မှာထင်ပေါ်နေတယ်...။ ဒါက ကံကုသိုလ်တွေပဲ...။ ဒါကိုတော့ လူတိုင်းလည်းသိနိုင်ပါတယ်...။ ဒါပေမယ့် ဥာဏ်ကုသိုလ်ကို မသိနိုင်ဘူးလို့ စိတ်မှာပေါ်သွားတယ်...။ လက်နဲ့ ဖယောင်းတိုင်ကို စိုက်လိုက်တိုင်း တွန်းလိုက်တိုင်းဟာ စေတနာတွေပဲလို့ စိတ်က သတိပြုမိနေတယ်...။ ဖယောင်းတိုင် စိုက်တိုင်း စိုက်တိုင်း စေတနာတွေက စေ့ဆော်တိုက်တွန်း နေပါလားလို့ စိတ်မှာ သတိကပ်နေတော့ဖယောင်းတိုင်မီးထွန်းတဲ့ စေတနာတိုင်းဟာ ကုသိုလ်တွေ အများကြီးဖြစ်နေတာကို သတိပြုမိသွားတယ်...။ 

ဒီလိုမြင်သွားတော့ ရှေ့စိတ်မှာဖြစ်တဲ့ စေတနာက ကုသိုလ် နောက်စိတ်မှာ သတိပြုမိတာက ဥာဏ်ကုသိုလ်ဖြစ်သွားတယ်...။ ကံကုသိုလ်နဲ့ ဥာဏ်ကုသိုလ်က သတိရှိလိုက်တာနဲ့ တစ်ခါတည်းရနေတာပါလားလို့စိတ်မှာ ပေါ်သွားတယ်...။ ဒီတော့ ဖယောင်းတိုင်စိုက်ပြီး မီးပူဇော်တဲ့ ရှေ့စိတ်မှာ စေတနာလေး ပေါ်သွားပါလားလို့ နောက်စိတ်က သတိကိုတော့ လူတိုင်း မလုပ်တတ်ကြဘူး...။ ဒါကြောင့် ကံကုသိုလ်တော့ဖြစ်ပေမယ့် ဥာဏ်ကုသိုလ်တော့ မဖြစ်နိုင်ကြပါဘူး...။

ကံပေါ်ဥာဏ်ဆင့် -  ဒီတော့ ရှေ့စိတ်က စေတနာနဲ့ ဖယောင်းတိုင်မီးထွန်းပူဇော်တာက ကံကုသိုလ်၊ နောက်စိတ်မှာ သတိပြုမိတာက ဥာဏ်ကုသိုလ်။ ကံကုသိုလ်က သံသရာမှာ ဘ၀တွေကောင်းမယ်...။ ဥာဏ်ကုသိုလ်က နိဗ္ဗာန်ပို့မယ်...။ အဲဒီမှာ ဘုရားကို ဖယောင်းတိုင်မီးထွန်းပြီး ပူဇော်တဲ့ စေတနာက ညောင်စေ့နဲ့တူတယ်...။ ဖရောင်းတိုင်မီးထွန်းတိုင်း စေတနာနဲ့ဖြစ်ပေါ်ချုပ်ပျောက်နေတဲ့ အနိစ္စသေဘာတွေကို နောက်စိတ်က သတိပမ္ပဇဉ်နဲ့ ဆင်ခြင်တဲ့ ဥာဏ်ကုသိုလ်ကတော့ ညောင်ပင်ကြီးလောက်ဖြစ်သွားတယ်..။ ကံကုသိုလ်ကို အမှီပြုပြီး ဥာဏ်ကုသိုလ်ဖြစ်သွားတယ်...။ (ကံပေါ်ကိုဥာဏ်ဆင့်တတ်သွားတယ်)။

နောက် ဥပမာတစ်ခုပြောရရင် ဗုဒ္ဓဂါယာဘုရားပွင့်တဲ့ နေရာသွားကြတော့ ဘုရားသွားဖူးတာ ကုသိုလ်ရတယ်ဆိုတာတော့ လူတိုင်းသိပါတယ်...။ ဒါပေမယ့် ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းဟာ စေတနာက တိုက်တွန်းလို့ ဖြစ်နေပါလားလို့တော့ နောက်စိတ်နဲ့ သတိတော့မပြုမိကြဘူး..။ ဘုရားဆီကိုသွားတဲ့ ခြေလှမ်းတိုင်းဟာ စေတနာက စေ့ဆော်တိုက်တွန်းလို့ သွားနေတာ...။ စေတနာက မတိုက်တွန်းရင် ရွေ့မှာကို မဟုတ်ဘူး...။ အဲဒီစေတနာကို နောက်စိတ်က သတိပြုမိတော့ ဘုရားဆီရောက်အောင်သွားတဲ့ ခြေလှမ်းတိုင်းဟာ ကုသိုလ်တွေချည်းပဲတဲ့...။ ခြေလှမ်းတွေလှမ်းအောင် တိုက်တွန်းတဲ့ စေတနာက ကံကုသိုလ်၊ နောက်စိတ်မှာ သတိပြုမိနေတာက ဥာဏ်ကုသိုလ်။ အဲဒီ ဥာဏ်ကုသိုလ်ကမှ နိဗ္ဗာန်ရောက်အောင်ပို့မှာဖြစ်ပါတယ်...။

ဖြူအောင်စိတ်ကိုထား -  မြတ်စွာဘုရားရှင် အဆူဆူပွင့်ပြီး ဟောကြားခဲ့တဲ့ တရားတွေကို အနှစ်ချုပ်လိုက်ရင် (မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား)ဆိုတဲ့ ဒီသုံးခုကိုပဲ ဟောကြားသွားတာပါ...။ ဒါကို ၀ိပဿနာအတွက် လုပ်ငန်းစဉ်လို့ မသိခဲ့ဘူး...။ အမှန်က မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဆိုတာ အလုပ်ပေးတရားပါပဲ...။ ရှေ့စိတ်မှာမကောင်းမှုဖြစ်တယ်..။ နောက်စိတ်မှာ သတိရှိလိုက်တာနဲ့ မကောင်းမှုကို ပယ်ပြီးသားဖြစ်သွားတော့ ရှေ့စိတ်ဖြစ်ပျက် နောက်စိတ်မဂ်ပါပဲ...။ အကုသိုလ်ကိုရှောင် ကုသိုလ်ကိုဆောင်ဆိုတာလည်း (သတိကလည်းကိုကုသိုလ်) ပါပဲ...။ ဒီတော့ သတိရှိလိုက်တာနဲ့ အကုသိုလ်ကို ပယ်ပြီးသားဖြစ်သွားပါတယ်...။

