ဘဝမှာ နေဝင်ချိန်အလှ Sunset ကို ရန်ကုန်မြို့လိုနေရာမျိုးမှာ နေ့စဉ်ရက်ဆက်ကြည့်ရလိမ့်မယ်လို့ မတွေးထားခဲ့ဖူးဘူး...။ များသောအားဖြင့် Sunset ကို ပင်လယ်ကမ်းခြေတို့ ပုဂံတို့လိုနေရာမှာပဲ တကူးတကန့်ရောက်တဲ့အခါ ကြည့်ရတာမဟုတ်လား...။ ခုတော့ stay home မှာ နေဝင်အလှကို ကျွန်မအခန်းကနေ ညနေ ၆နာရီ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းလုပ်ရင်း နေ့တိုင်းလိုလိုကြည့်ဖြစ်နေခဲ့တယ်...။ တနေ့တနေ့ အပြင်မသွားရတော့ အရင်လို ခြေလှမ်းထောင်နဲ့သောင်းနဲ့ချီ မလှုပ်ရှားရတော့ အိမ်မှာ လေ့ကျင့်ခန်းလေးလုပ်မှရမှာလေ...။ စားလိုက်အိပ်လိုက်နဲ့ ဆိုတော့ခန္ဓာကိုယ်မှာ အဆီပိုလာတဲ့နေရာ အဆီကျအောင် စိတ်အေးချမ်းမှုရအောင် ကိုယ်ခံအားအတွက် Booster ဖြစ်အောင်တော့ သွေးပူလေ့ကျင့်ခန်းလေး အရင်လုပ် squat ထိုင် leg workout လုပ် အလေးတုံးနဲနဲမ Yoga လည်းကစားလိုက်သေးတယ်...။ ကိုယ်လိုအပ်မယ့်အပိုင်းလေးတွေကိုပဲ ရွေးလုပ်လိုက်တယ်...။ ရာသီဉတုကလဲ အပူချိန်မြင့်တော့ ချွေးက စပါယ်ရှယ်ထွက်တာ...။ ကိုယ့်အသက်အရွယ်နဲ့ သိပ်ပြီး အပြင်းစားကြီးတွေ အခုန်များတဲ့ဟာတွေကို မကစားတော့ဘူး...။ ဖြေးဖြေးနဲ့ ချွေးလဲထွက်မယ့် ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းမျိုးဆို အိုကေပြီ...။ ပြီးတော့ နဲနဲနားတဲ့အချိန် နေဝင်တာကိုကြည့်ရင်း မျက်နှာလေ့ကျင့်ခန်းလေးဘာလေးလုပ်ဖြစ်တယ်....။
Covid-19 ကာလမှာ တကယ်အများဆုံးလုပ်ဖြစ်တာက သီချင်းနားထောင်တာ...။ Joox ကနေ အကြိုက်ဆုံးတွေကို ဒေါင်းပြီး Air pod နဲ့ အလုပ်လုပ်လဲနားထောင် ဟင်းချက်လဲနားထောင် ပန်းကန်ဆေးလဲနားထောင် မုန့်ဖုတ်လဲနားထောင် အဝတ်လျှော်လဲနားထောင် စာရေးလဲနားထောင်ပေါ့....။ ဟိုအရင် သီချင်းဟောင်းတွေအပြင် ခုခေတ်အသစ်ထွက်တဲ့ ကိုယ်မသိသေးတဲ့သီချင်းတွေပါ နားထောင်ဖြစ်နေတယ်...။ ကျွန်မက R&B ရူးသွပ်ပြီးရင် Popလဲ နားထောင်ဖြစ်သလို Rap နဲ့ Hip hop တို့လဲနားထောင် ခုခေတ် Hip hop သီချင်းကောင်းကောင်းလေးတွေ စာသား melody ကောင်းကောင်းတွေနဲ့ အဖွဲ့သစ်တွေအများကြီး သူတို့ထဲ ဝင်မွှေနှောက် ကိုယ်ကြိုက်တာလေးတွေ သိမ်းယူထား....။ Rock ဆိုလဲ ကိုလေးတို့ ကိုညီထွဋ်တို့နောက်ပိုင်းမှာ Wanted တို့ Idiot တို့အပြင် နောက်ပေါက်လေးတွေမှာ ဟန်နေတာက မဆိုးဘူး ...