တစ်ခါက ကျွန်မ ငယ်စဉ်ကလေးဘဝအကြောင်းတွေရေးတင်တော့ မိတ်ဆွေတစ်ချို့ကပြောကြတယ် ကျွန်မက ကလေးဘဝဖြစ်ရပ်တွေကို မှတ်တဲ့ မှတ်ဉာဏ် ကောင်းလိုက်တာတဲ့...။ ယေဘူယျအားဖြင့်တော့ လူတစ်ယောက်ဟာ မိမိရဲ့ အသက်သုံးနှစ်နောက်ပိုင်းက အဖြစ်ပျက်တွေကိုပဲ မှတ်မိတတ်တယ်လို့ ဖတ်ရဖူးတယ်..။ အဲဒါကို Earliest Memory သို့မဟုတ်လည်း Birth of Memory လို့ခေါ်ကြတယ်...။ တစ်ချို့တွေဆို အသက်ခုနှစ်နှစ်ရှေ့က အကြောင်းအရာတွေကို လုံး၀ မမှတ်မိကြတော့တာလည်း ရှိကြတယ်...။ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကလေးဘဝမှတ်ဉာဏ်တွေ တဖြည်းဖြည်း မှေးမှိန်လာတတ်ကြတယ်... ဒါကိုတော့ Childhood Amenia လို့ခေါ်တယ်။ ကျွန်မက ငယ်ဘဝအကြောင်းအရာများကို ရေးသား မှတ်တမ်းတင်နေတတ်လို့ နည်းနည်းပါးပါး အကြမ်းမျဉ်းလေ့လာ ဖတ်ရှုထားတာပါ..။ ဆေးပညာ အသုံးနှုန်းများ အမှားအယွင်းရှိရင် Comment မှာ ပြောသွားနိုင်ပါတယ်..။
ကျွန်မဆို အသက်လေးနှစ်ရှေ့ကအကြောင်းအရာတွေကို သိပ်မသိတော့ဘူး တော်တော်များများ မသိတော့ဘူး...။ တစ်ချက်ချက် ထူးခြားတာလေးတွေပဲမှတ်မိတော့တယ်...။ ကျွန်မအသက် နှစ်နှစ်ကျော်လောက်မှာ ဖေဖေ မော်လမြိုင်တပ်ကိုပြောင်းရတယ်...။ အဲဒီတုန်းက တပ်ထဲက လိုင်းခန်းတွေကို ခပ်ရေးရေးမှတ်မိတယ်...။ ဘေးအိမ်က မိသားစုတွေ သူတို့အိမ်ကမိတဲ့ ပိုးဟတ်တွေကို မီးဖုတ်စားတာမှတ်မိတယ်...ပြီးတော့ ဈေးထဲမှာလား တပ်ထဲက သက်သာချောင်ချိရေးမှာလား ဝယ်သောက်ဖူးခဲ့တဲ့ လက်ဖက်ရည်အိုးအရောင်ကိုမှတ်မိတယ်...။ မာကျူရီပြာရောင် ကြွေရည်သုတ် လက်ဖက်ရည်အိုးလေး..။ အဲတုန်းက လက်ဖက်ရည်ဖျော်ပြီးသားတွေကို အိုးလိုက်ချပေးတာ ထင်တယ်...။ မေမေက လက်ဖက်ရည်ပူနေတာကို အေးအောင်ဆိုပြီး လက်ဖက်ရည်ပန်းကန်အောက်က ပန်းကန်ပြားလေးထဲကို ငှဲ့ထည့်ပြီးတိုက်တယ်..။ နောက်အဒေါ်တွေ စက်ဘီးပေါ်တင်ပြီး လျှောက်လည်တာတွေ အဒေါ်နောက်တစ်ယောက်နဲ့ တာချီလိတ်လိုက်သွားပြီး တည်းတဲ့အိမ်က ထမင်းကျွေးတာကို ဟင်းမကြိုက်လို့(ငယ်ငယ်တုန်းကချေးများတယ်အစားရွေးတယ်) အန်ထုတ်ကုန်တာတွေ အဲဒါက အသက်လေးနှစ်ကျော် ငါးနှစ်လောက်ရှိပြီထင်တယ်..။
