Tuesday, 28 January 2020

မိုးရွာခြင်းအနုပညာ စ-ဆုံး.....



ခရေတွန်ရဲ့ ကဗျာငယ်လေးတွေကို မဖတ်ခင် ကျွန်မတို့ဘယ်လို ခင်မင်ရင်းနှီးခဲ့တယ်ဆိုတဲ့ အကြောင်းလေး နည်းနည်းပြောပြချင်ပါတယ်...။ ဟိုတုန်းက ဘလော့လောကကြီး စည်ကားသိုက်မြိုက်ခဲ့တုန်းက ဘလော့ဂါတွေဟာ ဘလော့ရိုးလ်မှာရှိတဲ့ စီပုံးလို့ခေါ်ကြတဲ့ (Chat Box) မှာတင် စကားပြောအာလူးဖုတ်ခဲ့ကြတာမဟုတ်ဘူး ဖေ့စ်ဘုတ်မှာလည်း တရုန်းရုန်းရှိခဲ့ကြတာ....။ ဘလော့မှာသာ အခု ခြောက်ကပ်သွားတာ ဖဘမှာတော့ ခုချိန်ထိ စည်ကားနေကြဦးမယ်ထင်ပါတယ်....။ ကျွန်မကသာ ဖဘမသုံးတော့လို့ မသိရတာလေ...။ အဲချိန်တုန်းက ကျော်ကျော်လို့လည်းခေါ်ကြတဲ့ ခရေတွန်ဟိန်းကို သားတွန်  တွန်တွန် သားသား စသဖြင့် ချစ်စနိုးခေါ်ကြတယ်သူ့ကို....။ ဘလော့ဂါတွေထဲမှာ အသက်အငယ်ဆုံးဖြစ်နေတာလည်းပါတာပေါ့...။ အဲတုန်းက သားတွန်က အန်တီတွေ ၊ဦးလေးတွေ၊ ဘကြီးတွေတိုင်းရဲ့ မွေးစားသားလေးတစ်ယောက်ဆိုပါတော့...။ အဲဒီထဲမှာ ကျွန်မလည်း သားတွန်ရဲ့ မေမေတစ်ယောက်ဖြစ်ခဲ့ပါတယ်...။ ခုတော့ သားသားနဲ့က ဖဘမသုံးတော့လို့ အဆက်သွယ်ပြတ်သွားခဲ့တာ...။ သားတွန်က စာသိပ်တော်တဲ့အပြင် အနုပညာမှာလည်း ခေသူလေးမဟုတ် ကဗျာလှလှလေးတွေ အက်ဆေးလေးတွေရေးတာ သိပ်....ကောင်းတယ်...။ ခုချိန်ထိလည်း သူကျောင်းမှာလေ့လာသင်ယူနေတဲ့ စိတ်ပညာပိုင်းဆိုင်ရာဗဟုသုတ ဆောင်းပါးလေးတွေကို မကြာမကြာတင်ပေးတတ်တယ်...။ ခုတင်ပေးတဲ့ ကဗျာငယ်လေးတွေက သားတွန်ရဲ့ ဘလော့မှာတင်မထားဘူးလို့ထင်တယ် ဖဘသုံးနေစဉ်တုန်းက သူ့ Notes ထဲကနေ ကျွန်မခွင့်တောင်းပြီးကူးယူထားခဲ့တဲ့ ကဗျာလေးတွေပါ...။ ကျွန်မက ကဗျာကို ဟုတ်တိပတ်တိမရေးတတ်ပေမယ့် သူများရေးတဲ့ ကဗျာလေးတွေကိုတော့ ချစ်တယ်...။

သားတွန်ရဲ့ မွေးစားဖခင် နဲ့ မိခင်တွေထဲမှာ ကျွန်မရဲ့ အစ်ကိုကြီး ကိုအောင်သာငယ်နဲ့ အစ်မCKA (ချစ်ကြည်အေး) လည်းပါတယ်...။ ကိုကြီးငယ်က ကျွန်မနဲ့ မွေးနေ့တူ အစ်ကိုတစ်ယောက်ပါ...။ အဲတုန်းက ဖဘမှာ ကျွန်မနဲ့မွေးနေ့တူတဲ့သူတွေက ကိုကြီးငယ်ရယ် ခေါင်ခေါင်ရယ် တင်ထက်ဗိုရယ် နောက်ထပ် ညီမလေးတစ်ယောက်က ပေါက်စီ....။ မွေးနေ့ရောက်တိုင်း ကျွန်မတို့မွေးနေ့တူ မောင်နှမတွေ Wish တွေလုပ်ကြ နှုတ်ဆက်ကြနဲ့ ပျော်စရာကြီးပေါ့...။ အစ်မချစ်က မွေးနေ့တူမဟုတ်ပေမယ့် ရာသီခွင်တူတဲ့ အစ်မအရင်းတစ်ယောက်လိုချစ်ခင်ရတဲ့ အစ်မတစ်ယောက်ပါ...။ ဒီအကြောင်းလေးကတော့ သားတွန်နဲ့ဆက်စပ်လို့ပြောပြရုံသက်သက်ပါ...။ သားတွန်စာတေွပြန်ဖတ်ချင်သူများအတွက် ဟောဒီမှာ Kind to Earth လင့်ချပေးထားပါတယ်....။




မိုးရွာခြင်းအနုပညာ(၁)


