ညနေ ခြောက်နာရီခွဲပဲရှိသေးပေမယ့် အပြင်မှာ
တကယ်မိုးစုန်းစုန်းကိုချုပ်ပြီး မဲမှောင်နေပါရောလားကွယ်….။
သီတင်းကျွတ်လရောက်ပေမယ့်လည်း
ဒီတောင်ပေါ်မြို့ကလေးရဲ့ မိုးကမဆဲနိုင်သေး….။ မိုးသည်းတဲ့အပြင် လေကပါပြင်းသေးတယ်…။
ဒီညနေ ထမင်းမစားချင်တာနဲ့
သူပြုတ်ပေးတဲ့ ကြက်သားမြူစွမ်လေးကိုပဲသောက်လိုက်တယ်…။
ကျွန်မအခန်းထဲကို
သူရေနွေးဇလုံလေးနဲ့ရောက်လာတယ်…။ ကျွန်မ ကုတင်ခြေရင်းဖက်မှာ ခြေထောက်ကို
အောက်ချပြီးထိုင်လိုက်တယ်…။ သူက ကျွန်မခြေထောက်တွေကို အသာအယာမပြီး
ရေနွေးဇလုံထဲထည့်စိမ်လိုက်တယ်…။ ဆားကြမ်းလက်တစ်ဆုပ်စာ ထည့်ထားတဲ့ ရေကြက်သီးနွေး ထဲကို
ခြေထောက်စိမ်ရင် အညောင်းအညာပြေတယ် အသားအရေကောင်းတယ်တဲ့…။ ကျွန်မကတော့ဖြင့်
ရန်ကုန်မှာနေတုန်းက တခါတလေမှသာ Spa ဆိုင်မှာသွားစိမ်ဖူးတာပါ…။ သူကတော့
ညနေတိုင်းလိုလို ထမင်းစားပြီးတာနဲ့ ကျွန်မကို ပုံမှန်လေး ကျွန်မခြေထောက်တွေကို
ရေနွေးစိမ်ပြီးနှိပ်ပေးလေ့ရှိတယ်…။ အစကတော့ ကျွန်မအားနာလို့ တတွင်တွင်ငြင်းပါသေးတယ်…။
ညနေပိုင်းအေးတော့ ကျွန်မကိုရေပတ်သုတ်ပေးရင်း သူကခြေထောက်ကိုပါရေစိမ်ပေးတတ်နေတာ..။
ဗိုက်ထောက်နေတော့ ကျွန်မက အနောက်ဖက်ကိုလက်ဖနောင့်နဲ့ ထောက်ထားရတဲ့
အနေအထားနဲ့နေနေရတယ်…။ ငါးလဆိုတဲ့ ဗိုက်က အတော်လေးဖောင်းထွက်နေတာ…။ သူက
ကျွန်မခြေသလုံးတွေကိုနှိပ်ပေးရင်းနဲ့ ကျွန်မဗိုက်နား ကပ်ပြီး နားထောင်တတ်တယ်…။
မမြင်ရသေးတဲ့ ကလေးကိုစကားတွေ လှမ်းပြောလိုပြောရဲ့…။
“တို့တွေချုပ်တဲ့စာချုပ်အရဆို
မင်းပြန်ဖို့ရက်က နှစ်လတောင်လွန်ခဲ့ပြီနော်… မင်းအိမ်ပြန်သင့်ပြီမင်းခ…”
ကျွန်မ အခွင့်သင့်တိုင်းသူ့ကို
ပြောနေကျစကားကိုပဲထပ်ပြောရပါတယ်…။ သူက ကျွန်မခြေသလုံးတွေကို အ၀တ်နဲ့သုတ်ရင်း
တစ်ချက်မော့ကြည့်တယ်…။ သူ့မျက်လုံးတွေထဲက အရိပ်တွေကို
ကျွန်မအဓိပ္ပါယ်မဖော်ချင်ဘူး…။
“မေမေစိတ်ပူနေပြီ
ကျောင်းပြန်တက်ရဦးမယ်ဆိုတာကိုဆက်မပြောပါနဲ့ နှင်းရယ်…. ကျွန်တော်
ကျောင်းပြန်တက်မှာပါ အိမ်လဲပြန်မှာပါ… ခု နှင်းကို တစ်ယောက်ထဲထားခဲ့ရမှာ
ကျွန်တော်စိတ်မချဘူး nurse ငှားတာကငှားတာပဲလေ… မွေးခါနီးဖွားခါနီးကျ
ကျွန်တော်ရှိမှကိုဖြစ်မှာပါ… ကျွန်တော့်ကို နှင်းမီးဖွားပြီးတဲ့အထိတော့နေခွင့်ပြုပါဗျာ….နော်…
ကျွန်တော်ကတိပေး ပါတယ် နှင်းရော ကလေးရော ကျန်းမာစွာရှိပြီလို့ ကျွန်တော်စိတ်ချတာနဲ့
ချက်ချင်းပြန်မှာပါ….”