။ သူရဲ့ မိုးမခအိပ်မက်က တော်တော်ကောင်းတယ် ပေါက်လဲပေါက်တယ်....။ ပြီးတော့ နောက်တစ်ဖွဲ့ထပ်တွေ့တာ Born for you တဲ့ အဲအဖွဲ့က သီချင်းလေးတွေလည်း ကောင်းတယ်...။ ပြီးမှ သူတို့ သီချင်းလေးတွေတင်ပေးဉီးမယ်...။ အကောင်းဆုံး Hip hop တေးများထဲဝင်ကြည့်တော့ D-vision ဆိုတဲ့အဖွဲ့တွေ့တယ်...။ သူတို့သီချင်းတွေ ခုလောလောဆယ် နားထောင်ဖြစ်နေတယ်...။ အရှေ့ပိုင်းမှာ အဟောင်းထဲက ဟဲလေး ထက်ယံ သားသား ရဲလေး မျိုးကြီး အားတီ မိစန္ဒီ ပိုပိုရယ်... ထုံးစံအတိုင်းနားမထောင်မဖြစ် ကိုမျိုးကျော့သီချင်းတွေ နဲ့ ဘစိုင်းရဲ့ Goodbye ပြီးတော့ Snare နေဝင်းရဲ့ သံအိပ်မက် နားထောင်ဖြစ်တယ်...။ ဒါတွေက စိတ်ဝိဉာဉ်အတွက် အားဆေးပေါ့...။
ကိုယ်ခံအားကောင်းအောင် ဝိတ်လျှော့တာတို့ ကီတိုတို့ ဘာမှမလုပ်ဘူး တစ်နေ့ကို ထမင်းသုံးနှပ်ပြည့်အောင်စားတယ်....။ ရေများများသောက်တယ်... အသီးများများစားတယ်...။ ဒီနှစ်က စိန်တလုံးသရက်သီး ပေါခြင်းသောခြင်းပါဆို...။ ကျွန်မ စိန်တလုံးသရက်သီးနဲ့ မုန့်လုပ်ထားတာတွေ ပြီးမှတင်ပေးမယ်...။ အဲ ပြီးတော့ လေ့ကျင့်ခန်းပါတွဲလုပ်လို့လား ဘာလားတော့မသိဘူး ဝိတ်တော့ လုံးဝတက်မလာဘူး...။ ကျွန်မက ရေချိုးခန်းအဝမှာ ပေါင်ချိန်စက်ထားထားတာ နေ့တိုင်း မိုးလင်းတခါချိန် ညနေတခါချိန်တာ....။ ၁၃၇-၁၃၈ မှာပဲပြေးနေတယ်....။ အရင်ကမှ ၁၄၀ ကနေ ၁၄၆ ထိအများဆုံးတက်ဖူးတယ်....။ အခုက နေ့စဉ်ပုံမှန်လေးဖြစ်နေလို့ ခန္ဓာကိုယ်က balance ညီသွားတာထင်တယ်...။ အချိန်မှန်စား အချိန်မှန်အိပ်... အိပ်တာကတော့ အချိန်မှန်ဆိုတာ ညဉ့်နက်တယ် တခါတလေ မနက် ၂နာရီ ၃နာရီမှအိပ်ဖြစ်တယ်...။ နေ့လည်ထမင်းစားပြီး နှစ်နာရီလောက်ပြန်အိပ်ပေးတယ်...။ ဘာလို့လဲဆိုတော့ Stay Home ကာလမှာ အများဆုံးလုပ်ဖြစ်တာ သီချင်းနားထောင်ပြီးရင် ရုပ်ရှင်ကြည့်တာပဲ....။ Netflix ဝယ်ထည့်ထားတော့ ဇာတ်လမ်းတွဲတွေကို တခါတည်း အပြီး မိုးလင်းပေါက်ကြည့်တဲ့နေ့လဲရှိတာဆိုတော့...။ ကြည့်ဖြစ်တဲ့ ဇာတ်လမ်းတွေက အများကြီး ထိုင်းဇာတ်လမ်းတွဲ ကိုးရီးယားဇာတ်လမ်းတွဲ ကာတွန်းကားတွေ Bollywood ကားတွေ....။ အရင်ကဆို Horror တို့ Thriller တို့ ကြိုက်သေးတယ်....