Friday, 29 November 2019

ဒေါင်းတောင်ရဲ့ Solo ဓါတ်ပုံပြပွဲ.....





ကျွန်မရဲ့ ရာသက်ပန်စာဖတ်ပရိသတ်လေး တဖြစ်လဲ တချိန်က ဘလော့ဂါအနှိုင်းမဲ့ ခုတော့ ဓါတ်ပုံဆရာမလေး ဒေါင်းတောင်....။ မှတ်တိုင်တစ်ခုစိုက်ထူနိုင်လို့ ဂုဏ်ယူပါတယ် ညီမလေး....။ ဓါတ်ပုံဆရာမလေးဆိုလို့ အန်တီပတ္တမြားခင်ရဲ့ "ကင်မရာကိုင်ခဲ့ရသော ကျွန်မဘဝ" စာအုပ်လေးကိုသတိရသွားတယ်....။ ဒီလမ်းဟာ အနှိုင်းမဲ့အတွက် အိပ်မက်တစ်ခုကို အကောင်အထည်ဖော်ခဲ့တာမဟုတ်ဘူးလို့ ထင်ပါတယ်....။ လူတိုင်း အိပ်မက်တွေအများကြီးမက်ကြတယ် တချို့တွေလဲ လက်တွေ့အကောင်ထည်ဖော်နိုင်ကြသလို တချို့လဲ အိပ်မက်မက်နေဆဲ...။ အနှိုင်းမဲ့ကတော့ လမ်းတွေကို စမ်းလျှောက်ရင်း လမ်းမှန်တစ်ခုတွေ့သွားတယ်လို့မှတ်တယ်....။

ပြပွဲလေးသွားရင်း အရင်က အပြင်မှာ ဆုံးဖူးခဲ့တဲ့ ဘလော့ဂါ အစ်မတစ်ယောက်နဲ့ ညီမတစ်ယောက်တွေ့တယ်....။ ဘလော့လောက ကနေသူတို့ကင်းကွာနေတာသိရလို့စိတ်မကောင်းဘူး...။ ဘလော့ရေးလာတဲ့ သက်တမ်း ဆယ့်တစ်နှစ်မှာ ၂၀၁၉နှစ်က ကျွန်မဘလော့ကို ဝင်ဖတ်သူအများဆုံးနှစ်ပဲ ...စာတစ်ပုဒ်တင်ရင် ကမ္ဘာတဝှမ်းက စာဖတ်သူ အများဆုံး အယောက်ခြောက်ထောင်ကျော် အနည်းဆုံး ခုနှစ်ရာကျော်လောက်လာဝင်ဖတ်ကြတယ်...။ စာဖတ်သူအများဆုံးက ဘလော့ဂါတွေမဟုတ်ဘဲ အပြင်လူတွေများပါတယ်....။ ဘလော့ဂါတွေ ဘလော့တောင်ဝင်မလည်နိုင်ကြတာ ဝမ်းနည်းစရာပါ...:(

ကျွန်မကတော့ အလုပ်များတဲ့ကြားက အချိန်လုပြီး ပို့စ်တွေကို ပုံမှန်လေးတင်နိုင်နေတဲ့အတွက် ကိုယ့်ကိုယ်ကို ကျေနပ်မိတယ်....။ ဒီနေရာလေးက ဘဝတစ်ခုမဟုတ်ပေမယ့် ကျွန်မဘဝရဲ့ အစိပ်အပိုင်းလေးတစ်ခုဖြစ်တာမို့ ချစ်တယ်လေ...။




ဟန်ဇာနဲ့မဆုံလိုက်ဘူးကွာ.... ကတောက်....:P



ဓါတ်ပုံဆရာမရဲ့ ပီတိအပြုံး



 အလည်တည့်တည့်အစ်မရဲ့ နောက်က တောင်တန်းပုံလေး 
အစ်မတစ်ယောက်ကိုလက်ဆောင်ပေးဖို့ အမှတ်တရ ဝယ်ခဲ့တယ် USD.80  နော်






ပြပွဲနှစ်ရက်လုပ်တာမှာ ကျွန်မတို့က ဒုတိယရက် ညနေပိုင်းလေးရောက်သွားခဲ့တာ ပုံတွေတော်တော်များများ အနီရောင်အဝိုင်းစတစ်ကာလေးတွေကပ်ထားတယ်...။ အဲဒါရောင်းပြီးသား Sold Out ဆိုတဲ့ အဓိပ္ပါယ်...။ ဓါတ်ပုံကောင်းတစ်ပုံရဖို့ လူ စိတ်ခံစားမှု အချိန် ငွေကြေး အများကြီး ရင်းနှီးခဲ့ရတာ....။ မယ်ဒေါင်းတစ်ယောက် ကြိုးစားအားထုတ်မှု ရလဒ်ကောင်းတာတွေ့ရလို့ ဝမ်းသာချီးကျူး ဂုဏ်ယူမိပါတယ်...။ 





လောကမှာ ကိုယ်မလုပ်နိုင်တာ သူများလုပ်နိုင်ရင် ကိုယ့်ထက်တော်လို့ပဲ ကိုယ့်ထက်တော်သူ တတ်သူများကို ချီးကျူးထောပနာပြုနိုင်ကြပါစေ...မုဒိတာပွားများနိုင်ကြပါစေ....။


မိုးငွေ့


Ps .... ပုံတွေကို ခွင့်မတောင်းဘဲ ယူတင်ထားပါသည် စိတ်ဆိုးလောက်ဘူးထင်ပါတယ် မယ်နှိုင်းရေ....:P


Saturday, 23 November 2019

ပျောက်ဆုံးနေသောအိန်ဂျယ်.....



ရာသီဥတုကမှုန်မှိုင်းအေးစက်လို့ နေရာတိုင်းနေရာတိုင်းမှာ မီးခိုးရောင် မြူခိုးတွေထနေတယ်....။ ကိုယ့်ဘေးပတ်ပတ်လည်မှာတော့ မြက်ပင်ရှည်တွေက ကိုယ့်အရပ်နဲ့ရွယ်တူ တချို့အပင်ဆို ကိုယ်ထက်တောင်ရှည်နေသေးတယ်....။ လေအေးတချက်ဝှေ့လိုက်တိုင်း နှင်းစက်မှုန်တွေက ကိုယ့်ပါးပြင်ကို စူးခနဲလာထိမှန်ကြတယ်...။ ဒီလိုအရောင်အဆင်း ဒီလိုအေးစိမ့်မှု ဒီလိုနေရာလေးကိုရောက်လာခဲ့တာ ဟိုး....အရင်ငယ်စဉ်တုန်းက အချိန်ကို ပြန်ပြီး အမှတ်ရစေတယ်...။ အဲဒီတုန်းက ဆောင်းရာသီနှင်းတွေပိန်းပိတ်နေအောင်ကျတုန်းက... ဒီလိုမီးခိုးရောင်မှိန်မှိန်တွေနဲ့ ခပ်ဆင်ဆင်တူလှတယ်...။

ဂါဝန်ရှည်ရှည်ဖါးဖါးနဲ့ အနွေးထည်ခပ်ပါးပါးတစ်ထည်တည်းဝတ်ပြီး ခေါင်းကိုပဝါခြုံထားရင်း လမ်းတလျှောက် နှင်းမှုန်တွေနဲ့ တံမြက်စည်းပင်ဖျားတွေက လေတိုက်တိုင်း ကိုယ့်ကိုလာကလူကျီစယ်နေကြတယ်....။ တံမြက်စည်းပွင့်တွေက ငွေမှင်ရောင်နဲ့ ပန်းဖျော့ဖျော့စပ်ထားတဲ့အရောင်နဲ့ သိပ်ကိုလှနေတယ်.......။ ကိုယ်က အဲအရောင်မျိုးသိပ်ကြိုက်တာ...။ ခုကိုယ်ဝတ်ထားတဲ့ ချည်ဂါဝန်လေးနဲ့မသိမ်းမယိမ်းပဲ...။ ကောင်းကင်ကိုမော့ ကြည့်တော့လည်း နှင်းတွေအရမ်းကျနေလို့လား တိမ်တွေကိုလည်းမမြင်ရဘူး...။ တခါတခါ နှင်းပွင့်လေးတေွ လက်ခနဲ လက်ခနဲအရောင်ကို မြင်နေရသလိုလို...။  ကိုယ်စီးထားတဲ့ ပိတ်ဖိနပ်အပါးလေးနဲ့ ဂါဝန်အနားစတွေက နှင်းတွေနဲ့ စိုထိုင်းစပြုနေပြီ...။ ကိုယ်ဒီနေရာကိုရောက်ဖို့ ဘယ်ကတည်းက ခရီးနှင်ခဲ့သလဲ...?? ဟင့်အင်း ကိုယ်မမှတ်မိတော့ဘူး ...ပြီးတော့ အခု ကိုယ်ဘယ်ကိုသွားနေသလဲ...?