အမြဲတမ်းအေးစက်မာကျောခဲ့တဲ့
“ငွေနှင်းမှုန်” ဆိုတဲ့ကျွန်မ ယောက်ျားတွေနဲ့ပတ်သက်လာရင် ဘယ်တော့မှ
အယုံအကြည်မရှိခဲ့တဲ့သူတစ်ယောက်က “ဥာဏ်မင်းခ”ဆိုတဲ့ ချာတိတ်ကလေးနဲ့ကျမှ
ကျရှုံးရတော့မှာလား…။
ကျွန်မ၀န်ခံပါတယ် ကျွန်မတစ်သက်မှာ
သူ့လိုကြင်နာတတ်တဲ့ အစစအရာရာ ဂရုတစိုက်ရှိလွန်းတဲ့ စိတ်ထားနူးညံ့ဖြူစင်လွန်းတဲ့
ယောကျာ်းမျိုးရှိလိမ့်မယ်လို့တောင် ထင်မထားခဲ့တာ ယုံကြည်မထားခဲ့တာပါ…။ ကျွန်မ ကျွန်မ သူ့ရဲ့ ညွတ်ကွင်းတွေအောက်
ကြွေခသွားခဲ့ပြီလား…။ ကျွန်မ ကြွေးကြော်ခဲ့တဲ့ single mother ဖြစ်ရေးကို ကျွန်မ
တကယ်အကောင်ထယ်မဖော်နိုင်တော့ဘူးလား..။
“ပြီးတော့
ကျွန်တော်နောက်ထပ်တစ်ခုတောင်းဆိုချင်သေးတယ် ဖြစ်နိုင်ရင် ကျွန်တော်တို့
ရန်ကုန်ပြန်ပြီး နှင်းကို ရန်ကုန်က အမျိုးသမီးဆေးရုံမှာပဲမွေးစေချင်တယ်…
ကျွန်တော့်အတွက်မေမေ ၀ယ်ပေးထားတဲ့ တိုက်ခန်းမှာ နှင်းကို nurse တစ်ယောက်ငှားပေးထားမယ်လေ…
နှင်းမွေးမယ့် ဂျူးဒိတ်ကလည်း ဖေဖော်ဝါရီလဆိုတော့ ဒီမှာဆိုအရမ်းကိုအေးမှာ
ရန်ကုန်ရာသီဥတုနဲ့ဆို နေရတာ အတော်ပဲ…”
“တို့အတွက် အစစအရာရာစဉ်းစားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်
မင်းခ… တို့ဒီမှာပဲမွေးမယ် ဟိုမှာဆို တနေ့မဟုတ်တနေ့တော့ မေမေတို့သိသွားမှာပဲ
အချိန်မတန်မီ ဘယ်သူ့ကိုမှ အသိမပေးချင်သေးဘူး…”
သူ့ထက် အသက်ခုနှစ်နှစ်လောက်ကြီးတဲ့
ကျွန်မကိုအရှေ့က မတို့ မမတို့မတပ်ဘဲ နှင်းလို့ခေါ်လိုက်တိုင်း ကျွန်မ ဘာမှန်းမသိတဲ့
တစ်စုံတစ်ခုကိုသွားသွားသတိရနေတယ်…။ ကျွန်မကို ဒီလိုနာမည်မျိုး
တစ်ယောက်ယောက်ခေါ်ခဲ့ဖူးတယ် ကျွန်မခပ်ငယ်ငယ်အချိန်တုန်းကလား ဘယ်တုန်းကလည်းဆိုတာ
သေချာမမှတ်မိတော့ပေမယ့် အဲလိုမျိုးခေါ်ခံရဖူးတာကိုတော့ သိနေတယ်…။
သူကလုပ်နေကျအတိုင်း
ရေနွေးဇလုံသိမ်းသွားပြီး ကျွန်မညအိပ်ခါနီးသောက်ဖို့ နွားနို့ပူပူတစ်ခွက်ယူလာ
ပေးပါတယ်…။ စောစောကပဲ အားဆေးတွေ တစ်ခါသောက်ပြီးပါပြီ…။ အိပ်ယာပေါ်ခဏလှဲလိုက်တော့
ဗိုက်ညာဖက်မှာ ဒုတ်ခနဲလှုပ်သွားတယ်…။ ဒီလပိုင်းတွေဆို အဲလိုပဲ ကလေးကလှုပ်တတ်တာတဲ့…။
သူကတော့ အွန်လိုင်းကနေ ဟိုရှာဒီဖွေနဲ့ သူဖတ်ထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တစ်ယောက်
လိုက်နာရမယ့် အချက်အလက်တွေ အစားအသောက်တွေကို စိတ်လက်ရှည်စွာ ပြောပြတတ်ပါတယ်…။
ကျွန်မကတော့ တခါတခါ nurse
တစ်ယောက်ထက်တောင် စိတ်ရှည်တတ်တဲ့ သူ့ကိုစိတ်ထဲအကြိမ်ကြိမ်ချီးကျူးနေမိတော့တယ်…။
ဗိုက်ထဲက ကလေးကို သီချင်းပေးနားထောင်ရတယ်ဆိုပြီး သူ့အိုင်ပက်ထဲက