။ ခုတော့ ရီစရာမောစရာ ချစ်စရာကားလေးတွေကိုပဲကြည့်ချင်တော့တယ် စိတ်ခြောက်ခြားစရာ ထိတ်လန့်စရာ ပူဆွေးဝမ်းနည်းစရာကားတွေကို မကြည့်ချင်တော့ဘူး....။ ခုလောလောဆယ် အရမ်းအရမ်းကို Crazy ဖြစ်နေတာကတော့ THE KING: eternal monarch ဆိုတဲ့ လီမင်ဟိုအဓိကသရုပ်ဆောင်ထားတဲ့ ကိုးရီးယားဇာတ်လမ်းတွဲ....။ တစ်ပတ်မှာ သောကြာနဲ့စနေပဲလာတာ အဲဒါကို တစ်ပတ်တစ်ပတ်စောင့်ကြည့်ရတာအမောလေ....။ ကျွန်မကသာဒီကားလေးကိုကြိုက်နေတာ သူတို့နိုင်ငံမှာတော့ မင်းသားသရုပ်ဆောင်တာမကောင်းလို့ဆိုပြီး ကြည့်နှုန်းတောင်ကျတယ်တဲ့....။ ဇာတ်လမ်းလေးက ထူးထူးဆန်းဆန်းလေးနဲ့ မင်းသားက ဒီကားမှာ တအားကြီးကိုချောမောနေလို့ကြည့်တယ်ဆိုပါတော့...။ Single ဖြစ်ခြင်းရဲ့ အားသာချက်ကတော့ ကိုယ်ကြိုက်တဲ့သူကို ဘယ်သူ့မှ ဂရုစိုက်စရာမလိုဘဲ လွတ်လပ်စွာဖွန်ကြောင်နိုင်ပဲမဟုတ်လား ha ha....။ ဟုတ်တယ် လီမင်ဟိုက ဟိုတုန်းက F-4 ကားမှာဆို ငါးမြောက်ငါးခြောက်ရုပ်လေး ခုကားမှာကမှ ခန့်ညားထယ်ဝါတဲ့ ဘုရင်တပါးအဖြစ်သရုပ်ဆောင်ထားတာ တကယ်သန့်ပြန့်သပ်ရပ်ချောမောနေတာ အဟုတ်.....။ ကလေးဘဝတုန်းကတော့ ကျောင်းပိတ်ရက်အမြန်ရောက်ချင်လို့ အသက်ကြီးလာလို့ လုပ်ငန်းခွင်ထဲရောက်တော့ tgif ဖို့ သောကြာနေ့စောင့်ရတာ ခုတော့ အလုပ်မရှိပိတ်ရက်ရှည်မှာ ဘုရင်ကြီးကားကြည့်ဖို့ သောကြာနေ့ကိုထပ်စောင့်ရပြန်တယ်ပေါ့....။
မိုင်ဗီတာမင်တွေဆိုတာ သီချင်းနားထောင် ရုပ်ရှင်ကြည့် စာအုပ်ဖတ် ချစ်ခင်သောသူများနဲ့အွန်လိုင်းစကားပြောခြင်းတွေပေါ့.....။ စာအုပ်ကလည်း အဟောင်းတွေထဲက ဖတ်ပြီးသားတွေပြန်ဖတ်ဖြစ်တယ်...။ အသစ်က ဘာမှသိပ်မဝယ်ထားဖြစ် ဖတ်ချင်တဲ့စာအုပ်လဲသိပ်မတွေ့တော့လေ...။ The Dark ဆိုတဲ့စာအုပ်ကို အင်းဝမှာ ကိုင်လိုက်ချလိုက်နဲ့ မဝယ်ဖြစ်ခဲ့ဘူး....။ အဲစာအုပ်က တချိန်က အမေရိကားမှာ အယူလွဲ လူတွေကို ယဇ်ပူဇော်တဲ့ နဲနဲကြမ်းတဲ့ ဇာတ်လမ်းမျိုး....။ Rate တောင်သတ်မှတ်ထားသေးတယ်....။ ပြီးတော့ ဒီ Covid-19 ဗိုင်းရပ်ပြီးရင် (ဘယ်တော့ပြီးမလဲတော့မသိဘူးပေါ့) အလုပ်ပြန်လုပ်ဖို့ Plan တွေဆွဲ ဆိုင်ခွဲထပ်ဖွင့်ဖို့အတွက် ဆိုင် Deco တွေ ဆွဲခိုင်းထားတာကို ပြန်စစ် Product ပုံတွေရိုက် ဆိုင်မဖွင့်သေးပေမယ့် အွန်လိုင်းနဲ့ရောင်းနေတာမို့ အော်ဒါရှိရင် ပါဆယ်ပြေးထုပ် delivery ပို့ဖို့လုပ်ရ...။ ဆိုင်အသစ်ကျရင်တော့ အဝတ်အစားတွေပါထည့်မယ်....