Wednesday, 14 January 2015
ကျွန်မချက်သောဆွမ်းဟင်းများ(၅).....
Wednesday, 7 January 2015
ညီမလေး.....
အမေညီမလေးကိုမွေးတော့ ကျွန်မအသက် ကိုးနှစ်ကျော်ပြီးခြောက်လမှာဖြစ်တယ်...။ အဖေကတော့ အမေညီမလေးကိုယ်ဝန်နဲ့အချိန်မှာပဲ ပြည်မကြီးကို အပြီးပြန်သွားခဲ့တယ်...။ ကျွန်မနဲ့ ညီမလေးကြားမှာ ယောက်ျားလေးနှစ်ယောက်ရှိသေးတယ်...။ သူများတွေပြောတော့ အစ်မတွေက မောင်တွေကို ပိုချစ်ကြတယ်တဲ့ ကျွန်မကျတော့ ယောကျ်ားလေးတွေထက် မိန်းမလေးတွေကို ပိုချစ်တဲ့ စိတ်ရိုးခံက မွေးရာပါ ပါလာတာထင်ပါရဲ့...။ ညီမလေးကို ပိုချစ်တယ် ပိုဦးစားပေးဖြစ်တယ်.. မောင်တွေကိုတော့ ခေါင်းထဲဒီလောက်မထည့်ဘူး...။ ညီမလေးကို ပိုပြီးလည်း သနားမိတာက သူမွေးလာတော့ အဖေကအနားမှာမရှိတော့ဘူးလေ...။ ညီမလေးက ကျွန်မနဲ့ ရုပ်ချင်းဆင်ပေမယ့် သူက မျက်ခွံမို့မို့ မျက်ရစ်မပါဘူး ဗာဒံစေ့ပုံမျက်အိမ်ကျင်းကျင်းလေးနဲ့ ငယ်ငယ်တုန်းက ပုတုသေးညက်ကလေး ဆံပင်ကိုနဖူးတိဆံမြိတ်လေးညှပ်ထားတော့ ဂျပန်မရုပ်ကလေးနဲ့တူတယ်...။
ညီမလေးကျောင်းစတက်တဲ့အရွယ်ကျတော့ ကျွန်မက မြန်မာပြည်ကိုရောက်နေပြီ အဲတုန်းက ကျွန်မက ဆယ့်နှစ်နှစ် ညီမလေးက သုံးနှစ်ခွဲသမီးကလေးရှိသေးတယ်...။ သူကျောင်းစတက်ကတည်းက အမေက ဆံပင်အရှည်ကြီးထားပေးတယ် နေ့တိုင်း ကျစ်ဆံမြီးအမျိုးမျိုးနဲ့ကျောင်းတက်ရတယ်...။ ညီမလေး ခြောက်တန်းနှစ်ကျတော့ ရန်ကုန်မှာ ကျောင်းလာတက်ပြီ...။ အဲချိန်မှာ ကျွန်မက တက္ကသိုလ်တက်ဖို့ စောင့်နေတဲ့အချိန်...။ ညီမလေးက မူလတန်းမှာ အခြေခံမခိုင်ခဲ့တာရယ် ကံ ဉာဏ် ဝီဂရိယ အားနည်းတာရယ်ကြောင့် ဆယ်တန်းကို သုံးနှစ်ဆက်တိုက်ဖြေမှအောင်ခဲ့တယ်...။ ညီမလေး ဆယ်တန်းအောင်စာရင်းထွက်တိုင်း ကျပြီဆိုတာနဲ့ တစ်ယောက်ကိုတစ်ယောက်ဖက်ပြီး သူလည်းငို ကိုယ်လည်းငိုပေါ့.....။ ဘာဖြစ်လဲ ဒီနှစ်မအောင်လဲ နောက်နှစ်တွေဆက်ဖြေလို့ရတယ်ဆိုတဲ့ အားပေးစကာကလွဲလို့ ကျွန်မထပ်မပြောတတ်တော့ဘူး..။