သီချင်းကောင်းကောင်းလေးတွေကို ဖွင့်ပြီး ကျွန်မဗိုက်နားလာကပ်ထားပေးသေးတယ်…။
ညသန်းခေါင်းကျော်ကြီး
ကျွန်မဆီးသွားချင်လို့နိုးလာတော့ ကျွန်မကုတင်နဲ့ ခပ်လှမ်းလှမ်းနံရံနားမှာ
ဒရင်းဘက်လေးနဲ့သူ့ကို စောင်မခြုံဘဲ ခပ်ကွေးကွေးလေးအိပ်နေတာတွေ့လိုက်လို့
စောင်တစ်ထည်ယူပြီး သွားခြုံပေးလိုက်တာ… သူ့ကိုယ်တွေပူကျစ်နေပါရောလား…။ ညနေတုန်းက
ကျွန်မအတွက် နွားနို့သွားယူတုန်းက သူမိုးမိပြီးပြန်လာခဲ့တာ…။
အအေးမိပြီးဖျားသွားတာဖြစ်မယ်..။ သူ့ကို စောင်ခြုံပေးရင်း
သူကိုဆေးမတိုက်ခင်တစ်ခုခုစားရအောင် မီးဖိုဖက်သွားပြီး ဆေးမသောက်ခင် သူစားဖို့
ပေါင်မုန့်တစ်လုံးနဲ့ အပူတွေကျအောင်ရေခဲဇလုံတစ်ခုရယ် ယူလာလိုက်တယ်။
“မင်းခ… မင်းခ…” သူ့လက်မောင်းကို
ကျွန်မလှုပ်နှိုးတော့ သူမျက်လုံးပွင့်လာတယ်…။
“နှင်း… နှင်း
ဘာလိုချင်လို့လဲ…ကျွန်တော်ဘာလုပ်ပေးရမလဲ…”
ဒီလောက်အဖျားတက်နေတာကိုသူက
ကျွန်မအတွက်ပဲသူ့ခေါင်းထဲမှာ ပထမနေရာအမြဲထားတတ်တာ ကြည့်စမ်း
ဘယ်လောက်ချစ်စရာကောင်းလိုက်တဲ့ ကြင်နာတတ်တဲ့ ယောကျာ်းတစ်ယောက်လည်း…။
ကျွန်မသူ့ကိုကြည့်ပြီးတစ်ချက်ပြုံးလိုက်မိတော့တယ်…။
ကျွန်မသူ့နုဖူးပြင်ပေါ်က ဆံပင်ကောက်ကောက်ကွေးကွေး တချို့ကို သပ်တင်ပြီး
ရေခဲဝတ်လေးတင်ပေးလိုက်တယ်…။
“မင်း အရမ်းဖျားနေတယ်…
အဖျားတိုင်းကြည့်ရအောင်နော်…” ကျွန်မဆေးသေတ္တာထဲက အဖျားတိုင်းတဲ့ တာမိုမီတာလေးကို
အရက်ပျံဂွမ်းစလေးနဲ့ တစ်ချက်ပွတ်သုတ်လိုက်တယ်…။ သူက အဖျားတိုင်းဖို့
သူ့လျှာအောက်ထည့်ဖို့ရာ ပါးစပ်ကိုအဆင့်သင့်ဟထားပေးတယ်…။ ခုလိုကျတော့လည်းသူက
တကယ့်ကလေးငယ်လေးတစ်ယောက်လိုပါပဲ…။
အဖျားက ၁၀၄ …
သူ့ကိုမုန့်နဲနဲကျွေးပြီးဆေးတိုက်ထားလိုက်တယ်…။
“ကျေးဇူးတင်ပါတယ်နှင်း… ကိုယ်ဝန်သည်ကို
ကျွန်တော်က ဒုက္ခပြန်ပေးသလိုဖြစ်နေပြီ…”
“ရပါတယ် မင်းခရယ်… မင်းတို့ကို
ပြုစုတာရဲ့ ဆယ်ခါပြန်တစ်ခါလောက်တောင်မရှိပါဘူး… တို့ကသာမင်းကို ကျေးဇူးတင်ရမှာ..”
“နှင်း ပြန်အိပ်တော့လေ
ကျွန်တော်ကအေးဆေးပါ တော်ကြာ ကျွန်တော့်အဖျားတွေကူးသွားရင် မကောင်းဘူး…
အိပ်တော့နော် အိပ်ရေး၀၀အိပ်ရမယ်… မနက်ကျသိပ်စောစောမထနဲ့ဦး
ဆယ်နာရီပြည့်အောင်အိပ်ရမယ်နော်… မနက်စာကောင်းကောင်းပြင်ထားပေးမယ်…နှင်းစားချင်တဲ့
အသားညှပ်ပေါင်မုန့်ကို ၀က်ပေါင်ခြောက်နဲ့ချီးစ်နဲ့ သေချာလုပ်ပေးမယ်…”
“ကဲပါ… ဖျားနေတဲ့သူက နားနားနေနေ
နေပါ…အားကျိုးမာန်တက်ကိုဖြစ်နေတာပဲ…တို့က တခါတလေ ရှိတာစားလည်းဖြစ်တယ်…မင်းခအတွက်
နက်ဖန် ဆန်ပြုတ်လုပ်ပေးမယ်..”