ကံကိုဥာဏ်နဲ့စွန့်ပုံ -  မြတ်စွာဘုရားကို ဆွမ်းတော်ကပ်၊ ရေတော်ကပ်၊ ပန်းကပ်၊ ဆီမီးထွန်း၊ ဘုရားကိုလည်း ရှိခိုးတာတွေက စေတနာတွေပါပဲ..။ ရှေ့စိတ်မှာဖြစ်တဲ့ စေတနာတွေပါ...။ အဲဒါတွေက ကံကုသိုလ်တွေပဲ...။ ဒါပေမယ့် ရှေ့စိတ်မှာဖြစ်တဲ့ ကံကုသုလ်ကို နောက်စိတ်က ငါ့ကုသိုလ်လို့ ကိလေသာနဲ့သွားစွဲလို့ စိတ်က မဖြူတော့တာ..။ ကံကုသိုလ်က စေတနာကြောင့်ဖြစ်တယ်...။ စေတနာလည်း အာရုံက ကျေးဇူးပြုမှပေါ်တာ...။ ကိုယ့်မှာ အမြဲရှိနေတာမဟုတ်ဘူး...။ ဒီစေတနာကလည်း ပေါ်ပြီး ချုပ်ပါတယ်...။ အဲဒါကို နောက်စိတ်က သတိပြုမိရင် နောက်စိတ်မှာ ဥာဏ်ကုသိုလ်ဖြစ်ပါတယ်...။ ကံဥာဏ်က အနိစ္စမြင်သွားပြီ။ ရှေ့စိတ်က ကံကုသိုလ်၊ နောက်စိတ်မှာ ဥာဏ်ကုသိုလ်ဖြစ်သွားပြီ...။ “ဥာဏ်ကုသိုလ်ဖြစ်ရင် ကံကုသိုလ်ကို စွန့်နိုင်ပါတယ်”...။

ကံကို ဥာဏ်နဲ့စွန့်နိုင်တဲ့ အတွက် ကံက အကျိုးမပေးနိုင်တော့ဘူး...။ ကံကုသိုလ်က သံသရာကောင်းကျိုးကိုပေးမယ်...။ အို-နာ- သေ တော့မလွတ်နိုင်ဘူး...။ ဥာဏ်ကုသိုလ်က သံသရာလွတ်တဲ့ နိဗ္ဗာန်ကို ရောက်အောင်ပို့တာပါ..။ ကံပေါ်ဥာဏ်ဆင့်တာမဟုတ်တော့ဘူး ကံကိုဥာဏ်နဲ့စွန့်တာပါ...။ ကံကိုစွန့်လိုက်တာနဲ့ ဒီကံက အကျိုးပေးခွင့်မရတော့ပါဘူး...။ ကံချုပ်တယ်လို့ ဆိုပါတယ်...။

ရုပ်နာမ်ချုပ်ရင် နိဗ္ဗာန်အစားထိုးပုံ -  အခု ဒီကံကုသိုလ်ရဲ့နောက်မှာ ဥာဏ်ကုသိုလ် ၀င်လိုက်တဲ့ အတွက် ဒီကံကိုသိမ်းပိုက်တဲ့ “တဏှာဖြစ်ခွင့်” မရတော့ဘူး...။ (ဥာဏ်က တဏှာကို ပယ်လိုက်တယ်) ဥာဏ်က တဏှာလည်းပယ်လိုက်ရော ဒီကံက အကျိုးပေးခွင့် မရတော့ဘူး..။ ကံကို သိမ်းပိုက်တဲ့ တဏှာစွန့်မှတော့ ကံ၏အကျိုးဖြစ်တဲ့ နာမ်ရုပ်တွေလည်း မဖြစ်တော့ဘူး....။ (နာမ်ရုပ်မရှိရင် ဘာမှမျှရှိတာ မဟုတ်ဘူး နိဗ္ဗာန်အစားထိုးပါတယ်)..။ 

လောကဆိုတာ ရုပ်တွေ နာမ်တွေ တစ်ခုပြီးတစ်ခု အစားထိုးနေတာပါ..။ ရုပ်နာမ်ချုပ်ရင်လည်း နိဗ္ဗာန်အစားထိုးတယ်...။ ပြတ်တယ်၊ စဲတယ်လည်းမရှိဘူး...။ ခိုင်တယ် မြဲတယ်လည်းမရှိဘူး...။ ဒီတော့ အတ္တဒိဠိလည်းပြုတ်ပြီပေါ့....။ ဒီလိုသိရင် ၀ိပဿနာဥာဏ်နဲ့ တဒင်္ဂပြုတ်တယ်...။ ဥာဏ်ရင့်လာရင် မဂ်ဥဏ်နဲ့ အပြီးပြုတ်ပါတယ်...။ အခုလို ကံကုသိုလ်ဖြစ်တဲ့ ရှေ့စိတ်ကို နောက်စိတ်က သတိပြုနိုင်ရင် အဲဒီ ဥာဏ်ကုသိုလ်က “ဗောဓိဥာဏဿ ပစ္စယော ဟောတု” ဆိုတဲ့ ဗောဓိဥာဏ်(မဂ်ဥာဏ်တွေ)ကို အထောက်အပံ့ကောင်းတွေဖြစ်အောင် ကျေးဇူးပြုပါတယ်...။

အလွယ်နားလည်အောင်ပြောရရင် အလှူတစ်ခုလုပ်တယ်ဆိုပါစို့...။ များသောအားဖြင့် လူတွေဟာ အလှူကို ဗန်းပြပြီး ပကာသနနဲ့လှူကြတာများတယ်...။ လူအများကို ထမင်းဖိတ်ကျွေးလို့ သံဃာတော်တွေကို ဆွမ်းကပ်ရလို့ စေတနာစိတ်(ကံကုသိုလ်)လေးတော့ရှိကြပေမယ့်... တချိန်ထဲမှာပဲ ငါလှူနိုင်ဒါန်းနိုင်ပါတယ်ဆိုတဲ့ ၀ါကြွားမှု(တဏှာ)မာန်ကို မသိစိတ်ကဖြစ်ဖြစ် သိစိတ်ကဖြစ်ဖြစ် ပေါ်တတ်တယ်..။ အဲဒီစိတ်ကလေးကို ဥာဏ်နဲ့သတိထားနိုင်ရင် ဆင်ခြင်နိုင်မိရင်(ဥာဏ်ကုသိုလ်) ရသွားပြီ...။ ဒီနေရာမှာ လူတွေရဲ့ စိတ်ဟာ ကံကုသိုလ်နဲ့ ဥာဏ်ကုသိုလ် ပေါ်လိုက် ချုပ်လိုက်ဖြစ်တတ်ကြပါတယ်...။ 

