နွေဦးဟာ လေရူးတွေတိုက်တတ်တဲ့ ရာသီတဲ့….။ ကိုယ်ကတော့ လေရူးတွေမတိုက်လည်း… အမြဲရူးနေသူတစ်ယောက်ပါလေ…။ တကယ်တော့ နွေဦးဟာ သိပ်လှပါတယ်….။ လက်ကျန် သစ်ရွက်မီးရှို့နံ့လေးတွေရနေတတ်ပြီး အဖူးအစို့လေးတွေနဲ့ပွင့်လာတော့မယ့် ပန်းကလေးတွေကို အပင်မှာမြင်ရမယ့် အချိန်မျိုးပေါ့…။ ပန်းကလေးတွေဟာ သူ့ရာသီစက်ဝိုင်းအတိုင်း ဖူးကြပွင့်ကြကြွေကြပေမယ့်… ကိုယ်ရဲ့ ရာသီစက်ဝိုင်းတိုင်း မင်းအပေါ်ထားတဲ့ ခံစားမှုကတော့ တသတ်မတ်ထဲပါပဲ…။ နွေဦးရောက်တိုင်း မင်းနဲ့စတွေ့ခဲ့တဲ့ နှစ်ပတ်လည်မို့ ကိုယ့်အတွက် အမှတ်ရစရာတွေက ဘယ်တော့မှ ဆုံးခန်းတိုင်မှာ မဟုတ်ပါဘူး..။
လက်ကျန်မြူငွေ့တွေဟာ နေခြည်နုနုအောက်မှာ ပျောက်ကွယ်မသွားအောင်ကြိုးစားနေရင်းက
ပျောက်ကွယ်သွားခဲ့ကြရတယ်…။ နွေဦးလေ ခပ်အေးအေးတိုက်ခတ်လာတဲ့အခါ… မင်းနဲ့ပတ်သက်တဲ့ အတိတ်က ရနံ့တချို့ကို အမြဲသယ်ဆောင်လာတတ်တယ်…။ အဲဒီရနံ့တွေကို ဖမ်းဆုပ်ပြီး ပုလင်းတစ်ခုထဲထည့် ပင်လယ်ကြီးထဲကို ကိုယ်မျောပစ်လိုက်မယ်….။ ပုလင်းလေးဟာ ဟိုးးး မိုးကုတ်စက်ဝိုင်းထိမျောချင် မျောသွားလိမ့်မယ်… ပင်လယ်ကြမ်းပြင်အောက်ကို မြှုပ်ချင်မြှုပ်သွားလိမ့်မယ် ဒါမှမဟုတ်လည်း ကမ်းတခုခုကို ကပ်ချင်ကပ်သွားလိမ့်မယ်…။ အဲဒီပုလင်းလေးထဲမှာ ကိုယ့်စိတ်ဝိဉာဉ်တွေပါထည့်ပေးလိုက်မယ်..။
ကိုယ့်အတွက် နွေဦးဟာ… ကိုယ့်အသက် လေးဆယ်... ငါးဆယ်... ခြောက်ဆယ်… ကိုယ်သေလွန်ပြီးတဲ့အထိ အမှတ်ရနေစေဦးမှာပဲလေ…။
မိုးငွေ့