။ မုန့်တွေပါမယ် Home made Home bake မုန့်တွေပေါ့...။ အော်ဂဲနစ်အစာတွေပေါ့...။ ဒီကိုးဗစ်ပြီးရင် လူတော်တော်များများက အိမ်တွင်းအောင်း စားလိုက်အိပ်လိုက်ဆိုတော့ ဝိတ်တက်လာမယ့်သူတွေအတွက် gym တို့ yoga တို့ဆော့ရင်ဝတ်ဖို့အတွက် outfit မိုက်မိုက်လေးတွေရောင်းမယ်လေ....။ နှစ်ကုန်ခါနီး မလေးက သူငယ်ချင်းနဲ့လဲ ဆိုင်တစ်ခုလုပ်ဖို့ရှိတယ်...။ အဲမှာလဲ အော်ဂဲနစ်နဲ့ ကီတိုလို Healthy Food တွေကို အဓိကထားရောင်းမယ်....။ နောက် အချိုပွဲလေးတွေရောင်းမယ်...။ အဲဒါလုပ်ဖို့ မလေး KB မှာ မုန့်လုပ်သင်ဖို့ သွားလေ့လာရမှာကို ဒီဗိုင်းရပ်စ်ဝင်နှောက်တော့ အစီစဉ်တွေပျက်ကုန်တယ်....။ ဒီနှစ်ဘာမှမလုပ်ဖြစ်တောင် နောက်နှစ်တော့ အလုပ်တွေအများကြီးလုပ်ရမယ် သေချာလုပ်ရမယ်...။ ဒါက သူငယ်ချင်းတွေနဲ့ပေါင်းလုပ်မယ့် business နောက်တစ်ခု Commune Wear နဲ့မဆိုင်ဘူး....။ ဆိုင်မှာဘာပဲလုပ်လုပ် update တင်ပါ့မယ် လာအားပေးကြဉီးနော်....။
Instagram story မှာပုံတင်တော့ ညီမတစ်ယောက်ကလာမေးတယ် အစ်မက အသက်လေးဆယ်ကျော်နေပြီ ဘာလို့ မျက်နှာမှာအရေးအကြောင်းတွေမရှိသေးတာလဲတဲ့...။ ကျွန်မလည်း ဘာမှသိပ်ပြီးထွေထွေထူးထူးမလုပ်ပါဘူး ဆိုင်မှာ Facial တောင် တစ်နှစ်လုံးနေမှ နှစ်ခါသွားမလုပ်ဖြစ်ဘူး....။ သူများတွေလို မျက်နှာ ကြိုးထိုးတာတို့ ဘာတို့ဆိုပိုဆိုး အသားတော့အနာမခံနိုင်ဘူး ....။ အိမ်မှာ မျက်နှာကိုတော့သေချာသစ်တယ် စိတ်ကိုကြည်လင်အောင် ရှင်းအောင်အမြဲထားတယ်....။ မျက်နှာသစ်ပြီးရင် toner နဲ့သေချာသုတ်တယ် ရေဓါတ်များများပါတဲ့ နို့ရည်လိမ်းတယ် Sleeping mask ကိုတော့ တစ်နေ့ခြားတခါပဲလိမ်းတယ်...။ ပြီးတော့ Blogger ဝင်းမင်းသန်း အော်ဇီကပြန်လာလို့ လက်ဆောင်ပေးထားတဲ့ နှုတ်ခမ်းအဆီလေးလိမ်းတယ်... ဒါပါပဲ ...။ တစ်ပတ်နှစ်ခါ mask ကပ်ပေးတယ်....။ အဓိက အိုမင်းရင့်ရောမှုကို လျော့ကျစေတာကတော့ စိတ်ပါပဲ...။ ငယ်စဉ်ကာလ လူမှန်းသိတတ်စအရွယ်ကတည်းက ခုချိန်ထိ ဘယ်သူ့ကိုမှ မစ္ဆိရိယစိတ်မထားခဲ့ဖူးဘူး စိတ်ကိုအမြဲရှင်းအောင်ထားတယ် စိတ်ရှုပ်စရာတွေကို အကြာကြီးမသိမ်းထားတတ်ဘူး အဲဒါကြောင့် မျက်နှာကြည်လင်တယ်ထင်တာပဲ...။ နုပျိုတယ်ဆိုတာ တကယ်တော့မဟုတ်ဘူး သူ့အသက်အရွယ် သူ့ရုပ်ရည်နဲ့သူတော့ ရှိကြတာပဲ...