Tuesday, 3 September 2013

Happy Belated Blog Day.....







စနေ တနင်္ဂနွေလိုနေ့မျိုးက အေးရာအေးကြောင်း တစ်ပတ်စာလျှော်ဖွတ်စရာ ရှင်းလင်းစရာတွေလုပ် ကိုယ်စားချင်တာလေး ချက်ပြုတ်စားသောက်ရတာဆိုတော့ ဖုန်းအွန်လိုင်းကလည်း ထုံးစံအတိုင်း လိတ်စပိနဲ့ဆိုတော့ ဘလော့လည်ဖို့က ကိုယ့်အတွက် ဘယ်လိုမှအဆင်မပြေဘူး…။ ဖဘလောက်ပဲ ပုံတွေတင် သူများစတေးတပ်တွေသွားဖတ်တယ်  ဒါလောက်ပဲ…။ အဖြူရောင်နတ်သမီးရဲ့ ဘလော့ဒေးအမှတ်တရအားလုံးကိုတဂ်ပါတယ်လို့ ရေးထားတာတွေ့လိုက်တော့ အစ်ကိုညီလင်းပြောသလိုပဲ ဒီနှစ်တော့ မရေးတော့ပါဘူးလေလို့တွေးလိုက်တယ်…။ ဒီလောက်ကြီးလဲ စီကားပြီးရေးကြလိမ့်မယ်လို့မထင်ထားဘူးလေ…။ စာရေးကျဲနေတဲ့ အစ်မရို့စ်တောင်ပို့စ်လေး တင်ထားတာတွေ့ရတယ်…။ သြဂုတ်လ ၃၁ ရက်နေ့ဟာ တစ်ကမ္ဘာလုံးအတွက် ဘလော့ဂါနေ့…။ ကျွန်မဒီတဂ်ပို့စ်ကို မရေးတော့ဘူးလို့ စိတ်ထဲဒီလိုပဲ ခပ်ပေါ့ပေါ့နဲ့နေနေခဲ့တာ..။ တစ်ခါလည်းရေးခဲ့ဖူးပြီးပြီဆိုတော့ အချောင်ခိုလိုက်တာ…း) 

ပြီးတော့ ခုတလော တဂ်ပို့စ်တွေချည်းဆက်တိုက်ရေးနေတာ ဒီပို့စ်နဲ့ဆို သုံးပုဒ်ရှိပြီ…။ ပျော်စရာတော့ကောင်းတယ်.. ဖဘမှာချည်းသွားစီကားနေတဲ့ ဘလော့ဂါတွေကို ပြန်ပြီး ဆွဲခေါ်အသက်သွင်းပေးလိုက်တဲ့ ဂိမ်းလေးတစ်ခုပါပဲ…။ ကျွန်မကတော့ ဘယ်သူတွေဘယ်မှာပျော်ပျော် ကျွန်မဘလော့မှာကျွန်မအပျော်ဆုံးပဲ…။ ကျွန်မဘ၀ရဲ့နေရာလေးတစ်ခုလို့ တစ်ခါတုန်းက တင်စားရေးခဲ့ဖူးပါတယ်..။ ဒီနေရာလေးမှာ ကျွန်မခံစားချက်တွေ ကျွန်မရေးချင်တာတွေ ကျွန်မဖတ်ခဲ့ဖူးတဲ့စာတွေ ကျွန်မနားထောင်ခဲ့ဖူးတဲ့ သီချင်းတွေ ကျွန်မချက်ပြုတ်ချင်တာတွေကို အကုန်လုံးအိတ်သွန်ဖာမှောက် မျှဝေချပြလို့ရတယ်လေ…။