![]() | ||
|
ကျွန်မ အသက်လေးနှစ်ကနေ ကိုးနှစ် ဆယ်နှစ်ထိတော့ တော်တော်များများကို မှတ်မိနေပြီ...။ ကျွန်မငယ်ငယ်ကနေခဲ့တဲ့ အဖိုးတို့ အိမ်နောက်မှာ နှစ်ထပ်ပျဉ်ထောင်အိမ်တစ်လုံးရှိတယ် ..။ အဲဒီအိမ်အပေါ်ထပ်မှာ အဒေါ်တွေကျောင်းတက်တုန်းက ကျောင်းဖတ်စာအုပ်အဟောင်းတွေ ထင်းရှူးသေတ္တာနဲ့ အပြည့်သိမ်းထားကြတယ်...။ ကျွန်မက အဲသေတ္တာထဲက ပထဝီဝင်တို့ မြန်မာဖတ်စာအုပ်တို့ ဘိုင်အိုစာအုပ်တို့လို စာအုပ်မျိုးကိုသိပ်စိတ်ဝင်စားတာ...။ အရုပ်ပုံတွေပါတာကိုကြိုက်တာ...။ တစ်နေ့တစ်နေ့ ကစားစရာမရှိရင် အဲဒီစာအုပ်တွေ လှန်လှောပြီးငြိမ်နေတတ်တယ်...။ အဲကတည်းက စာအုပ်ကြိုက်နေပြီဆိုပါတော့...။ နောက် ဇီးတော်ဖီတွေဝယ်စားရင် ပါလာတတ်တဲ့ ကာတွန်းစာအုပ်သေးသေးလေးတွေကို ဖတ်ရတာလည်း မှတ်မိတယ်...။
သူ့လိုလည်း လျှောက်ဆော့ကစားခဲ့ဖူးတယ်
ကျွန်မအသက် (၈)နှစ် (၉)နှစ်လောက်မှာတော့ မောင်လေးတွေ ညီမလေးတွေကို အဝတ်နဲ့ ကျောပိုးပြီး စနေ တနင်္ဂနွေနေ့တွေဆို ကျောင်းဝင်းပေါက်ဝက ကုန်စုံဆိုင်မှာ တီဗီ သွားသွား ကြည့်လေ့ရှိတယ်..။ အဲဒီတုန်းက တစ်ရွာလုံးမှာ ၁၄လက်မတီဗီလေးတစ်လုံးရှိတာ...။ ထိုင်းကလွှင့်တဲ့ Channel 7 တို့ Channel 3 တို့ကလာတဲ့ အစီအစဉ်တွေကို အရောင်မပါ အဖြူအမဲနဲ့ အရုပ်မကြည်ဘဲ အစက်ပျောက်တွေနဲ့ ဝါးတားနေတာကိုလည်း ကြည့်ခဲ့ရတာပဲ...။ ပိတ်ရက်တွေမှာဆို မနက် 7:30 ဆိုတာနဲ့ ထိုင်းရာဇဝင်ကားတွေ လာတယ် အဲဒီကုန်စုံဆိုင်က ကွတ်ပျစ်အကျယ်ကြီးမှာ တရွာလုံးနီးပါး ကလေးတွေအပြည့် ထိုင်ကြည့်နေကြတာ..။ ရာဇဝင်ကားပြီးတာနဲ့ ပါဝါရိန်းဂျားဇာတ်လမ်း အပိုင်းလေးတွေလာတယ်...