သိမ့်ကြည်တဲ့ရသ
လှလှကလေးမှောက်ချလို့
မြေပြင်ပေါ်ခြေအကျဝယ်
တမ်းတမဆုံး....။      ။ (Craton)


အဲတုန်းကရာသက်ပန် စာဖတ်သူလေးရဲ့မှတ်ချက်ကတော့ ဒီလို

အနှိုင်းမဲ့  said (4.6.2016)
လှလိုက်တဲ့ ကဗျာ



မိုးရွာခြင်းအနုပညာ(၂)


ဖျောက်ဆိတ်ဆိတ်ညနေ
မှိုင်းခိုရီ ပြာသီလို့ဝေ
ရာသီပီတဲ့လေ....
မိုးစက်ငယ်ထွေးသန်း
စကားဖြူငယ်စွင့်ကာလန်း
ပွင့်လွှာငယ်ငယ်ချမ်း....။       ။ (Craton)


အဲတုန်းကရာသက်ပန် စာဖတ်သူလေးရဲ့မှတ်ချက်ကတော့ ဒီလို

အနှိုင်းမဲ့  said (4.6.2016)
စကားလုံးတွေအရမ်းလှတယ်...




မိုးရွာခြင်းအနုပညာ(၃)


ကျွန်မကိုမိုးပေးဖို့ရာ ပိန်းကြာရွက်ကြီး သူသွားခူးသည်
စောင့်နေသောကျွန်မသည် မိုးရွှဲရွှဲစိုလေ၏
ပိန်းကြာရွက်ပါလာသည်ဖြစ်စေ မပါလာသည်ဖြစ်စေ
ကျွန်မမိုးစိုများသည်ဖြစ်စေ နည်းသည်ဖြစ်စေ
"ကျွန်မအတွက်"ဟူသော အသိစိတ်ကလေးကို နင့်နေအောင်ချစ်သည်....။    ။ (Craton)




မိုးရွာခြင်းအနုပညာ(၄)


သူ့နှုတ်ခမ်းတွေ မြင်လိုက်ရုံနဲ့တင် မိုးတွေတိတ်သွားတယ်...
စံပယ်ပန်းနံ့ နှုတ်ခမ်းဆီလေးဆိုးလို့.....။     ။ (Craton)




မိုးရွာခြင်းအနုပညာ(၅)


ချမ်းတယ်...
ရေကျသံဟာ နှလုံးသားနှစ်ခုအတွက် အဖော်ဖြစ်တယ်...
တဲအိုပျက်မှာ ထမင်းရည်သောက်စရာတော့မလိုဘူး
ဒါပေမယ့် အခန်းကျဉ်းကလေးဟာ မှိန်မှိန်လေးပျော်နေတယ်...
စောင်နှစ်ထည် လူနှစ်ယောက်
မိုးခြိမ်းတဲ့ အချစ်ညတွေ.....။     ။ (Craton)




မိုးရွာခြင်းအနုပညာ(၆)


ပတ်ဝန်းကျင်ဟာ ချဉ်ပြီးစပ်တယ်...
လူတွေနဲ့ဝေးရာ
ငါ့သီးခြား ကမ္ဘာလေးဆီ......။     ။(Craton)




မိုးရွာခြင်းအနုပညာ(၇)


စောင့်နေသောအဝေးပြေးလမ်းမများကို ရွာချလိုက်သည်
အိတ်တစ်လုံး ကိုယ်တစ်ခုနှင့် မျှော်လင့်ချက်တစ်လိတ်
တိတ်တိတ်ပုန်းဗွက်များသည် ခုမှ သူတလူငါတမင်း ထလာကြ၏
မြေသင်းနံ့ရှူနေသည်ကိုက ယားကျိကျိဖြစ်သည်
စောင့်နေသည့်အရာလာမည်လော
မိုးတိတ်မည်လော
တစ်ခုမှဖြစ်မလာလည်းရပါသည်
အရာရာတိုင်းသည် တခါတရံရုပ်ဆိုးကြသည်လော......။      ။ (Craton)




မိုးရွာခြင်းအနုပညာ(၈)


ညဟာ .. သွက်ချာပါဒလိုက်ရင်း တုန်တုန်ယင်ယင်နဲ့ငိုပြီး
လနတ်သမီးကို တိမ်မည်းတွေ သွေးဆောင်ပြန်ပေးဆွဲသွားတယ်လို့
လင်းနို့တွေ ဇီးကွက်တွေက ကွေးကွေးလေး အိပ်မက်မက်ကြရဲ့
နွေဦးမိုးဟာ ဒီလိုနဲ့ပဲ အငိုမတိတ်တော့ဘူး.....။     ။(Craton)




မိုးရွာခြင်းအနုပညာ(၉)


မေမေက ပန်းပွင့်စိပ်ဖဲထီးလေးကို ဖွင့်လှန်းတဲ့အခါ
ကျွန်တော်က ဖတ်လက်စ ဝတ္ထုစာအုပ်ကိုချရင်း မေမေ့ကိုလှမ်းကြည့်တယ်
ဈေးမှာ မုန့်စိမ်းပေါင်း ကုန်ပြီ သားရဲ့...နက်ဖန်မှ စောစောသွားပေးမယ်နော်
နှုတ်ခမ်းကိုအစွမ်းကုန်စူပြီး ကျွန်တော် အိမ်နောက်ဖေးထွက်သွားလိုက်တယ်
လျှပ်စီးလက်လိုက်တဲ့ခဏ မေမေ့ပါးပြင်ပေါ်က အပြုံးနဲ့ကျွန်တော်လွဲခဲ့တယ်....။      ။(Craton)


မိုးငွေ့

Sunday, 19 January 2020

အဖွားလုံ.....



