Friday, 26 June 2009

ငယ်စဉ်တောင်ကျေးကလေးဘ၀ကိုလွမ်းတမိသည်(၂)



တစ်နေ့က ကျွန်မတို့အိမ်မျက်စောင်းထိုးက အ.မ.က ကျောင်းရှေ့နားကအဖြတ် အဲဒီကျောင်းက ကျောင်းအုပ်ဆရာမကြီးကို အစ်မကြီးတစ်ယောက်နဲ့ စကားရပ်ပြောနေတာကိုတွေ့လိုက်တော့ ကျွန်မငယ်ငယ် လေးငါးတန်းတုန်းက ကျွန်မတို့ရဲ့ အင်္ဂလိပ်စာဆရာမ ဒေါ်ခင်ဖြူဝေ ကိုသွားအမှတ်ရမိတယ်...။ အဲဒီဆရာမကြီးရဲ့ ကိုယ်လုံးကိုယ်ထည်က ကျွန်မတို့တီချယ်နဲ့ တော်တော်ကိုတူတယ်...။

အဖြူအစိမ်းဝတ်ထားပေမယ့် တခြားဆရာမတွေနဲ့မတူဘဲ ထူးထူးခြားခြားလေးဖြစ်နေတယ်လို့ ခံစားရတယ်...။ အဲဒါနဲ့ သေချာကြည့်မိတော့ ဆရာမက ဂျော်ဂျက်အပျော့သားကို အောက်ခံနဲ့ ချုပ်ထားတဲ့ ကျောင်းစိမ်းထမီပျော့ပျော့လေးကို ၀တ်ထားတာတွေ့လိုက်တယ်..။ ဒါလည်း ငယ်ငယ်က ကျွန်မဆရာမ ၀တ်စားတာနဲ့တော်တော်တူနေပြန်တယ်..။ လက်ကိုက်ပ၀ါကို ခါးကြားမှာညှပ်တာကအစတူတာ...။

ကျွန်မတို့ဆရာမက စည်းကမ်းကြီးတယ်...သူမေးတဲ့ meaning မရရင်ကြိမ်လုံးနဲ့ဆော်တာပဲ...။ သူနေတဲ့အခန်းမှာဆို အလုံးသေးသေးဖြူဖြူနဲ့ ကြက်ဥကြိမ်ဆိုတဲ့ ကြိမ်လုံးတွေအများကြီးပဲ...။ ဘာကြောင့် ကြက်ဥကြိမ်လို့ ခေါ်သလဲဆိုတော့ ခြေသလုံးမှာ တစ်ခါတစ်ခါ ရွှမ်းခနဲရိုက်လိုက်လို့ကတော့ ကြက်ဥလုံးလောက် ယောင်ကိုင်း လာတယ်လို့ပြောကြတာကြားဖူးတယ်..။ ဟီး..ဟီး ကျွန်မလည်းငယ်ငယ်က ဆရာမကြိမ်လုံးနဲ့ရိုက်တာ လက်ဖ၀ါးမှာပဲခံရလို့ ခြေသလုံးမှာ ကြက်ဥလုံးလောက်ယောင်မယောင်တော့ မသိဘူးဗျ...။ ဆရာမရဲ့ ဒဏ်ပေးစနစ် နောက်တစ်ခုကတော့ ထိုင်ထလုပ်ခြင်းပဲ..။ တစ်ခါက သူစာသင်တာကို နားမထောင်ဘဲ အတန်းနောက်ဘက်က ကျောင်းသားတချို့စကားများကြလို့ဆိုပြီး ...တစ်တန်းလုံးကို ထိုင်ထ အခါတစ်ရာ လုပ်ခိုင်းတာခံရတာ...အားပါးပါး..အီစလံကိုဝေသွားတာပဲ...။ ကျောင်းဆင်းတော့ ကျောင်းလှေကားကိုတောင် မဆင်းနိုင်ဘူး ပေါင်တွေနာတာလေ..မပြောပါနဲ့တော့...။