တနလာင်္နေ့ ကျွန်မရုံးတက်တော့ ပထမဦးဆုံးမြင်လိုက်ရတာက ဘလော့ရိုးမှာ ဘလော့ဒေးအမှတ်တရအတွက်တင်ထားတဲ့ ပို့စ်တွေက တန်းစီနေရော…။ လဆန်းပိုင်းဆို ရုံးမှာက အလုပ်ရှုပ်တယ် စာတွေအကုန်လုံးကို သွားမဖတ်အားဖူး ကော်မန့်ပေးဖို့ဆိုတာ ဝေးရော…။ ဒါနဲ့ စတစ်ထဲ အကုန်ကူးထည့်ပြီး အိမ်ကျမှ တစ်ပုဒ်ချင်းစီဖတ်ဖို့ကြိုးစားရတယ်…။ ဆရာဦးဟန်ကြည်ကြီးကလည်း ဒေါ်မိုးငွေ့ သူများတွေ ရေးနေကြတာ တဂ်ပို့စ်လေးမရေးဘူးလားနဲ့ ဆော်သြော်မှုက ရေးချင်စိတ်ကလေးကို နိုးကြားလာစေခဲ့တယ်…။
ပြန်ပြောရမယ်ဆိုရင်တော့ ကျွန်မ ဘလော့လောကထဲကို မအူမလည်နဲ့ရောက်လာတာ လာမယ့်ဒီဇင်ဘာဆို ငါးနှစ်ပြည့်ပါပြီ…။ ဒါပေမယ့် ကိုယ့်ကိုယ်ကိုတော့ ခုချိန်ထိ အသစ်တစ်ယောက်လို့မှတ်နေတုန်းပဲ…။ ကျွန်မလေးစားအားကျရတဲ့ အစ်ကိုအစ်မတွေရဲ့ ခြေရာကိုတောင် မနင်းနိုင်သေးဘူးလို့ မှတ်နေတုန်းပဲ…။ တကယ်လည်း မမီသေးပါဘူးလေ…။ ကျွန်မ စာရေးဝါသနာပါတာကိုသိလို့ ဘလော့တစ်ခုဖွင့်ပါလားလို့ အကြံပေးခဲ့ဖူးတဲ့ ဟိုးး နိုင်ငံရပ်ခြားက မောင်လေးတစ်ယောက်ကို ဒီနေရာကကျေးဇူးတင်ပါတယ်… ဒီဘလော့ဂ်ကိုလည်း သူပဲဖွင့်ပေးခဲ့တာပါ..။ 

ဟိုတုန်းကတော့ ဘလော့ဂ်ကို စာရေးဝါသနာပါလို့သာရေးတာ ဘလော့ဂ်ဒေးကိုလည်းမသိခဲ့ပါဘူး..။ မြန်မာထဲမှာ ဘယ်သူက ဘလော့ဂ်ကိုစရေးခဲ့တယ် ဆိုတာလည်းမသိခဲ့ပါဘူး…။ နောက်မှသာ… တဖြေးဖြေးနဲ့ သူများအိမ်တွေလျှောက်လည် စာဖတ်စပ်စု ဒီတော့မှာ နည်းနည်းသိလာခဲ့တာ…။ ဒါတောင်ခုချိန်ထိ ကျွန်မမသိသေးတဲ့ဘလော့ဂ်ဂါတွေ အများကြီးရှိပါသေးတယ်…။ ၂၀၀၈ ဒီဇင်ဘာကနေစပြီး ဘလော့ဂ်လောကထဲဝင်ခဲ့တာ အစပိုင်းတုန်းကတော့ ကျွန်မတင်တဲ့ပို့စ်တွေဟာ ဗြောက်တောက်ပေါ့…။ ကိုယ်ဘာကိုအားသန်သလဲ ဆိုတာကို သေချာမသိသေးတာလည်းပါတယ်…။ ၂၀၁၀လောက်ကစပြီး ကျွန်မ အက်ဆေးတွေရေးရတာပို ဓါတ်ကျလာခဲ့တယ်…။ နူးညံ့ဆွတ်ပျံ့ဖွယ်ကောင်းတဲ့ စိတ်ကူးယဉ်ဆန်ဆန်လေးတွေကို ပိုရေးဖြစ်လာခဲ့တယ်…။ ၂၀၁၁ မှာတော့ ကျွန်မရေးတဲ့ အက်ဆေးမှာ “အိန်ဂျယ်”ဆိုတဲ့ ဇာတ်ကောင်လေးကို ကျွန်မအသက်သွင်းခဲ့တယ် ဒီနေ့ဒီချိန်ထိဆိုပါတော့…။ တချို့ဆို ကျွန်မရဲ့ မိုးငွေ့နှင့်အတူ ဘလော့ဂ်ကိုမမှတ်မိရင်သာရှိမယ် ဟို အိန်ဂျယ်အက်ဆေးရေးတဲ့အစ်မလေဆိုပြီး တော့သိကြတယ်…။ အပြင်မှာအဲလို အိန်ဂျယ့်နာမည်တပ်ပြီးတော့ကို လာနှုတ်ဆက်ကြတာခံရဖူးတယ်…။ တကယ်တော့ အိန်ဂျယ်ဟာ ပေါ်ပြူလာဖြစ်ပါစေတော့လို့ ရေးခဲ့တဲ့ ဇာတ်လမ်းတွေမဟုတ်သလို…အရည်ရွယ်ပါဘဲ ကျွန်မအနားကနေ ကျွန်မရှေ့လျှောက်မယ့်ခြေလှမ်းတိုင်းမှာလိုက်ပါစီးမျောမယ့် ဇာတ်ကောင်လေး တစ်ယောက်ပါ…။ ၂၀၁၂ ကနေ ၂၀၁၃ မှာတော့ ကျွန်မ မီးဖိုချောင်ဖက်ကိုပိုဝင်ဖြစ်လာခဲ့တယ်…။ ဟင်းချက်ရင်း မုန့်လုပ်ရင်း အိန်ဂျယ့်အက်ဆေးတွေ ရေးရင်းပေါ့လေ…။