ချောင်းစပ်နားမေးတင်ဆောက်ထားတဲ့ တက်ကဲမိုးဝါးလုံးခြေတံရှည်အိမ်လေးထဲမှာ အဖွားလုံတို့သားအမိနှစ်ယောက်အတူနေကြတယ်...။ ခြေတံရှည် အိမ်လေးပေါ်တက်ဖို့ ဝါးလှေခါးရင်းရဲ့မနီးမဝေးမှာ လုံးပတ်ကြီးကြီး လက်ပံပင်ကြီးရှိတယ်....။ နွေဦးရောက်ပြီဆို အပင်ပေါ်မော့ကြည့်လိုက် လက်ပံပွင့်တွေ နီရဲနေတာများဆို...။ အိမ့်အောက်ခြေပတ်ပတ်လည် မြေသလင်းပြင်က မြေနီမြေဝါမို့ မာကျစ်ပြီး အဖွားလုံသမီးက ခြံစည်းရိုးပင်ရိုးတွေနဲ့လုပ်ထားတဲ့ တံမြက်စည်းနဲ့လှည်းထားတာ အမှိုက်တစ်စ ခဲတစ်လုံးမရှိအောင် ပြောင်နေရော....။

အဖွားလုံကို ကျွန်မက ရှမ်းလို "မယ်ထောက်လုံ"လို့ခေါ်တယ်....။ မယ်ထောက်ဆိုတာ ရှမ်းလို အဖွားလို့ အဓိပ္ပါယ်ရတယ်....။ ကျောင်းအားရက်နဲ့ ကျောင်းအားချိန်တွေဆို ကျွန်မက အဖွားလုံအိမ်သွားသွား လည်တတ်တယ်....။ အဖွားလုံက ကွမ်းစားတော့ သွားတွေဆို မဲနေပြီ....။ အဖွားလုံကွမ်းယာတာကို ထိုင်ကြည့်ရတာ သိပ်စိတ်ဝင်စားဖို့ကောင်းတယ်....။ ကလေးဆိုတော့ ဘာရယ်မဟုတ် အိုးပုတ်ကစားသလိုပဲ စိတ်ထဲ ခံစားပြီး ကြည့်တာ....။ အဖွားလုံက ကွမ်းအစ်ကြီးကို အရှေ့ချ ကွမ်းရွက်ကို လက်ဝါးပေါ်ဖြန့် ထုံးထည့် ရှားစေးကျတော့ ကွမ်းယာဆိုင်ကလို အရည်နဲ့မဟုတ်ဘူး ....။ ကျွန်မတို့အိမ်မှာရောင်းတဲ့ ရှားစေးက အလုံးလေးတွေလုပ်ထားတာ...။ အဖွားလုံက ရှားစေခဲလေးတွေဖြစ်အောင် သေးသေးစိပ်စိပ်လေးတွေလုပ်ထားတာထည့် ကွမ်းသီးညှပ်ထားတာလေးတွေထည့်ပြီး ပါးစပ်ထဲထည့်ဝါးလိုက်တာ....။ ကွမ်းတွေဝါးပြီးလို့ ကုန်ပြီဆို အမျှင်လေးတွေလုပ်ထားတဲ့ ဆေးရွက်ကြီးကို လက်မနဲ့ လက်ညှိုးမှာညှပ်ပြီး သွားတွေကို တိုက်နေတော့တာ....။ ဘာအတွက် အဲလိုလုပ်ရတယ်ဆိုတာ ကျွန်မနားမလည်ခဲ့ဘူး...။ အဖွားလုံသွားတွေကတော့ မဲပြောင်လို့ရယ်....။

