မိုးငွေ့ဆိုတာ...ကော်ဖီခါးခါးအကြိုက်နဲ့ ဖက်ရှင်တအားမိုက်သူပေါ့...း)

Thursday, 23 August 2018

Hello..... အိန်ဂျယ်


အိန်ဂျယ်ရေ....

ကိုယ့်ရဲ့ ရူးသွပ်မှုကိုခု ချက်ချင်းပဲပြောပြချင်လာလို့ ဒီပို့စ်လေးကိုတင်ဖြစ်တာပါ...။ ဒီလက 31ရက်နေ့က Blog Day လေ...။ အန်တီတင့်က ကိုယ်တို့ လက်လှမ်းမီတဲ့ ဘလော့ဂါတွေအားလုံးကို တဂ်လိုက်တာက ပို့စ်အသစ်တစ်ပုဒ်ဆီ သူ့ဆီကိုပို့ပေးဖို့ပါ...။  ဘလော့ဂါတွေရဲ့ စာတွေတွေ ကဗျာတွေ ပန်းချီတွေ အားလုံးစုပြီး စာအုပ်ထုတ်မယ်တဲ့  ခန့်မှန်းချေ 2019 ဇန်န၀ါရီလလောက်ကို အုပ်၂၀၀၀ လောက်ထုတ်မယ်လို့ပြောတယ်....။ 

ကိုယ့်မှာ ၀မ်းသာရမလား ၀မ်းနည်းရမလားဖြစ်မိတယ်...။ ကိုယ့်စာတွေ ကိုယ့်ရင်ဘတ်ထဲက စကားလုံးတွေကို စာအုပ်တစ်အုပ်အဖြစ် ကိုင်တွယ်ပြီးဖတ်ခွင့်ရတော့မယ်ဆိုပြီးတော့လေ...။ ကိုယ် မင်းနဲ့ ပတ်သက်ပြီး ရေးခဲ့တဲ့ အိန်ဂျယ်စာစု အပုဒ်(၁၂၀)ကိုသွားပြန်မွှေဖတ်ကြည့်တယ်...။ ကိုယ့်ရဲ့ အိန်ဂျယ်စာစုဖြစ်တည်မှုကို မှတ်တိုင်စိုက်စေခဲ့တဲ့ ပို့စ်က “ ပျောက်ဆုံးနေသောအိန်ဂျယ်” ဆိုတဲ့ ပို့စ်လေးပဲ..။ ဘယ်လိုပဲရှာရှာ ဘယ်လိုပဲတွေးကြည့်ကြည့် အဲဒီတစ်ပုဒ်ကိုပဲ ကိုယ်ရွေးချယ်မိတယ်...။ နောက်တော့ အန်တီတောင်းတဲ့ ပို့စ်က အဟောင်းထဲကမဟုတ်ဘဲ အသစ်ရေးရမယ်တဲ့...။ ကိုယ့်ရဲ့“မိုးငွေ့နှင့်အတူ” လို့ပြောလိုက်တာနဲ့ အိန်ဂျယ်နဲ့တွဲမြင်နေတတ်ကြပြီမို့... အမှတ်တရစာအုပ် ထုတ်တဲ့အခါလည်း အိန်ဂျယ်စာစုထဲကတစ်ပုဒ်ကိုပဲထည့်ချင်မိတယ်...။ (မရယ်ကြနဲ့နော်) စာအုပ်က ဘယ်ဆီနေမှန်းမသိပေမယ့် ကိုယ့်မှာ မင်းနဲ့ မင်းသူငယ်ချင်းတွေကို လက်ဆောင်ပေးဖို့ လက်မှတ်ထိုးကျင့်နေခဲ့တာ စာရွက်တွေပလူပျံလို့...။

ကိုယ်အမြဲစိတ်ကူးခဲ့ဖူးတယ်လေ....။ အိန်ဂျယ်စာစုတွေကို စာအုပ်တစ်အုပ်ထုတ်ဖို့...။ ကိုယ့်စိတ်ကူးတွေကို အကောင်ထည်ဖော်ဖြစ်တော့မယ်ဆိုတဲ့အတွေးနဲ့ပေါ့...။ စာစုကလေး တစ်ပုဒ်ပဲပါပါပေါ့...။ ခုတော့ အဟောင်းကို ဆားချက်တာ မောဒီဖိုင်းလုပ်တာမဟုတ်ဘဲ အသစ်စက်စက်ရေးပေးရမယ်ဆိုတော့ကာ...။ အချိန်တွေဟာ ခံစားမှုတွေနဲ့ အတွေးတွေကို တိုက်စားသွားခဲ့ပြီလေ...။ ကိုယ် အရင်လို အတွေးနုနုရွရွလေးတွေနဲ့ စာဖွဲ့နိုင်ပါ့မလား စိုးရိမ်မိတယ်...။ လာမယ့် အောက်တိုဘာ 30 ကိုနောက်ဆုံးပို့ရမယ်...။ ကိုယ့်ကို “ ပျောက်ဆုံးနေသောအိန်ဂျယ်” ပို့စ်လေးပဲ ပို့ခွင့်ပေးပါလို့ ....အန်တီတင့်ကို ဒီပို့စ်လေးနဲ့ တောင်းဆိုရမယ်...။


မိုးငွေ့
 

Monday, 20 August 2018

Yoga Post for Back Pain.....





