Tuesday, 29 March 2016
နှရောသီအနုပညာ..... (၇)
ချစ်ဇနီးလေး ဟက်သာတစ်ယောက် ကျွန်တော့်အတွက်
ကြက်ဥပူတင်းတွေဖုတ်ထားမှာပဲလို့ တွေးလိုက်ရုံနဲ့တင် ကားလီဗာကို ဖိနင်းမိလျက်သား
ပူတင်းနံ့တထောင်းထောင်းက
နှာခေါင်းထဲတောင် ဝေ့လာသလိုလို..
ရေးသားသူ။
။ Craton
Saturday, 19 March 2016
နှရောသီအနုပညာ..... (၆)
မျက်နှာချေမှုန့်ကို ညက်နေအောင် တို့ဖတ်ထပ်ရိုက်လိုက်ရင်း
မှန်ထဲက ကျွန်မကိုယ်ကျွန်မ
သေချာအောင် ထပ်ပြုံးပြလိုက်တယ်
ချယ်ရီရောင်နှုတ်ခမ်းနီကြောင့် ပိုပြီးစိုအိသွားရတဲ့နှုတ်ခမ်းတစ်စုံ..
အိုင်းလိုင်နာကို ခရမ်းပြာရောင် ကျွန်မ ခြယ်ထားတယ်
ဒီညအတွက် အတွင်းရောင်ဟာ အနီရောင်ပဲဖြစ်ရမယ်
ဆေးတစ်လုံးသောက်လိုက်တာနဲ့ ကျွန်မသွေးတွေ ဆူဝေအုံကြွလာပြီ
ကျွန်မနှလုံးသားတွေဟာ တဆတ်ဆတ်တုန်လာပြီ
ည ၁၂နာရီ.. ကျွန်မအချိန်ရောက်ပြီ
ကျွမ်းကျင်အဆင့် ကျွန်မရဲ့အညှို့တွေကို ကျွန်မ ချရောင်းရတော့မယ်
အဆင်သင့်ဖြစ်နေပြီဆိုတာထက်တောင် ကျွန်မ အများကြီးပိုသေးတယ်
စင်မြင့်ပေါ်ကိုတက်လိုက်ရင်း ဟေးခနဲကြားရတဲ့ အသံသြသြကြီးတွေကို
ကျွန်မ ရှိုက်ငင်ဖိုတင်းပစ်လိုက်တယ်
ဘီယာနံ့ ချွေးနံ့ ဆေးခြောက်နံ့ ဝီစကီနံ့တို့က ထောင်းခနဲ..
သူတို့လက်ထဲက ဒေါ်လာရွက်တွေဆီ အကြည့်ကဝေ့သွားတယ်
ကျွန်မ ပိုပြီးသွက်လက်ဆတ်ကော့လာတယ်
ပိုပြီးကြွရွရဲတင်းလာတယ်
ပိုပြီးတွန့်ကောက်ဖူးမော့လာတယ်
ကျွန်မဟာ နွေရာသီအရိုင်းပန်းတစ်ပွင့်လို ထင်းထင်းလင်းလင်း ပွင့်လာတယ်
စလိုက်မီးရောင်တွေ ကျွန်မကိုယ်ပေါ် အကုန်မှောက်ချလိုက်တဲ့အခါ
ကျွန်မဟာ တိုင်ကိုဖက်ပြီး စကတယ်
အသံတွေဆူလာလေလေ ကျွန်မတန်ပိုတွေ အရှိန်ရလာလေ
နောက်ပြီး ကျွန်မဝယ်လိုအားတွေ မြင့်လာလေ
ကမ်းပေးလာတဲ့တစ်ခွက်ကို မူးမူးမိုက်မိုက်မော့ချလိုက်ပြီးတာနဲ့
ကျွန်မဟာ ကြောင်လိမ္မာတစ်ကောင်လို တိုးကပ်ဦးညွတ်ပေးရတယ်၊ ပွတ်သပ်ပင့်ရှိုက်ပေးရတယ်
ကျွန်မအချိန်မကုန်ခင် ကျွန်မဟာ ကသောကမျော
ရိုင်းသည်ထက်ရိုင်းရတယ်၊ လိုသည်ထက်ပိုရတယ်
အချိန်ကုန်ပေမဲ့လည်း ဆေးကြောင့် အရှိန်မကုန်သေးတဲ့အခါ
ကျွန်မဟာ ပိုင်ဆိုင်သမျှအားလုံးကို လွှတ်ချပေးလိုက်တယ်