အဖွားလုံရဲ့ မီးဖိုချောင်နဲ့ ရှမ်းဟင်းလေးတွေအကြောင်းလဲ နဲနဲပြောပြချင်သေးတယ်....။ အဖွားလုံတို့မီးဖိုက သစ်လုံအခြမ်းတွေကို လေးဒေါင့်စပ်စပ် အကာအရံလုပ်ထားပြီး အထဲမှာ မြေနီတွေကို ဖြန့်ခင်း အဲဒီပေါ်မှာမှ အုတ်ခဲတွေနဲ့ သုံးမြှောင့်ပုံ ဖိုခနောက်လုပ်ပြီး ထင်းမီးနဲ့ ကောက်ညှင်းပေါင်း ဟင်းတွေချက်ကြတာ...။ ထင်းမီးခိုးတွေကြောင့် မျက်နှာကျက်နဲ့ ဝါးထရံတွေမှာ ကျပ်ခိုးတွေအပြည့်နဲ့ပေါ့...။ မီးဖိုထုတ်တန်းတွေပေါ်မှာလည်း ကြက်သွန်ဖြူနီတွေကို အစည်းလိုက် ချိပ်ဆွဲထားသေးတယ်...။ အိမ်ကြမ်းခင်းက ဝါးကပ်နဲ့ဆိုတော့ လမ်းလျှောက်ရင် ဂျိုးဂျိုးဂျွပ်ဂျွပ်နဲ့ပေါ့....။ အဖွားလုံတို့က မနက် နေ့လည် ညနေစာကို ထမင်းသိပ်မစားကြဘူး ထမင်းအစားကောက်ညှင်းပေါင်းကိုပဲ ဟင်းနဲ့စားကြတယ်.....။ မနက်အာရုံမတက်ခင်ကတည်းက မီးမွှေးပြီး ညကစိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ဝါးပေါင်းအိုး ပေါင်းချောင်ထဲထည့်ပြီး အရင်ပေါင်းတယ်....။ ထင်းမီးပြာပူအောက်ထဲ ကြက်သွန်ဖြူ ကြက်သွန်နီဉတွေထည့်ထား ငရုတ်သီးစိမ်းတောင့်ကြီးတွေကို သီတံနဲ့ မီးနဲတဲ့နေရာမှာ ကင်ထားလိုက်တယ်....။ အဲဒီကင်ထားတဲ့သုံးမျိုးကို သစ်သားဆုံထဲထည့်ထောင်း အရသာ ဆားအချို့မှုန့်ခတ်ပြီး နံနံပင်လေးပါထည့်ထောင်းပြီး ပန်းကန်ထဲခတ်ထားလိုက်တယ်....။ အဲဒါ ရှမ်းငရုတ်သီးထောင်း...။  ချောင်းထဲကရတဲ့ ငါးသေးသေးလေးတွေကို ရေဆေး ဆား နနွင်း ငရုတ်သီး ရှမ်းနံနံ ပင်စိမ်း စပါးလင်တွေထောင်းထားတာ ထည့်နယ်ပြီး ငှက်ပျောဖက်ရွက်နဲ့ထုပ် ပြာပူအောက်မှာပဲ အုန်းထားလိုက်တယ်....။  ကောက်ညှင်းပေါင်းရတော့ အဲဒီဖက်နံ့လေးသင်းနေတဲ့ငါးအုန်းနဲ့ ငရုတ်သီးထောင်းစပ်စပ်လေးနဲ့စားကြတယ်....။ တခါတလေ ပဲပုပ် ငရုတ်သီးထောင်းပြီး ခတ်ထားတဲ့ ရေနွေးဆူဆူအိုးထဲ အရွက်စိမ်းပေါင်းစုံ ခတ်သောက်ကြတဲ့ ဟင်းချိုအရည်သောက်လေးနဲ့လည်း စားကြတယ်....။ ကျွန်မကတော့ အဖွားလုံဆီသွားရင် အမြဲတမ်း ထမင်းစားပြီးမှပြန်တယ်...။

ဆောင်းတွင်းရောက်လို့ မုန်ညင်းရွက်ပေါတဲ့ ချိန်ဆို မကျည်းသီးမှည့် ခရမ်းချဉ်သီး ကြံသကာတို့နဲ့ထည့်ချက်ရတဲ့ မုန်ညင်းစောလုပ်စားတတ်ကြတယ်....။ မုန်ညင်းစောလေးခပ်စားလိုက် ငရုတ်သီးခြောက်မီးကင်လေးတစ်ကိုက်ကိုက်လိုက် ကောက်ညှင်းပူပူလေးတစ်လုတ် ပါးစပ်ထဲထည့်လိုက်နဲ့  ချဉ်ချဉ်စပ်စပ် ရှူးရှူးရှဲရှဲလေးစားကြတာ....။  ကျွန်မမှတ်မိသလောက်တော့ အဖွားလုံတို့အိမ်မှာ ငါးကလေးနဲ့ တခါတလေ ငါးဉ ငှက်ပျောဖက်အုန်းနဲ့ ဟင်းသီးဟင်းရွက်တွေပဲချက်စားတာများတယ် ကြက် ဝက် စားတာသိပ်မတွေ့ရဘူး....။ ရွာမှာ အလှူရှိတော့မှာ ကြက်သား ဝက်သားကို အဝစားကြရတာလေ.....။ အဲတုန်းက ခုခေတ်လို အသားတွေက ဈေးထဲ ပေါပေါလောလောမရဘူးလေ.....။ အဲ...ဝက်သားရရင်တော့ ဒီလိုလေးလုပ်စားတတ်ကြတယ်..... ။ ဝက်သားကို ပါးပါးရှည်ရှည်လေးတွေလှီးပြီး ဂျင်းထောင်းထားတဲ့အရည်ညှစ်ထည့် ဆားအချိုမှုန့်နယ်...ခနနှပ်ထားပြီး  မီးငွေ့ငွေ့မှာကင်လိုက်တယ်...။ အဲဒီကင်ထားတဲ့ အသားကို စားခါနီး ရေနွေးဆူဆူးပေါင်းအိုးနဲ့ ပြန်ပေါင်းပြီး ကောက်ညှင်းနဲ့စားကြတယ်...။ အသားလေးက နူးအိပြီး မီးကင်ထားတဲ့အနံ့လေးမွှေးမွှေးနဲ့ စားလို့သိပ်ကောင်းတယ်...။ ရှမ်းလို ''နေ့ရောင်း''လို့ခေါ်တယ်....။