ကျွန်မ ဒီလို ဓမ္မ ဗဟုသုတစာတွေကို ရေးတင်ပေးတာကိုပဲ ဥပမာကြည့်မယ်ဆို ကျွန်မရဲ့ ဘလော့ကို လာဖတ်တဲ့ စာဖတ်သူတွေကို ဘာသာတရား ဓမ္မအသိဥာဏ်လေး ပွင့်လင်းသွားစေချင်တဲ့ ရည်ရွယ်ချက်နဲ့ လက်ချောင်းတွေက ကြိုးစားအားထုတ်ပြီး ကီးဘုတ်ပေါ်မှာ စာလုံးတွေပေါ်အောင် ရိုက်နေတာက ကျွန်မရဲ့ စိတ်စေတနာ(ကံကုသိုလ်)၊ တခါ ငါဒီလို ဓမ္မတရားစာအုပ်တွေကို ဖတ်တာ လူသိစေချင်တယ်ဆိုတဲ့ ထင်ပေါ်မှု(တဏှာ) ဖြစ်ခငွ့် မရှိတော့ဘဲ ဥာဏ်က တဏှာကိုပယ်လိုက်တော့ ဒီကံက အကျိုးပေးခွင့် မရတော့ဘူး...။ ကံကို သိမ်းပိုက်မယ့် တဏှာမရှိတော့ ကံရဲ့အကျိုးဖြစ်တဲ့ ရုပ်နာမ်တွေမဖြစ်တော့ နိဗ္ဗာန်အစားထိုးပါတယ်...။

မှတ်ချက်။     ။ ဒေါက်တာစိုးလွင်(မန္တလေး)ရေးသားတဲ့ ရုပ်နာမ်နှင့်နိဗ္ဗာန် သို့မဟုတ် သ-ဘာဝတရား စာအုပ်ကနေ ကောက်နှုတ်ဖော်ပြပါတယ်...။


မိုးငွေ့

Friday, 23 August 2019

ကုသိုလ်ဆိုတာ(ရွှေစင်မြင်းမိုရ်အဘိဓမ္မာ).....




ကုသိုလ်ဆိုတာ.....?
လောဘ မောဟ ဒေါသ မပါတဲ့အလုပ်ကိုခေါ်တာ.....။

ကုသိုလ်ဆိုတာ ကုသလဆိုတဲ့ ပါဠိကလာတာ... ဒီလိုပဲ အကုသိုလ်ဆိုတာလည်း “အ”ဆိုတာ မဟုတ်ဘူး  ကုသလဆိုတာက ကုသိုလ်...။ အကုသိုလ်ဆိုတာ ကုသိုလ်မဟုတ်တဲ့ ဆန့်ကျင်ဖက်စိတ်ကိုပြောတာပါ..။

ကုသိုလ်မှာ ထိုက်တန်တဲ့ ဂုဏ် တခါ ကျွမ်းကျင်တယ်ဆိုတဲ့  အနက်လည်းရှိတယ်..။ ဒါပေမယ့် တကယ့်မူရင်းက ကုသ+လ ကလာတာပါ...။ ကုသဆိုတာ သမန်းမြက် The Kusha Grass ဒါမှမဟုတ် စာရေးတံကိုခေါ်တာဖြစ်ပြီး “လ”ဆိုတာ ယူငင်ကိုင်တွယ်တာပါ...။ သမန်းမြက်ရဲ့သဘောက အသွားနှစ်ဖက်ရှတတ်တယ်...။ ဒီတော့ အလွန်ကျွမ်းကျင်တဲ့ သူမှ လက်မရှအောင်ကိုင်နိုင်ပါတယ်...။ နောက်ပိုင်းမှာတော့ ကျွမ်းကျင်တာမှန်သမျှကို ကုသလလို့ခေါ်ပါတယ်...။ စိတ်မှာ ကျွမ်းကျင်သွားမယ်ဆိုရင် အပြစ်ဖြစ်မယ့် စိတ်တွေ မလုပ်မိတော့ဘဲ အပြစ်မရှိတာတွေကို လုပ်ဖြစ်သွားလို့ merit ဆိုတာ အပြစ်မရှိခြင်းနှင့် ကောင်းသောအကျိုးပေးခြင်းဆိုတဲ့ ဂုဏ်တွေပြည့်စုံတဲ့ စိတ်ကို ပြောတာပါ..။

မြတ်စွာဘုရားကလည်း အကုသိုလ်ကိုမလုပ်နဲ့ ကုသိုလ်ကိုလုပ် စိတ်ကိုဖြူအောင်ထားလို့ ဟောထားတော့..ကုသိုလ် အကုသိုလ် ခွဲခြားသိမှပဲ အပြစ်ဖြစ်မယ့်ဟာကို ရှောင်နိုင်မှာပါ...။

To avoid all devil,
to cultivate good,
and to clean one's mind,
This is the teaching of the Buddhas

မှတ်မိလွယ်အောင် ဆရာတော်များက “မကောင်းမှုရှောင်  ကောင်းမှုဆောင် စိတ်ကိုဖြူအောင်ထား” လို့ ဆုံးမကြတယ်...။

တကယ်လေ့လာကြည့်ရင် လောဘ နဲ့ ဒေါသကို စဖြစ်စေတာက မောဟပဲ....။ ဒီသုံးခုလုံးပါမှတော့ အကုသိုလ်ဖြစ်ပြီပေါ့...။ ဒီတော့ လောဘ ဒေါသ မောဟမပါရင် ကုသိုလ်ဖြစ်တယ်...။ မောဟမပါရင် ခေတ္တခဏ နိဗ္ဗာန်ရောက်သွားတယ်လို့ မှတ်ယူလို့ရတယ်...။ မောဟကို သေချာ သတိနဲ့ ထိန်းချုပ်နိုင်ရင် ငြိမ်းသတ်နိုင်ရင် လောဘနဲ့ ဒေါသလည်း အလိုလိုချုပ်ငြိမ်းသွားပြီ...။ လွယ်လွယ်ကူကူ ဥပမာပြရရင် နောက်ဆုံးပေါ် အိုင်ဖုန်းတစ်လုံးကို လိုချင်တယ်ဆိုပါစို့...။ ဖုန်း(ပညတ်)ကို  အမြင်(ရူပါရုံ) ကစမြင်ပြီး စိတ်ကဖုန်းလို့ သိလိုက်ပြီဆိုတာနဲ့ မောဟဖြစ်သွားပြီ...။ အဲဒီနောက် ဖုန်းကို လိုချင်တာက လောဘ မ၀ယ်နိုင်သေးလို့ ဖြစ်တဲ့ စိတ်က ဒေါသ...။ မောဟကို အရင်သတ်ချင်ရင် ဖုန်းဆိုတာ တကယ်မရှိဘူး လေးတောင့် အမဲရောင်လို့ပဲ အမြင်အာရုံကသိရင် မောဟပြုတ်သွားပြီ...။ ဖုန်းကို ဖုန်းလို့မြင်နေသရွေ့က မောဟဖြစ်နေတုန်းပဲနော်...။ ဒါက ဖုန်းနဲ့ပဲ ဥပမာပေးတာ နိစ္စဓူဝ ကိုယ်နေထိုင်သွားလာနေတာ မြင်ကြားနေတာတွေကို အဲလို စိတ်နဲ့ ဆင်ခြင်နိုင်ရင် မောဟဖြုတ်နိုင်ရင် လောဘနဲ့ ဒေါသပါသူ့အလိုလို ပြုတ်သွားလို့ အဲဒီစိတ်ရတဲ့ အချိန် စက္ကန့် မိနစ်ပိုင်းဟာ နိဗ္ဗာန်ပဲလို့ အလွယ်မှတ်ယူလို့ ရတယ်...။ ပုထုဇဉ်တွေ အတွက် နေ့စဉ်သွားလာလှုပ်ရှားမြင်တွေ့နေတာတွေကို သတိနဲ့ရှုနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စတော့မဟုတ်ဘူး...။ ဒီလိုမလွယ်တာကို တစ်နေ့တာမှာ တစ်ခါပဲရရ နှစ်ခါပဲရရ သတိလေးနဲ့ လိုက်မှတ်နိုင်ရင် နိဗ္ဗာနျကိုအထောက်အပံ့ပေးနိုင်မယ့် ကုသိုလ်ရနေပြီ...။