ဟော.... ရှေ့နားနာ ရေစီးသံတွေ တဝေါဝေါကြားနေရပြီ.....။ ဂါဝန်လေးမပြီး ကိုယ်ပြေးသွားကြည့်လိုက်တော့ချောက်ကပါးကြီးရဲ့ ဟိုး....အောက်ဖက်မှာ ရေတွေစီးနေလိုက်တာ ဖွေးလက်လို့....။ စောစောက အသံကြားရုံနဲ့တင် ရေစီးဘယ်လောက်သန်မလဲဆိုတာ ခန့်မှန်းမိပေမယ့် တကယ်မြင်လိုက်ရချိန်မှာ ပိုပြီးတော့ သေချာသွာတယ်...။ ဒါ ချောင်းတစ်ခုလား ....? မဖြစ်နိုင်ဘူး  ပေသုံးဆယ်အကျယ်လောက်ရှိပေမယ့် ဒီလိုရေစီးမျိုးနဲ့တော့ မြစ်ပဲဖြစ်မှာပါ....။ တစ်ဖက်ကမ်းကိုလှမ်းကြည့်တော့ လူတစ်ရပ်စာလောက်ရှည်တဲ့ မြက်ပင်တွေက စိမ်းစိုလို့ ...။ မြက်ပင်ရှည်တွေကြားထဲမှာလည်း ဘာပန်းမှန်းမသိတဲ့ အဝါရောင်ပန်းပွင့်သေးသေးလေးတွေ ကြိုကြားကြိုကြားပွင့်နေကြတယ်....။ ခုမှ ကိုယ်သတိထားမိတယ်...ရေခဲမြစ်ရဲ့ ဟိုမှာဖက်ကမ်း မျက်စိတဆုံးက မြက်ပင်ရှည်စိမ်းစိမ်းနဲ့ အဝါရောင်ပန်းပွင့်တွေချည်းပဲ...။ ကိုယ့်ရပ်နေတဲ့ ဖက်ကမ်းမှာကျတော့ ငွေမှင်ရောင်ဖျော့လေးတွေနဲ့ လှုပ်ရမ်းနေတဲ့ တံမြက်စည်းပင်ရှည်တွေ...။ ပြီးတော့ ဟိုး..... မိုးပေါ်ကနေသာ စီးကြည့်မယ်ဆိုရင် ငွေမှင်ရောင်မျဉ်းနဲ့ အစိမ်းရောင်မျဉ်းနှစ်ခုကြားမှာ စီးဆင်နေတဲ့ မြစ်ရေဖွေးဖွေးတွေအဖြစ် မြင်ရမှာ....သိပ်ကိုလှနေမှာပဲလို့ ကိုယ် မျက်စိမှိတ်ပြီး စိတ်ကူးမြင်ယောင်ကြည့်မိနေသေးတယ်...။

လေကြမ်းတချက်တိုးလိုက်ချိန်မှာတော့ ကိုယ့်ခေါင်းပေါ်က ခြုံပဝါအဖြူလေး လေနဲ့အတူလွင့်သွားတယ်...။ ကိုယ်လိုက်ဖမ်းလို့မမှီလိုက်ဘူး....။ သူက လေအရှိန်နဲ့ တဖက်ကမ်းက မြက်ပင်စိမ်းဆီကို လွင့်သွားနေတယ်...။ ပဝါလေးကို ကိုယ်မမှိတ်မတုန်ကြည့်နေချိန်မှာပဲ ပဝါလေးဟာ မြက်ပင်အစိမ်းကြားတွေထဲက ဘယ်ချိန်က ပေါ်လာမှန်းမသိတဲ့ အဖြူရောင်အရာဝတ္ထုတစ်ခုပေါ်ကို အုပ်မိုးကျသွားခဲ့တယ်...။ မဟုတ်ဘူး... ပဝါလေးက ဖမ်းဆုပ်ခံလိုက်ရတာပါ....လှုရှားမှုကြောင့်  အဖြူရောင်ဟာ အရာဝတ္ထုတစ်ခုမဟုတ်ဘဲ သက်ရှိလူသားတစ်ယောက်ဖြစ်နေတာပါ...။ ကိုယ်ကလိုက်ကြည့်လိုက် မြူခိုးတိုက်တွေက ကိုယ့်မြင်ကွင်းကိုကွယ်သွားလိုက်နဲ့ အဖြူရောင်ဟာ ကိုယ့်ပဝကို ဆုပ်ကိုင်ထားရင်း  ခပ်စိမ်းစိမ်းပြန်လှမ်းကြည့်နေတယ်လို့ သေချာမသဲကွဲပေမယ့်... ကိုယ်ခံစားမိနေတယ်...။ ခဏနေတတော့ မြင်ကွင်းတွေ ပြန်ကြည်လင်လာတယ်....။ အိုး.... သူ....သူက... ကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့ အိန်ဂျယ်ပဲ...။ ဟုတ်ပြီ ကိုယ်မှတ်မိပြီ... ဒီခရီးကိုထွက်လာခဲ့တယ်ဆိုတာ ပျောက်ဆုံးနေတဲ့ အိန်ဂျယ်ကို ရှာပုံတော်ထွက်လာခဲ့တာပဲ...။ ကိုယ်တချက်ပြုံးပြပြီး သူ့ကို လက်ဝေ့ရမ်းပြလိုက်တယ်.....။ ကိုယ့်အပြုံးတွေ ဖျော့တော့နေမလား ဒါပေမယ့် သူခံစားသိရှိနိုင်မှာပါ....။

သူကတော့ ကိုယ့်ကိုမသိတဲ့ သူတစ်ယောက်လို ခပ်စိမ်းစိမ်း ကြည့်မြဲ ကြည့်နေဆဲပါပဲ....။ ကိုယ်လက်ဖဝါးနှစ်ဖက်ကို အုပ်ပြီး "အိန်ဂျယ်...ရေ" လို့ ခေါ်လိုက်တယ်....။ ကိုယ့်အသံတွေ လည်ချောင်းထဲကနေတောင် ထွက်မလာကြဘူး....။ ထိတ်လန့်တကြားနဲ့ ကိုယ်နှုတ်ခမ်းပေါ်ကို လက်ချောင်းတွေနဲ့ အုပ်လိုက်မိတယ်....။ ဘုရားရေ.... ကိုယ့်အသံတွေ ဘယ်ရောက်ကုန်လဲ...။ ကိုယ်ကြိုးစားပြီး ထပ်ခေါ်ကြည့်တယ်.....။ နိုး....အသံတွေက ထွက်မလာပြန်ဘူး...။ ပါးပြင်ပေါ်နွေးခနဲ မျက်ရည်တွေစီးကျလာကြတယ်...။ ကိုယ်လှမ်းကြည့်နေဆဲမှာပဲ အိန်ဂျယ်ဟာ ပဝါအဖြူနဲ့အတူ မြက်ပင်ရှည်ကြားကနေ ပျောက်ကွယ်သွားခဲ့တယ်...။ ဟိုဖက်ကမ်းကို ကိုယ်ဘယ်လိုကူးရမလဲ... တံတားများရှိမလားလို့ ကိုယ်အမောတကောလိုက်ရှာကြည့်တယ်...ဘာတံတားမှမရှိဘူး ဘာနွယ်ကြိုးမျှင်မှလည်းမတွေ့ရဘူး...။ စိတ်လှုပ်ရှားမှုကြောင့်လား တဖြေးဖြေး အသက်ရှူရတာကြပ်လာတယ်...။ အာခေါင်တွေလည်းခြောက်လာတယ်...။ ပြီးတော့ လောကကြီးတစ်ခုလုံး အမှောင်ထုတွေဖုံးလွှမ်းသွားခဲ့တယ်....။


မိုးငွေ့

အရင်ပို့စ်တုန်းက ကော်မန့်လေးတွေကို ဖတ်စေချင်လို့ တင်ပေးလိုက်တယ်...:)

၁) လင်းခေတ်ဒီနို (27.3.2011)
သိပ်ကောင်းတဲ့အရေးအသား  :))))
မှတ်ချက်။  ။ အနော် တစ် တစ် တစ်... :)))

၂) နေဝဿန်(27.3.2011)
သိမ်မွေ့လိုက်တဲ့အရေးအသား
ခင်မင်လျက်
နေဝဿန်

၃) SHWE ZIN OO (27.3.2011)
စာသားအနုအလှလေးတွေကို ရွရွလေးပဲဖတ်သွားပါတယ်...။
ခင်မင်စွာဖြင့် 
ရွှေစင်ဦး

၄) အဖြူရောင်နတ်သမီး (28.3.2011)
စာသားနုနုလေးတွေကို ခံစားချက်နုနုလေးနဲ့ နုနုရွရွလေးအားပေးသွားပါတယ်... မမိုးရေ...။

၅) မောင်လေး(28.3.2011)
တကယ့်ကို စာအနုအလှလေး... ဖတ်ပြီး လွမ်းသလိုလို...