တကယ်တော့ အဖွားလုံတို့က ဆင်းရဲတယ် တနေ့လုပ်တစ်နေ့စားရတာ...။ မနက်ဈေးရောင်းပြီးရင် ကျွန်မတို့အဖွားကုန်ဆုံဆိုင်က ဆား အချိုမှုန့် နနွင်းမှုန့်ထုပ်တွေကို ကူထုပ်ပေး မီးကူတို့ပေးတယ်....။ အိမ်ကအဖွားညော င်းရင် နှိပ်ပေးရတာ အဖွားလုံပဲ.....။ အဖွားပြောတော့ အဖွားလုံက လက်ပေါက်တယ် အနှိပ်ကျွမ်းကျင်အဆင့်ပေါ့....။ ကျွန်မတို့ အိမ် ဗီဒီယိုရုံပြပြီးသွားရင် ရုံထဲက နေကြာစေ့အခွံတွေ အမှိုက်တွေကို အဖွားလုံက လှဲကျင်းပေးရတယ်....။ အဲဒီအတွက် ကျွန်မတို့အဖွားက အဖွားလုံကို စားစရာတေွ အဝတ်တွေ မုန့်ဖိုးတွေပေးတတ်တယ်...။ အဖွားလုံတို့က ဂုံရှမ်းလူမျိုးတွေ....။ ဂုံရှမ်းလူမျိုးက ခွဲခြားရတာလွယ်တယ်....။ နောက်ပြီး သူတို့ပြောတဲ့ ရှမ်းလေသံက တစ်မျိုးလေး နားထောင်လို့ကောင်းတယ်....။

အဖွားလုံက ဝါတွင်းသုံးလဆို ဘုန်ကြီးကျောင်းမှာ ဝတ်ဖြူစင်ကြယ်နဲ့သွားပြီး သီလယူ ဉပုသ်စောင့်တယ် ဘုန်းကြီးကျောင်းမှာ တစ်ညအိပ်ပြီး တရားထိုင်တယ်...။ အဲလိုနေ့မျိုးဆို အိမ်က အိမ်သားတွေက ဉပုသ်သည် အဖိုးဖွားတွေအတွက် ၁၂နာရီမကျော်ခင် ထမင်းဟင်းတွေကို ကြိမ်ဒေါင်းလန်းကြီးပေါ်မှာတင်ပြီး ဘုန်းကြီးကျောင်းသွားပို့ကြတယ်....။ ဘုန်းကြီးကျောင်း ဘုရားရှိခိုးခန်းမဆောင်ထဲ ဉပုသ်ယူထားတဲ့ အဖိုးအဖွားတွေ တန်းစီပြီး အိပ်ရတယ်...။ အဖွားလုံကို ကျွန်မရန်ကုန်ကျောင်းသွားတက်တော့မတွေ့ရတော့ဘူး...။ အဖွားလုံဆီကိုတော့ လူကြုံရှိရင် စားစရာတွေ မင်းသားမင်းသမီးပုံပါတဲ့ ပြက္ခဒိန်တွေ ဝယ်ပို့ပေးတတ်တယ်...။ အဖွားလုံက သူအခန်းဝါးထရံလေမတိုးအောင်ကပ်ကပ်ထားတာ....။ ဆောင်းဆို လေအေးတွေတိုးတော့ အိပ်မရဘူးပေါ့....။

ဆောင်းမနက်ခင်းတွေမှာဆို ကျွန်မတို့အိမ်ရှေ့က ကုက္ကိုရွက်ကြွေတွေကို တံမြက်စည်းစုလှဲ သစ်ရွက်ခြောက်တွေကို မီးရှို့နေတတ်တဲ့ ခြေထူထူစွပ်ပြီး သိုးမွှေအနွေးထည်ခပ်နွမ်းနွမ်းနှစ်ထပ်ဝတ် ခေါင်းပေါင်းထားတတ်တဲ့အဖွားလုံကိုတွေ့ရတတ်တယ်....။ ဈေးရောင်းရင်းနဲ့လည်း ကျွန်မမောင်လေးတွေကို အားရင်အားသလို လာထိန်းပေးတတ်သေးတယ်....။ ကျွန်မဆယ်တန်းဖြေပြီးလို့ အိမ်ပြန်တော့ အဖွားလုံ ကျန်းမာရေးက တော်တော်ဆိုးနေပြီ....။ ကျောက်ကပ်လို့ပြောကြတာပဲ မျက်နှာတစ်ခုလုံး အမ်းနေတာ.....။  အဲလိုရောင်အမ်းပြီး အောက်ပိုင်းထိရောက်သွားရင် အသက်ပါပါသွားရောလို့ လူကြီးတွေက ပြောကြတယ်..... ။ တကယ်လဲ အဖွားလုံ သိပ်မနေလိုက်ရဘူး သုံးလေးရက်မှာပဲ ဆုံးသွားရှာတယ်....။