။ ဘယ်လိုပဲပြောပြော ကိုယ့်အသက်ကိုတော့ ဘယ်တော့မှမမေ့ဘူး...။ ဘဝဆိုတာ အချိန်ကတိုတိုကလေးရယ်...။ အခု အသက်၄၅နှစ်ကျော်သွားပြီ နောက်ဆုံးကိုယ့်သက်တမ်းဟာ ၆၀-၆၅ ပဲနေရမယ်ဆို နောက် ၁၅နှစ် နှစ်၂၀ပဲ ခဏလေးပဲနော်တေွးကြည့်တာနဲ့....။ အဲလိုအချိန်တိုတိုလေးမှာ စိတ်ချမ်းသာစရာတွေနဲ့ပဲ ကုန်ဆုံးချင်တယ်...။ ဘယ်သူ့မှမထိခိုက်ရင် ကိုယ်လုပ်ချင်တဲ့ အရာမှန်သမျှကို လုပ်လိုက်တာပဲ...။ ဒါမှလူဖြစ်ရတာ ထိုက်တန်တယ်လို့ ကျွန်မကတော့ ယူဆတယ်.... ။ လူဆိုတာ ဘယ်ချိန်ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ ကြိုမသိနိုင်ဘူး...။ ပြောစရာရှိတာ လုပ်စရာရှိတာ မတွန့်ဆုတ် မတွေဝေဘဲလုပ်လိုက်တာကောင်းတယ်...။ အဲလိုပဲခံယူဖြစ်သွားတယ်ပေါ့ ဒီအသက်အရွယ်ရောက်တဲ့အချိန်မှာ...။
အရေးကြီးဆုံးက တရားဘာဝနာပွားဖို့ကိုတော့ မမေ့ကြပါနဲ့လို့... သေရင်ဒါပဲပါမှာလေ....။ ကုသိုလ်ကောင်းမှုလုပ်တာက နောင်ဘဝကောင်းဖို့ ဘာဝနာပွားတာကတော့ နိဗ္ဗာန်ကိုရောက်ဖို့....။ တစ်ရက်ကို အနည်းဆုံး မအိပ်ခင် ၁၀မိနစ်လောက်တော့ တရားထိုင်ကျင့်ထားပါ ခုချိန်ကစလိုက်ပါ နောက်မကျသေးပါဘူး....။ စိတ်ရဲ့ငြိမ်းချမ်းမှုအရသာကို အဲချိန်မှာပဲရတာ....။ စစချင်းတော့ ကိုယ့်စိတ်ကိုမိအောင်ဖမ်းရတာ တော်တော်တော့ ခက်ခဲပင်ပန်းလိမ့်မယ်....။ တဖြေးဖြေးတော့ ကျင့်သားရသွားမှာပါ....။ ကျွန်မ အခု ဆရာဒေါက်တာဉီးစိန်လင်းရဲ့ ရွှေစင်မြင်းမိုရ်အဘိဓမ္မာ စာအုပ်ထဲက စိတ်အကြောင်းဖတ်နေတယ်...။ ကျွန်မသိသလောက် နားလည်သလောက်ပြန်ပြီး Apply လုပ်ပါ့မယ်...။ ဝါတွင်းသုံးလကျရင် ကျွန်မဒီပို့စ်တွေပဲတင်ဖြစ်သွားမှာပါ...။ You Tube ကနေလဲ ဆရာမဒေါ်ခင်လှတင်ရဲ့ ပို့ချမှုတွေကို လိုက်နားထောင်ပြီးသင်ယူနေပါတယ်...။
စာတော်တော်ရှည်သွားပြီ ဒီလောက်ပဲ... stay home မှာ ကျွန်မရဲ့ ဗီတာမင်တွေကတော့ ဒါတွေပါပဲလို့ Simply is the best တဲ့ ရိုးစင်ပြီးယျေဘူယျဆန်ပေမယ့် ကျွန်မလုပ်ဖြစ်ခဲ့တာလေးတွေကို ပြန်လည်မျှဝေတာပါ ....:)
မိုးငွေ့
1 comment:
မိုးငွေ့အိမ်ကိုနေရာခန့်မှန်းကြည့်နေတာ..
ရန်ကုန်မှာအကြာကြီးနေခဲ့ဖူးပေမဲ့
နေရာတွေသိပ်မမှတ်မိချင်တော့ဘူး...
အေးဆေးတည်ငြိမ်တဲ့ဘဝလေးနော့်..
နောက်တခါပြန်လာခါနီး
သေချာအောင်လုပ်ပြီး..
ဖိနပ်ကိုလာအားပေးမယ်နော့်
Post a Comment