Tuesday, 19 November 2019

ကဗျာလူ.....




ချစ်သူ....
ရိုးရိုးလေးပါပဲ
ကဗျာတွေဖန်ဆင်းဖို့
ငါ့ရင်ကိုရောက်ခဲ့သူ

ငါ့ခံစားချက်တွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

ငါ့ပျော်ရွှင်မှုတွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

ငါ့နာကျည်းမှုတွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

ငါ့ဝင်သက်ထွက်သက်တွေကို
စကားလုံးအဖြစ်ပြောင်းလဲသူ

နူးညံ့မှုတန်ခိုးများ
ကာရံတွေဖြစ်စေသားလို့
သူမဆိုခဲ့ပါဘူး...

စကားလုံးပုလဲများ
ကြွရွစေသားလို့
သူမဆိုခဲ့ပါဘူး...

ဒါပေမယ့်
ငါ့ဘဝအတွက်
ထာဝရရှင်သန်နေမယ့်
အဓိပ္ပါယ်လေးနက်စေမယ့်
စကားလုံးတွေနဲ့သူ
ကဗျာလိုလူ....။

ကျွန်မကို ကဗျာလေးတွေဖန်တီးတတ်လာအောင် ခံစားမှုတွေိကို ပေးစွမ်းနိုင်တဲ့ သူတစ်ယောက်အတွက် ဒီကဗျာလေးရေးဖြစ်ခဲ့ပါတယ်....။  ဒါကြောင့်သူ့ကို "ကဗျာလူ"လို့တင်စားလိုက်တာပါ...။ ပြီတော့ မိုးငွေ့ရဲ့အိန်ဂျယ်အကြိုက်ဆုံး ကဗျာတစ်ပုဒ်လဲဖြစ်ပါတယ်...။ ဒီကဗျာလေးဖြစ်လာဖို့အတွက်...ကျွန်မရဲ့ ကဗျာကြမ်းကို ညလင်းအိမ်က စကာလုံးလှလှတွေနဲ့ ကူညီစီခြယ်ပေးခဲ့တဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်...။

မိုးငွေ့

အရင်ပို့စ်မှာတုန်းက သူတို့တွေပေးခဲ့တဲ့ ကော်မန့်တွေကို အမှတ်တရပြန်ရေးပေးလိုက်ပါတယ်...။


၁. ညလင်းအိမ် said..(18.10.2010)
:))

၂. blackrose said... (18.10.2010)
ကဗျာလူဆိုတဲ့ စာသားလေးသဘောကျတယ် မကြီးမိုးငွေ့

၃. အနှိုင်းမဲ့  said...(18.10.2010)
အဲဒီလိုဖန်ဆင်းပေးနိုင်တဲ့လူကို အချစ်လို့ခေါ်နိုင်သလား ငါ့အမ

၄. မြတ်မွန် said...(18.10.2010)
တော်လိုက်ကြတဲ့ ကဗျာဆရာတွေ  ဂွတ်၏

၅. မိုးယံ...said ... (19.10.2010)
သူ့လူကတမျိုးပဲနော် ဘာတဲ့ ကဗျာလူဆိုလား...။ ရေးတတ်တဲ့သူများကြတော့လဲ သူ့နှလုံးသားက ဖွင့်ဟတဲ့ စာတွေအလား ဖတ်ရသူဘဝင်ခိုက်စေ၏

၆. ကြယ်လွမ်းသူ... said (19.10.2010)
အစ်မရေ ကဗျာဆိုတာ စကားလုံးတွေနဲ့ ဖွဲ့သီထားတဲ့ ခံစားချက်အစုအဝေးကြီးပေါ့နော်.. ကဗျာလိုလူကို ခံစားသွားပါတယ်...။ လင့်ပါယူသွားတယ်နော်..
ခင်တဲ့
ဖိုးကြယ်


Tuesday, 12 November 2019

မကုန်ဆုံးချင်သောညနေ......





အင်းလျားကန်စောင်းရဲ့ နေညိုညိုညနေခင်းလေးတစ်ခုမှာ ကိုယ်တို့နှစ်ယောက် အတူမျက်နှာချင်းဆိုင်ထိုင်ခဲ့ကြတယ်...။

တကယ်ဆို ကိုယ်သူ့ကို  ကောဖီဆိုင်တစ်ခုမှာ ကော်ဖီတိုက်ဖို့ အစီစဉ်ရှိပြီးသား....။ လေယာဉ်ကွင်းကနေ ကားစမောင်းထွက်လာကတည်းက ကိုယ်စိတ်ပြောင်းလိုက်တာ....။ ခုံနောက်မှီကိုလှဲချရင်း လမ်းတလျှောက်သူငေးမောရင်း သူလိုက်လာခဲ့တယ်...။ ညနေခင်းမြင်ကွင်းလေးဟာ သူ့အတွက်တော့ မှိန်ပြပြဖြစ်နေပါလိမ့်မယ်...။ သူ့ကိုဘာမှမပြောဘဲ အင်းလျားလမ်း ကွေ့ကြောကိုယူလိုက်တော့ သူက ကိုယ့်ကို တချက်ကြည့်ပြီး လက်မထောင်ပြတယ်...။ ဆယ်နှစ်ကျော်ကြာဝေးကွာသွားခဲ့ကြပေမယ့်ကိုယ်တို့နှစ်ယောက် အရင်လိုပဲ တစ်ယောက်စိတ်တစ်ယောက် နားလည်တတ်နေကြတုန်း...။ စိမ်းလန်းစိုပြေထဲက မြင်ကွင်းကောင်းပြီး လေလတ်ဆတ်မယ်ထင်တဲ့နေရာကို ရွေးထိုင်လိုက်ကြတယ်...။ ကိုယ်...ဘီယာတစ်ဂျားစမှာလိုက်တယ်...။ နောက် ကိုယ်စားချင် သုံးလေးမျိုးလောက်မှာပစ်လိုက်တယ်...။ စားပွဲထိုးထွက်သွားတော့ သူကိုယ့်ကို မျက်ခုံးပင့်ကြည့်ပြီး "အရင်လို စိတ်ညစ်တိုင်း အစားတွေ ဇွတ်စားတတ်နေတုန်းကိုး..."လို့မှတ်ချက်ချတယ်...။ ကိုယ်မသိသလို အဝေးကိုငေးရင်း ဘီယာတကျိုက်ကိုမော့လိုက်တယ်...။ "တစ်ခွက်ထက်ပိုမသောက်နဲ့နော် ပြီးမှလက်ကိုက်တယ်ဆိုပြီး ကိုယ့်ကိုလာမနှိပ်ခိုင်းနဲ့"...။ တွေ့လား... ဒါ ကိုယ့်ကို သူနှိပ်ပေးချင်လို့ စိန်ခေါ်လိုက်တဲ့စကား...။ ကိုယ့်တချက်ပြုံးပြီး သူနဲ့ခွက်တိုက်လိုက်တယ်...။ မတွေ့ရတဲ့ ဆယ်နှစ်ကျော်အတွင်း သူဘာမှ သိပ်ပြောင်းလဲမသွားပါဘူး...။ ပိုပြီးတော့တောင် ချောမောသန့်ပြန့်လာပါသေးတယ်...။ ကိုယ်တို့ အမြည်းစားလိုက် သောက်လိုက်ကြရင်း သူက သူ့အချစ်တော် ခွေးအကြောင်းစမေးပါတယ်...။ သူ့ခွေးနာမည်လေး ဘုတ်ဘုတ်တဲ့...။ ခွေးမလေးက သူ့သခင်မရှိတဲ့နောက်ပိုင်း ကိုယ့်ဆီရောက်လာခဲ့တယ်...။ ခွေးမချစ်တတ်တဲ့ ကိုယ့်ကို သူ့ကိုယ်စား ကြည့်ရှုစောင့်ရှောက်ပေးပါဆိုလို့ ခွေးတစ်ကောင်နဲ့ နှစ်တော်တော်ကြာကိုယ်အလုပ်ရှုပ်ခဲ့ဖူးသေးတယ်...။ ခုတော့လဲ ခွေးမလေးမရှိရှာတော့ပါဘူး...။ အင်းလေ သူထွက်သွားတာပဲ တိတိကျကျပြောရရင် ဆယ့်နှစ်နှစ်ရှိပြီလေ....။