ဘလော့ဂ်လောကမှာ ဘလော့ဂ်ဂါအသစ်ကလေးတွေ အရင်တုန်းကလို များများထွက်လာတာ သိပ်မတွေ့ရတော့ဘူး…။ ကျွန်မကဘဲ ဘလော့ဂ်သိပ်မလည်သူမို့လည်းဖြစ်နိုင်ပါတယ်…။ ခုနောက်ပိုင်းအလုပ်ပိုရှုပ်လာတာရယ် ကိုယ့်ဘလော့ဂ်ရိုးမှာ တက်လာတဲ့ အသစ်လောက်ပဲ သွားဖတ်ဖြစ်တာ…။ ကော်မန့်ဆိုတာ ဘလော့ဂ်ဂါတစ်ယောက်အတွက် အားဆေးတစ်ခွက်ပဲလေ…။ ဒါကြောင့်သူများပို့စ်တွေကို သွားဖတ်တိုင်း ကော်မန့်တော့ ပေးဖြစ်တာများတယ်…။ ကိုယ်ကလည်း ကော်မန့်မျှော်သူဆိုတော့ ကိုယ်ချင်းစာတယ်လေ..။ လိုင်းမကောင်းတာကြောင့် အခက်အခဲကိုလည်း နားလည်ပါတယ်..။ ဒါကြောင့် ပို့စ်အသစ်တင်ရင် ဘယ်နှစ်ယောက်လာဖတ်သွားပြီလည်းဆိုတာကို ကော်မန့်တစ်ခုထက်ပိုပြီး သတိထားကြည့်မိလာခဲ့ပြန်တယ်..။ ကိုယ်ရေးတဲ့စာ ကိုယ်တင်တဲ့ပို့စ်ကိုဖတ်စေချင်တာလေ…။ 

၂၀၁၃ နှစ်ဦးကစပြီး ဒီနေ့ထိ သတိထားမိသလောက် ဘလော့ဂါတွေလည်း ဘလော့ဂ်လည်နည်းလာကြတယ် ပို့်စ်တင်နည်းလာကြတယ်…။ ဒါကြောင့် ခုတလော ဘလော့ဂ်လောကကို ပြန်လှုပ်နှိုးစေခဲ့တဲ့ တဂ်ပို့စ်လေးတွေနဲ့ တဂ်လာတဲ့ အစ်မသက်ဝေကို ဒီနေရာကနေ ကျေးဇူးအထူးတင်ပါတယ်…။ တဂ်ဂိမ်းလေးတွေကို အဆင်အလာမပျက်ခဲ့ဖူးတဲ့ အစ်မသက်ဝေက တဂ်လွန်းအားကြီးလို့ အစ်မတဂ်ဝေလို့တောင် နောက်ပြီးခေါ်နေတတ်ကြတာ…။
နောက်ပိုင်း ဘလော့ဂ်ဂါတွေအတော်များများရဲ့စာတွေ စာမျက်နှာတွေပေါ်မှာရောက်လာခဲ့တယ်…။ စာအုပ်တွေစုထုတ်ကြတယ်…။ အားကျစရာပါ…။ ဒါပေမယ့် ကျွန်မကတော့ သူတို့လိုစာအုပ်ထုတ်လောက်ဖို့အထိ စာမူကောင်းကောင်းတစ်ပုဒ်တစ်လေမျှတောင်မရှိပါဘူး…။ ဒါကြောင့် ဟိုညီမလေးက စာအုပ်ထုတ်ချင်တယ် ဒီမောင်လေးက စာအုပ်ထုတ်မယ် စာမူတွေလာတောင်းတဲ့အခါ အရမ်းကိုအားနာရပါတယ်…။ ကိုယ့်ဆီမှာ သူတို့ထုတ်မယ့်စာအုပ်နဲ့ဝင်ဆန့်ဖို့ စာမူလေးတောင်မှမရှိလို့လေ…။