ကုသိုလ်ကောင်းမှုတစ်ခုခုလုပ်ရင် ရှေ့စိတ်နဲ့ နောက်စိတ်ဆိုတာနဲ့ ဆင်ခြင်သိရှိတတ်ဖို့လိုတယ်.... နောက်စိတ်နဲ့ ဆင်ခြင်သိခြင်းကသာ နိဗ္ဗာန်ကို တကယ်ရှေ့ရှုတာပါ...။ ကံကုသိုလ်နဲ့ ဥာဏ်ကုသိုလ် အကြောင်းကို ဒေါက်တာစိုးလွင် (မန္တလေး) ရဲ့ ရုပ်နာမ် နှင့် နိဗ္ဗာန်ကို ကိုးကားပြီး နောက်တစ်ပို့စ်မှ ရေးပေးဦးမယ်နော်...။

အားလုံးကျန်းမာရွှင်လန်းအသိတိုးပွားလို့ မကောင်းမှုရှောင် ကောင်းမှုဆောင် စိတ်ကို ဖြူအောင် ထားနိုင်ကြပါစေ...။

မှတ်ချက်။      ။ ခွဲစိတ်ပါမ္ခော ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်သည်။ စာအုပ်ကအထူကြီးမို့ ကျွန်မဖတ်မှတ်သလောက် အပိုင်းတွေ ခေါင်းစဉ်လေးတွေခွဲပြီး တင်ပေးသွားမှာပါ...။


မိုးငွေ့

Thursday, 15 August 2019

စိတ် (ရွှေစင်မြင်းမိုရ်အဘိဓမ္မာ).....




စိတ် -  စိတ်ဆိုတာ အာရုံကိုသိတတ်တဲ့ သဘောလေးကို စိတ်လို့ခေါ်တယ်...။ ဒီနေရာမှာ မှတ်မိလို့သိတာမျိုး ဥာဏ်နဲ့သိတာမျိုးမဟုတ်ဘဲ အာရုံကိုသိခြင်းမျှ သဘောလေး...။  Just the awareness of the object ဟာ စိတ်ပါပဲ...။ စိတ်ဆိုတာ အာရုံရှိမှဖြစ်တာ အာရုံမရှိရင် စိတ်မရှိနိုင်ဘူး..။ ဒီနေရာမှာလည်း ပန်းလေးကိုမြင်ရတယ် စကားသံတွေကြားနေရတယ် ဗူးသီးကြော်လေးက ဆိမ့်နေတာပဲ ဆိုတဲ့ ထင်ရှားတဲ့ အာရုံတွေရှိသလို နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အခါလည်း မထင်ရှားတဲ့ အာရုံတစ်ခုခုက အမြဲရှိနေတယ်..။ အိပ်နေတဲ့အခါလည်း စိတ်ကရှိနေပါတယ်...။ ဒါပေမယ့် အလွန်သိမ်မွေ့လွန်းလို့ သိဖို့မလွယ်ဘူး...။ အလွယ်တကူ မသိစိတ်လို့ပြောလိုက်ပေမယ့် လုံးဝမသိတာမျိုး မဟုတ်တော့ Subtle Consciousness လို့ပြောနိုင်ပါတယ်...။

အာရုံ ဆိုတာ အသိခံရတဲ့အခါ ဒါမှမဟုတ် သိစရာ တစ်ခုခုဟာ အာရုံ object ပါပဲ စိတ်ရဲ့ပျော်မွေ့ရာလို့လည်း ဆိုနိုင်ပါတယ်..။ ဒီနေရာမှာ လှပတဲ့ ပန်းချီ သာယာတဲ့သီချင်းသံ နူးညံ့တဲ့အတွေ့အထိဆိုတဲ့ ရုပ်ဝတ္ထုလည်း ဖြစ်နိုင်သလို နာမ်လည်း ဖြစ်နိုင်တာပါတယ်...။ ဥပမာ စိတ်စိတ်ခြင်းလည်း ပြန်သိလို့ရတယ်ဆိုတာ တွေးကြည့်ရင်သိနိုင်တာပဲ..။

အာရုံဘယ်နှစ်မျိုးရှိလဲ ?

အဘိဓမ္မာအရ အာရုံခြောက်မျိုးပဲရှိတယ်...
၁) ရူပါရုံ  (အမြင်)
၂) သဒ္ဒါရုံ (အကြား)
၃) ဂန္ဓာရုံ  (အနံ့)
၎) ရသာရုံ (အရသာ)
၅) ဖောဌဗ္ဗာရုံ (အတွေ့)
၆) ဓမ္မာရုံ (စိတ်)

ရူပါရုံ Visible Object ဆိုတာ မျက်စိနဲ့မြင်ရတဲ့အဆင်းအာရုံကိုပြောတာပါ...။ ရုပ် ၂၈ခုမှ တစ်ခုတည်းသော မြင်ရတဲ့ မြင်နိုင်တဲ့ အဆင်းအာရုံပါပဲ...။ ရူပါရုံနဲ့ အကြားဆိုတဲ့ သဒ္ဒါရုံ၊ ရနံ့ဆိုတဲ့ ဂန္ဓာရုံ၊ အရသာဆိုတဲ့ ရသာရုံနဲ့ ထိတွေ့မှုဆိုတဲ့ ဖောဌဗ္ဗာရုံ စတာတွေအားလုံးဟာ လူတွေအတွက် နှစ်သက်မြတ်နိုး ဖွယ်ရာတွေပဲဖြစ်လို့ ကာမဂုဏ်အာရုံတွေလို့ခေါ်တယ်...။ ကျွန်မတို့အားလုံး ဒီကာမဂုဏ်တွေကိုပဲ  စွဲလန်းနေကြလို့ သံသရာမှာ တ၀ဲလည်လည်ဖြစ်နေကြရတာပါ...။

