ဒီတစ်ခါ ပြန်မိတ်ဆက်ပေးချင်တဲ့ Long Long ago ထဲက ဘလော့ဂါနောက်တစ်ယောက်ကတော့ ကဗျာသည် တစ်ယောက်ဖြစ်တဲ့ မိုးစက်အိမ် ပဲဖြစ်တယ်...။ ဘလော့ ခေတ်ဦးဖြစ်တဲ့ 2009 2010 လောက်က စခင်ခဲ့ကြတဲ့ ဘလော့ဂါတွေထဲက တစ်ယောက်ဖြစ်တဲ့ မိုးစက်အိမ်က ကဗျာအနုအရွလေးတွေကို ရေးစပ်တတ်တဲ့ ရုရှားမြေက စစ်သည်ကဗျာသည်တစ်ယောက်ပါ..။ အဲတုန်းက မိုးစက်အိမ်နဲ့ နာမည်ခပ်ဆင်ဆင် ညလင်းအိမ်လည်းတစ်ယောက်ရှိသေးတယ် သူကတော့ ဘလော့ပါပိတ်ထားလို့ ဒီမှာလင့်မချိပ်ပေးနိုင်တော့ပါဘူး ...။ တကယ်ဆို ဒီအပိုင်း(၄) မှာ ကျွန်မက မိုးစက်အိမ်နဲ့ ညလင်းအိမ်နှစ်ယောက်အကြောင်းရေးချင်တာ သူတို့ကနှစ်ယောက်စလုံးကဗျာဆရာတွေ ကဗျာရေးတဲ့အခါ သုံးနှုန်းတဲ့စကားလုံးတွေမှာ သူတို့နှစ်ယောက်က မတိမ်းမယိမ်းလေးတွေ ...။ သူတို့ကဗျာကိုဖတ်ရတာ စာထဲမှာဖတ်ဖူးတဲ့ ဧဒင်ဥယျာဉ်ထဲကို ရောက်သွားသလိုခံစားမှုမျိုးကိုရတယ်လို့ ကျွန်မတင်စားချင်ပါတယ်...။ မိုးစက်အိမ်ကဗျာတွေက စကားလုံးအသုံးအနှုန်းမထပ် ခံစားမှုရသတွေ ကွဲပြားပေးတယ်...။ သူ့ဘလော့လင့်လေးကို အပေါ်မှာ ချိပ်ပေးလိုက်ပါတယ် စိတ်ကြိုက် သွားဖတ်ကြည့်နိုင်ပါတယ်...။ မိုးစက်အိမ်ကဗျာတွေကို အမြည်းနှစ်ပုဒ်ပေးမယ်... “မော်ဒန်အချစ်တိုင်ရတု” “ဆောင်းမှာပွင့်တဲ့ရွှေရုပ်လွှာ”...။ မိုးစက်အိမ်နဲ့ကျွန်မက အပြင်မှာ မဆုံဖူးခဲ့ပေမယ့်... ငယ်ပေါင်းတွေလိုပဲ ခင်မင်ကြပါတယ်..။ အဲဒီခေတ်က ဖဘကို တွင်တွင်ကျယ်ကျယ် သိပ်မသုံးကြသေးပေမယ့် ကျွန်မတို့ ဘလော့မောင်နှမတွေရဲ့ ပေါင်းကူးတံတာကတော့ G talk ပါပဲ...။ ဒါမှမဟုတ် ဘလော့စာမျက်နှာဘေးက စီဘောက်စ်မှာစကားပြောကြတယ်...။ မိုးစက်အိမ်နဲ့စကားပြောရင် ကျွန်မဆယ်တန်းအောင်တုန်းက အင်္ဂလိပ်စာသင်တန်းမှာ ရင်နှီးခဲ့တဲ့ ကျွန်မရဲ့ သူငယ်ချင်းလေး “လင်းနပ်စ်”ကို သွားသတိရမိတယ်...။ လင်းနပ်စ်က ကျွန်မထက် အသက် ငါးနှစ်ငယ်ပေမယ့် ကျွန်မနဲ့ဆို သူနဲ့ရွယ်တူလို နင်နဲ့ငါနဲ့ ရင်းရင်းနှီးနှီးပြောဆိုသုံးနှုန်းတတ်တယ်။ မိုးစက်အိမ်လည်း ကျွန်မနဲ့ G talk မှာစကားပြောရင် လေသံတွေ အသုံးအနှုန်းတွေကအစ လင်းနပ်စ်နဲ့တစ်ထပ်တည်း...။ သူတို့နှစ်ယောက်က အရပ်အမောင်းရှည်တာရော အပြောအဆိုရော တူကြတယ်...။ လင်းနပ်စ်အကြောင်းကို ကျွန်မ ဒီမှာ တစ်ခါရေးဖူးခဲ့ပါတယ်...။ အဲဒီတုန်းက ဘလော့ဂါကဗျာဆရာ ကဗျာဆရာမတွေ ကျွန်မကို မိုးကြီးလို့ခေါ်ကြတယ်...။ မိုးစက်အိမ်လည်း ကျွန်မကို မိုးကြီးလို့ခေါ်တယ် သူကတော့ မိုးလေးပေါ့...