ကျွန်မတို့နှစ်ယောက်
ဟိုဖက်ဒီဖက်လှဲရင်းမျက်နှာချင်းဆိုင်ကာ စကားလှမ်းပြောနေကြခြင်းပင်..။
“နှင်း မီးဖိုနားမသွားရဘူးလေ…
ကျွန်တော့်အတွက်ဘာမှမပူနဲ့ ကိုယ့်ဘာသာကိုယ်လုပ်လို့ရတယ် အဖျားက အခုဆေးသောက်ထားတာပဲ
မနက်ကျ ပျောက်သွားလိမ့်မယ်…”
~~~~~~~~~~~~~~~~~~~~~~
“အစ်ကိုလေး… အစ်ကိုလေး…”
မနက်လင်းချင်းပဲရှိသေး
အိမ်ရှေ့တံခါးကို တဒုန်းဒုန်းလာခေါက်တဲ့ ခြံစောင့်အသံကြောင့်
ကျွန်မလန့်နိုးလာခဲ့တယ်…။ အချိန်ကြည့်တော့ မနက်ခုနှစ်နာရီ…။ သူ့ကိုကြည့်တော့ ညက
ဆေးအရှိန်ကြောင့်ထင်ရဲ့ စောင်အောက်မှာကွေးကွေးလေးအိပ်မောကျနေတယ်…။
ကျွန်မအိမ်ရှေ့တံခါးမကိုသွားဖွင့်တော့
ခြံစောင့်ဦးလေးက…။
“မမလေးရေ… ခြံဝမှာ အစ်ကိုလေးဧည့်သည်တဲ့
အမျိုးသမီးကြီးတစ်ယောက်ရောက်နေတယ်…”
“ဟုတ်လား ဦးလေး… အထဲခေါ်ပြီး
ဧည့်ခန်းမှာနေရာပေးလိုက်ပါ ကျွန်မမျက်နှာသွားသစ်လိုက်ဦးမယ်”
သူ့ဧည်သည်ဆိုတာ ဘယ်သူလဲ
သူဒီမှာရှိတယ်ဆိုတာ ကျွန်မသူငယ်ချင်းပဲသိတာ…။ ကျွန်မအမြန်ဆုံးမျက်နှာသစ်ပြီး
ဧည့်ခန်းဖက်ကိုပြန်ထွက်လာခဲ့လိုက်တယ်…။
ဧည့်ခန်းထိုင်ခုံမှာ
ထိုင်နေတဲ့အမျိုးသမီးကြီး ဆင်စွယ်ရောင်ပိတ်ဖောက်ဇာဝမ်းဆက်နဲ့ သူ့မေမေပါ…။ ကျွန်မတို့ဒီမှာရှိတာဘယ်လိုများသိသွားခဲ့ပါလိမ့်။
သူ့မေမေက ကျွန်မကိုတွေ့တော့
တချက်အံ့အားသင့်သွားတယ်…။ မျက်ခုံးနက်နက်တစ်စုံအောက်က ခပ်စူးစူးအကြည့်တွေကို
ကျွန်မတဆိတ်တော့ စိတ်မချဖြစ်မိသွားတယ်…။
“မင်းက
သားနဲ့လက်ထပ်ထားတဲ့မိန်းကလေးလား…”
“ဟုတ်… ဟုတ်ကဲ့ပါ အန်တီ…”
“လာထိုင်ပါဦးကွယ် အန်တီ့သားနဲ့မင်း
ပြောပြောဆိုဆိုမရှိဘဲ ဒီမြို့ကလေးမှာ တိတ်တိတ်ကလေးလာ နေနေတာ ဘာရယ်ရွယ်ချက်နဲ့လည်း
အန်တီ့ကိုနားလည်အောင်ရှင်းပြပါဦး… အသိတစ်ယောက်က
သားကိုဒီမြို့မှာတွေ့တွေ့နေတယ်ဆိုလို့စုံစမ်းခိုင်းပြီးလိုက်လာခဲ့တာ သားက
ကျောင်းအတွက်စာတမ်း လုပ်နေတယ်ပဲ လှည့်ပတ်ပြောနေတာ…”
တော်ပါသေးရဲ့ သူ့ရဲ့မေမေဆိုတာ
ထက်ထက်မြတ်မြတ်ရှိတဲ့အပြင် သဘောထားကောင်းတဲ့ မိခင်တစ်ယောက်
မိန်းမသားချင်းကိုယ်ချင်းစာတရားပြည့်ဝနေတဲ့သူတစ်ယောက်ဖြစ်တာ ကျွန်မအတွက်ကံကောင်းခြင်းပါ…။
သူ့မှာ အပြစ်မရှိ ကျွန်မရဲ့တောင်းဆိုချက်တစ်ခုအတွက်နဲ့
သူသက်သက်ကူညီပေးသူတစ်ယောက်သာဖြစ်ကြောင်း အကုန်အစင်ရှင်းပြတော့ သူ့မေမေက
သဘောကျစွာပြုံးပါလေရော…။ ကျွန်မက ကျွန်မကို အကြီးအကျယ်စိတ်ဆိုးမယ်ထင်ထားခဲ့တာ…။
“သမီးက သိပ်စိတ်ကူးယဉ်တာရော…
ဒါမျိုးက နိုင်ငံရပ်ခြားမှာရှိတယ်ဆိုပေမယ့် အန်တီတို့ဆီမှာက
ဘယ်လိုမှလက်ခံလို့မရတဲ့ လုပ်ရပ်တစ်ခုလေ… သမီး မိဘများကဘယ်သူတွေလည်း
ပြောပါဦးကွယ့်”
“သမီးမှာ အဖေတော့မရှိတော့ပါဘူး
ငယ်ငယ်ကတည်းက ဆုံးသွားခဲ့တာ မေမေကတော့ ဒေါ်နှင်းပွင့်သုန်ပါ…
သမီးကတစ်ဦးတည်းသောသမီးပါ…”
ကျွန်မစကားဆုံးတော့ ဒေါ်ခင်သစ္စာမျက်လုံးတွေ
ဖိတ်ဖိတ်လက်သွားတယ်။ ပြီးတော့ ချက်ချင်းပဲ လက်ပွေ့အိတ်ကိုဖွင့်ပြီး ပိုက်ဆံအိတ်လေးထဲက
ဓါတ်ပုံကိုထုတ်လာတယ်…။
“နှင်းပွင့်သုန်ဆိုတာ သူလားဟုတ်လား
သမီးအမေက သူဟုတ်လားဟင်”
အဖြူအမဲဓါတ်ပုံလေးမှာ
ဓါတ်ပုံတိုက်တစ်ခုမှာ သွားရိုက်ထားဟန်ရှိတဲ့ အသက်နှစ်ဆယ်အရွယ် ရင်ဖုံးကလေးတွေနဲ့
အမျိုးသမီးနှစ်ယောက်ထဲက တစ်ယောက်ကကျွန်မမေမေပါ ဟုတ်ပါတယ် မေမေမှာလည်း ဒီဓါတ်ပုံသိမ်းထားတာ
ကျွန်မမြင်ဖူးတယ် မေမေ့ဘေးနားက အမျိုးသမီးက သူ့မေမေ ဒေါ်ခင်သစ္စာတဲ့… ။
“မေမေ့ဆီမှာလည်းဒီပုံလေးရှိတယ်
အန်တီနဲ့မေမေက သူငယ်ချင်းတွေလား..”