အတန်းထဲမှာ ဆရာမဒေါ်ခင်ဖြူဝေရဲ့ အင်္ဂစာအချိန်ရောက်ပြီဆိုရင် ဆရာမ မရောက်ခင် သူ့ရဲ့ ကြိမ်လုံးနဲ့ကြမ်းပြင်ထောက်တဲ့ တဒေါက်ဒေါက် အသံနဲ့ ရေမွှေးနံ့က အရင်ရောက်လာတာပဲ...။ ဆရာမကရခိုင်လူမျိုး...တောင်ကြီးဇာတိ...။ သူတက္ကသိုလ် ကျောင်းသူဘ၀က Valley Ball လက်ရွေးစင် တစ်ယောက်..။ ဒါကြောင့်ဆရာမရဲ့အရပ်ဆို အမြင့်ကြီးပဲ...။ ကျွန်မအထင် ငါးပေရှစ်ကိုးလောက် ရှိမယ်ထင်တယ်..။ 

စကားချပ် ။ ။ ဆရာမတို့အသင်း လေ့လာရေးခရီးထွက်တော့ ပုဂံညောင်ဦးမှာ.. ဇီးကွက်စိန်ဆိုတဲ့ ဟိုးတုန်းက မြန်မာပြည်မှာ အရပ်အရှည်ဆုံးအမျိုးသမီးနဲ့ ဓါတ်ပုံအတူရိုက်ထားတာကို ဆရာမပြလို့ကြည့်ဖူးတယ်...။ ဆရာမ ဒီလောက် အရပ်ရှည်တာတောင် အဲဒီဇီးကွက်စိန်နဲ့ယှဉ်လိုက်တော့ ပခုံးအောက်လောက်ပဲရှိတာ ... ။ ခုတော့ အဲဒီ ဇီးကွက်စိန်ဆိုတာလဲ မရှိတော့ပါဘူး..။ သူ့ကိုအစွဲပြုပြီး...သူနေခဲ့တဲ့ရွာကို ဇီးကွက်စိန်ရွာဆိုပြီး ခေါ်ကြတာခုထိပါပဲ...။ ပုဂံရဲ့ ဆုတောင်းပြည့် စေတီလေးဆူထဲက လောကနန္ဒာစေတီတည်ရှိတဲ့ ဧရာဝတီမြစ်ကမ်းနဘေးက ရွာဟာ ဇီးကွက်စိန်ရွာပေါ့...။ အဲဒီဘုရားသွားဖူးရင် ထနောင်းပင်တွေသိပ်ပေါလို့ ဆူးတွေစူးမှာကို သတိတော့ထားရတယ်...။ ပြီးတော့ ထူးထူးခြားခြား ငါးကြော်နဲ့နွားနို့ကို တွဲရောင်းကြတယ်...။

ဒါနဲ့ ငယ်ငယ်က ဆရာမဆီ ညဘက်ကျောင်းဝင်းထဲမှာ ကျူရှင်သွားတက်ကြတာကိုပြောပြချင်ပါတယ်..။ ညနေထမင်းစားပြီး 63း0 လောက်ဆို ကျွန်မတို့သူငယ်ချင်းတစ်စု ဆရာမနေတဲ့ ကျောင်းဝင်းထဲမှာ ကျူရှင်သွားတက်ကြရပါတယ်...။ လျှပ်စစ်မီးမရှိတော့ ဖယောင်းတိုင်မီးနဲ့ပဲသင်ရပါတယ်...။ ဆရာမက စာသင်ရင်း သူ ရန်ကုန်တက္ကသိုလ်မှာ M.sc တက်တုန်းက အဲဒီကျောင်းမှာ ကျောပေါက်သရဲခြောက်တဲ့ အကြောင်းပြောပြတော့ ကြောက်လိုက်ကြတာ ကျွန်မဆို ခုံပေါ်ခြေထောက်တင်ထားရတဲ့အထိပဲ...။ ဘာရယ်မဟုတ်ဘူးပေါ့... ကလေးဆိုတော့ သရဲတစ္ဆေအကြောင်းပြောရင်ပဲ...အလိုလိုနေ ကြက်သီးမွှေးတွေထ ပြီးတော့ကို ကြောက်တာလေ...။

