သင်္ကြန်နီးတာရယ် လျှော့ဈေးပစ္စည်းတွေရယ်ကြောင့်... ရှော့ပင်းမောတွေတိုင်း လူကြီးလူငယ်ဈေးဝယ်သူတွေ ပျားပန်းခတ်သလိုပဲ များပြားလွန်းလှပါတယ်...။ အဲအထဲမှာ ကိုယ်ကတော့ သင်္ကြန်ရေပက်ခံထွက်ဖို့ မဏ္ဍတ်ထိုင်ဖို့ အဝတ်အစား အသုံးဆောင်လာဝယ်သူမဟုတ်ဘဲ..ကိုယ်ကြိုက်တဲ့ ဖန်စီပစ္စည်းသေးသေးမွှားမွှားလေးတွေကို လာလျှောက်ကြည့်နေတဲ့ သူတစ်ယောက်ပါ...။ စင်္ကြန်သွားလမ်းပေါ်က ဖန်စီဆိုင်တစ်ဆိုင်ကို ကိုယ်ဝင်ကြည့်လိုက်တယ်...။ ဖုန်းဟမ်းဆက်အပေါက်တွေမှာ ထိုးထည့်ရတဲ့ အရုပ်ကလေးတွေမျိုးစုံ ကလစ် မျက်မှန် နားဆွဲ လက်စွပ် မျိုးကိုစုံလို့ပါပဲ...။ အိန်ဂျယ်တောင်ပံလေးတစ်စုံနဲ့ ဆက်လျက်လက်စွပ်လေး တစ်ကွင်းကိုတွေ့လိုက်ရတယ်..။ လက်စွပ်က တစ်ကွင်းမဟုတ်ဘူး နှစ်ကွင်းတွဲလေး လက်ခလယ်နဲ့လက်သန်းကြွယ်မှာ ဝတ်ရတဲ့လက်စွပ်မျိုး...။ အတောင်ပံလေးက ရွှေအိုရောင်ကလေး ဗင်းဒေ့ချ်ဒီဇိုင်းလေး ...။ ကိုယ်ယူကြည့်မယ်ဆိုပြီးလက်နဲ့အလှမ်းမှာ အဲလက်စွပ်ကို ကိုယ်လက်နဲ့ပြိုင်တူလှမ်းယူနေတဲ့ အသားဖြူသန့်သန့် ယောက်ျားလက်တစ်ဖက်...။ လက်စွပ်လေးက ကိုယ်လက်ထဲကိုရော သူ့လက်ထဲကိုမရောက်သေးပါဘူး ကိုယ်နဲ့ အဲဒီလက်တစ်ဖက်က လက်စွပ်နားရောက်ခါနီးမှာ တန့်သွားကြတာ...။ ဘယ်ချိန်ကတည်းက ကိုယ့်နားရောက်လာပြီး ဒီလက်စွပ်ကိုလှမ်းယူဖို့လုပ်နေမှန်း မသိတဲ့သူကို ကိုယ်လှည့်ကြည့်လိုက်တယ်...။ ကိုယ့်ကိုကြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ ပက်ပင်းတိုးမိတယ်...။ မျက်ခုံးထူထူနက်နက် အသားကြည်စင်နေတဲ့ ကောင်လေး... ။ မျက်ဆံတွေက အညိုရောင်လေးတွေ... ။ ကြည့်စမ်းဘာကြောင့်များ ဒီလောက်တောင်တိုက်ဆိုင်ရသလဲ...။ သူ့မှာ အိန်ဂျယ်နဲ့တော်တော်လေးကို ဆင်တူတဲ့ နှုတ်ခမ်းတစ်စုံလည်းရှိနေတယ်...။ ကိုယ့်လက်ဖျားခြေဖျားတွေ ချက်ချင်း အေးစက်သွားကြတယ်..။ ဒါပေမယ့် သူက အိန်ဂျယ့်ထက်တော့ ပိုငယ်လိမ့်မယ်...။ ဘာကြောင့်မှန်းမသိ ကိုယ်အဲလက်စွပ်ကို မကြည့်ဖြစ်တော့ဘဲ တခြားကလစ်တွေကို လျှောက်ကိုင်ကြည့်နေမိတယ်...။ သူ့ကို ကိုယ်ဦးစားပေးလိုက်တယ်ဆိုပါတော့...။ လက်စွပ်လေးက ခြောက်ထောင်ငါးရာတဲ့ အမှန်တော့ အဲလက်စွပ်လေးက ယောကျာ်းဝတ်တော့မဟုတ်ဘူး။ ဒါပေမယ့် သူ့ကောင်မလေးအတွက်ဝယ်ပေးချင်လို့လည်းဖြစ်နိုင်တာပဲလေ...။
ကိုယ်တခြားပစ္စည်းကိုလျှောက်ကြည့်နေချိန်မှာ သူက... “အစ်မလည်း ဒီလက်စွပ်ကိုဝယ်မှာလား”တဲ့..။ အရောင်းကောင်မလေးက ကိုယ်တို့ကိုကြည့်ပြီး.. အဲဒါတစ်ခုပဲကျန်တော့တယ်လို့ပြောတယ်...။
“ကိုယ်မဝယ်ပါဘူး သဘောကျလို့ ကိုင်ကြည့်မယ်လုပ်တော့ မင်းလက်နဲ့ဆုံသွားတာ..”
ကောင်လေးက လက်စွပ်လေးကို ခပ်စိုက်စိုက်တချက်ကြည့်ပြီး ကိုယ့်ဖက်ကိုယ်လှည့်လာပြန်တယ်...။
“အမှန်တော့ ကျွန်တော်ဝတ်ဖို့ဝယ်တာမဟုတ်ပါဘူး”လို့ ကိုယ်မမေးဘဲ လာရှင်းပြနေတယ်...။
ကိုယ်သူ့ကို ဘာအဓိပ္ပါယ်လည်းဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်တော့…။ “ကျွန်တော့်ဝမ်းကွဲအစ်ကိုတစ်ယောက်က အဲလို အိန်ဂျယ်အတောင်ပံတွေပါတဲ့ ဖန်ဆီပစ္စည်းတော်တော် များများကို စုတတ်တာသိလို့ သူ့ကိုသတိရပြီး ဝယ်ပေးမလို့ပါ…”တဲ့…။ ကိုယ်မသိတဲ့ သူ့အစ်ကိုဝမ်းကွဲဆိုသူဟာ ဘာကြောင့်အိန်ဂျယ်တောင်ပံပါတဲ့ ပစ္စည်းတွေကိုစုသလဲလို့ ကိုယ်မစပ်စုမိတော့ပါ…။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုလို့ပဲလက်ခံပါ…လို့ ကိုယ့်ကိုယ်ကို ဖြောင်းဖြပြီး ကော်ဖီသောက်ဖို့ တတိယအလွှာကို တက်ခဲ့လိုက်တော့တယ်…။
သောက်နေကျ ကော်ဖီဆိုင်မဟုတ်လို့ Latte မမှာတော့ဘဲ အမေရီကန်နိုပဲမှာသောက်လိုက်တယ်….။ မင်းရော ကော်ဖီသောက်တိုင်း ကိုယ့်ကိုသတိရလွမ်းတနေတတ်လား အိန်ဂျယ်…။ အထူးသဖြင့် အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်တစ်ခွက် မင်းရှေ့မှာရှိနေတဲ့အခါမျိုးပေါ့….။
မိုးငွေ့
No comments:
Post a Comment