ဓမ္မာရုံဆိုတာ အာရုံငါးပါးကနေကြွင်းတဲ့ စိတ်နဲ့ ကြံစည်တွေးတောတာတွေ စိတ်နဲ့သိလို့ရတဲ့ အာရုံမှန်သမျှ နိဗ္ဗာန်နဲ့ အမည်ပညတ် အပါအ၀င် စိတ် စေတသိက်အားလုံးဟာ ဓမ္မာရုံပါပဲ...။ စိတ်ကိုလည်း စိတ်နဲ့သိလို့ ရသလို စေတသိက်တွေဖြစ်တဲ့ လောဘ ဒေါသဖြစ်နေရင်လည်း စိတ်နဲ့သိနိုင်လို့ အာရုံခြောက်ပါးမှာ ဓမ္မာရုံက (Cognoscible Object ) အကျယ်ဝန်းဆုံးပါပဲ...။ ကျွန်မတို့ သိနေကြားဖူးနေကျ ဆဌမအာရုံ ဆိုတာပဲ....။

ဝါတွင်းသုံးလမှာ ကျွန်မ ဥပုသ်နေ့တိုင်း သက်သတ်လွတ်စားပြီး ဥပုသ်ယူဖြစ်တယ်...။ အိမ်နဲ့ရုံးက နီးတော့ နေ့လည်ထမင်းကို 12နာရီမထိုးခင် ပြန်စားလို့ရတယ်...။ ဥပုသ်မစောင့်ပေမယ့် ကျွန်မစားဖို့ သက်သတ်လွှတ်ဟင်းတွေ ချက်ပေးတဲ့ တဖက်ကနေ ကုသိုလ်ယူနေတဲ့ မာတာမိခင်ကို ကျေးဇူးကြီးစွာ သာဓုသုံးကြိမ်ခေါ်ပါတယ်...။

မှတ်ချက်။      ။ ခွဲစိတ်ပါမ္ခော ဒေါက်တာစိန်လင်း၏ ရွှေစင်မြင်းမိုရ်အဘိဓမ္မာစာအုပ်မှ ကောက်နုတ်သည်။့  ကျွန်မဖတ်ပြီးသလောက်တော့ သဘောပေါက်လွယ်အောင် အပိုင်းလေးတွေ ခေါင်းစဉ်လေးတွေခွဲပြီး တင်ပေးသွားဦးမှာပါ...။



မိုးငွေ့

Saturday, 10 August 2019

မန္တလေးခရီးစဉ်.....(၃)




ကားဆရာကို မုံရွာမတက်ခင် မင်းသီဟလက်ဖက်ရည်ဆိုင်ခဏ၀င်ခိုင်း ကိုယ်က ဆန်ပြားသုတ် ၀က်သားနဲ့ဆိုတော့ အဲလို ၀က်သားတုံးလိုက်ကြီးနဲ့ ငယ်ငယ်တုန်းက 73လမ်းပေါ်က နေခြည်မှာစားသလို ထင်လိုက်တာ မစွံ...။ အေးလေ နှစ်ပေါင်းပဲ ဘယ်လောက်ရှိနေပြီလဲ နေခြည်ရှမ်းခေါက်ဆွဲဆိုင်တောင်မှ ရှိသေးလားမသိ...။ အဲမှာက ရှမ်းစစ်စစ်တွေရောင်းတာ ဆန်ပြားသုတ်ဆို ကော်ရည်နဲ့ ပဲငပိနဲ့ အသားတုံးသေးသေးလေးတွေကို ဆီပြန်လေးချက်ထားတာနဲ့ ကြာညို့တို့ ကြက်သွန်မှိတ်ဘာညာ သရကာတွေ ပါသေးတာ...။ ဒီဗားရှင်းအသစ်နဲ့ ဆန်ပြားသုပ်ကိုတော့ ခံတွင်းမတွေ့...။



  မုံရွာသွားဖို့ ငါးခွဲကတည်းကအိပ်ယာထ ရေမိုးချိုး အိပ်ချင်မူးတူးရုပ်ပေါက်

























 ရပ်တော်မူ လျောင်းတော်မူ ထိုင်တော်မူနဲ့ ဗောဓိတစ်ထောင် 




 
  မိုးညှင်းသမ္ဗုတေ

















 




 မုံရွာက မြန်မာထင်းဆိုင် (ဆိုင်နာမည်မမှတ်မိတော့) ဗိုက်ဆာလို့စားလိုက်ရတာ ဟင်းက အဲလောက်မကောင်း




 ထမင်းစားပြီး လက်ဖက်မြည်း လက်ဖက်ကို အဲလို အုန်းဆံဖတ်ကြော်လေးနဲ့ မစားဖြစ်တာ ကြာလှပေါ့








မုံရွာကနေ ခုနှစ်မိုင် ရှစ်မိုင်လောက်ထပ်သွားရတဲ့ မုံရွာ ရွှေဘိုလမ်းပေါ်က သမိုင်းဝင် ရွှေဂူနီဘုရား




ဘုရားဖူးပြီးတော့ မုံရွာမြို့က လကမ္ဘာစတိုးဆိုင်မှာ အိန္ဒိယထွက်ပစ္စည်းတွေဝင်မွှေ
 ရှရွတ်ခန်းကြော်ငြာတဲ့ မျက်နှာသစ်ဆပ်ပြာ ဆံပင်ဆိုးဆေးတွေ




 သွားတိုက်ဆေးတောင်ဝယ်ချင်သေးတာ



  သကြားလုံးတွေ သကြားလုံးတွေ



 အကြွပ်ကြော်လေးတွေ စုံပလုံစိ





Pear ဆပ်ပြာခဲ ရန်ကုန်မှာလည်းရလျက်နဲ့ ၀ယ်ချင်တယ်လေ အိန္ဒိယက၀င်တာနဲ့ ထိုင်းက၀င်တာ ဘာကွာလဲပေါ့...။ ကော်ဖီပုလင်းပုစိကွေးလေးတွေဝယ်ခဲ့သေးတယ်ကြည့်...။ ဟင်းချက်ဖို့ Ghee တစ်ဗူး စွံပလွန်သီးခြောက် ပရုတ်ဆီဗူးသေးသေးလေးတောင်ပါသေး...။ မလိုင်သကြားစိမ်မုန့်ချိုလုံးက တစ်ဗူး...။