အဲဒီသရဲက ဘယ်လိုခြောက်လဲဆိုတော့ အဆောင်နေကျောင်းသူကျောင်းသားတွေ အပြောအရ သူကသာမန်လူအတိုင်းပဲ ဒါပေမယ့်လူတွေ့ရင် “ကျောပေါက်သရဲဆိုတာမြင်ဖူးကြလား” လို့မေးတတ်တယ်တဲ့... ။ ဟင့်အင်းလို့ဖြေတာနဲ့ သူက သူ့ကျောကုန်းအပေါက်ကြီးကို လှည့်ပြပြီးခြောက်တတ်တာတဲ့...။ တကယ် ဟုတ်မဟုတ်ဆိုတာတော့ မသိဘူးပေါ့..။ ဒါကတော့....ကျွန်မဆရာမ ကျောင်းသူဘ၀တုန်းက ပေါ်ပြူလာဖြစ်ခဲ့တဲ့သတင်းလေးပေါ့...။ ကျွန်မတို့ ကျူရှင်ပြီးတဲ့အချိန်က ည 83း0လောက်ဖြစ်မယ်...ဆရာမက ကျွန်မတို့ကို ကျောင်းဝင်းထိပ်ထိလိုက်ပို့ပါတယ်...။ အဲဒီခါကျရင် ဆရာမကို တပြိုင်တည်း နှုတ်ဆက်တဲ့
( goodnight teacher, thank you teacher ) ဆိုတဲ့အသံကို ကြားယောင်နေမိတုန်းပဲ....။

ကျွန်မတို့ ငယ်ငယ်က ရွာမှာ သမန်းကျားအကြောင်းဆိုတာကို သိပ်ပြောကြတာ..။ လူတွေ ဆက်တိုက်နီးပါး သေကြပြီဆိုရင် ဒါ...သမန်းကျားကြောင့်ပေါ့...။ သမန်းကျားဆိုတာဘယ်လိုဖြစ်လာသလဲဆိုတော့ သေတဲ့သူက မပုပ်မသိုးဘဲ အမွှေးတွေရှည်လာတယ် လက်သည်းတွေရှည်လာတယ် သူ့ကိုမြှုပ်တဲ့ ဂူကိုသွားကြည့်ရင် အပေါက်တွေရှိတတ်တယ် ..။ ဒါဆို ဒီဂူထဲက သမန်းကျားဖြစ်နေတယ်ပေါ့...။ ညဘက် အဲဒီအပေါက်ကနေထွက်ပြီး လူစားတယ်ပေါ့...။ ဒါကြောင့်လူသေတယ်ပေါ့...။ ပုံပြင်တစ်ပုဒ်ပါပဲ...ဒါတွေဟာ တကယ့်အပြင်မှာမဖြစ်နိုင်ပါဘူး...။ အယူအဆတွေ အစွဲတွေဖြစ်မှာပါ...။ ငယ်ငယ်ကတော့မသိနားမလည်တော့ ကြောက်ကြတာပေါ့...။ ဒါကရွာမှာ ငယ်ငယ်က Hit ဖြစ်ခဲ့တဲ့သတင်းတစ်ပုဒ်ပါ...။ ကျောပေါက်သရဲအကြောင်း ပြောရင်းနဲ့ ဆက်စပ်သွားတာပါ...။

ကဲ ....ကျွန်မရဲ့ဆရာမအကြောင်းကို ဆက်ပြောပြချင်ပါတယ်....။ ဆရာမက အရိုက်ကြမ်းလို့ မိဘတချို့က တိုင်လို့ ဆရာမ တာချီလိတ်ကိုပြောင်းရွှေ့သွားပါတယ်...။ ဆရာမက ကျွန်မတို့တာလေမှာ 3 နှစ်လောက်တော့ စာသင်ဖြစ်မယ်ထင်ပါတယ်...။ ဒါနဲ့ ကျွန်မလည်း (၇)တန်းမှာ ရန်ကုန်ပြောင်းလာတော့ ဆရာမသတင်းကို နောက်ဆုံးကြားမိတာကတော့ ယိုးဒယားဘက်ကို ထွက်သွားတာတဲ့ နိုင်ငံခြားသွားချင်တာနဲ့ သူသိပ်မြတ်နိုး ကိုင်းရှိုင်းတဲ့
--> ဗုဒ္ဓဘာသာကိုစွန့်လွတ်ပြီး ခရစ်ယာန်ဘာသာထဲကို ၀င်သွားတယ်လို့ကြားတယ်....။ ပြီးတော့ BBC မှာ သတင်းကြော်ငြာနေတယ်လို့လည်း ကြားပါသေးတယ်...။
ဘာပဲဖြစ်ဖြစ် ဆရာမအသင်ပြကောင်းခဲ့လို့ အင်္ဂလိပ်စာအခြေခံကောင်းခဲ့တာပါ...။ ဆရာမ ကျေးဇူးတွေအများကြီးပါ...။ ဆရာမသာ ကျွန်မဘလော့ကို ဖတ်မိခဲ့ရင် သိပ်ကောင်းမှာပဲလို့ စိတ်ကူးယဉ်မိပါသေးတယ်....။