အသုဘချတော့ တာလေသင်္ချိုင်းက အရင်နေရာမဟုတ်တော့ဘူး.....။  အရင်က ရွာထိပ်ရောက်ရင် ဘယ်ဘက်ချိုးလိုက်တာနဲ့ တာလေတောင်ကုန်းစေတီ မိုးဖြတ် ကျိုင်းတုံအဝေးပြေးလမ်းနဲ့ ချောင်းစပ်ကြားက တောအုပ်လေးထဲမှာပါ....။ ခုတော့ နဲနဲထပ်သွားလိုက်ရင် နတ်ပေါင်းစုံရှိတဲ့ နတ်နန်းရောက်ရင် ညာဖက်တောအုပ်ထဲကို ချိုးဝင်သွားတဲ့လမ်းကလေး သင်္ချိုင်းအသစ်က အထဲကို တော်တော်ဝင်ရတာ..... ။ အဖွားလုံအသုဘပို့တော့ မိုးတွင်းကြီး  မြေလမ်းတွေလဲ ဒူးလောက်ရွှံ့တွေထူနေတယ်.....ကျွန်မတို့ ထောလဂျီနဲ့သွားကြရတာ....။ ကျွန်မငယ်လေးကတည်းက အဖွားအရင်းတစ်ယောက်လို ချစ်ခင်ရတဲ့ အဖွားလုံရဲ့နောက်ဆုံးခရီးကို ကိုယ်တိုင်လိုက်ပို့ခွင့်ရတဲ့အတွက် အဲဒီတုန်းကထက် ခုပြန်တွေးကြည့်တော့ တော်တော်လေးကျေနပ်မိတယ်...။ အဝတ်ဖြူဝတ်ထားတဲ့ အဖွားလုံ ခန္ဓာကိုယ်ပေါ်ကို ထင်းတွေပုံလိုက်ကြတယ်....။ မီးသဂြိုလ်တော့ ကျွန်မမကြည့်တော့ဘူး ပြန်လာလိုက်တယ်.....။ ရှမ်းပြည်မှာက များသောအားဖြင့် ဂူသွင်းကြတာများတယ်....။ အဖွားလုံ ကောင်းမွန်ရာ ဘုံဘဝကိုရောက်ရှိပါစေလို့ ဒီပို့နဲ့အတူ ထပ်ပြီးဆုတောင်းလိုက်ပါတယ်....။


အဲတုန်းက ကော်မန့်တွေကတော့....

မောင်ဘုန်း  said (25.1.2012)
ရှမ်းရိုးရာဟင်းတွေကို အများကြီးမှတ်သားလိုက်ရတဲ့အတွက် ကျေးဇူးပါအစ်မရေ...
ငါးဒုက္ခကတော့ နမ့်ဆန်ရောက်တုန်းက  စားခဲ့ဖူးတယ်ဗျ မျှစ်ဒုက္ခဆိုတာကတော့ ခုမှသိတာ သူလဲ ငါးဒုက္ခလိုပဲနေမှာနော်...

ပျိုးယုဝသုန်  said (25.1.2012)
ဘာမှန်းမသိကို လွမ်းမိသလိုပဲ မီးမီးရေ....အရင်ငယ်ငယ်တုန်းကလိုပဲ စာလေးတွေကဖတ်ရတာ လူပါပါသွားတယ် နောက်တစ်ပုဒ်ကိုစောင့်နေမယ်နော်....

နေ၀သန်  said (25.1.2012)
:) အစ်မက ရှမ်းမို့လို့ထင်တယ် ရှမ်းလိုပဲပြောသွားတယ်....ဒေသမတူလို့ပဲထင်ပါတယ်နော် ကျွန်တော်တို့ကျတော့ အဘွားကိုနိုင်းလို့ပဲခေါ်တယ် မယ်ထောက်ဆိုတာ အဖွားကြီးလို့ အဓိပ္ပါယ်ရလို့ နဲနဲရိုင်းလို့(ကျွန်တော်တို့ဒေသလောက်ကပဲဖြစ်ပါလိမ့်မယ်) မုန်ညင်းစောနဲ့ ပါအုန်းကတော့ အကြိုက်ပဲ....နောက်အပုဒ်တွေကိုလည်း စောင့်ဖတ်ပါဉီးမယ် အကယ့်အဖြစ်ပျက်လေးကို အက်ဆေးဆန်ဆန်လေးရေးထားတာ ဖတ်လို့ကောင်းတယ်..

ခင်မင်လျက်
နေဝသန်

suly  said (25.1.2012)
မုန်ညှင်းစောပါပါဝင်တဲ့ မိုးငွေ့ရဲ့ လွမ်းချင်းတစ်ပုဒ်ကို ဖတ်သွားပါတယ်....။

ချမ်းမြေ့ပါစေကြောင်း
ချယ်ရီမြေ

မအိမ်သူ said (25.1.2012)
ငယ်တုန်းအကြောင်းလေးတွေ ပြန်စဉ်းစားကြည့်ရင် တမ်းတစရာတွေချည်းပဲ... ဖတ်လို့ကောင်းလိုက်တာ...။ ဖတ်လို့ကောင်းလိုက်တာ  ဆက်ရေးပါအုံး ရှမ်းစာတွေကိုကြိုက်တယ်...။ မန္တလေးမှာနေတုန်းကတော့ ရှမ်းစာတွေ စားခဲ့ဖူးတယ်....။ ဆယ်တန်းတုန်းက တောင်ကြီးတို့ လားရှိုးတို့ကနေ မန္တလေးမှာ အဆောင်နေပြီးကျောင်းလာတက်တဲ့ ရှမ်းမလေးတွေနဲ့ သူငယ်ချင်းဖြစ်ခဲ့ဖူးတယ်....။ အရမ်းခင်ဖို့ကောင်းတဲ့ သူငယ်ချင်းလေးတွေ သတိရပေမယ့်လဲ အခုတော့ သူတို့တွေလဲ ဘယ်တွေရောက်နေကြတယ်မသိတော့ဘူး....။ မိုးငွေ့ရေ အွန်လိုင်းသိပ်မတက်ဖြစ်တော့ ဘလော့တွေ သိပ်မလည်ဖြစ်ဘူးဖြစ်နေတယ်....။ ဒီနေ့တော့ အကြွေးတွေလာရှင်းသွားပြီနော်....။

ညိမ်းနိုင် said (25.1.2012)
အဖွားလုံချက်တဲ့ ဟင်းတွေက စားချင်စရာလေး အဖွားမိုးရော ချက်တတ်လားဟင် ချက်တတ်ရင် ဧည့်သည်လာလုပ်ချင်လို့ :)) စတာနော် မမိုး ... မမိုးကမှ ၁၂နှစ်အရွယ်က အဖြစ်အပျက်တွေကို ခရေစေ့တွင်းကျမှတ်မိသေး ကျွန်တော်ဖြင့် တစ်ခုမှ မမှတ်မိတော့ဘူးရယ်....