ရောက်ရာအရပ်မှာ ရှော့ပင်ထွက်သည်ပေါ့...။ မုံရွာမြို့က အိန္ဒိယပစ္စည်းရောင်းတဲ့ဆိုင် နာမည်ကြီးပဲ အစုံရတယ် စာရီစတွေဆို ပွဲတက်တဲ့ ပိုးပြောင်တွေဘာတွေရတယ်...။ ကျွန်မက နေ့စဉ်ဝတ် စာရီစလေးတော့ ၀ယ်ခဲ့တယ် တစ်စမှ 1400ထဲ တန်တာ...။ မြန်မာအကျီင်္ ခါးတိုတစ်ထည် ချုပ်လို့ရတယ်လေ...။ 










ကြက်ခြေထောက်ပေါင်း နူးအိပြီး စားကောင်းချက်



ဖက်ထုပ်အိုးကပ်ကြော် သူ့အချဉ်ရည်ကအသက်



အသားလုံးခေါက်ဆွဲပြုတ် ဘဲရီးဂွတ်


မန္တလေးကို ညနေ သုံးခွဲပြန်ရောက် ဘူတာကြီးနား လက်ဆောင်တွေဝင်ဝယ် ရီမွန်ဆိတ်လက်ဖက်နှပ်တို့ ဘာတို့ပေါ့...။  ညနေကျတော့ ရေမိုးချိုးပြီး တည်းတဲ့ အိမ်ရှေ့တည့်တည့်က နမ့်ခမ်းမှာ ဖြစ်သလိုညနေစာကို ဆွဲလိုက်ပါတယ်...။  ညတေနစာကို ထမင်းမစားချင်တာနဲ့ အသားလုံးခေါက်ဆွဲ ကြက်ခြေထောက်ပေါင်း ဖက်ထုပ်အိုးကပ်ကြော် အဲဆိုင်က အစားသောက်အားလုံးကောင်းတယ် 68လမ်း 34x35 လမ်းကြား...။ ပြီးတော့ သုံးဘီး Grab နဲ့တရုတ်တန်း ညဈေး ခဏသွားကြသေး..။







ကျွန်မတို့ အခုနားကပ်လေးတွေ ဖိနပ်တွေ ရောင်းနေတော့ တည်းတဲ့အိမ်ရှေ့ကဆိုင်မှာ ဖိနပ်တွေ နားကပ်လေးတွေ ၀င်စပ်စု ဘယ်ကယူတာလဲ ဘယ်ဈေးရောင်းလဲပေါ့...။ သူ့နားကပ်လေးတွေသိပ်လှတယ ဆိုင်ရှင် ရှမ်းမလေးနဲ့ ရှမ်းလိုပြောကြ သူက ဘန်ကောက် Platinum Mall ကယူတာတဲ့ ကိုးရီးယားမိတ်ဆိုပဲ တော်တော်တော့ ဒီဇိုင်းဆန်းပြီးလှတယ်...။ ဈေးလဲလှတယ်လေ...။













သူများဆိုင်မှာစပ်စုပြီး ဖိနပ်ခရေဇီ မရမက ဖိနပ်လေးတစ်ရံတော့ ပါအောင်ဝယ်ခဲ့သေးတာ 
အဲလို အကြည်လေးလိုချင်တာကြာပြီ




တရုတ်တန်းညဈေးက အီကြာကွေးပုစိလေးနဲ့ ပဲနို့ပူပူလေးရယ် တိုဖူးမျိုးစုံ နဲ့ မုန်ညှင်းချဉ်ဖတ်မျိုးစုံ




သစ်သီးတွေများ လတ်ဆတ်ပြီး ဈေးလဲချိုတယ် ရန်ကုန်နဲ့စာရင် အကုန်စားချင်ပေမယ့် သယ်မပြန်နိုင်



ဟင်းသီးဟင်းရွက်တွေလဲ လတ်ဆတ်



ပန်းတွေကတော့ မေမြို့က ဒါရိုက်လာတောဆိုတော့ လှပလန်းဆန်း


ဝက်ပေါင်ခြောက် ရှမ်းဆန်ဖွယ်ခေါက်ဆွဲ ကြက်ဥဂျုံခေါက်ဆွဲ  ဖက်ထုပ်ရွက် ဆေးဘဲဥ ဆားဘဲဥ




 နောက်ဆုံးပြန်မယ့်နေ့ ပြင်ဦးလွင်တက် ဖားအောက်ဆရာတော်ကြီးကျောင်းမှာ ဆရာတော်ကြီးကို သိမ်ဆင်းလောင်းရင်း ၀ါဆိုသင်္ကန်းပါကပ်လှူ သိမ်ဆင်းလောင်းကိုယ်တော်တွေ အပါးသုံးရာကျော်ရှိတယ်




 သိမ်ဆင်းလောင်းပီး ဖါးအောက်ကျောင်းနဲ့ သိပ်မဝေးတဲ့ ပါချုပ်ဆရာတော်ကြီးဆီဝင်ဖူး ၀ါဆိုသင်္ကန်းကပ် တစ်ရက်တည်း ဆရာတော်ကြီးနှစ်ပါးကိုဖူးရဖို့ကံဆုံတာ နည်းတဲ့ကုသိုလ်ပါရမီမှမဟုတ်ဘဲ




 စမီးအသားအရေကို တချက်ရှိုး ညိုပြာညက်အညာသူစတိုလ်







 


ဖါးအောက်မှာ ဒီလိုအဆောင်တွေလှူလို့ရတယ် တစ်လုံးကို သိန်း130 ကိုယ်မနေဖြစ်သေးရင်လည်း တရားလာအားထုတ်တဲ့ သီလရှင်တွေကိုပေးနေလို့ရပါတယ်...။ ကိုယ်တွေ သီလရှင်ဝတ်ဖြစ်ရင် အဲဒီမှာသွားဝတ်ဖို့ စဉ်းစားထားတယ် ဖားအောက်ဆရာတော်ရဲ့စည်းကမ်းကိုကြိုက်လို့ တစ်ဆောင်ကို တစ်ပါးပဲ နေခွင့်ရှိတယ် စကားပြောလို့မရဘူး သက်သတ်လွတ်စားရတယ်အဲလိုမျိုး ...။


မန်းလေးကို ညနေ ငါးနာရီပြန်ရောက် ည9နာရီကားနဲ့ရန်ကုန်ပြန်ပြီလေ... မန္တလေးခရီးစဉ် ဒီတင်ပြီးဆုံးပြီ ဆိုတော့ ပုံတွေကြည့်ရတာ မျက်စိနှောက်သက်သာသွားကြပြီထင်တယ်း)


မိုးငွေ့

Monday, 5 August 2019

မန္တလေးခရီးစဉ်.....(၂)


 