“ဆရာမရယ်.....သမီး Blog ကိုဖတ်မိခဲ့ရင် သမီးကို ကွန်မန့်လေးပေးသွားခဲ့ပါနော်... ပြီးတော့ ငယ်ငယ်က သမီးကို သန္တာမလို့ခေါ်တတ်တဲ့ ဆရာမကိုလည်း သမီးသိပ်တွေ့ချင်နေပါတယ်...”


မိုးငွေ့

ဗီယက်နမ်ကော်ပြန့်ကြော်

ကော်ပြန့်မလိတ်ခင်သမထားသောအစာများ


ပြီးခဲ့တဲ့ပတ် ပိတ်ရက်က အိမ်မှာလုပ်စားဖြစ်ခဲ့တဲ့ ဗီယက်နမ်ကော်ပြန့်ကြော်ကို ဘလောဂ်မောင်နှမတွေအတွက် ရေးချင်ပါတယ်...။ တခြားနိုင်ငံရပ်ခြားရောက်သူတွေလည်း အားလပ်ရက်တွေမှာ လွယ်လွယ်ကူကူ လုပ်စားနိုင်ပါတယ်...။ လိုအပ်တာတွေက နုတ်နုတ်စင်းထားတဲ့ ၀က်သား(သို့) ကြက်သား၊ ပဲပင်ပေါက်၊ ပဲကြာဇံ၊ ကြွက်နားရွက်မှို၊ ကြက်ဥ၊ ဆလပ်ရွက် ။ အဓိက အရသာအတွက်ကတော့ ငရုတ်ကောင်းပါပဲ...။ ဗီယက်နမ်စာတွေမှာ ငရုတ်ကောင်းနဲ့ ငါးငံပြာရည်တွေဟာ မပါမဖြစ်တဲ့ ဟင်းခတ်တွေပါ...။ ပြီးတော့ ကမ္ဘာမှာ ငရုတ်ကောင်းအများဆုံးထွက်တဲ့ နိုင်ငံလည်းဖြစ်ပါတယ်...။

ဒီကော်ပြန့်ကြော်ကို ကျမအဘိုးဆီကသင်ထားတာပါ...။ အစာတွေကိုဆလုံတစ်ခုမှာ အကုန်ရောနယ်ပြီး ကြက်ဥကို များများထည့်နိုင်ရင်ပိုကောင်းပါတယ်...။ အသား 1kg ဆိုရင် ကြက်ဥ ငါးလုံးထက်မနည်းထည့်ပါ..။ဒါမှ ကော်ပြန့်ကြော်ပြီးတဲ့အခါ အထဲကအသားတွေက ကျစ်ကျစ်ကလေးဖြစ်ပြီး စားရတာနူးညံ့ပြီး ပိုအရသာရှိပါတယ်...။ အစာတွေအကုန်ရောထားပြီးရင် ငရုတ်ကောင်း (အစေ့လိုက်လှော်ပြီး ထောင်းထည့်နိုင်ရင် ပိုကောင်းပါတယ်...။ မရှိရင်လည်း နီးစပ်ရာ စူပါမားကက်က ငရုတ်ကောင်းဗူး( black pepper )တွေကိုဝယ်နိုင်ပါတယ်...)၊ ဟင်းခတ်မှုန့်ထည့်ပြီး သမအောင်နယ်လိုက်ပြီးရင် ကော်ပြန့်ရွက်မှာ ထည့်ပြီးလိတ်နိုင်ပါပြီ...။ ကော်ပြန့်အရွက်တောင် ဗီယက်နမ်ကော်ပြန့်ရွက်အစစ်က ပလပ်စတစ်လိုပဲ ကြည်ကြည်နဲ့ လိတ်ခါနီးရေဆွတ်ပေးရပါတယ်...။ ဒီမှာတော့ ကျမက သံဈေးမှာပဲ တရုတ်ကော်ပြန့်ရွက်အပျော့ကိုဝယ်သုံးပါတယ်...။