သူ YIT ဒုတိယနှစ်တက်တော့ ကိုယ်က ပထမနှစ်ရှိသေးတယ်....။ သူ့ကျောင်းကို သူမသိအောင် တိတ်တိတ်ကလေးသွားလည်ပြီး ဩဘာလမ်းမှာ ပွဲစည်အောင်လုပ်ခဲ့လို့ တစ်ပတ်ကျော်ကျော်ထိ ကိုယ့်ကို သူစိတ်ကောက်ပြီး စကားမပြောခဲ့ဘူး....။ ကိုယ်တို့ဘေးခြံကို ပြင်ဦးလွင်ကပြောင်းလာနေတဲ့သူနဲ့ စသိတုန်းက ကိုယ်ဆယ်တန်းစာမေးပွဲဖြေထားတုန်းအချိန်....။ သူက YIT မှာပထမနှစ်လာတက်တာ...။ ကျောင်းပိတ်ရက်မှာအားနေတော့ စာအုပ်ဖတ်လိုက် ခြံထဲမှာကြက်တောင်ရိုက်လိုက်နဲ့ သူငယ်ချင်းသိပ်များများစားစားမရှိတာမို့ အပြင်သိပ်မထွက်ဖြစ်ခဲ့ဘူး...။ ညီမတစ်ဝမ်းကွဲနဲ့ ကြက်တောင်ရိုက်ကြရင်း သူ့ခြံထဲကိုကြက်တောင်ကျသွားလို့ ခြံစည်းရိုးကနေ သူ့ကိုလှမ်းကောက်ခိုင်းရာက စခင်သွားကြတာ...။ အဲဒီကတည်းက ကြက်တောင်ရိုက်တာများလို့ လက်ကောက်ဝတ်လာရင် သူကကိုယ့်ကို ဒိုင်ခံဆေးလိမ်းပေးနေကျလေ....။ ကိုယ့်ထက်နှစ်နှစ်ပဲကြီးပေမယ့် ကိုယ့်ကတော့ အမြဲတစေ သူ့ညီအငယ်ဆုံးလေးလို သူ့ကို ချွဲနွဲ့တတ်တယ်...။ သူကလဲ အဲလို ကလေးဆန်တာလေးကို သဘောကျတယ်...။ သူ့မှာက ညီတစ်ယောက်တည်းရှိတာကိုး...။ ခုပဲလေယာဉ်ကွင်းသွားကြိတာတောင် ငယ်ငယ်ကအကျင့်မပျက်သေး သူ့ကို ပြေးပြီးပွေ့ဖက်ဆီးကြိုလိုက်တယ်..။ ကိုယ်တို့နှစ်ယောက်လုံးမတွေ့တာကြာပေမယ့် ရှိုးတိုးရှန့်တန့်တော့ မဖြစ်ပါဘူး...။ တီရှပ်အကျပ်နဲ့ ခြေကျင်းဝတ်စည်း ဘောင်းဘီအပွနဲ့ ပိုလိုဦးထုပ်စောင်းထားတဲ့ ကိုယ့်ကို သူက ငယ်တုန်းကအတိုင်းပဲ နည်းနည်းပြည့်လာတာပဲရှိတာတဲ့...။ သူလဲဘာမှမပြောင်းလဲပါဘူး သူ့ကိုယ်နံ့တွေအရင်လိုပဲ မွှေးပျံ့လတ်ဆတ်ဆဲ သူ့ရင်ငွေ့လဲနွေးထွေးဆဲ...။ ဒါပေမယ့်သူဒီတစ်ခေါက်ပြန်လာတာဟာ သူ့ဘဝအပြောင်းအလဲတစ်ခုအတွက် ပြန်လာခဲ့တာ...။ သူ့မိဘတွေ အိမ်ထောင်ချပေးမယ့် သတိုးသမီးလောင်းကိုလာကြည့်တာ...။ အဆင်ပြေရင် တခါတည်းလက်ထပ်သွားမှာတဲ့...။

ကိုယ့်ရင်ဘတ်မှာဆွဲထားတဲ့ လော့ကက်သီးလေးကို သူအသာလေးဆွဲယူကြည့်နေတယ်...။ မိန်းကလေးတန်မဲ့ သံကြိုးပုံ 925 ကြိုးခပ်ရှည်ရှည်ကိုဆွဲထားတာ...။ တစ်လက်မခွဲလောက်ရှိမယ့် စိန်ပွင့်တွေစီခြယ်ထားတဲ့ "Y" ဆိုတဲ့ အဂ်လိပ်စားလုံးလေး...။ သူနိုင်ငံခြားမထွက်ခင်ကတည်းက ကိုယ့်ကိုပေးထားခဲ့ဖူးတဲ့ မွေးနေ့လက်ဆောင်လေးပါ...။ ကိုယ့်ကို ထူးထူးခြားခြား အမှတ်တရလက်ဆောင်ပေးချင်တယ်ဆိုလို့ ကိုယ်အလိုချင်ဆုံးအရာကို တောင်းခဲ့ဖူးတာပါ...။ ပြီးတော့..သူက သူ့ကုတ်အကျီအောက်က နို့စိမ်းရောင်ရှပ်ရဲ့ ဘယ်ဖက်အိပ်ကပ်ထဲကနေ ရွှေရောင်ကြိုးလေးတစ်ခု ဆွဲထုတ်လိုက်တယ်...။ ရွှေရောင်ကြယ်သီးကြိုးလေးရဲ့အစွန်းမှာ ကိုယ့်နှလုံးကြွေမတတ်ဖြစ်သွားစေတဲ့ "N" ဆိုတဲ့ စာလုံးလေး သူ့လက်ကြားကနေ လက်ခနဲပေါ်လာခဲ့တယ်...။ ကိုယ့်သူ့ကို ဒီလက်ဆောင်မျိုးတခါမှမပေးဖူးခဲ့ပါဘူး..။ ကိုယ့်အံ့အားသင့်နေလို့ သူကရှင်းပြတယ်....။ သူဟိုမှာအလုပ်လုပ်ပြီး ၂နှစ်နေတော့ သူစုထားတဲ့ငွေနဲ့ အမှတ်တရလုပ်ထားတာတဲ့.....။ ပြီးတော့ သူက အဲလို Suit တွေဝတ်တာကြိုက်တော့ ကြယ်သီးကြိုးလေးလုပ်ဖြစ်သွားတာပါတဲ့...။

ညနေခင်းက အရောင်ရင့်ရင့်လာပြီ.....။ မီးရောင်တွေ ဟိုဒီမှိတ်တုတ်လင်းပြနေတယ်...။ ကန်ရေပြင်ကို ဖြတ်တိုက်လာတဲ့ လေညှင်းက တစ်ချက်တိုးဝှေ့လိုက်တယ်.....။ ရုတ်တရက် ကိုယ့်ဦးထုပ်ကို သူချွတ်လိုက်တော့ နဖူးပေါ်ဝဲကျလာတဲ့ ဆံနွယ်ခွေတွေကို သူ့လက်နဲ့သပ်တင်ပေးနေသေးတယ်...။ ရပါတယ်... လေအဝှေ့မှာ ကိုယ့်ဆံနွယ်တွေလွှင့်ပျံနေဦးမှာပဲလေ....။ တခဏတာဆိုပေ့မယ့် ကိုယ့်အတွက်တဘဝစာ အမြဲလွမ်းတနေမယ့် အပြုအမူမျိုးဆိုတာ သူသိနေပါရဲ့သားနဲ့...။ နောက်သူ..သူ့အိပ်ထဲက မာဘိုရိုတစ်လိပ်ထုတ်လိုက်တယ်..။ကိုယ်အလိုက်တသိနဲ့ အသင့်ဆောင်ထားတဲ့ မီးခြစ်နဲ့လေကွယ်ပြီး မီးညှိပေးလိုက်တယ်...။ အဲဒီမီးခြစ်လေးသူ့ကိုပေးပါလားလို့ ကိုယ့်ကိုတောင်းတယ်...။ ကိုယ်ခေါင်းညိတ်ပြီး သူ့လက်ဖဝါးထဲ မီးခြစ်လေးကိုထည့်ပေးလိုက်တယ်...။ ဒီမီးခြစ်လေးသူ့ဆီရောက်လာတဲ့ချိန်ကစပြီး သူစီးကရက်မသောက်မိဖို့ ကြိုးစားရတော့မယ်တဲ့...။  ဘာလို့လဲ ဆိုတော့  မီးညှိပေးမယ့်သူမရှိတော့မယ့် စီးကရက်တစ်လိပ်ကို သူမမက်မောချင်တော့ပါဘူးတဲ့လေ...။