။ ကျွန်မကို မိုးကြီးလို့ခေါ်တတ်ပြီး စကားလာလာပြောတဲ့ ကဗျာဆရာမ ဘလော့ဂါနောက်တစ်ယောက်ကတော့ အနှိုင်းမဲ့ ပါ...။ သူလေးလည်း ဘလော့ပိတ်သွားပါပြီ ...။ အဲဒီတုန်းက ဘလော့မောင်နှမတွေ စည်းစည်းရုံးရုံးနဲ့ ပို့စ်တွေမှန်မှန်တင်ကြ တဂ်တွေရေးကြ တစ်ယောက်အိမ်တစ်ယောက်လည်ပတ်ပြီး ကော်မန့်တွေပေးကြ တကယ်အပြင်မှာ မဆုံဖူးကြဘဲ ခင်မင်ရင်းနှ်ီးကြနဲ့ ပျော်စရာသိပ်ကောင်းခဲ့တယ်...။ မိုးစက်အိမ်ကိုတော့မြန်မာပြည် ပြန်ရောက်ပြီး ပြင်ဦးလွင်မှာ တာဝန်ထမ်းတဲ့အထိ ကျွန်မနဲ့အဆက်အသွယ်ရှိခဲ့သေးတယ်...။ ခုတော့ မဆုံဖြစ်တာ ငါးနှစ်ကျော်လောက်ရှိပြီဆိုတော့ ကိုယေ်တာ်ချောလည်း အိမ်ထောင်တွေ ဘာတွေ ပြုရောပေါ့...။ ညလင်းအိမ်တော့ မင်္ဂလာဆောင်ဖိတ်သေးတယ် မသွားဖြစ်ခဲ့တာ ...။ ခုဆို သူလည်း မိသားစုနဲ့ ကလေးတွေနဲ့ အရုန်းရုန်းဖြစ်နေရောပေါ့...။
အဲဒီခေတ်က မိုးစက်အိမ်နဲ့ခေတ်ပြိုင် ဘလော့ဂါတွေကတော့ ညလင်းအိမ်(ညရဲ့ကောင်းကင်) ဏီလင်းညို အဖြူရောင်နတ်သမီး အနှိုင်းမဲ့ ဗညားရှိန်(လင်းခေတ်ဒီနို) ပျိုခေတ် နှင်းဆီနက်...။ အရင်တုန်းက ကျွန်မ၏ကဗျာစာအုပ်များဆိုပြီး Roll တစ်ခုတင်ဖြစ်ထားသေးတယ် နောက်တော့ အဲဒီကဗျာစာအုပ်တွေက အကုန်လင့်တွေပိတ်သွားကြတော့ ကျွန်မဖြုတ်ပစ်လိုက်တော့တာ..။ ဗညားရှိန်ဦးဆောင်ပြီး ကဗျာဆရာ ဆရာမ (၇)ယောက်ပါဝင်ထားတဲ့ “ကြယ်စင်တို့ရဲ့ရိုက်ခတ်သံ”ဆိုတဲ့ ဘလော့တစ်ခုလည်းရှိသေးတယ်...။ ကဗျာဆရာခုနှစ်ယောက်လုံးရဲ့လက်ရာတွေကို တလှည့်ဆီတင်ပေးတတ်ပါတယ် ခုတော့ ပိတ်သွားပါပြီ...။ ဒါကြောင့် ကျွန်မကို တခါက မွေးနေ့လက်ဆောင်ကဗျာရေးပေးခဲ့ဖူးတဲ့ သူတို့လက်ရာတချို့ကို အောက်မှာပြန်တင်ပေးလိုက်ပါတယ်..။ ကိုတူးလို့ခေါ်တဲ့ မောင်လေးညလင်းအိမ်ကတော့ ကျွန်မကို မွေးနေ့လက်ဆောင် ကဗျာ သုံးနှစ်ဆက်တိုက်ရေးပေးခဲ့ဖူးတယ်...။ အိန်ဂျယ်စာစုတွေ စရေးနေပြီဖြစ်တဲ့ 2011 2012 မှာတော့ ကဗျာတွေထဲမှာ မှတ်မှတ်ထင်ထင် အိန်ဂျယ်ကို အပါဖွဲ့သီပေးထားခဲ့တဲ့အတွက် ဒီနေရာကနေ ကျေးဇူးတင်မိပါတယ်...။
“မိုးငွေ့ ... ဆိုတာ ...”(2010)
ရာသီဖွဲ့ မိုးငွေ့တွေ
ဤကမ္ဘာကို ပတ်ဖြန်း
အရာရာလန်းစေဖို့
မွေးဖွားစေခဲ့တယ်ဆို လွန်မှာလား ...။
မိုးရည်ငွေ့တွေ ဖြစ်တည်မှ
မိုးဖြစ်လာရသလို ...။
မြစ် ပင်လယ်တွေ ပေါင်းဆုံမှ
သမုဒ္ဒရာ ဖြစ်လာရသလို ...။
စကားလုံးတွေနဲ့ ရေးသီမှ
ကဗျာ စာတွေ ဖြစ်လာရသလို ...။
အလှအပ တဝကြီးနဲ့
မိုးငွေ့ဘ၀ ဖြစ်လာရသည် ...။
မိုးငွေ့ဆိုတာ ...