Mon Petit Avator  said (25.1.2012)
Thanks for sharing sis !!

Black Rose said (25.1.2012)
အမမိုးငွေ့
အမရဲ့ငယ်ငယ်ကအကြောင်းလေးတွေကို များများရေးပါဉီးအမ နယ်က ဓလေ့စရိုက်တွေ ရှမ်းဟင်းရှမ်းထမင်းတွေရေးပါအမ ဆက်ရေးပါ အဖွားလုံကိုလဲ မျက်စိထဲမြင်ယောင်ကြည့်သွားပါတယ်အမရေ..။

မဒမ်ကိုး  said (25.1.2012)
စိတ်မကောင်းစရာလေးပဲ မမိုးရေ
ငါးဖိန်းကိုလုပ်တဲ့ ငါးဒုက္ခတော့ မိုင်းယောင်းမိုင်းဖြတ်မှာ နေခဲ့ရတဲ့ သူတစ်ယောက်ဖို့ လွမ်းမိတာအမှန်ပဲ...

ချစ်တဲ့
မဒိုးကန်

Angel Hlaing  said (25.1.2012)
ငယ်ပို့စ်လေးဖတ်ရတာ လွမ်းမောစရာပါလား မမရေ

အလင်းသစ်  said (25.1.2012)
ပြင်ဉီးလွင် လေငွန်အဝိုင်းနားက ရှမ်းထမင်းဆိုင်လေးကို သတိရသွားပြီ တစ်ပွဲ ၁၅၀၀ ဆို ဗိုက်ကိုကားလို့ စာလို့ ကောင်းမှကောင်းပဲ....

ညီရဲသစ်  said (25.1.2012)
အဖွားလုံအတွက် စိတ်မကောင်းဖြစ်မိပါတယ် တကယ်က အဖွားလုံဘဝလေးက ရိုးသားပါတယ်...

နွေတေးရှင်(မင်းဧရာ)  said (24.12.2013)
ဘဝသရုပ်
စုတ်ချက်နိုင်တဲ့ ပန်းချီဆရာ
နင့်မျောစွာထင်ကျန်နေခဲ့တယ်...


မိုးငွေ့

Tuesday, 14 January 2020

အဝေးလွန်သုံးရာသီ.....





မင်းဆီ ငါမသွားနိုင်တဲ့ နွေရက်တွေ
ငါ့ဆီ မင်းမလာနိုင်တဲ့ ဆောင်းညများ
ဝေးကွာမှုက
နာကျင်စရာမိုးဉတု.....

သတိရလွန်းလို့
မင်းနှလုံးသားနဲ့ အနီးဆုံနံပါတ်တွေကို ငါနှိပ်တယ်....

စိတ်မချလို့
ငါ့ရင်ခွင်နဲ့အနီးဆုံးနံပါတ်တွေကို မင်းခေါ်တယ်....

အလွမ်းနံရံမှာ
တစ်ယောက်နဲ့တစ်ယောက်ပဲ့တင်နေတဲ့အသံ
သတိရခြင်းတပွေ့တပိုက်နဲ့
ငါတို့ဒီလိုပဲဆန်တက်နေရဦးမှာပဲ

လောကဓံကြိုးတစ်လျှောက်
တုန်ခါနေတဲ့အဆက်အသွယ်......။        ။ (ခေါင်ခေါင်)


ခေါင်ခေါင်ဆိုတာ ကျွန်မနဲ့ မွေးရက်မွေးလတူညီမလေး...။ ဘလော့လောကကို ကျွန်မထက်စောရောက်တဲ့ ဆရာမကြီး ...။ သူဘလော့ကို ဒီမှာ သွားဖတ်ကြည့်လို့ရတယ်...။ Side Roll မှာ တကယ့် ဝါရင့်သမာရင့်ဘလော့ဂါတွေအများကြီးမြင်ရလိမ့်မယ်....။ ကိုယ်နှစ်သက်ရာ ဝင်ရောက်ဖတ်ရှုလေ့လာဖို့ ညွှန်းလိုက်ပါရစေ...။ တိုက်တိုက်ဆိုင်ဆိုင် ဒီပို့စ်လေးရေးပြီးနောက်တစ်ရက်မှာပဲ ဗီယက်နမ်ဟနွိုင်းခရီးစဉ်အတွက် ခေါင်ခေါင့်ဆီ ငွေသွားသွင်းတော့ ထုံးစံအတိုင်းလူတွေ့တာနဲ ပြေးဖက်ပြီး မချီပစ်လိုက်တာ ကလေးအမေဖြစ်သွားလဲ ကိုယ်တွေနဲ့တွေ့ရင် သူက ကလေးတစ်ယောက်လို ပြုမူတတ်တုန်း ချစ်ဖို့ကောင်းတုန်း....။

မိုးငွေ့

Thursday, 9 January 2020

Commune Wear Product Photos.....