“အချစ်ဆုံးသူငယ်ချင်းတွေပေါ့သမီးရယ်…
ကျောင်းပြီးကတည်းက သူလည်းအိမ်ထောင်ကျ နယ်တွေပြောင်းတော့ မတွေ့ဖြစ်ကြတော့တာ အန်တီကလည်း
ကလေးတွေနိုင်ငံခြား ကျောင်းသွားတက်တော့ လိုက်သွားရတာနဲ့ အဆက်သွယ်ပြတ်သွားလိုက်တာ
ဒီနေ့ထိဆိုပါတော့… သမီးအန်တီ့ကိုမမှတ်မိဘူးလား သမီး ဆယ်နှစ်ကျော်
ဆယ်တစ်နှစ်အရွယ်လောက်က အန်တီတို့ဒီမြို့မှာ နေတုန်းက သမီးအမေနဲ့လာလည်ခဲ့ဖူးတယ်လေ နှင်းပွင့်နဲ့နောက်ဆုံးတွေ့လိုက်ရတဲ့
အချိန်ပေါ့ အဲတုန်းက သားပျိုလေးက လေးငါးနှစ်ရှိသေးတာ…”
သူ့မေမေက အတိတ်အကြောင်းကို
ပြန်တွေးဆပြောနေပုံများ မျက်လုံးတွေတောင်ဖိတ်ဖိတ်လက် အရောင်တောက်ပရွှန်းဝေလို့။
သူနဲ့မေမေ့ကြားက သံယောဇဉ် ခင်မင်မှုကိုပါဆက်စပ် ခံစားလို့ရနေတယ်…။ သားပျိုလေးတဲ့
ဒီနာမည်လေးကို ကျွန်မကြားဖူးနေခဲ့တယ်…။
“သားပျိုလေးဆိုတာက….”
“အန်တီသားအငယ်ဆုံးလေးပေါ့ သမီးရဲ့
ဥာဏ်မင်းခလေးပေါ့…”
“နှင်း… ငယ်ငယ်တုန်းက
ကျွန်တော့်ကို ပေါင်ပေါ်ချီပြီး ဓါတ်ပုံရိုက်ထားဖူးခဲ့တယ်လေ မမှတ်မိတော့ဘူးလား…”
အနောက်ဖက်ကထွက်လာတဲ့ သူ့အသံကြောင့်
ကျွန်မလှည့်ကြည့်လိုက်မိတယ်…။ ညအိပ်ဝတ်စုံလေးနဲ့
မျက်နှာလေးခပ်နွမ်းနွမ်းဖြစ်နေတဲ့သူ…။ သူ့လက်ထဲက အိုင်ပက်ထဲက ဒန်းလေးပေါ်မှာ
ဘောင်းဘီတိုကလေးနဲ့ ဆံပင်ကောက်ကောက်ကွေးကွေးကောင်လေးကို ပေါင်ပေါ်တင်ချီထားတဲ့
အဖြူရောင်ဂါဝန်နဲ့ ပိုနီတေးလေးခပ်မြင့်မြင့် ချည်ထားတဲ့ ကလေးမလေး…။
အဲဒါကျွန်မငယ်ငယ်ကပုံလေးပဲ…။ ကျွန်မမှတ်မိပြီ ငယ်ငယ်တုန်းက ဒီမြို့လေးကို
မေမေတို့နယ်ပြောင်းတော့ ခဏ၀င်ခဲ့တုန်းက မေမေ့သူငယ်ချင်းဆိုတာ သူ့မေမေပဲ အဲဒီတုန်းက
အရုပ်ကလေးလို ချစ်ဖို့သိပ်ကောင်းတဲ့ သားပျိုလေးဆိုတဲ့ ကောင်ကလေးက မင်းခတဲ့….။
လောကကြီးက အံ့သြဖို့ကောင်းလိုက်တာ ဒီလောက်ပဲတိုက်ဆိုင်လွန်းသတဲ့လား…။
“ဟင်… ဒါဖြင့် မင်းခက တို့ကို
အစကတည်းက သိနေတာပေါ့ ဒီလောက်အချိန်တွေကြာခဲ့တာ
မင်းကတို့ကိုဘယ်လိုမှတ်မိနေခဲ့သလဲ….”