ဒုတိယနေ့ကို စစ်ကိုင်း အင်းဝ သွားကြတယ် ...။ တနင်္ဂနွေပိတ်ရက်မို့ ညီမ၀မ်းကွဲက သူကိုယ်တိုင် ကားမောင်းလိုက်ပို့တာ ...။ သူက မနက်စာကို စစ်ကိုင်းဖက်ခြမ်းက သူ့သူငယ်ချင်းအိမ်ဆိုင် လက်ဖက်ရည်ဆိုင်မှာ မနက်စာစားဖို့ အကြံပေးတာနဲ့ မန္တလေးမှာမစားလိုက်တော့ဘူး...။ အစားသောက်တွေ အကုန်ကောင်းတယ် ...။ ပဲပြုတ်ဆီထမင်းအတွက် ငါးရံ့ခြောက်ဖုတ်နဲ့ ဆတ်သားခြောက်ဖုတ်ဆီဆမ်း အညာငါးပိကြော်နဲ့သံပုရာစိပ်လေးတွဲစားရတယ်...။ နောက် ပဲနံပြား ကျွန်မက မုန့်ဟင်းခါးစားတယ်...။ မုန့်ဟင်းခါး ခရောဇီမို့ ရောက်တဲ့အရပ်က မုန့်ဟင်းခါးကို ၀ယ်စားတတ်ပါတယ်..။ သူတို့ မုန့်ဖတ်က သေးသေးမျှင်မျှင် ဆန်ကြာဇံဖတ်လေးလို  ငါးရှားတဲ့အရပ် ဆိုပေမယ့် ဟင်းရည်က ငါးအရသာချိုပါတယ်...။ လေးယောက်စားတာမှ ရှစ်ထောင်ပဲကျတယ်...။ ရန်ကုန်မှာဆို ဒီလောက်စားရင် တစ်သောင်းကျော်ပြီ ငါးရံ့ခြောက်နဲ့ ဆတ်သားမှာတင် ဈေးကြီးပြီလေ...။ သူတို့ဆီက ပဲပြုတ်ကို သိပ်သဘောကျတယ် အလုံးကြီးကြီး ချိုချိုဆိမ့်ဆိမ့်...။


အခု ကျွန်မတို့ ရုံးနဲ့မနီးမဝေးမှာ Mandalay Room ဆိုင်လေးလာဖွင့်ထားတယ် အထမ်းမြီးရှည် မုန်တီ မုန့်ဟင်းခါး နဲ့ မန္တလေးထမင်းကြော် အဓိကရောင်းတယ် အချိုပွဲကတော့ ကျွန်မအကြိုက် ကောက်ညင်းပြန်ပေါင်းနဲ့ ငှက်ပျောသီးမြည့်ကြော်(အုန်းပေါင်းငှက်ပျော) ရတယ်...။ တစ်ရက်တော့ သွားမြည်းကြည့်ပြီးပြီ နောက်တစ်ခါ ထပ်သွားစားဖြစ်ရင် ပုံရိုက်ခဲ့မယ်...။



 
ဘဲဥဖတ်များများ အညာမုန့်ဟင်းခါး








ရွှေသင်္ကန်းတွေပြန်ခွာပြီး ထုံးဖြူသုတ်ပြီး နောက်ပိုင်း ပထမဆုံးအကြိမ် ကောင်းမှုတွေ စေတေီတော်မြတ်ကြီးကို ဖူးရခြင်းပဲ...။ တော်တော်ပြောင်းလဲသွားပြီ အရင် ဒီဘုရားရောက်ရင် အ၀င်စောင်းတန်းလေးမှာ သနပ်ခါးသည် သုံးလေးဆိုင်ပဲရှိတာ အဲမှာ ကျောက်ပြင်ကြီးကြီးနဲ့ သနပ်ခါးတွေ အကြိုက်လိမ်းလို့ရတယ်မ၀ယ်လည်း ...။ ခုတော့ ဆိုင်ခန်းတွေက ဘုရားပတ်ပတ်လည်အပြည့်....။ ဒါနဲ့စကားမစပ် ကောင်းမှုတော်ဘုရားမှာထိုးတဲ့ အောင်ဘာလေ ထီလက်မှတ်က ငါးသောင်းစုပေါက်တယ် လေးယောက်စပ်ထိုးကြတာ...။ ဘ၀မှာ ပထမဆုံး ထီပေါက်ဖူးခြင်း...။




အပင်ရိပ်တွေကတော့ အေးချမ်းမှုပေးဆဲ


အပြင်ဆိုင်တန်းက ကျောက်ငရုတ်ဆုံ ကြိတ်ဆုံ နဲ့ သနပ်ခါးကျောက်ပြင်အစုံ



Credit to Mg Thuta



မင်းကွန်းတို့ ပထိုးတော်ကြီးတို့ဆိုတာ စစ်ကိုင်းရောက်တိုင်းအမြဲရောက်နေကျမို့ မရောက်ဖူးသေးတဲ့ မင်းကွန်းနားက မြသိန်းတန်ဘုရားဖူးခဲ့တယ်...။ အဲဒီဘုရားမှာ ဓါတ်ပုံတွေဘယ်လောက်တောင် လာရိုက်ကြသလဲဆို အဲက ဘုရားသမိုင်းပြောတဲ့ ကလေးတွေက ကင်မရာမင်းကို လုံးလုံးဖြစ်...။ တော်ရုံစကေးမဟုတ်ဘူးနော် သူတို့က ပရိုအဆင့်လို့တောင်ခေါ်နိုင်နေပြီ...။




ညီမဝမ်းကွဲကို အပီအပြင်ရိုက်ပေးနေကြတာ


ကလေးမသုံးယောက်မှာ တစ်ယောက်က ဧည့်သည်ပါလာတဲ့ အိတ်တွေ ထီးတွေ အထုပ်တွေကို သယ်ပေးတယ်။ တစ်ယောက် ကင်မရာ(သို့)ဖုန်းနဲ့ ရိုက်တယ် နောက်တစ်ယောက် ဘယ်လိုပို့စ်လုပ်ဆိုပြီး ညွှန်ကြားတာ..။ သူတို့က ဒီဘုရားမှာ ဒီအလုပ်လုပ်လာတာ နှစ်တန်းကတည်းကတဲ့ ခုခြောက်တန်း တက်နေကြတာတဲ့...။ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်ကို သူတို့က ကျောင်းစရိတ်ရှာကြတာ...။ ၀င်ငွေရွှင်တယ်နော် တစ်ရက်ကို အနည်းဆုံး တစ်သောင်း ရတယ်တဲ့...။








ကိုယ်လည်းဝင်ရိုက် သူတို့ပြောတဲ့အတိုင်း အိုက်တင်ပေး




ဒီပုံလေးကိုသဘောကျမိ








နောက်ခံရှုခင်းက ပန်းချီကားတစ်ချပ်လို












ကျွန်မရဲ့ Fuji နဲ့သူတို့တွေအလုပ်ဖြစ်နေကြတာ(Behind the scenes)