CW ဆိုင်က product လေးတွေအကြောင်းမရေးဖြစ်တာကြာပြီ... ဒီနေ့တော့ ရိုက်ထားတဲ့ပုံလေးတွေ နဲနဲပါးပါးလာတင်တာ... ။ နှစ်ပတ်လည်ပို့စ်တွေချည်းဖတ်ပြီး အီနေမှာစိုးလို့ ကြားဖြတ် ပျောက်ကျားပို့စ်လေးပေါ့...။
ကျွန်မရဲ့ မတတ်တခေါက်ဓါတ်ပုံပညာလေးကို လာကြွားတာဆိုပါတော့...။ ဒီလိုပဲ သူများရိုက်ထားတဲ့ Pinterest ကပုံလေးတွေလေ့လာရတာပေါ့...။ 





ဆိုင်ဖွင့်ပွဲက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၃ ၁၄ ၁၅ သုံးရက် နေ့လည် (၁)နာရီက ညနေ (၇)နာရီထိလုပ်တယ်...။ လက်မလည်အောင်ရောင်းရပါသည်ပေါ့...။  ပုံမှန်ရောင်းအားတစ်လစာပမဏလောက်ကို သုံးရက်မှာရောင်းရတာ ပျော်စရာပေါ့...။ တရုတ်နှစ်ကူးနီးတော့ အနီရောင် Theme တွေ ၂၀၂၀ ရဲ့ တစ်လပိုင်းမှာ စရောင်းပါတယ်....။ ပန်းပွင့်နီရဲရဲလေးတွေ သိပ်လှတာပဲ...။ လာအားပေးချင်သူတွေအတွက် www.communewearmyanmar.com မှာ ဝင်ကြည့်နိုင်ပါတယ်နော်...။ 




































 2020 ရဲ့ပထမဆုံးနှစ်သစ်လက်ဆောင် ဇန်နဝါရီလထုတ် MODA magazine မှာ ပါဝင်ခွင့်ရခဲ့တယ်(ကြော်ငြာခတပြားတချပ်မှမပေးရဘဲ သူတို့ဘာသာ အလိုလိုသဘောကျလို့ ခွင့်တောင်းပြီးတော့တောင်လာရိုက်တာဆို)





























2020 နှစ်စရဲ့ new product  gold collection ထဲက အလန်းစာ နားကပ်လေးတွေ
















ဒီလို အက္ခရာတွေနဲ့ ဆွဲကြိုးတွေလည်းရပါတယ်







 












 ဒီချယ်ရီသီးနားကပ်လေးကလည်း best seller ထဲကတစ်ခု















 ဆိုင်မှာ ဧည့်ခံဖို့ ဝိုင်တွေဘာတွေလဲသောက်ဖို့ စားပွဲဝိုင်းထားပေးပါတယ် 



 single wave သိုင်းကြိုးသားရေဖိနပ်လေးတွေ







မိန်းကလေးစီး sneaker အသစ်ထပ်ရောက်တယ် အသားရောင်နဲ့ နို့နှစ်ရောင်
























































 ကျွန်မတို့ဆိုင်မှာ ဈေးဝယ်ပြီး ဒီနေရာလေးမှာ 
ကော်ဖီကိုအေးဆေးကိုယ့်ဘာသာကိုယ်ဖျော်သောက်လို့ရပါတယ်ရှင့်


အဆာပြေ cookies လေးတွေလည်းရှိပါတယ်...



အရမ်းအားတယ်ဆိုတော့ ညဖက်အိပ်ယာမဝင်ခင်ကို book mark stick လေးတွေ 
ကိုယ်တိုင်လုပ်ရောင်းပါသေးတယ် တစ်ခုကို တစ်ထောင် ထောင့်ငါးရာ နှစ်ထောင် အစားစားပါပဲ



 ဒီနေရာက Men corner လေးပါ ယောကျ်ားစီး သရေဖိနပ် sneaker  နဲ့ 
ညီမဝမ်းကွဲတစ်ယောက်လာတင်ထားတဲ့ Toma Hauk ယောကျ်ား ခေါင်းလိမ်းဆီတို့ Wax တို့ရပါတယ်...



 မြန်မာလက်ယက်ချည်ထည်တွေက ပြင်သစ်သူ ဒီဇိုင်နာ ရဲ့ Lilla အမှတ်တံဆိပ် အဝတ်ထည်တွေပါ...
instagram မှာဆို by.lilla  ဖဘမှာဆို www.fb.me/by.lilla.m မှာ ဝင်ကြည့်လို့ရပါတယ် 


 သရေပိုက်ဆံအိပ်လေးတစ်လုံးဝယ်ရင် နာမည်အတိုကောက်လေးတွေကို 
စက်နဲ့ရိုက်ပေးပါတယ် ရွှေရောင် ငွေရောင် rose gold စသဖြင့်



 ဒီနေရာလေးမှာလဲ ဈေးဝယ်လိုက်လာသူ အစ်ကို အစ်မတွေ အပန်းဖြေထိုင်စောင့်လို့ရပါတယ်



 ဒီကောင်တာလေးတွေက body body myanmar, The Scent Studio တို့ရဲ့ organic handmade ဖယောင်းတိုင် ရေချိုးဆပ်ပြာ နဲ့ Julie ရဲ့ ပန်းချီပုံ ပို့စ်ကဒ်တွေ



 သူများတွေလို photo booth နေရာလေးပေါ့ 
ဆိုင်လာတဲ့ customer တွေ ဓါတ်ပုံဖို့နေရာလေး 
ညဖက် မိတ်ဆွေတွေအတွက် ဝိုင်ဘားလေးလည်းဟုတ်တယ်....:)






မိုးငွေ့