“နှင်းသူငယ်ချင်း မမင်းမင်းဝင်းက
သူ့မောင်ကတဆင့် ကျွန်တော့်ကို နာမည်ပြောလိုက်ကတည်းက နှင်းဟာ ကျွန်တော်ငယ်ငယ်တုန်းက
ဓါတ်ပုံထဲက ငွေနှင်းမှုန် ဟုတ်မဟုတ်သေချာစုံစမ်း လိုက်တာပေါ့..။ အမေနာမည်ပါသိရတော့
မလွဲတော့ဘူးလေ… နှင်းမေမေက
မေမေ့သူငယ်ချင်းဆိုတာ မေမေတချိန်လုံးပြောပြောနေတာကိုး….”
ကျွန်မတို့နှစ်ယောက်ရဲ့
ဖြစ်ကြောင်းကုန်စင်ကို ဒေါ်ခင်သစ္စာကိုထပ်ပြီးဇာတ်စုံထပ်ခင်းပြတော့ သူ့မှာ ကျွန်မလို
စိတ်ကူးမျိုးနဲ့ မိန်းကလေးကို အံ့သြရသလို ပတ်ဝန်းကျင်ကိုဂရုမစိုက်ဘဲ
ကလေးတစ်ယောက်မိခင်ဖြစ်ဖို့ သတ္တိကောင်းတဲ့အတွက်ချီးကျူးပါတယ်…။
ဒါပေမယ့်ဘာပဲဖြစ်ဖြစ် ကိုယ့်တိုင်းပြည် ကိုယ်လူမျိုးရဲ့ ထုံးတမ်းယဉ်ကျေးမှုကို
မတွေဖီမိစေဖို့ သူ့သားငယ်နဲ့ပဲဆက်ပေါင်းဖို့ နှစ်ဦးသဘောတူစာချုပ်ကို
ဖျက်သိမ်းပစ်ဖို့ မိခင်တစ်ယောက်အနေနဲ့ တောင်းဆိုပါတယ်..။
“နှင်းနဲ့ဗိုက်ထဲက ကလေးကို
ကျွန်တော်မခွဲနိုင်ဘူး မေမေကူပြောပေးတဲ့အတွက် ကျေးဇူးအကြီးကြီးပါ”
သူက ကျွန်မခေါင်းမညိတ်ခင်
သူ့မေမေကို ကျေးဇူးတွေတင်နေပြီ…။
“တို့ဖက်က
စဉ်းစားချိန်တောင်မပေးတော့ဘူးလား မင်းခ… မင်းက တို့အတွက် ခင်ပွန်းကောင်းတစ်ယောက်
တို့ကလေးလေးအတွက် ဖခင်ကောင်းတစ်ယောက်ဆိုတာ တို့သေချာသိပါတယ် ဒါပေမယ့်
တို့ကိုစဉ်းစားချိန်လေးနဲနဲပေးပါ….”
ကျွန်မအဲလိုတောင်းဆိုတော့
သူတို့သားအမိနှစ်ယောက် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး
ပြိုင်တူပြုံးလိုက်ကြတယ်…။
“ကဲပါလေ
သမီးကိုစဉ်းစားချိန်ပေးလိုက်ပါသား ဒါပေမယ့် သားရောသမီးရော မနက်ဖန်မေမေနဲ့အတူ
ရန်ကုန်ပြန်လိုက်ခဲ့ရမယ်… နှင်းပွင့်ကို
အံ့သြသွားအောင် ဟိုရောက်မှပြောကြတာပေါ့ …”
သေချာတယ် မေမေတော့သိသိချင်း
ကျွန်မကို အကြီးအကျယ်ဆူတော့မှာ ကိုယ့်စိတ်အလိုလိုက်တယ် လုပ်ချင်တာကိုဘယ်သူ့မှဂရုမစိုက်ဘဲ
ဇွတ်တရွတ်နိုင်တယ်နဲ့လေ…။
(၄)လခန့်ကြာသော်…..
“ကြည့်ဦးကွယ် နှင်းပွင့်ရေ
တို့မြေးလေးက သားပျိုလေးနဲ့ဘယ်လောက်တူလဲ ဆံပင်ခွေနေတာကအစတွေ့လား… ”
“ဟုတ်ပါ့ရဲ့ ခင်ရယ်..
ဟွန့်…ဒါနဲ့များ မိနှင်းမှုန်တို့က သားပျိုလေးကိုမချစ်ဘူးလေးဘာလေးနဲ့ လက်မထပ်ချင်ဘူးငြင်းချင်သေးတယ်…
ဒီမှာကြည့်စမ်း ညည်းမွေးထုတ်လိုက်တဲ့ကလေးက ဖအေနဲ့တထေရာတည်း ညည်း
သွေးကိုတော့ဘယ်တော့မှလိမ်လို့မရပါဘူးအေ…”
မွေးကင်းစမြေးလေးကို ချီပွေ့ရင်း
ဖွားအေနှစ်ယောက် ပြောဆိုနေတာကို ကျွန်မရောသူရော ကြည့်ရင်း ပြုံးမိလိုက်ကြတော့တယ်….။
သူက ကျွန်မကုတင်နားလာထိုင်ပြီး
“နှင်း… အန်တီပြောတာတကယ်လား…”
“ဘာကိုလဲ မင်းခရဲ့…”
“မချစ်ဘူး မချစ်ဘူး
လက်မထပ်ချင်ဘူးဆိုပြီး ဖအေနဲ့တထေရာတည်းမွေးလိုက်တယ်ဆိုတာလေ… ကျွန်တော်ကြားဖူးတယ်
မိခင်လောင်းရဲ့မေတ္တာဓါတ်တွေက သူ့ခင်ပွန်းသည်ပေါ်မှာပိုနေရင်လည်း မွေးလာတဲ့ကလေးက
အဖေနဲ့တူတယ်တဲ့..”