တခဏချက်ချင်း ပျောက်သွားမယ့်
မိုးရည်ငွေ့ မဟုတ်ဘူး ...။
မာန် အပြည့်နဲ့
ဟန်တင့်တတ်တဲ့ သဏ္ဍာန်
တကယ့်စိတ်ရင်းမှန်နဲ့ ဆက်ဆံတတ်သူ ...။
စာပေကို မြတ်နိုး ကလောင်တစ်လုံးနဲ့
စီခြယ်ကုံးတတ်သူ ...။
စိတ်ကူးယဉ်ပေမယ့်
စိတ်မရူးတတ်ချင်သူ ...။
ကော်ဖီခါးခါးအကြိုက်နဲ့
ဖက်ရှင်တအားမိုက်သူပေါ့ ...။
ဒီလိုနဲ့ ...
မိုင်တိုင်သုံးငါး ကျော်လွန်သွားခဲ့တာ
သုံးလ တစ်ဆယ့် ခုနစ်
မွေးနေ့ ရက်တစ်နှစ်ကို ရောက်ခဲ့ပြန်ပြီ ...။
ခရစ် တစ်နှစ်ဟောင်းတိုင်း
ကိန်းဂဏန်းအသစ်ပြောင်းတတ်ပေမယ့်
မိုးငွေ့ကတော့
အသက်တစ်နှစ်ကြီးလေ
စိတ်တစ်နှစ် နုလေပဲ ...။
သူလျှောက်တဲ့လမ်း
ခရောင်းလမ်း ဖြစ်ချင် ဖြစ်ခဲ့မယ် ...။
သူဖောက်တဲ့လမ်း
တဇောက်ကန်းဖြစ်ချင် ဖြစ်ခဲ့မယ် ...။
ရှေ့ဆက်ဖို့ အတွက်ဆို
နောက်ပြန်လှည့်မကြည့်တတ်တာ သူ့ဘဝ
သူ သာဓကနဲ့သူ ...။
ဘယ်သူမှ မကူလည်း
စိတ်ကိုမာန်တင်း တွန်းလှန်ပစ်တတ်သူ ...။
သူ့ ရှေ့ဆက်မယ့် ရက်တွေအတွက်
အောင်မြင်မှုက လက်တကမ်းမှာ
မျှော်လင့်ချက် ရောင်ခြည်တွေက တစ်သက်လုံးစာ
သူ့ အတွက် ဖန်ဆင်းစေတော့မှာလေ...