ကျွန်မဟာ ညမင်းသမီးပါ
နောက်တစ်နေ့နိုးထလာရမှာကြောက်တဲ့ရောဂါကို
အရှိန်ပြင်းပြင်း ဝင်ဆောင့်ထားခဲ့တာ သက်တမ်းရင့်နေသူကြီးပေါ့
ကျွန်မအစွမ်းကုန်မှောက်ပစ်ခဲ့တဲ့ညနက်တွေကို
အိပ်မက်ဆိုးတွေအဖြစ်ထပ်မက်နေရတဲ့ ဖန်ခွက်တစ်လုံးပေါ့
ကျွန်မဟာ ပြန်ဆက်လို့မရတော့အောင် ကျိုးကြေမွထနေပါပြီ
ဒါပေမဲ့ ကျွန်မ နောင်တနဲ့ သန်းခေါင်တွေကိုစောင့်ဆဲ
တဖန်ပြန်လည်ဖူးပြရမယ့်နာရီတွေကိုစောင့်ဆဲ
တသောသောဒေါ်လာတွေကိုစောင့်ဆဲ
နွေဆန်တဲ့ ပူခါးခါး အရက်တွေကိုစောင့်ဆဲ
ကျွန်မ သိပ်လှတယ်။ ။
ရေးသားသူ။ ။
Craton
Saturday, 12 March 2016
နွေရာသီအနုပညာ (၄)နှင့်(၅)
"နွေရာသီအနုပညာ
(၄)"
ကော်ဖီတစ်ခွက်ကို သုံးနာရီကြာအောင် သောက်လေ့ရှိတဲ့အကျင့်မျိုးနဲ့
ကျွန်တော်ဟာ Rose of Sharon ကို စိုက်တယ်
ရေသုံးခါလောင်း၊ နေသုံးခါလှမ်း၊ ပေါင်းသုံးခါသင်
စိတ်ရှည်လက်ရှည်စောင့်ပြီးသားလူမို့ ပန်းတွေဘယ်အချိန်ပွင့်ပွင့်ပါ
အချိန်ဟာ ကျွန်တော့်အတွက် အဖောသီဆုံး ပိုင်ဆိုင်မှုပေါ့
ရည်စူးသူရဲ့ခြေလှမ်းတွေ ကျဲလာမလားစိပ်သွားမလားဆိုတာလည်း
ကျွန်တော် တွက်ဆမနေတော့
လာချင်လာလိမ့်မယ်၊ ကြာချင်ကြာလိမ့်မယ်
ဒါပေမဲ့ ကျွန်တော်ကတော့ စောင့်တယ်..။ ။
ရေးသားသူ။ ။
Craton
"နွေရာသီအနုပညာ (၅)"
ဦးထုပ်ချွတ်လိုက်ပြီး ဒန်နီယဲလာရဲ့ လက်ဖမိုးကို ငုံ့နမ်းလိုက်တယ်
ကျန်းခံ့သာပါရဲ့လားဆိုတဲ့ ကျွန်တော်တကယ်မသိချင်တဲ့မေးခွန်းကို မမေးလိုက်ဘူး
ဒန်နီ့မျက်ဝန်းတွေထဲက အိုအေစစ်ဟာ ယနေ့ထိ စိမ်းမြနေဆဲ..
ကျွန်တော့်လက်ဖဝါးတွေကြမ်းခဲ့သလောက် ဒန်နီ့ခြေဖမိုးတွေ နုလာလိုက်တာ
ဆယ်နွေလောက်ရှိခဲ့ရောပေါ့နော်
မင်းကိုပြန်တွေ့ရတာ သိပ်ဝမ်းသာတယ် ဒန်နီ..
အထူးသဖြင့် ပြောင်သလင်းခါနေတဲ့ မင်းလက်သူကြွယ်လေးကိုတွေ့ရတာ သိပ်ဝမ်းသာတယ်
အချစ်ဦးရဲ့အပြုံးဟာ ဒီနှစ် အရီဇိုးနားနွေရဲ့ ပထမဆုံးသာယာတဲ့နေ့လို့ ဒိုင်ယာရီထဲရေးရဦးမယ်
ညစာစားဖို့ဖိတ်ပါတယ် ဒန်နီ..
ကျွန်တော် ညနေခင်းဝတ်စုံလေး လူလွှတ်ပို့လိုက်ပါ့မယ်။ ။
ရေးသားသူ ။ ။ Craton
Saturday, 5 March 2016
နှရောသီအနုပညာ(၃)
ကျွန်တော့်မြင်းမလေးကို ခရစ်ကတ်လို့ နာမည်ပေးထားတယ်
ပုရစ်ပေါ့..