“ဘာမှပေါက်ကရလာမပြောနဲ့
သိပ္ပံနည်းကျကျမတွေးတတ်တာလဲမဟုတ်ဘဲနဲ့….”
သူက
ကျွန်မသူ့ကိုမျက်စောင်းထိုးတာကို မမြင်ချင်ယောင်ဆောင်လိုက်ပြီး
ကျွန်မနဖူးကဆံနွယ်တွေကို သပ်တင်ရင်း….
“နှင်း….ကျွန်တော့်ကိုသိပ်ချစ်တယ်ဆိုတာ
ကျွန်တော်သိတာပေါ့… နှင်းမညာပါနဲ့…”လို့ ကျွန်မနားနားကပ်ပြီး ခပ်တိုးတိုးပြောပါတယ်….။
“မင်းက
မင်းဘယ်တုန်းကမှတောင်းဆိုခြင်းမရှိခဲ့ဘဲ တို့ဆီက အဖြေတစ်ခုကိုသိချင်နေတာ
တဆိတ်မလွန်လွန်းနေဘူးလား….”
ကျွန်မအဲလိုပြောတော့မှ
သူကကလေးလန့်မှာစိုးလို့ အသံခပ်အုပ်အုပ်နဲ့ရယ်ပါတော့တယ်….။ ပြီးတော့ ကျွန်မလက်ကို
သူ့လက်ဖ၀ါးကြီးကြီးနှစ်ဖက်နဲ့အုပ်ထွေးပြီး…
“နှင်းကို
ကျွန်တော်ဘယ်လောက်ချစ်ခဲ့သလဲဆိုတာ နှင်းတကယ်မရိပ်မိခဲ့တာလား… မရိပ်မိဘူးဆိုရင်တော့
ကျွန်တော် တော်တော်ညံ့သွားပြီ..”
“ဟင့်အင်း တို့မသိခဲ့ပါဘူး…
ဘယ်တုန်းကများမင်းတို့ကိုချစ်သွားခဲ့သလဲ”
“ကျွန်တော်တို့
ရန်ကုန်ကနေကားစီးထွက်သွားတုန်းက နှင်းအရမ်းချမ်းနေခဲ့တဲ့အချိန်တုန်းကပေါ့
ကျွန်တော်အကျီင်္လေးခြုံပေးမှာကို ကျွန်တော့်စကားကြောင့် ပြန်ရန်တွေ့ပြီး
အမှောင်ထဲမှာ ခပ်စူးစူးပြန်ကြည့်ခဲ့တုန်းကလေ….. ကျွန်တော့်မှာ
နှင်းနဲ့နီးနီးကပ်ကပ်လေးအိပ်ရလို့ ကျွန်တော့်ရင်ခုန်သံ ကျယ်ကျယ်လောင်လောင်တွေကို
နှင်းကြားသွားမှာစိုးရိမ်တကြီးနဲ့ တော်တော်နဲ့တောင်အိပ်မပျော်ခဲ့ဘူး…
အဲဒါနှင်းမသိဘူးမဟုတ်လား…”
ကျွန်မကို လေးလေးနက်နက်နဲ့
စူးစိုက်ကြည့်နေတဲ့ သူ့မျက်ဝန်းတွေရဲ့ သက်သေနဲ့တင် ကျွန်မသူ့စကားတွေကို
အလိုလိုယုံကြည်လိုက်ပါတယ်…။
“သားပျိုးလေးက
ငယ်ငယ်တုန်းကအတိုင်းပဲ အရုပ်ကလေးနဲ့တူတယ်…တို့လေ မင်းရဲ့
ဆံပင်ကောက်ကွေးလေးတွေကိုသိပ်ချစ်တာပဲ…”
ကျွန်မသူ့ဆံနွယ်ခွေခွေတွေကို
ပွတ်သပ်ရင်း သူငယ်ငယ်တုန်းက ရုပ်ကလေးကို ပြန်မြင်ယောင် မိသွားခဲ့တယ်…။ အဲဒီတုန်းက
ကောင်လေးက ကျွန်မကို သူ့မေမေမိတ်ဆက်ပေးတော့ မမလို့မခေါ်ဘဲ နှင်းလို့
ခပ်တည်တည်နဲ့စခေါ်ခဲ့တာလေ….။ ကျွန်မက သူ မပီကလာပီကလာနဲ့ နှင်းလို့ခေါ်လိုက်တာကို
သဘောကျလို့ သူ့ပါးလေးကိုဆွဲလိမ်ပြီး ပွေ့ဖက်ထားခဲ့ဖူးတယ်…။ ကျွန်မရင်ခွင်ထဲ
တိုးဝှေ့ခဲ့ဖူးတဲ့ ကလေးတစ်ယောက်ဟာ ခုတော့ လူကြီးတစ်ယောက်ဖြစ်လို့ ကျွန်မကို
တစ်သက်သာလုံးခိုလုံဖို့ နွေးထွေးတဲ့ သူ့ရင်ခွင်..ကျယ်ကြီးကိုဖွင့်ထားခဲ့ပြီ။
“ဆံပင်ကိုပဲလား လူကိုရော…..”