ဘလော့ဂ်ဆရာကြီး အစ်ကို ကိုရန်အောင်က စတဂ်ထားတဲ့ဒီပို့စ်ကိုရေးဖြစ်သွားခဲ့တယ်…။ အစ်ကိုဆူချင်လည်းဆူတော့ အစ်ကိုမောင်းတဲ့ကားကို တီတင့်အိမ်ကနေ မဒမ်းကိုးတို့ရောက်တုန်းက စီးဖူးခဲ့တယ်။ ဒါပေမယ့် အစ်ကို့ဘလော့ဂ်ကို ဒီမနက်ကျမှ ရိုးလ်မှာချိတ်လိုက်တာ.. အဲလိုလေး အိမ်လည်တဲ့ ကျွန်မပေါ့…။ ကျွန်မနဲ့ အသက်မတိမ်းမယိမ်း ကျွန်မထက်အသက်နဲနဲကလေးပဲ ပိုကြီးချင်ကြီးမယ် ငယ်ချင်ငယ်မယ် ဒါပေမယ့် လေးစားသမှုဖြစ်တော့ အစ်ကိုရန်အောင်ကို အစ်ကိုလို့ခေါ်ပါတယ်…။ အစ်ကိုကတော့ စတွေ့ကတည်းက မိုးငွေ့ကိုသိနေခဲ့သူပါ…။ ဖဘထဲကိုမရောက်ဖြစ်သေးဘူး..။  ဒီတဂ်ပို့စ်နဲ့ပတ်သက်ပြီး တော်တော်လေးကိုညံစီနေမယ်နဲ့ တူပါတယ်..။ သူများတွေအားလုံးရေးပြီးမှ နောက်ကျပြီးရောက်လာခဲ့တဲ့အတွက် ခေါင်းစဉ်ကို Belatedလေးတပ်လိုက်ပါရစေ…။

ကျွန်မတို့လို စာပေကိုချစ်မြတ်နိုးတဲ့ ဘလော့ဂ်ဂါအသစ်ကလေးကို လက်ဆင့်ကမ်း ဖေးမခေါ်ယူမိတ်ဆက် ချင်ပါသေးတယ်…။


Blogger အားလုံး တစ်ချိန်ကလို စည်ကားသိုက်မြိုက်စွာနဲ့ စာတွေပြန်ရေးကြပါလို့ ဒီပို့စ်လေးနဲ့ တိုက်တွန်းပါရစေ…း)

2011တုန်းက ရေးခဲ့ဖူးတဲ့ပို့စ် Blog Day အမှတ်တရ

Happy Belated Blog Day………
မိုးငွေ့

15 comments:

Thu said...

ခုနကတည်းက မောင်မျိုးဘလော့ဂ်ဖတ်နေရင်းနဲ့ပို့စ်အသစ်တက်လာတာ..ဖတ်လို့မရလို့.
အမကိုပြောပြတာ..:)
အမတို့တွေလောက်ကောင်းအောင်မရေးနိုင်ပေမယ့်
ကြိုးစားသွားပါ့မယ်..လို့ဆန္ဒပြုရင်း

Han Kyi said...