ဟိုး....နားက မြင်နေရတဲ့ စိမ်းမှောင်တဲ့ ကျွန်းစုဆီကို အိပ်တန်းပြန်ငှက်တွေ အုပ်လိုက်ဆူညံစွာ ပျံသွားနေကြတယ်...။ ကောင်းကင်အရောင်က အပြာနုကနေ အရင့်ဖက် ကူးပြောင်းစပြုနေပြီ.....။ ကြယ်တွေ ဟိုတစ်ပွင့် ဒီတစ်ပွင့် ပြိုးပြိုးပြက်ပြက် စထွက်လာကြပြီ...။ ဆန်းသစ်လခြမ်းကွေးလေးကလဲ လှနေတယ်....။ ပတ်ဝန်းကျင်အပံ့အပိုးကောင်းလျက်နဲ့ ကိုယ့်ရင်ထဲမှာတော့ တောက်လောင်မှုက တငွေ့ငွေ့....။ သောက်ထားတဲ့ တန်းခိုးကတော့ ချက်ချင်းပြတာပဲ ဘယ်ဖက်လက်ကောက်ဝတ်က ကိုက်တက်လာပြီ...။ ကိုယ်ညာဖက်လက်နဲ့ ဖိထားတာကို သူသဘောပေါက်လိုက်တယ်...။ သောက်လက်စစီးကရက်ကို နှုတ်ခမ်းမှာတေ့ထားပြီး ကိုယ့်လက်ကို သူလှမ်းယူပြီးနှိပ်ပေးနေတယ်...။ အဲလိုလေး သူ စီးကရက်ကို နှုတ်ခမ်းမှာ မထိတထိလေးတေ့ထားတာကို ကိုယ်ဖြင့် ချစ်လိုက်တာ....။ သူ့ကို ကိုယ့်ခဏငေးမောကြည့်မိသွားတယ်...။ နေပါစေတော့ နောက်လဲ ကိုယ့်ကိုဒီလို လုပ်ပေးနိုင်မှာမဟုတ်ဘဲနဲ့ များ ကိုယ့်ကိုပုံပြင်တွေနဲ့ ထပ်ထားမသွားပါနဲ့...။ ကိုယ်လက်ကို ရုန်း ပြန်ရုတ်လိုက်တော့ " ခုထိ ကလေးလေးလိုပဲ ညီမလေးကတော့..." တဲ့....။ သူ့လို မသိကျိုးကျွန်စိတ်လေး ထားတတ်ချင်လိုက်တာ...။ လေတိုက်လို့ထင်ပါရဲ့ ဘီယာတစ်ခွက်အရှိန်နဲ့ အာရုံတွေက ခပ်ထွေထွေဖြစ်လာတယ်...။ အိမ်အပြန်ကားကို သူမောင်းမယ်ချည်းလုပ်လို့ မနည်းတားထားရတယ်....။ ဆယ်နှစ်ကျော်အကြာမှာ ဒီလမ်းတွေကို သူအသားကျမှမဟုတ်မှန်းသိလို့ ကိုယ်ပဲမောင်းခဲ့လိုက်တယ်....။

ကားထဲမှာ FM ကလွှင့်တဲ့ သီချင်းကလဲ တိုက်တိုက်ဆိုင်ဆိုင် Richard Marx ရဲ့ "Now and Forever"....။ သူကျောင်းသားဘဝတုန်းက ကိုယ့်ကို ဂီတာတီးပြီး ဆိုပြခဲ့ဖူးတဲ့ သီချင်းလေး....။ သီချင်းလေးပြီးဆုံးသွားတဲ့ထိ ကိုယ်ခံနိုင်ရည်ရှိပါ့မလားကွယ်....။ ကိုယ်လက်ချောင်းတွေ ခလုတ်ပေါ်ရောက်သွားတော့ သူချက်ချင်း ကိုယ့်လက်ကို ဖမ်းဆုပ်လိုက်တယ်...။ "သီချင်းလေးကောင်းနေတာကို ညီမလေးရယ်.....ဒီသီချင်းလေးကိုတောင် လိုက်မညည်းဖြစ်တာ နှစ်ပေါင်းဘယ်လောက်ရှိပြီလဲ ကြည့်စမ်း..." လွတ်လပ်ပေါ့ပါးစွာသူလိုက်ဆိုနေပေမယ့် ကိုယ်ကတော့ ကားမောင်းရင်း မငိုမိအောင်မနည်းမြိုသိပ်ထားရတယ်....။ ရင်မှာဆွဲထားတဲ့ "Y" စာလုံးကို ကျစ်ကျစ်ပါအောင်ဆုတ်ကိုင်ထားလိုက်ပြီး ပေါက်ခနဲကျလာတဲ့ မျက်ရည်စက်တွေကို လက်ဖမိုးနဲ့ ခပ်ကြမ်းကြမ်းသုတ်ပစ်လိုက်တယ်....။ လမ်းမီးတိုင်တွေက မီးအားနည်းနေလို့လား ဒါမှမဟုတ် ကိုယ့်မြင်ကွင်းတွေပဲဝေဝါးနေလို့လား မှိန်ပျဖျော့တော့နေကြတယ်...။

မဖြစ်နိုင်မှန်းသိလျက်နဲ့လည်း ဒီနေညခင်းလေး ကုန်ဆုံးသွားမှာကို စိုးရိမ်နေမိတယ်.....။


မိုးငွေ့

အရင်ပို့စ်အဟောင်းတုန်းက ကော်မန့်လေးတွေကို ပြန်တင်ပေးလိုက်ပါတယ်နော်...:)

၁.  Pandora said.... (23.10.2010)
နူးနူးညံ့ညံ့လွမ်းစရာလေး

၂. ကြယ်လွမ်းသူ  said.... (23.10.2010)
လွမ်းမောဖွယ်ဇာတ်လမ်းလေးပဲ အစ်မမိုးငွေ့ ဖတ်ရတဲ့အတွက် ကျေးဇူးပါပဲ နော်...
ခင်တဲ့
(ဖိုးကြယ်)

၃. blackroze said...(23.10.2010)
လွမ်းစရာလေးပါအစ်မရယ်...

၄. ဏီလင်းညို  said ... (23.10.2010)
ဖတ်ရင်းနဲ့ ပြီးသွားတော့မှ သက်ပြင်းတိုးတိုးလေးချလိုက်မိတယ်...။ တကယ်ကောင်းတယ်မမိုး ..အဲဒါမျိုးလေးဖတ်ရတာ အရမ်းနှစ်သက်တယ်ဗျာ...။
ခင်မင်ခြင်းအားဖြင့်
ဏီလင်းညို

၅. အဖြူရောင်နတ်သမီး  said... (23.10.2010)
အလုပ်အားတုန်းလေး ပြေးပြီးလာဖတ်သွားတယ် မမိုး
စိတ်မကောင်းဖြစ်ပြီး ပြန်ပြီ...:(

6. မြတ်မွန်....said (26.10.2010)
အင်းလျားရေပြင်က အတွဲလေးတွေအတွက် လွမ်းစရာလေးပဲနော်...။

၇. အင်ကြင်းသန့် .... said (28.10.2010)
ဖတ်ပြီးရင်ထဲမှာ....:((


Thursday, 7 November 2019

ဖေဖေ.....



အဲဒီနေ့က ကျွန်မတို့ရွာတိုက်နယ်ဆေးရုံဝင်းထဲမှာနေတဲ့ ဒေါ်နန်းခမ်းအင်တို့အိမ်မှာ ဝိန်းလန်းရွာက ဆေးလာကုတဲ့ စိတ်ဝေဒနာရှင် အမျိုးသမီးတစ်ယောက် ရောက်နေတယ်ကြားလို့ ကျွန်မတို့ ကလေးတွေ တစ်သိုက်စပ်စုပြီးသွားကြည့်ကြတယ်...။ ဝိန်းလန်းရွာကဆိုတော့ လိရှမ်းလူမျိုးတွေဖြစ်တဲ့အလျောက် ရှမ်းမလေးတွေက သိပ်လှကြတယ်လို့ လူကြီးတွေပြေတာကြားဖူးတယ်...။ အဲဒီရွာက လမုန်းအကမယ်တွေများတယ်တဲ့...။ ပြီးတော့ သူတို့အသားအရေက တခြားရှမ်းမလေးတွေလို ဖြူပြီးပန်းရောင်သန်းနေတာမျိုးမဟုတ်ဘဲ  အသားကဝင်းမွတ်ပြီး ဝါဝါကလေးနဲ့ဖြူကြတယ်...။ အဲဒီမှာ တာဝန်ကျတဲ့ စစ်ဗိုလ်တွေဆိုတာ မကြိုက်ဘဲမရှိကြဘူးတဲ့...။

ဆေးလာကုတဲ့ အမျိုးသမီးလေးက အသက် နှစ်ဆယ်ကျော်ကျော်ဘဲရှိဦးမယ်...။ ဒေါ်နန်းခမ်းအင်ဆိုတာ ဆေးရုံအကူလည်းလုပ်သလို သူ့အိမ်မှာ နတ်ရုပ်ပေါင်းစုံလဲ ကိုးကွယ်ထားတဲ့ နတ်ဝင်သည်လည်းဖြစ်တယ်...။ ဒီတော့ ဘယ်သူညွှန်းလိုက်လို့လည်းမသိဘူး  စိတ်ဝေဒနာရှင်အမျိုးသမီးလေးကို သူတို့က အပမှီတယ်ဆိုပြီး လာကုပုံရပါတယ်...။ ကျွန်မတို့ကလေးတွေ သွားကြည့်ကြတဲ့အချိန်မှာ ဒေါ်နန်းခမ်းအင်က ပဲတောင့်ရှည့်ကြော်နဲ့ ထမင်းကျွေးနေတာတွေ့ရတယ်...။  အမျိုးသမီးလေးကလည်း အေးအေးဆေးဆေးပဲ ထမင်းစားနေပါတယ်...။ စိတ်ဝေဒနာသည်ဆိုပေမယ့် မသိသာဘူး သာမန်လူပုံစံအတိုင်းလေးပါပဲ...။