“မင်းခနော်….”
“ကဲကဲ… ချစ်စကြင်စ
လင်မယားအသစ်စက်စက်ကလေးနှစ်ယောက် ကြည်နူးမနေနဲ့ဦး ဒီမှာ
ကလေးကိုနို့တိုက်ဖို့အချိန်တန်ပြီ….. နောက်မှ ဆက်ကြည်နူးကြနော်…”
အဖြူရောင်နံရံနဲ့ အခန်းလေးထဲမှာ
ပျော်ရွှင်ကြည်နူးသံတွေနဲ့ ပြည့်နှက်ဆွတ်ပျံ့လို့ လောကထဲကို ပထမဆုံးရောက်လာခဲ့တဲ့
ဂျူးနီယာမင်းခလေးကိုကြိုဆိုလိုက်တဲ့ မင်္ဂလာရှိတဲ့ အသံတွေပဲမဟုတ်လား။
မဖတ်ရသေးသူများအတွက် သမုဒယ(အစ)....
သမုဒယ(အဆုံး)ပိုင်းကိုဆက်မျှော်ပေးပါဦး...း)
မိုးငွေ့
11 comments:
မျှော်မယ် မျှော်မယ်...လောလောဆယ်တော့ ပါလက်စတိုင်းပြဿနာ အရှေ့အလယ်ပိုင်း ကိစ္စပြီးလို့ အူဝဲလေး ဖြစ်လာပြီဆိုတော့ ဘာဆက်ဖြစ်မလဲဆိုတာ စိတ်ကူးဖဲရိုက်ရင်း စောင့်နေပါကြောင်း
ဟား.....တကယ်လန်းတယ်..။အဆုံးပိုင်းကို မျော့
နေမယ်....မမိုး..........
အစဖတ်လိုက် အလယ်လွတ်လိုက် အဆုံးမမှီလိုက်ပဲ ဖြစ်မှာစိုးတာ
ကိုယ်ကတောတိုးနေသူဆိုတော့လေ
း)
မီးမီးရယ်
ဂျက်လဲခလေးတယောက်တော့လိုချင်တယ်
တတ်နိုင်ရင်တော့ အမွာလေးပေါ့နော်....ဆုတောင်းပေးနော်
ညီမမိုးငွေ့ရေ လာအားပေးသွားတာ ကျေးဇူး... အစ်မလဲ ဘလော့ဂ်သံယောဇဉ်ကို ဖြတ်မရဘူး။ ပြန်ရေးဖြစ်အောင်တော့ ကြိုးစားပါအုံးမယ်။ ပြန်လဲရေးချင်သလို ဘလော့ဂ်တကာလည်ပြီးလဲ ဖတ်ချင်သေးတယ်။ အချိန်ရရင်ပေါ့။း)
ကြည်နူးစရာလေးဗျာ....
နောက်အပိုင်းကိုလည်း ဆက်လက်ပြီး
မျှော်နေပါ့မယ် ဆိုတဲ့အကြောင်း ။
မိခင်လောင်းက သူ့ ခင်ပွန်းသည်ပေါ်မှာ မေတ္တာ ပိုရင် ကလေးလေးက အဖေနဲ့ တူတယ်ပေါ့။ ဒါဆို ကလေးလေးက အမေနဲ့ တူရင် ဇနီးသည်ပေါ်မှာ ခင်ပွန်း သည်က မေတ္တာ ပိုတာပေါ့နော်...။
မိခင်လောင်းက ခင်ပွန်းသည်အပေါ်မှာ မေတ္တာ ပိုရင် ကလေးလေးက အဖေနဲ့ တူတာပေါ့..။ ဒါဆို ကလေးလေး က အမေနဲ့ တူရင် ခင်ပွန်းသည်က ဇနီးသည်အပေါ်မှာ မေတ္တာ ပိုတာပေါ့နော်...။
မိုက်တယ်...ဖေ့ဘုတ်က လင့်တွေ့လို့ ဖတ်လိုက်ရတာ
အရင်က ဘလော့ဂ်ရိုးလ်မတက်တာလား အဲ့ ရက်ပဲ မအားလို့ မမြင်တာလား မသိဘူး
ဟိုးး အစပါ သွားဖတ်လိုက်တယ်
မမိုး အိုင်းဒီယာဆန်းသစ်တယ်..နောက် စာရေးကောင်းတယ်
အဆုံးကို မျှော်နေမယ်...
ဟားးး ကောင်းလိုက်တဲ့ချစ်ခြင်းမေတ္တာဖွဲ့လေး
ခုမှဖတ်မိတယ် စောင့်မျှော်လျှက်ပါ မမရေ
အဆုံး ဖတ်ရဖို့ ဘယ်တော့များတင်မလဲဆိုပီး ခဏခဏလာကြည့်နေတာ
မြန်မြန်တင်ပေးပါလား
Post a Comment