ဒေါ်မို့ငွေ့ကြီး မီးဖိုဆောင်ထဲက ထွက်လာပြီပဲ...အခုရက်ပတ် ဘလော့လည်ရတာ ပျော်စရာ ကောင်းသဗျား...ကိုယ်မရောက်ဖူးသေးတဲ့ ဘလော့လေးတွေလည်း တပုံတခေါင်းထပ်တွေ့ရသလို ဘလော့ဂါတိုက်ဆွေးတွေလည်း ကလောင်တွေ ဖုန်ခါကုန်ကြပြီ...ဘလော့ရွာကြီး ပြန်လည်စည်ကားအသက်ဝင်ပါစေ...ဘလော့ပြိုကြီးများလည်း ၀ါကျွတ်ရင် စွံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း...

ချမ်းမြေ့ဖွယ် ဘီလိပ်တက် ဘလော့ဒေးဖြစ်ပါစေဗျား...

Yoemyaykya said...

အိန်ဂျယ်စာစုတွေက တကယ်ကို ဆွတ်ပျံ့ကြည့်နူးဖွယ်ပါမမရေ။
ဖိနပ်လေးတစ်ရံ တက်ဂ်ပို့စ်လဲ ရေးရသေးဘူး။ ဘလော့ဒေးလဲရေးရဦးမယ်။ အကြွေးတွေအများကြီးတင်နေပီ။

Phyu Lwin said...

Woow ကျေးဇူးတင်လိုက်တာမမရေ … ညီမရဲ့ Blog ကို မှတ်မိလိမ့်မယ်လို့လုံးဝမထင်ထားမိဘူး ..။ ဘာကြောင့်ဆို ညီမလဲ ဘလော့ဂ်လည်ဖြစ်ပေမယ့် ကွန်မန့်ချန်ဖြစ်တာနည်းသလို facebook မှာလည်းတော်တော်များများနဲ့ မသိတော့ ..ဘလော့ဂ်လောကမှာ အမြဲတစ်ယောက်တည်းလိုလိုဖြစ်နေတတ်တာလေ..။ ဘာရယ်တော့မဟုတ်ပေမယ့် .. ဘာသိဘာသာနေတတ်တော့ ဘယ်သူနဲ့မှ သိပ်မသိတဲ့အခါ blog reader တွေကလွဲရင် Blogger တွေက ညီမကို လုံးဝမသိတော့ဘူးလို့ ထင်ထားခဲ့မိတာ.. မှတ်မှတ်ရရမိတ်ဆက်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ် မမမိုးငွေ့ :-* :)
www.snowmay1987.blogspot.com :) ကလောင်အမည်ပြောင်းထားတော့ ဘယ်သူမှန်း ရုတ်တရက်မသိမှာစိုးတာနဲ့ Blog address ရေးလိုက်တာမမ

ကိုဖိုးတရုတ် said...

ဟဲလို...

လာလည်သွားပါတယ်ဗျာ... ကျွန်တော်ကတော့ စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် www.photayokeking.org ဖြစ်ပါတယ်။ ကျွန်တော့် ဘာလောဂ်ကတော့ http://photayokeking.blogspot.com ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဝက်ဘ်ဆိုဒ် www.photayokeking.org သို့ လာလည်ဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျား။

Yan said...

တီတင့်အိမ်မှာ တစ်ခါပဲတွေ့ပြီးကတည်းက အဆက်အသွယ်ပြတ်သွားလိုက်ကြတော့ သတိမရတော့ဘူး ထင်နေတာ. အခုတော့ သတိရသေးသားပဲ. ;)

စာတွေဆက်ရေးနိုင်ပါစေ Sis ရေ. ဒီပို့စ်လေးကိုလည်း Blog Digest Fan Page လေးမှာ တင်ပေးထားလိုက်ပါမယ်.

ခင်မင်လျက်

Yan.

Lorem Ipsum said...

Happy Blog Day ပါ မိုးငွေ့ရယ်း)

အမ်တီအန် said...

ညီမရေ...
မြန်မာပြည်ကြီးကနေ အင်တာနက်သုံးရတာ စိတ်သွားတိုင်းကိုယ်မပါနိုင်ပါဘူး။ အင်တာနက်သုံးချိန်လေးမှာ ဘလော့တွေတစ်ခုပြီး တစ်ခုဝင်ဖို့က တကယ့်ကို စွန့်စားခန်းပါပဲ။ ဘလော့ဂါဖြစ်ရတဲ့ဘ၀ကိုတော့ အမြဲဂုဏ်ယူလျှက်ပါ။
Happy Belated Blog Day !