ညီမလေး ဆယ်တန်းအောင်ပြီး အဝေးသင်မြန်မာစာနဲ့ကျောင်းပြီးပါတယ်...။ သူက ငယ်ပေမယ့် ကျွန်မထက်တောင် အလုပ်အတေ့ွကြုံများသေး...။ ကျောင်းပြီးတော့ J'Donut မှာအလုပ်လုပ်တယ် ပြီးတော့ ရှစ်မိုင်က ဘဏ်သဌေးမတစ်ယောက်ဖွင့်ထားတဲ့ အလှပြင်ဆိုင်မှာ ထိုင်းက ဆရာမကိုင်တိုင် လာသင်ပေးတဲ့ နှိပ်နည်းပညာသင်ရတယ် အဲဆိုင်မှာပဲအလုပ်လုပ်တယ်..။ နောက် စက်ရုံတစ်ခုမှာ marketing လုပ်တယ်...။ ကြည့်မြင်တိုင်ညဈေးမှာ ဖိနပ်ဆိုင်ဖွင့်တယ်...။ ခုနောက်ဆုံး ပြပွဲတွေမှာ(သူကထိုင်းစကားတတ်တော့) အချိန်ပိုင်းဝင်လုပ်တယ်...။ အဲကနေ မလေးကုမ္ပဏီတစ်ခုနဲ့ အဆက်သွယ်ရပြီး အဲမှာ အချိန်ပိုင်းကို လနဲ့ချီပြီးလုပ်ဖြစ်တယ် ...။ လောလောဆယ်တော့ ညီမတစ်ဝမ်းကွဲတစ်ယောက်စလုံးမှာ ကလေးမွေးတာခေါ်လို့ လိုက်သွားလေရဲ့။
ညီမလေးက လူချစ်လူခင်များတယ် စကားပြောရင်လည်း ဇဝနဉာဏ်ရွှင်တယ် ကျွန်မတော့ လူတစ်ယောက်ကို အဲလိုဟာသယဉာဏ်လေးနဲ့ မဆွဲဆောင်တတ်ဘူး...။ ကိုယ့်ဘာသာကို သီးသန့်နေလွန်းလို့ ရုပ်တည်မို့ လူမခေါ်ရဲဘူး ကိုယ့်တွေကိုဆို...။
ခုတော့ညီမလေးအိမ်မှာမရှိတော့ ညဖက်ဆို ပျင်းစရာကောင်းနေတာ တစ်အိမ်လုံး အသံတိတ်...။ သူရှိရင် ညထမင်းစားပြီး တီဗီရှေ့ရောက် သိပ်မကြာခင် ဂျင်းသုပ် လက်ဖက်သုပ်စားမယ်ဆိုပြီး ညီအစ်မနှစ်ယောက် မီးဖိုချောင်ထဲပြန်ဝင် အခါးရည်အတွက် ရေနွေးကျို လက်ဖက်အတွက် ခရမ်းချဉ်သီးလှီး ငရုတ်သီး ကြက်သွန်ဖြူခွာ အဲသလို စိတ်လက်ရှည်စွာ ပန်းကန်ပြားမှာ ပြင်ဆင်ပြီးသကာလမှာ တီဗီရှေ့ကို စားစရာတွေ ဗန်းလိုက်ကြီးမလာ...ဇာတ်လမ်းပြီးပြီဆိုရင် ကြာသပတေးညမှာလာတတ်တဲ့ TLC က ဂျင်မီရဲ့ 15မိနစ်ဟင်းချက်နည်းကို ညသန်းခေါင်ထိထိုင်ကြည့်ကြ ပြီး အဲအတိုင်းချက်စားကြပေါ့...။ သူမရှိတော့ ညဆယ်နာရီဆိုတာနဲ့ အလျှိုလျှို အိပ်ယာဝင်ကြပြီ...။ အိပ်ယာဝင်စောတော့ အိပ်မပျော်သေးခင် ဖုန်းကလိ နားထဲကိုနားကျပ်ထည့် FM နားထောင် ဖဘကော်မန့်တွေဖတ် အဲဒါနဲ့ ည12မထိုးမချင်းမအိပ်...။ မနေ့ညက အမေတို့ ဇာတ်ကားကြည့်နေချိန်ကျွန်မက ဆရာမင်းလူရဲ့ ဒေဝတာမြို့တော်ကို အပြီးသတ် ဖတ်လိုက်တယ်...။
We all miss you my honey lay.....
မိုးငွေ့