မြသိန်းတန်ကအပြန် ခိုတောင်ရွာမှာ ခိုတောင်မုန့်တီဝင်စားကြတာ တရွာလုံး လမ်းဟိုဖက်ဒီဖက် ခိုတောင်မုန့်တီဆိုင်တွေချည်းပဲ ဘယ်ဆိုင်စားရမလဲမသိ မနည်းရွေးရတာ ဒီဆိုင်လေးကို ရွေးလိုက်တယ် အဲ ဆိုင်နာမည်တောင်မမှတ်လိုက်မိ ဗိုက်ဆာတော့ အစားဆီပဲစိတ်ရောက် တော်သေးတာပေါ့ ပုံလေးတော့ ရိုက်ဖို့မမေ့လို့...။



ခိုတောင်မုန့်တီကို ပဲတီချဉ်ဖတ် မုန်လာချဉ်ဖတ် လတ်လတ်ဆပ်ဆပ်နဲ့ စားရတာ



တကယ့်သူ့နယ်မှာ မူလအရသာမို့လားမသိ ကောင်းလွန်းပါတယ်ကွယ် ပြောမပြတတ်အောင်

ရန်ကုန်မှာတော့ မုံရွာဝင်းဝင်းမုန့်တီဆိုင်မှာ တစ်ခါမှာစားဖူးတယ် ဒီလက်ရာကိုတော့မမှီ




ခိုတောင်မုန့်တီမှာ ပေးတဲ့ ပိတ်စွယ်ဟင်းရည်ချဉ်စပ်လေးက အသက်
ဟင်းရည်ဖိုးက ငါးရာသပ်သပ်ပေးရတယ်





အုတ်ရိုးပါတဲ့ ပုံတွေ အများကြီးရိုက်ထားပြီး ပျောက်ကုန်တယ်...။ခိုတောင်မုန့်တီစားပြီး စစ်ကိုင်းကနေ မန္တလေးဖက်ပြန်ကူး အင်းဝဖက်ဆက်ကြတယ်...။ အင်းဝရောက်တော့ မိုးကသဲကြီးမဲကြီးရွာ ...။ ဒီမိုးတွင်းမှာ ဒါပထမဆုံး မိုးရွာတာဆိုပဲ...။ အင်းဝမြို့အ၀င်လမ်းက သိပ်လှတာ လမ်းတဖက်တချက်မှာ အုတ်ရိုးတွေ တော်တော်ရှည်လျားလျား ကျန်နေသေးတာတွေ့ရတယ်...။ မကျည်းပင်စိမ်းစိုစိုနဲ့ သိပ်အေးချမ်းတာပဲ...။

 

ဒါ ရှေးတုန်းက ဘုန်းကြီးကျောင်းတဲ့ ထုထည်ကြီးကြီး မြင့်မြင့်မားမား

စစ်ကိုင်း မင်းကွန်းဖက်က ပုထိုးတော်လို




အင်းဝရောက်တဲ့ ခရီးသွားဘလော့ဂါတွေ ဒရုန်းနဲ့ ဒီနေရာလေးကို ရိုက်ထားတာသိပ်လှ



ဒီပုံလေးကြည့် Snare နေ၀င်းတို့ စုံတွဲရိုက်ထားတာ ...

 နေ၀င်းရဲ့ ချစ်သူ ခရီးသွားဘလော့ဂါချောရဲ့ instagram ကယူလာတာ အပေါ်စီးကဆို သိပ်လှ






ဝင်္ကဘာဘုရား

 


ရတနာဆီမီးဘုရား ခုအဲဒီထဲကို အောက်ကေ ချောချောရိုက်ထားသလို ၀င်ရိုက်လို့မရတော့ဘူး




Pic from  travellkween








 

နှစ်ယောက်က ဖိနပ်ပါးမပါလာလို့ မြသိန်းတန် ဘုရားမှာ ခုံဖိနပ်ဝယ်စီးကြ

တဂွပ်ဂွပ်နဲ့အသံမြည်တဲ့ ခုံဖိနပ်တွေတောင်မမြင်ရတာကြာပေါ့





အင်းဝမှာ မယ်နုအုတ်ကျောင်းမရောက်ခဲ့ဘူး အချိန်မရတော့လို့ ကိုယ့်ကားကိုယ်ငှားပြီး သွားတာ မဟုတ်တော့ အားနာရတာနဲ့ နေရာစုံသိပ်မရောက်ခဲ့ရ...။ နောက်တခါ မန်းနဲ့ အင်းဝကို ဘုရားအစုံ ထပ်သွားဖူးဖို့ အားခဲထားသေးတယ်...။ အင်းဝကအပြန် မန္တလေး 27လမ်းမှာ ကော်ဖီဝင်သောက်ကြတယ်...။ မန်းမှာ အကောင်းဆုံးကော်ဖီဆိုပဲ...။ ကိုယ်တွေက ရန်ကုန်မှာ ကောင်းပေ့ဆိုတဲ့ ဆိုင်မှာထိုင်သောက်လာသူတွေမို့ မန်းမှာတော့ တကူးတကန့်ကော်ဖီမသောက်ချင်ဘူး..။ မန်းက ဒေသစာ မုန့်တွေလျှောက်စားချင်တာ ဈေးချိုလဲမရောက် ...။ ဈေးချိုမှာဆို မြန်မာမုန့်တွေအစုံ ၀ယ်စားပစ်မှာ...။ ဆိုတော့ ကော်ဖီကိုမသောက်ချင် သောက်ချင်နဲ့ဝင်သောက်တာမို့ ဆိုင်နာမည်တောင် မမှတ်ထားမိ အဲလိုပါဆို...။



ဆိုင်နာမည်က ခွက်မှာပါသားပဲ Goffee Coffee တဲ့
Latte Art လေးက မဆိုးပါဘူး... Foam တော့ နဲနဲကြမ်းတယ် :)

 



ညဖက် ရေမိုးပြန်ချိုးပြီး အိမ်ရှင်ညီမ အငယ်မလေးက ကျွန်မတို့ကို Hot Lar Lar ဆိုတဲ့ စီရွှန်တရုတ်အကင်နဲ့ ဟော့ပေါ့ဆိုင်မှာလိုက်ကြွေးတယ် ...။ မန်းကလူတွေက ဖော်ရွေစေတနာ ကောင်းကြတယ်...။ စားလို့ကောင်းတယ် စပ်တာကလွှဲပြီး..။


တီလားဗီးယားငါးကင် ရန်ကုန်မှာဆို ပုံမှန်ဒီငါးကို သိပ်မစားဖြစ်ဘူး 
ကကတစ်ပဲစားဖြစ်တာ ချေတယ်ပြောချင်ပြောပါ

 

ကြက်ခြေထောက်ကတော့ စားပြီး နှုတ်ခမ်းတွေပူ

 

အပိုင်းဆက်ကျန်သေးတယ်နော်း)

 

မိုးငွေ့