San San Htun said...

National Gallery of Art မှာ အိန်ဂျယ် ပန်းချီကားကို မြင်တော့ ပထမဆုံး သတိရမိတာ အိန်ဂျယ်စီးရီး ရေးတယ့် မမိုးငွေ့ ကိုး) ...သတိတရ တဂ်တာ ကျေးဇူးပါရှင်...Happy Belated Blog Day !...

သက်ဝေ said...

Happy Blogging Sis...
Many more to go.... :-)

စံပယ်ချို said...

မီးမီးရေ သတိတရနဲ့လာဖတ်ဖြစ်ခဲ့တယ် အိန်ဂျယ် အတွက်ပဲရေးတတ်မယ်ထင်ထားတာမှာသွားတယ် အရမ်းစာရေးကောင်းလို့လေ....

Anonymous said...

အမ မိုးငွေ့ရေ..ပီတိဆိုတာ မျက်နှာကြီးက ပြုံးဖြီးဖြီး ကြီးဖြစ်လာပြီး ရင်ထဲကနေ လှိုင်းထန်ထက်လာပြီး အားလုံးသော မျက်လုံးတွေ ရီဝေကုန်တယ်ဆို သေချာတယ် အမ သမီး ပီတိဖြစ်သွားရပြီပဲ ...

ကျေးဇူး အမ မိုးငွေ့ :)

ညီလင်းသစ် said...

ညီမမိုးကလည်း ကျနော့်လိုပဲ ဒီတစ်နှစ်တော့ မရေးတော့ဘူးလို့ တွေးထားသူပဲကိုး...၊းD

ဟုတ်တယ်ဗျာ..၊ ဒီတဂ်ပို့စ်တွေနဲ့ အခုတလောလေးမှာ ဘလော့ဂ်ရွာကြီး လှုပ်လှုပ်ရွရွ ပြန်ဖြစ်လာတာ ဝမ်းသာစရာပါပဲ၊ ညီမမိုး ချက်တဲ့ ဟင်းပွဲ၊ အချိုပွဲ ပို့စ်တွေနဲ့ ကြုံတိုင်း စိတ်ဝင်တစားနဲ့ ဖတ်သွားခဲ့တာ အမြဲလိုလိုပါပဲ..၊ နောင်လည်း ရေးပါဦး..၊

ကဲ.. belated post ကိုလာဖတ်တာ belated visit နဲ့ ဖြစ်သွားပေမယ့်လို့ အေးချမ်းပျော်ရွှင် ပါစေကြောင်း ကိုတော့ဖြင့် ဆုတောင်းပေးချင်မိ ပါရဲ့ ညီမရေ...။း)

သိ င်္ဂါ ရ said...

Blogging Sphere ထဲမှာ ... ၀င်လာလိုက် ... ပြန်ထွက်သွားလိုက် နဲ့ လုပ်နေဖြစ်တာက များနေတာပါပဲ ... ဒါပေမယ့် ... ဟိုးအရင် ning.com ဆိုကတည်းက မြန်မာ Blog | Blogger ဆိုတာတွေ ကို အရမ်း သဘောကျ လေးစားအားကျခဲ့မိပါတယ် ... ။ အခုလို ... Blog လောက က Blog Day နဲ့ အတူ ပြန်ပြီး လှုပ်ရှားသက်ဝင်လာတာကို ... တကယ်ပဲ ... Blogger အစ်ကို ၊ အစ်မ များ နဲ့ အတူ ... ၀မ်းမြောက်မိပါကြောင်း ... :)

နွေတေးရှင် (မင်းဧရာ) said...

ပျော်ရွှင်စရာကောင်းသော ဘလောဒ့်ဒေး လေးပါဗျာ ။

ပိုစ့်မှန်မှန်တင်လေ့ရှိသော ဘလောဒ့်ဂါ
စာရေးကောင်းသော ဘလောဒ့်ဂါ ဖြစ်လို့
မှန်မှန်ရောက်ပြီး ဖတ်လေ့ရှိပါတယ်။

ဆက်လက်ရေးသားနိုင်ပါစေဗျာ။