အဲလိုဘာမှမဟုတ်သွားစပ်စုပြီးကြည့်လိုက်တာ ညနေတော်တော်မိုးချုပ်မှ အိမ်ပြန်နောက်ကျလို့ ဖေဖေနဲ့ရိုက်တာခံရတယ်...။ ဖေဖေက ကျွန်မကို သိပ်ချစ်တာ ခုလိုတခါမှတောင်ရိုက်ဖူးတာမဟုတ်ဘူး...။ ဆူတာလောက်ပဲရှိခဲ့တာ..။ အဲဒီနေ့ ဖေဖေ မေမေနဲ့ရန်ဖြစ်ကြလို့ ကျွန်မကိုမဲလိုက်တာဖြစ်နိုင်တယ်...။ မေမေကျွန်မကိုမွေးပြီး ခြောက်နှစ်လောက်ကျမှ မောင်လေးကိုမွေးတောဆိုတော့ ကျွန်မက ခြောက်နှစ်လောက် တစ်ဦးတည်းသောသမီးဖြစ်ခဲ့တာပေါ့....။

ကျွန်မအရွယ်ရောက်စ မှတ်မသလောက်တော့ ဖေဖေနဲ့မေမေက တကျက်ကျက်ပဲ...။ ဖေဖေက ကျွန်မနှစ်နှစ်သမီးအထိ မော်လမြိုင်စစ်တပ်မှာ တာဝန်ထမ်းဆောင်ခဲ့တယ်...။ စစ်ထဲကထွက်ရတဲ့အကြောင်းရင်းက ဖိုးဖိုးပြန်ခေါ်လို့ပါပဲ...။ မိသားစုနဲ့ ဟိုးအဝေးမှာ သွားမနေရအောင်တဲ့...။ ဖိုးဖိုးက သူ့သမက် ဖေဖေ့ကို အိမ်မှာပဲ စီးပွားရေးလုပ်စေချင်ခဲ့တာ..။ ဖေဖေကလဲ စစ်ထဲကထွက်ပြီး စစ်မှုထမ်းဟောင်းအရက်ဆိုင်မှာ အလုပ်ဝင်လုပ်ခဲ့တယ်...။ အရက်ဆိုင်မှာလုပ်တော့ အသောက်အစားမကင်းတော့ဘူးလေ...။ အဲဒါကြောင့်မေမေနဲ့မကြာခဏရန်ဖြစ်ကြတာ...။ ပြီးတော့ဖေဖေဟာ အပေါင်းအသင်းမှားခဲ့လို့ အသက်ဆုံးတဲ့အထိ အပြောင်းအလဲတွေများခဲ့တယ်...။

ဖေဖေ့ကို ကျွန်မသိပ်ချစ်တယ်...။ အဲဒီစကားကို ဖေဖေအသက်ရှင်စဉ်က ကျွန်မပြောခဲ့ဖူးသလား ကျွန်မမမှတ်မိတော့ဘူး...။ ဖေဖေဆုံးတော့ ကျွန်မအသက် ဆယ့်နှစ်နှစ်...။  ကျွန်မပေါက်စနလေးကတည်းက ဖွားဖွားတို့က ကျွန်မနှာအမြဲစေးတတ်လို့ ခေါင်းကိုအုန်းဆီလိမ်းပေးတာ ဖေဖေကမကြိုက်ဘူးတဲ့...။ ကလေးခေါင်းနံကုန်မယ်ဆိုပြီး ပေးမလိမ်းဘူး..။ ကျွန်မနာမှာစိုးလို့ဆိုပြီး ကလေးတုန်းက နားပေါက်မဖောက်ပေးခဲ့လို့ ခုထိ ကျွန်မနားပေါက်မရှိဘူး...။ ဖေဖေက သူ့သမီးလေးကိုချစ်တော့ နာမှာစိုးခဲ့တာလေ...။ ဖေဖေဟာ အလုပ်လုပ်တာလဲတော်သလို ဟင်းချက်လည်းသိပ်ကောင်းတယ်...။ ကျွန်မအဒေါ်တွေဆို ဖေဖေချက်တဲ့ ခရမ်းသီးနှပ်ကို သိပ်ကြိုက်ကြလို့ ချက်နည်းတောင်သင်ထားကြတာ....။ ဒီနေ့ထိအဒေါ်တွေက ခရမ်းသီးနှပ်ချက်တိုင်း သူတို့ခဲအိုကို သတိတရနဲ့ပြောတုန်း...။ ဖေဖေ ကချင်(၅)တပ်မှာနေတုန်းကဆို တပ်ကရတဲ့ ကုလားမခြင်းဆွဲနို့ဆီကို နို့ဆီကြော်လုပ်ကျွေးတာ သိပ်ကောင်းတယ်ပဲ...။ နို့ဆီတွေက မလိုင်လုံးတွေလိုဖြစ်သွားပြီး စားလိုက်ရင်ချိုဆိမ့်နေရော...။

ကျွန်မတို့ အ လ က ကျောင်းဝင်းထဲမှာ ပွဲလုပ်တုန်းကဆိုဖေဖေက သူဝယ်ထားတဲ့ ဂက်စ်အိုးထဲကိုသွပ်စတွေညှပ်ထည့်ပြီး မိုးပျံပူဖေါင်းလုပ်ပေးတယ်...။ ကျွန်မက ဖေဖေ ဂက်စ်ဖြည့်လို့ရလာတဲ့ မိုးပျံပူဖေါင်းတွေကို ချည်ကြိုးလေးနဲ့ချီပြီး စုကိုင်ထားတယ်....။ အလုံးနှစ်ဆယ် သုံးဆယ်လောက်ရရင် ပွဲထဲသွားရောင်းတယ်...။ ပျော်စရာကြီး အဲတုန်းက...။ နောက်တော့ ဖေဖေက တာချီလိတ်မြို့က ရဲဘော်ဟောင်းအရက်ဆိုင်ကိုပြောင်းရတော့  မေမေနဲ့တကျက်ကျက်ဖြစ်တာ ပိုဆိုးလာခဲ့တယ်...။ ဖေဖေနဲ့မေမေကွဲတော့ ကျွန်မအသက် ရှစ်နှစ်ကိုးနှစ်ရှိဦးမယ်...။  ဖေဖေက သူ့အစ်ကိုရှိတဲ့ ကျောက်ဆည်မှာ ကုန်ကားသွားမောင်းတယ်...။ ဖေဖေနဲ့ကွဲသွားလို့ ကျွန်မတို့မောင်နှမတွေက အဖိုးအဖွား ဦးလေးအဒေါ်တွေနဲ့အတူနေရတော့ ဖေဖေ့ကို သတိရကောင်းမှန်း လွမ်းရကောင်းမှန်းလည်းမသိခဲ့ဘူး...။ နဂိုကတည်းက လူကြောက်တဲ့ ကျွန်မက ဖေဖေထွက်သွားပြီးတဲ့ သုံးလေးနှစ်မှာ ဖေဖေ့ကိုတော်တော်စိမ်းသွားခဲ့တယ်...။ ကျွန်မတို့ဆီ ဖေဖေပြန်ရောက်လာတော့ ဖေဖေ ကျန်းမာရေးသိပ်မကောင်းတော့ဘူး...။ ငှက်ဖျားအခံရှိသလို ဆေးလိပ်အရမ်းသောက်တော့ ချောင်းတွေဆိုးပြီး အဆုတ်လဲ သိပ်ကောင်းပုံမရတော့ဘူး...။