ပြောင်းတွေရိတ်သိမ်းချိန်မှာ စိုက်ခင်းဝါဝါထဲ သူနဲ့ကျွန်တော် ကစားတယ်
ပြီးရင် သူ့ကို စီးတယ်
ဇောင်းထဲက မြက်တွေကို အသစ်လဲပေးတိုင်း
ကျွန်တော်တို့ စကားစမည် ပြောကြလေ့ရှိတယ်
သူမ ဘယ်လောက်လှကြောင်း၊ ဘယ်လောက် တော်ဝင်ဆန်ကြောင်း ကျွန်တော်က ပြောပြတဲ့အခါ
ခရစ်ကတ်က တိတ်တိတ်ကလေး နားထောင်တယ်
သူမအချစ်ကိုရဖို့ ခရစ်ကတ်ကို ကျွန်တော် လက်ဆောင်အဖြစ်ပေးလိုက်တဲ့နေ့က ကျွန်တော်ငိုတယ်
သူမဟာ ခရစ်ကတ်ကို ကြွားစီးဖို့ထက်ပိုပြီး မချစ်ဘူး၊ မိတ်ဆွေလို မဆက်ဆံဘူး၊
ဒါပေမဲ့ သူမကို ကျွန်တော်က ချစ်တယ်
သူမရဲ့ ရွှေရောင်ဆံပင်တွေဟာ ခရစ်ကတ်ရဲ့ အမြီးတွေလိုပဲလို့ စနောက်တိုင်း
ကျွန်တော် သူမရဲ့ အပြစ်ပေးခြင်း ခံရတယ်
ခရစ်ကတ်ဆုံးသွားပြီးနောက်ပိုင်း ကျွန်တော်နဲ့ သူမ လက်ထပ်လိုက်တယ်
မင်္ဂလာဆောင်ကို ခမ်းခမ်းနားနား လုပ်ဖြစ်ခဲ့တယ်
နွေရာသီတစ်ခုအရောက်မှာတော့ သူမ ကိုယ်ဝန်ဆောင်တယ်
သမီးလေးမွေးတော့ သမီးလေးဟာ ငွေရောင်ဆံပင်လေးတွေနဲ့
သမီးလေးကို ခရစ်ကတ်လို့ နာမည်မှဲ့ဖို့ ဇနီးက သဘောမတူဘူး
ဒါပေမဲ့ ကျွန်တော့်သမီးကို ခရစ်ကတ်လေးလို့ပဲ ကျွန်တော်ခေါ်တယ်
သမီးဟာ အမေကို မချစ်ဘူး
ကျွန်တော့်နားပဲ တစ်ချိန်လုံးကပ်ပြီး ပွတ်သပ်ချွဲနေတတ်တယ်
သမီးဟာ ကျွန်တော့်လိုပဲ လယ်ကွင်းတွေနဲ့ နွေရာသီကို ချစ်တယ်
ကျေးလက်ဂီတကို ရူးသွပ်တယ်
မြက်ပင်လေးတွေကို ကြင်နာစောင့်ရှောက်တယ်
သမီးဟာ အသားမစားဘူး၊ အသီးအရွက်ပဲ ကြိုက်တယ်
ခရစ်ကတ်လေး ၈နှစ်ပြည့်တဲ့နွေမှာ ဝက်သစ်ချပင်အောက်မှာ ကစားရင်း လဲကျသွားတယ်
ဆေးရုံမရောက်ခင်ဘဲ ဆုံးသွားခဲ့တယ်
ခရစ်ကတ်လည်း ၈နှစ် နွေမှာ ဆုံးခဲ့တာပဲ
ဇနီးနဲ့ ကျွန်တော်တို့ တစ်ရက်နဲ့တစ်ညတိတိ ငိုကြတယ်
ခရစ်ကတ်လေးကို ခရစ်ကတ်ရဲ့အုတ်ဂူဘေးမှာယှဉ်ပြီး မြှပ်နှံသဂြိုလ်ခဲ့တယ်
ပတ်ပတ်လည်မှာ မြက်ခင်းလေးတွေ အမြဲစိမ်းနေအောင် ကျွန်တော်တို့ဇနီးမောင်နှံ ဂရုစိုက်တယ်
ကျွန်တော့်ဇနီးဆုံးသွားတော့ ခရစ်ကတ်လေးတို့ဘေးမှာပဲ အုတ်ဂူဆောက်ပြီး မြှုပ်နှံခဲ့တယ်
ကျွန်တော့်သေတမ်းစာထဲမှာ ကျွန်တော်သေရင် ဇနီးသည်ရဲ့ဘေးမှာပဲ မြှုပ်ဖို့ဆိုတာပါတယ်
ကျွန်တော့်ဇနီးလို၊ ခရစ်ကတ်လေးတို့လို ကျွန်တော်လည်း နွေမှာပဲ သေလိမ့်မယ်လို့ယုံတယ်
နွေရာသီကို ကျွန်တော်မုန်းပေမဲ့ ကျွန်တော် စောင့်စောင့်နေမိတယ်
တစ်နွေပြီးတစ်နွေကုန်သွားတိုင်း မြက်ပင်လေးတွေညှိုးသွားတိုင်း ကျွန်တော် ငူငိုင်လို့..
အဘိုးကြီးတစ်ယောက်ရဲ့ဘဝဟာ အထီးကျန်ဆန်စွာပဲ အဆုံးသတ်မှာပါ
ကျွန်တော့်သေတွင်းကို ကျွန်တော်ကိုယ်တိုင် တူးထားတယ်
ဒီနွေမဟုတ်.. နောက်တစ်နွေပေါ့..
နွေရာသီဟာ အနုပညာတစ်ခုဆိုရင် မျှော်လင့်ချက်ကြီးကြီးနဲ့ ခါးနေတဲ့ရသကိုပဲ ပေးစွမ်းတယ်
ခရစ်ကတ်လေးတွေရေ.. ငါလာပြီ..။ ။
ရေးသားသူ။ ။ Craton