ကြော်တဲ့အခါမှာ အသားတွေက အစိမ်းဖြစ်တဲ့အတွက် ဆီပူလာရင် မီးအေးအေးနဲ့ စိတ်ရှည်ရှည်ကြော်ရပါမယ်...။ ဒါမှ အထဲက အသားလည်းကျက် အပြင်ကကော်ပြန့်လည်းအတူးတော့ဘူးပေါ့။ ရွှေနီရောင်သန်းလာရင် ဇကာမှာဆယ်ပြီးစစ်ထားလိုက်ပါ...။ သူနဲ့စားရမယ့်အချဉ်ကတော့ ကြက်သွန်ဖြူကို ဓါးပြားရိုက်ပြီးစင်းထား၊ ငရုတ်သီးပါးပါးလှီးထားပြီးရင် ငါးငံပြာရည်၊သကြား၊သံပုရာသီးညှစ်ပြီး နံနံပင် နည်းနည်းထည့်ပါ..။




စားတဲ့အခါမှာ နည်းရှိပါတယ် ဆလပ်ရွက်တစ်ရွက်ကိုယူ ညှပ်ထားတဲ့ကော်ပြန့်ကိုထည့် အချဉ်ရည်ဆမ်းပြီး ဆလပ်ရွက်ကို ထုတ်လိုက်ပြီးရင် အရသာရှိရှိစားသုံးနိုင်ပါပြီ...။ ကိုးရီးယားကားမှာ ဆလပ်ရွက်နဲ့စားတဲ့ ဟင်းတွေကို တွေ့ဖူးကြမှာပါ..။ အဲဒီလိုပဲ စားရတာ...။ ပါးစပ်ကို ခပ်ကျယ်ကျယ်ဟပြီးစားရမှာမို့ ကိုယ့်ရည်းစားကို အိမ်မှာလက်စွမ်းပြပြီးကြွေးချင်သူများအတွက်တော့ အခက်တွေ့လိမ့်မယ်နော်...။ ဒါပေမယ့် လုပ်စားကြည့်ပါ...။ သိပ်ကိုအရသာကောင်းပါတယ်...။

ကဲ ...ညီမလေး ချောငယ် (၀က်ကလေး) တောင်းဆိုထားတဲ့ ဗီယက်နမ်ကော်ပြန့်ကြော်ကို အစ်မရေးပေးလိုက်ပြီနော်...။


မိုးငွေ့ရေးသားသည်

Monday, 22 June 2009

အမျှင်



“ တကယ်တမ်း လူနှစ်ယောက်ကြားမှာ ကြိုးတစ်ချောင်းဖြစ်လာဖို့အတွက် အချိန်အကန့်အသတ် မလိုအပ်ပါဘူး”

အဲဒီကြိုးဟာ...နှောင်နှစ်ပေါင်းများစွာအထိ ခိုင်ခိုက်မြဲမြဲ မပြတ်မတောက်ဘဲ....... ရှိနေလိမ့်မယ်လို့ ကိုယ်ယုံကြည်တယ်..။အဲဒီချိန်...u ကတော့ u ဆုံစည်းရမယ့် မိသားစုအသစ်ကလေးနဲ့ ပျော်ချင် ပျော်နေ လိမ့်မယ်..။ ကိုယ်ရောပဲပေါ့...။ဒါမှမဟုတ်...ကိုယ် ခုလိုပဲ တစ်ယောက်တည်းရှိချင်ရှိနေလိမ့်မယ်...။ ဒါပေမယ့် အထီးကျန်ဆန်စွာတော့ မဟုတ်ဘူးနော်..။ မမြင်နိုင်တဲ့ ကြိုးလေးတစ်မျှင်နဲ့ ကိုယ်အသက်ဆက်ရှင်နေမှာပါ..။