။ ပါဝါရိန်ဂျား အရောင်ငါးရောင်ထဲမှာ မိန်းကလေးနှစ်ယောက်က ပန်းရောင်နဲ့ အဝါလားအပြာလား မသိဘူးပါတယ် အဲဒါ ကလေးတွေစုပြီးဆော့ကြရင် ကျွန်မက ပါဝါရိန်ဂျားပန်းရောင်လေး အမြဲလုပ်တယ်... အဲကတည်းက ပန်းရောင်ခရေဇီ.....:) တလောက တီဗီမှာ နောက်နှစ်(2017) ထွက်မယ့် ကားတွေအကြောင်းပြောကြတော့ လာမယ့် နွေဦးပေါက်ကျရင် ရုံတင်ပြသမယ့် ပါဝါရိန်းဂျားဇာတ်ကားကို ဗားရှင်းအသစ်နဲ့ပြန်ရိုက်နေပြီဆိုတာပါလို့ ငယ်ငယ်တုန်းက သူများအိမ်က တီဗီးသေးသေးမှုန်မှုန်လေးမှာ သွားထိုင်ကြည့်ရတာကို အမှတ်ရသွားခဲ့တယ်..။
ဒီလို ဖက်ရှင်ကျကျနဲ့လည်း ပဲများခဲ့ဖူးသေးတယ်
လေးငါးတန်းလောက်မှာတုန်းက ကျောင်းပြေးပြီး ငါးသွားဖမ်းတာတို့ လယ်ထဲပုစွန်လုံး သွားနှိုက်တာတို့ သူများခြံထဲ အသီးသွားခူးစားတာတို့ကို ပြန်သတိရရင် ပျော်ရွှင်ကြည်နူးရတယ် ...။ အသီးဆိုလို့ ခု စူပါမာကတ်တွေမှာတောင် ရှာဝယ်မရနိုင်တဲ့ သူတို့အခေါ် Mulberry ပိုးဇာသီး ကျွန်မတို့ရွာမှာ ပိုးဇာသီးပင်က ရွာထိပ်က အဲဒီတစ်ခြံထဲမှာ တစ်ပင်ပဲရှိတာ စားလို့ကောင်းပြီး အရမ်းချိုတယ်..။ ကျောင်းပိတ်ရက်တွေမှာဆို နေ့ခင်းဖက် ထမင်းစားပြီးတာနဲ့ အိမ်မှာ အဖွားက ဆိုင်အတွက် ဆားတို့ အချိုမှုန့်တို့ နနွင်းမှုန့်တို့ကို ပလတ်စတစ်အိတ်လေးတွေနဲ့ အချိန်ချိန်ပြီး ထုပ်ရောင်းတယ်။ အဲဒါထုပ်ပြီး ဖယောင်းတိုင်မီးတို့ပိတ်ရတယ် အဲချိန်ဆိုကစားရမယ့်အချိန် ပါသွားမှာစိုးလို့ ထမင်းမစားဘဲ မနက်ကတည်းက ရွာရိုးကိုးပေါက် အိမ်လည်ထွက်လိုက်တာ ညနေမှပြန်လာတဲ့အခါမျိုးရှိတတ်သေး။ တခါတလေ အဖွားက ကြိမ်လုံးတစ်လုံးနဲ့ လိုက်ရှာခေါ်တတ်တယ်..။ အမေက အဲလောက်မဟုတ်ဘူး အဖွားက ကိုယ်တွေဘယ်နားရောက်နေလဲဆိုတာ စီစီတီဗီများတပ်ထားသလား အောက်မေ့ရတယ် ကျွန်မတို့ ကစားနေတဲ့နေရာကို ချက်ချင်းကိုရောက်လာတတ်တာ...။ ရွာကချောင်းရေခိုးကူးနေတဲ့အခါမျိုး သရက်ပင်ပေါ် တက်ကစားနေတဲ့ အခါမျိုး၊ မိုးရွာရင် အိမ်ခေါင်မိုးက စလက်လောင်းထားတဲ့နေရာမှာ မိုးရေသွားချိုးနေတတ်တဲ့ အခါမျိုးတွေမှာပေါ့..။
ကျွန်မရဲ့လူဖြစ်ခွင့်အတွက်နဲ့ ကျွန်မရဲ့ကလေးဘဝကို သဘာဝတောတောင်ရေမြေတွေနဲ့ ထိတွေ့ကြီးပြင်းခွင့် ရလို့လည်း ဘုရားရှင်ကိုယ်တော်မြတ်နဲ့ အဖိုးအဖွား၊ မိဘနှစ်ပါးကို ကျေးဇူးတင်မိတယ်..။
မိုးငွေ့
No comments:
Post a Comment