ညနေဖက် ကျွန်မတို့အိမ်မှာ ဗီဒီယိုပြတဲ့ချိန်ဆို ဖေဖေရောက်လာတတ်တယ်...။ "သမီးလေး ဖေဖေ့ဆီလာပါဦးလို့" ဖေဖေက လက်နှစ်ဖက်ဆန့်ပြီးခေါ်ရင် ကျွန်မက နောက်ကိုတွန့်ဆုတ်ပြီး ဖေဖေ့ဆီမသွားရဲခဲ့ဘူး...။ ကျွန်မအောက်က မောင်လေးကျတော့ တွက်တယ် လူမကြောက်တတ်ဘူး..။ ဖေဖေဆီသူလိုက်ရဲတယ်...။ ဖေဖေသူ့ကို မော်တော်ဆိုင်ကယ်နဲ့ ရွာတစ်ပတ်ပတ်ပြီး တင်စီးလဲ သူလိုက်ရဲတယ်...။ ဖိုးဖိုးကတော့ မေမေ့ကို ဖေဖေနဲ့ပြန်ပေါင်းဖို့ ဖြောင်းဖြပေမယ့် ခေါင်းမာတဲ့ မေမေကတော့ လုံးပြန်လက်မခံခဲ့ဘူး...။ ဖေဖေကျန်းမာရေး တစစဆိုးရွားလာခဲ့ရာက နောက်ဆုံးဆေးရုံတင်လိုက်ရတယ်....။ ဖိုးဖိုးပဲ အစစအရာရာ တာဝန်ယူပေးတယ်...။ ဖေဖေ့နောက်ဆုံးအချိန်မှာ ဖေဖေချစ်တဲ့ သမီးလေးကအနားမှာရှိမနေခဲ့ဘူး...။ အဖေသေတာတောင်မသွားတဲ့ သမီးလေးဆိုပြီး တရွာလုံးက ဝိုင်းပြီးအပြစ်တင်ကဲ့ရဲ့တာကိုခံခဲ့ရတယ်...။ ကျွန်မကို စိတ်မာလို့ သံယောဇဉ်မရှိလို့ စိမ်းပျက်ရက်စက်နိုင်လို့ လို့အမျိုးမျိုးထင်မြင်ချက်တွေပေးကြခဲ့လိမ့်မယ်...။ တကယ်တမ်းကျတော့ ကျွန်မက ကြောက်တဲ့စိတ် ဖေဖေ့အပေါ်စိမ်းတဲ့စိတ်တစ်ခုတည်းနဲ့မသွားခဲ့တာ...။ ကျွန်မကိုယ် ကျွန်မလည်း လူကြောက်တတ်တဲ့စိတ်ကို အသက်အရွယ်တော်တော်ရတဲ့အထိ ကြိုးစားဖျောက်ယူခဲ့ရတယ်...။ ကျွန်မဘ၀မှာ ဒီထက်ကြီးမားတဲ့ နောင်တထပ်မရချင်တော့ဘူး...။ လောကမှာ တကြိမ်တခါပဲ ရတတ်တဲ့ အခွင့်အရေးတွေကို ရယူတတ်ဖို့ ကျွန်မ အဲဒီတုန်းက နားမလည်ခဲ့ဘူး...။ ဖေဖေဆုံးခါနီး အမြင်အားရုံ အကြားအာရုံတွေတစ်ခုမှမကောင်းတော့ဘူး ...။ ဖေဖေသိပ်....ကို သနားစရာကောင်းပါတယ်...။ မောင်လေးကတော့ ဖေဖေအသက်ထွက်သွားတဲ့အထိ အနားမှာရှိနေခဲ့တယ်...သူ အဲတုန်းက အသက်ခြောက်နှစ်ထဲရယ်...။ ကျွန်မထက်စာရင် မောင်လေးကမှ ဖေဖေအလိုကိုဖြည့်နိုင်ခဲ့သေးတယ်....။

ဖေဖေအသုဘကို ဖိုးဖိုးပဲအကုန်စီစဉ်လုပ်ပေးခဲ့တယ်...။ ဖေဖေဆုံးတာ ကျွန်မ မျက်ရည်လေးတစ်စက်တောင်မကျခဲ့ဘူး...။ တကယ်တော့ ကျွန်မငိုနေခဲ့ပါတယ်... ဘယ်သူမှမမြင်နိုင်တဲ့ မျက်ရည်တွေ ခုချိန်ထိကျနေတုန်းပဲ...။ အနှစ်သုံးဆယ်ကျော်... ဆုံးပါးသွားပြီဖြစ်တဲ့ ဖေဖေ့ကို သတိရလွမ်းဆွတ်သောအားဖြင့် ဒီပို့စ်ကို မိုးငွေ့ရဲ့ဆယ်တစ်နှစ်ပြည့်နှစ်ပတ်လည် အမှတ်တရ အဖြစ် ပြန်လည်ရေးသားဖော်ပြ​ြခင်းဖြစ်ပါတယ်...။ ဖေဖေ ကောင်းရာသုဂတိဘုံ ရောက်ရှိပါစေ...။

မိုးငွေ့

ပို့စ်အဟောင်းမှာတုန်းက ကော်မန့်ပေးခဲ့တာတွေကို အမှတ်တရအဖြစ် ပြန်ရေးပေးလိုက်ပါတယ်...

၁. Anonymous said....(14.1.2010)
အမရေ တကယ်ခံစားလိုက်ရတယ်ဗျာ.....ပျော်ရွှင်ပါစေမမ

၂. ဏီလင်းညို said....(15.1.2010)
မမိုးရေ... ဒီစာလေးကိုဖတ်ပြီး မမိုးရဲ့အဖေကိုလည်းသနားတယ်... မမိုးအတွက်လည်းစိတ်မကောင်းဘူး..။ ပြီးတော့ အိမ်ကအဖေ့ကိုလည်း သတိရမိတယ်..(တိုက်တိုက်ဆိုင်ဆိုင် ဒီနေ့ပဲသူနဲ့ဖုန်းပြောသေးတယ်လေ..)
ခင်မင်တဲ့
ဏီလင်းညို

၃. ညရဲ့ကောင်းကင် said...(16.1.2010)
အစ်မမိုးငွေ့ရယ် စိတ်မကောင်းဖြစ်လိုက်တာဗျာ... ဘာပြောရမှန်းမသိတော့ဘူး...

၄. Khin Oo May said...(31.7.2010)
စိတ်မကောင်းဘူး

၅. နွေတေးရှင် (မင်းဧရာ) said...(9.1.2014)
ကောင်းရာသုဂတိဘုံကနေ သိပ်တော်တာတွေသူသိမှာပါ သိပ်ချစ်တာတွေသူသိမှာပါ နှမျောတသနေတာတွေ သူသိမှာပါ ပြေမပြြဖစ်ခဲ့တာတွေလည်း သူကြားမှာပါ
ထပ်တူထပ်မျှခံစားခဲ့ပါသော

Sunday, 3 November 2019

Now & Ever.....




ဘာမှမပြောခင် ဒီရုပ်ရှင်အရမ်းကောင်းတယ် လူတိုင်းကြည့်သင့်တယ်လို့ ပြောပါရစေ..... :)

သတိထားမိသလောက် Movie Review ရေးတဲ့သူတိုင်း ဇာတ်လမ်းကို spoil မလုပ်ဘဲ ဘယ်လိုကောင်းကြောင်းနဲ့ ကိုယ်တိုင်သွားကြည့်ဖို့တိုက်တွန်းသူတွေချည်းပဲတွေ့ရတာ ထူးခြားချက်တစ်ခုလိုဖြစ်နေတယ်ဆိုတာက ကျွန်မတို့ မြန်မာဇာတ်ကားကို ဒီလို အရည်အသွေးမျိုး ဒီလိုရိုက်ချက်မျိုး ဒီလိုဇာတ်ညွှန်းမျိုးနဲ့ အဖက်ဖက်က ပြည့်စုံတဲ့ စေတနာပါတဲ့ ဇာတ်ကားမျိုး ငတ်မွတ်နေခဲ့တာ ကြာခဲ့ပြီဆိုတာပဲ....၊

ဘဘဦးသုခတို့ ဦးသာဓုတို့ ဦးဝင်းဦးတို့ ခေတ်ကလို အရည်အသွေးပြည့်ဝတဲ့ ဇာတ်ကားကောင်းတစ်ခု ဆယ်စုနှစ်များစွာ ကျော်လွန်မှ တဖန်ပြန်ကြည့်ရတာမျိုးကိုး....။ သိပ်ကောင်းတယ် အရင်ဦးဆုံး ဒါရိုက်တာခရစ်တီးနားခီကို တကယ်ချီးကျူး ဂုဏ်ယူမိပါတယ်...။ ပြီးတော့ ဇဏ်ခီ ဇာတ်ညွှန်းပိုင်းနဲ့ တေးဂီတပိုင်း သိပ်ပိုင်တယ်...။ ဒီကားလေးမှာ သီချင်းကအသက်ဆိုလည်း ဟုတ်တယ်....။ ဇာတ်ကားရဲ့ OST စီတီတွေပါ ရောင်းနေပြီလို့သိရတယ်...။ ဝယ်သိမ်းပြီး နားထောင်ရမယ်လေ...။