သူငယ်ချင်းဆိုတဲ့ နှောင်ကြိုးလောက် ဘယ်အရာကမှ မခိုင်မြဲပါဘူး...။ သူကဖြူစင်တယ်... လွတ်လပ်တယ်... နွေးထွေးမှုလည်းအပြည့် ရှိတယ်...။ ပူလောက်မှုတွေနဲ့ ချုပ်နှောင်ထားခြင်းမျိုး မဟုတ်ဘူး...။ တစ်ယောက်က သောကရောက်ရင် တစ်ယောက်ကဖေးမတယ်..။ ၀မ်းနည်းမှုတွေနဲ့ ကြုံရင် အားပေးနှစ်သိမ့်တယ်..။ ၀မ်းသာကြည်နူးစရာရှိရင်.. မျှဝေခံစားတယ်..။ ဒုက္ခရောက်ရင် ကူညီမယ်..။ သူကအမြဲတမ်း ထာဝရအဖော်ပဲလေ...။ ကိုယ်မျှော်လင့်ပါတယ်... u နဲ့ ကိုယ်လဲ အဲလိုပဲထာဝရ သူငယ်ချင်းဖြစ်ရမယ်...။ ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ စဉ်းစားကြည့်စမ်း..။ အနာဂတ်မှာ u ကတော့ u မျိုးဆက်အတွက u မေမေပေးစားမယ့် အမျိုးသမီး ဒါမှမဟုတ် u ချစ်တဲ့ မိန်းမတစ်ယောက်နဲ့ မလွဲမသွေ လက်ထပ်ရမှာမဟုတ်လား...။ ဒီတိုင်လည်း..u မိသားစု အသစ်ကလေးနဲ့ ကိုယ် အဆက်မဖြတ်ချင်ပါဘူး..။ u မိသားစုတွေ ဘယ်နှစ်ယောက်ပဲ တိုးလာပါစေ.. ကိုယ့်အတွက်တော့... u ဟာ ထာဝရသူငယ်ချင်းကောင်းတစ်ယောက်ပဲ ဖြစ်စေချင်တယ်..။ u အကူညီလိုရင် ကိုယ်အချိန်မရွေး ရောက်လာခဲ့မယ်..။ u မှမဟုတ်ဘူး... လူတွေအကုန်လုံးကို ကိုယ်တတ်နိုင်သလောက် ကူညီမယ်..။ ကိုယ့်အသက်သေဆုံးသည်အထိ လုပ်ရမယ့်အလုပ်ပဲလေ...။ ကိုယ်ပျော်တယ်...ဘာပဲဖြစ်ဖြစ် အဖြူရောင် နှောင်ကြိုးတွေအများကြီးနဲ့ ဆက်နွယ်နေမယ့် ကိုယ့်အနာဂတ်အတွက် ကိုယ်ကျေနပ်တယ်...။


မိုးငွေ့

Thursday, 4 June 2009

Emotional Shift

ဘ၀ ဆန်လာတဲ့ ငါ့စိတ်ကူးတွေကြောင့် ပန်းနုရောင်အိပ်မက်တို့ အရောင်ပြောင်းသွားခဲ့ပေါ့... လက်တွေ့ဆန်လွန်းတဲ့ ငါ့ဘ၀ထဲ မျှော်လင့်ခြင်းစည်းချက်တွေကို ရိုက်ချိုးပစ်ခဲ့တာ အေးစက်လာတဲ့ အချိန်ကာလတစ်ခုပေါ့.. ငါမရေမရာပိုင်ဆိုင်ခဲ့ဖူးသလိုရှိတဲ့ မင်းရဲ့ အကြင်နာတွေကိုေ၀၀ါးစေခဲ့တာ ... ခုတော့... ငါ့ရင်ခုန်သံတွေ အိပ်တန်းတက်သွားတဲ့ ဆည်းဆာတစ်ခုလို တိုးတိတ်ရပ်တန့်လို့.... ငါ့မှတ်ဥာဏ်ထဲမှာ အမြတ်တနိုးသိမ်းထားမိခဲ့တဲ့ မင်းဆီကအမှတ်တရတွေ ပျက်ပြယ်သွားခဲ့ရင်တောင်.. ငါ့ရင်ဘတ်ထဲမှာ မင်းရှိခဲ့ဖူးတာ... အသေချာပါ... တစ်ချိန်မှာ .... အရာအားလုံး.. ပြောင်းလဲသွားခဲ့ရင်လဲ... ငါလေ..မင်းကို ချစ်ခဲ့ဖူးတာ... အိပ်မက်မဟုတ်နိုင်ပါဘူး....။ ။ HNS (TG)