ဒါကြောင့် ... မိုးငွေ့ ဆိုတာ ...။ (ညလင်းအိမ်@ညရဲ့ကောင်းကင်)
မိန်ရာသီ၏အိန်ဂျယ်....(2011)
နှင်းစက်မြူခိုးတွေအဆုံး
ဆောင်းအကုန်နွေအကူးမှာ
ရာသီစက်ဝန်း ဆယ့်နှစ်ခုမြောက်
မိန်ရာသီ ကာလတစ်ခု ပေါက်ခဲ့ပြီပေါ့ ။
ဒီအချိန်ဆို ကောင်းကင်ပြင်
ရာသီခွင်၌ ငါးနှစ်ကောင်
နက္ခတ်တို့ ပျော်မြူး
အိန်ဂျယ်လ်ဆီ
အခေါ်ထူးကြပေလိမ့်မည်။
လေရူးတသုန်သုန်မို့
နွေဦးကို အကြိုထောက်တယ် ထင်ပါ့
စံပယ်ရုံ သင်းရနံ့တွေနဲ့တင်
ရက်တွေတိုင်းက မွေးပျံ့လှတယ်။
ကြယ်တို့ဧ။် စီးဆင်းခြင်းမျိုး
မြစ်တို့ဧ။် လွင့်မျောမှုမျိုးနှင့်
အိန်ဂျယ်တို့ ဖြစ်ထွန်းရာ
ဤကမ္ဘာမြေဟာလည်း
ချစ်သင်္ကေတတို့ ထုံမွှမ်း
သစ္စာတွေ စုရုံးခဲ့ကြပြီ။
ကဗျာလို နူးညံ့ခြင်းမျိုး
လေပြေလို သန့်စင်ခြင်းမျိုးနှင့်
ရှင်သန်ရာ သူတို့ဧ။်
ရာဇဝင်သည်လည်း လင်းမြနေခဲ့ပြီ။
ဖြတ်သန်းခဲ့ရာ
မိုင်တိုင်တိုင်း
သူတို့ ခရီးပေါက်မှုကို ပြသခဲ့ပြီ။
လျှောက်လှမ်းရာ
ရောင်နီတိုင်းသည်လည်း
အားအင် ပြည့်စွာ
ရုန်းကြွနေလိမ့်မည်။
ဤသို့ဆိုလျှင်
ယနေ့၌ ကျရောက်သော
မွေးနေ့မှစ၍
နောင် နှစ်ပေါင်းများစွာတိုင်
ဆောင်ယူရာ
သတင်းတိုင်း
လေပြေလို အေးလို့
ပန်းခိုင်လို မွှေးလို့
ရေကြည်လို အေးမြပါစေသား ...။ ( ညလင်းအိမ် )
မိုးငွေ့....သို့ (2012)
မိုးငွေ့တစ်စက်ရဲ့ ရာဇဝင်တဲ့
ကောင်းကင်ကြီးက ဖွဲ့သီတယ်
သူ့ အကြောင်းက လှလို့
ငှက်ကလေးတွေတောင် တေးဆိုကြတယ် ...။
အဲ့ဒီနေ့ ...
မိန်ရာသီစက်ဝန်း အစွန်းမှာ
တောင်တန်းပြာက တရစ်
မိုးပြာထစ်ထစ်တွေ
ဆောင်းအကုန်နွေအကူး
အလှစုံ အထူးတွေနှင့်
နှစ်သစ်ကို သယ်ယူလာကြတယ် ...။
အဲ့ဒီ အချိန် ...
အိနိဂျယ်လိုပါပဲ
တိမ်တွေထဲ ဝဲ
နွေဦးကျဲကျဲမှာ
မိုးငွေ့ တစ်စက်က
အနာဂတ်ကို ဖွင့်လှစ်လိုက်တယ် ...။
အဲ့ဒီလိုနဲ့ ...
ဟိုး ... အရှေ့မှာ လေပြင်းတွေ
ပင်လယ်နဲ့ တောင်တန်းများ သက်သေတည်လို့
မိုးငွေ့ စီးဆင်းရာ လမ်းကြောင်း
ဖြောင့်ဖြူးခြင်း များစွာဖြင့်သာ ...။
အမှတ်တရဖြင့်
ညလင်းအိမ်
@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@@
နွေဦးပန်း......
အဲ့ဒီနေ့...၊ ည...၊ မနက်တွေမှာ....
တန်ခူးလရဲ့ လေပြေတွေ...
ညင်းသွဲ့သွဲ့တိုက်ခတ်နေခဲ့ကြလိမ့်မယ်....။
နွေဦးမှာတိုက်ခတ်တဲ့လေပေမယ့်....
လေရူးတော့ မဟုတ်ခဲ့လေဘူး....။
တစ်ခါတစ်ရံဆို...
နွေဦးရဲ့ ရွက်ကြွေတချို့တောင်....
လေစီးကြောင်းထဲ လိုက်ပါဆော့ကစားလို့....။
ဥသြငှက်ငယ်လေးတွေ...
နွေဦးတေးသံသာ သီကျူးဆဲခဏ...
လောကကို အလှဆင်မယ့် နွေဦးပန်းလေးတစ်ပွင့်.....
မတ် (၁၇) ရက်မြတ်အမွန်မှာ....
ကမ္ဘာမြေပြင်ထက် ဖူးပွင့်ခဲ့လေတော့တယ်....။
နွေဦးမှာပွင့်ခဲ့တဲ့ပန်းမို့....
ပူလောင်ခြင်းတွေကိုမမှုပဲ...
ညှိုးနွမ်း ဆိတ်သုန်းမသွားရသေးခင်အချိန်အထိတော့....
တင့်ဆန်းစွာ ပွင့်လန်းဖြာရင်း....
သူ....
ပတ်ဝန်းကျင်ကို စိုပြေလှပနေခဲ့စေမှာ....
အသေအချာ.......။ (ဏီလင်းညို)
မိုးငွေ့