ဇာတ်ကားလေးက ရသပေါင်းစုံပေးစွမ်းတယ်...ပေးတဲ့ရသတိုင်းကလည်း အနှစ်တွေချည်းပဲ...ရုံထဲမှာ ကြည့်နေတဲ့သူတွေအားလုံး ကားပြီးတဲ့အထိ ဆိတ်ငြိမ်နေကြတာ ခါတိုင်းကားတွေလို နေကြာစေ့ကိုက်သံ အာလူးကြော်ဝါးသံတွေတောင် မကြားရဘဲ အားလုံးက ဇာတ်ကားထဲစိတ်နှစ်နေကြတာ...။ ရုပ်ရှင်လဲပြီးတေရာ အကုန်လုံးနီးပါး မျက်လုံးတွေမို့အစ် နီရဲ ငိုထားကြတာ....တကယ်ပြောတာ တစ်ရှူးနှစ်ရွက်နဲ့မလောက်ဘူး...။ကျွန်မဆိုပိုဆိုးသေးတယ် ငယ်တုန်းကတည်းက အိမ်မှာဗီဒီယိုရုံရှေ့ဆုံးကလေးတန်းမှာ ဝမ်းနည်းရမယ့်ခန်းဆို ရုပ်ရှင်ထဲကမျက်ရည်မကျသေးဘူး ကိုယ်ကအရင်ငိုနေနှင့်ပြီ....။ ဆိုတော့ ဒီကားမှာလည်း ကျွန်မ တစ်ရှူးမလောက်ခဲ့ဘူးဆိုပါတော့....။

မင်းသားနဲ့မင်းသမီး သရုပ်ဆောင်တာ သိပ်သဘာဝကျတယ်...။ သရုပ်ဆောင်နေတာနဲ့မတူဘဲ တကယ်ဖြစ်နေတာမျိုး လုပ်ပြနိုင်ကြတာ သူတို့ရဲ့ ကြိုးစားအားထုတ်မှုကို မျက်ဝါးထင်ထင်ပြလိုက်တာပါပဲ...။ နောက်ထပ်အခေါက်ခေါက်အခါခါ ကြည့်ဖို့တောင် မရိုးအီနိုင်မယ့်ဇာတ်ကားမျိုးပါပဲ....။

Good job!!!! NOW & EVER TEAM... I am very proud of you all....

နှစ်ပတ်လည် ပို့စ်တွေကို နှစ်လဆက်တိုက်တင်မယ်လုပ်နေတဲ့ကြားထဲက ဒီပို့စ်လေးကို နေနိုင်မထိုင်နိုင်ကြားဖြတ်တင်ပါရစေ...:)


မိုးငွေ့

Friday, 1 November 2019

မီးမီး.....


ဘယ်သူဓါတ်ပုံရိုက်တာမှမခံလို့ ဖေဖေကိုယ်တိုင်ရိုက်ပေးတော့မှ အဲလိုပဲလေးထုတ်ပြီးအရိုက်ခံ


ကျွန်မကိုစမွေးတော့ မေမေတို့မောင်နှမတွေအတွက် တူမဦးလေးဖြစ်ခဲ့သလို အဖိုးအဖွားတွေအတွက်လဲ မြေးဦးလေးဖြစ်ခဲ့ပါတယ်....။ မြေဦးတို့ထုံးစံအတိုင်း တစ်အိမ်လုံးဝိုင်းချစ်တာခံရတာပေါ့...။ ချစ်စရာကောင်းတဲ့ သမီးလေးမို့ ဖေဖေကိုယ်တိုင် "မီးမီး"လို့ အိမ်နာမည်လေးပေးခဲ့တယ်...။ မေမေဆိုရင် ကျွန်မကိုမွေးပြီးကတည်းက သိပ်မထိန်းလိုက်ရဘူးလို့ပြောတယ်....။ မေမေ့ညီမအငယ်ဆုံးတွေဖြစ်တဲ့ အဒေါ်အမွှာနှစ်ယောက်နဲ့ ကျွန်မ ဆယ်နှစ်တိတိကွာပါတယ်...။ ကျွန်မကို မွေးတော့ အိမ်မှာပဲမွေးပါတယ်...။ အဲဒီနေ့က အမွှာအဒေါ်တွေက စာမေးပွဲဖြေမယ့်ရက်ကို ကျောင်းရောက်ပြီး ကလေးလေးကို စာမေးပွဲခန်းမဝင်ခင်ပြန်ပြေးလာကြည့်ကြသေးတယ်တဲ့....။

မီးမီးရဲ့ ရှူရှူးပေါက် အီအီးပါထားတဲ့ အနှီးဝတ်တွေကိုလည်း လုလျှောကြရတာမောဆိုပဲ...။ ညဖက် နို့ဗူးထဖျော်ကြတာလည်း သူတို့ပဲတဲ့...။ ဒီတော့ မီးမီးမွေးဖွားလာခြင်းဟာ သူတို့တွေအတွက် ကစားစရာအရုပ်တစ်ရုပ်ရလိုက်သလိုပါပဲ...။‌ နေ့ညလုပြီးတော့တောင်ထိန်းပေးကြတယ်...။ ဒီတော့ အဲဒီအဒေါ်တွေ ဘယ်သွားသွား မီးမီးမပါတဲ့ နေရာမရှိသလောက်ဖြစ်လာခဲ့တယ်...။ တခါက အဖိုးဆန်စက်ရှိတဲ့ မြေနီတောင်ကုန်းလေးတစ်ခုမှာ မီးမီးကို စက်ဘီးနဲ့တင်နင်းပြီးလဲကျလို့ စက်ဘီးလက်ကိုင်နဲ့ မီးမီးရင်ဘတ်စောင့်မိလို့ မျက်ဖြူလန်ပြီး အသက်ရှူမရတော့လို့ နှစ်ယောက်သားကလေးကိုချီပြီး လှုပ်ခါရမ်းလိုက်တော့မှ ငိုသံထွက်လာတော့မှ သက်မချနိုင်တော့တာတဲ့...။ ကြည့်ဦးတော်သေးတာပေါ့ သူတို့က အသက်ကယ်နည်းလေး သိနေပေလို့...။ နို့မို့ဆို မီးမီးဆိုတာ ခု မိုးငွေ့လည်းဖြစ်မလာနိုင်တော့ဘူး...။

ကျွန်မကိုမွေးပေးခဲ့တဲ့ နပ်စ်မက ရှမ်းလူမျိုး ဆရာမဒေါ်နန်းဖေါင်းတဲ့... သူ့အမျိုးသားက ကျွန်မကျောင်းနေတော့ ကျွန်မတို့ကျောင်းအုပ်ဆရာကြီးဖြစ်လာတဲ့ ဆရာကြီး ဦးဆမ်မြူရယ်...။ ဆရာကြီးက လားဟူလူမျိုး သူတို့မှာ သမီးသုံးယောက်ရှိတယ်...။ တစ်အိမ်လုံး ကျွန်မကိုချစ်ကြတယ်...။ ကျွန်မ နာမည် မီးမီးကိုတောင် သူတို့က လားဟူလို "အားမီ"လို့ခေါ်ကြတာခုချိန်ထိပဲ....။


မိုငွေ့

အရင်ပို့စ်အဟောင်းတုန်းက ကော်မန့်ပေးခဲ့တာတွေကို အမှတ်တရပြန်လည်ဖော်ပြပေးလိုက်ပါတယ်..

၁. အဖြူရောင်နတ်သမီး said...(9.1.2010)
 "မီးမီးလေး" က ချစ်စရာလေးတော့
လာပါအုံး အန်တီနတ်သမီးလေးနားကို... အန်တီ့ကိုချစ်လား...
အဲ ခေါင်းညိတ်တယ်တော့
အန်တီနတ်သမီးလည်း "မီးမီးလေး"ကိုအရမ်းချစ်ပါတယ်တဲ့ရှင်... အာဘွား...

၂. အနှိုင်းမဲ့  said...(10.1.2010)
ဟယ်...ချစ်လိုက်တာ... အရမ်းချစ်စရာကောင်းတဲ့ ကလေးလေးပဲနော်...

၃. မိုးစက်အိမ် said...(11.1.2010)
မီးမီးဆိုတဲ့နာမည်က တော်တော်များများသုံးတယ်ထင်ပါတယ်...ဒီမီးမီးငယ်ငယ်ကပုံကလည်း မိုးစက်အိမ် ပိစိကွေးတုန်းကလောက်လည်း မချောဘူး ဟတ်...ရန်စသွားတာပါ အမရေ...:P

၄. ဏီလင်းညို  said...(12.1.2010)
မမိုးရေ... ငယ်ငယ်တုန်းက အားလုံးဝိုင်းချစ်ကြတယ်ဆိုတာ သေချာမယ်.. ပုံထဲက ကလေးလေးက ချစ်စရာလေးလေ ခါးလေးကိုထောက်လို့
ခင်မင်တဲ့
ဏီလင်းညို

၅. Khin Oo May said...(31.7.2010)
ဟုတ်ပါ့ ချစ်စရာလေး

၆. နွေတေးရှင် (မင်းဧရာ) said...(9.1.2014)
ပုံကိုက ဆွဲလိမ်ပြစ်ချင်စရာ :)

၇. မောင်ဘကြိုင် (ချဉ်ပေါင်ခြံ) said...(1.10.2016)
ကျွန်တော့်သမီးကိုလည်း မီးမီးချောလို့ခေါ်တာ မမီးကိုအားကျလို့ :) ;)