ကျွန်မနဲ့ ညီအစ်မသဖွယ်ချစ်ခင်ရတဲ့ မမ၀သုန်တစ်ယောက် ခါးနာနေတာလို့သတင်းကြားတာနဲ့ ဒီပို့စ်လေးတင်ပေးလိုက်ပါတယ်...။ ကျွန်မကိုယ်တိုင်လည်း အခု ယောဂကျင့်စဉ်ကို ပြန်ကစားဖြစ်နေတာနဲ့ စာလာဖတ်သူ သူငယ်ချင်းအားလုံးကိုလည်းမျှဝေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ...။ အခုပြထားတဲ့ ပုံတွေကတော့ အဓိက ခါးနာသက်သာစေတဲ့ ပို့စ်တွေပဲဖြစ်ပါတယ်...။ ကျွန်မတို့ ယောဂ စပြီးကစားရင် အခြေခံအဆင့်မှာကတည်းက ဒီပို့စ်တွေပါပြီးသားပါ...။ မမ၀သုန်အနေနဲ့လည်း နည်းပြဆရာ/ဆရာမကို နည်းစနစ်ကျအောင် မေးပြီးလုပ်ကြည့်ပါ...။



 ဒီပုံလေးကတော့ အိပ်ယာထဲမှာ သက်တောင့်သက်သာလုပ်နိုင်တဲ့ ပို့စ်တွေပါ



ကျွန်မ ယောဂကျင့်စဉ်ကို 2013-14 လောက်ကစကစားခဲ့တာ... တစ်နှစ်လောက်ပါပဲ အဲလိုဇွဲရှိတာ။ အဲတုန်းက အေရိုးပစ်တောင်ကစားဖြစ်သေးတယ်...။ တစ်ပတ်ကို ငါးရက်လားမသိ...။ ပြန်မကစားဖြစ်တာ  သုံးလေးနှစ်လောက်ရှိနေပြီ...။ ခုနောက်ပိုင်း ကျွန်မတို့ ကွန်ဒိုမှာ Gym သွားသွားကစားဖြစ်နေတော့ စက်ပေါ်လမ်းမလျှောက်ချင်တဲ့နေ့ကျတော့ ယောဂ ကစားဖြစ်တယ်...။ တစ်ပတ်ခြားဆီ စက်နဲ့တလှည့် ယောဂတစ်လှည့်ပေါ့...။ Free Hand ကျတော့ Warm Up လုပ်တဲ့အချိန်နဲ့ အကြောပြန်လျှော့တဲ့ အချိန်လောက်လုပ်ဖြစ်တယ်...။ အသက်ကြီးလာတော့ ပိန်ဖို့ထက် ကျန်းမာဖို့ပဲလိုပါတယ်ဆိုတဲ့ စိတ်ကပိုများသွားတယ်..။ ကျွန်မက အဆီနည်းပြီး အသားကျစ်တော့ ၀ိတ်လျှော့ရတာပိုခက်တယ်...။ လူကြည့်ရင် ပိန်သွားတယ်လို့ ထင်ရပေမယ့် ၀ိတ်ကတော့မကျပါ...။

အမှန်တော့ ကျွန်မ Gym ကစားဖြစ်တဲ့ ပို့စ်ကို သပ်သပ်ရေးထားပြီးသား ဒါပေမယ့် မမ၀သုန်အတွက် ခါးနာသက်သာစေဖို့ ဒီပို့စ်လေးကို အရင်တင်ပေးဖြစ်သွားတာပါ...။ အသက်ကြီးလာရင် ပင်ပန်းတဲ့ အားကစားနည်းထက် ထိုက်ကျိလို ယောဂလိုမျိုး ခန္ဓာအတွင်းကအဆိပ်အတောက်ရှင်းပြီး အတွင်းအားနဲ့ ချွေးထုတ်တဲ့နည်းက ပိုသင့်လျော်ပါတယ်...။



 တင်ပါးဆုံနဲ့ကျောအတွက်




 လည်ပင်း ပခုံးနဲ့ လက်ပြင်နာသူတွေအတွက်ပါ



ခါးနာနေတဲ့ မမ၀သုန်တစ်ယောက် ယောဂကျင့်စဉ်နဲ့ အမြန်ဆုံး သက်သာပျောက်ကင်းပါစေ...။ ခါးနာတတ်တဲ့ စာလာဖတ်သူ သူငယ်ချင်းမိတ်ဆွေအားလုံးလည်း လိုက်ပြီးလုပ်နိုင်ဖို့ မျှဝေလိုက်ပါတယ်...။ အားလုံး စိတ်ချမ်းသာ ကိုယ်ကျန်းမာကြပါစေ...။


မိုးငွေ့

Thursday, 16 August 2018

Coffee bar for any barista station.....


 
 Espresso Machine


မနှစ်က နှစ်စမှာ ကော်ဖီသင်တန်းတက်ထားပြီး စာပြန်နွေးချင်တာနဲ့ ဒီပို့စ်လေးကို တင်ဖြစ်လိုက်တာပါ..။ ဆိုင်ဖွင့်ဖို့ကလည်း လိုသေးတယ် ပြီးတော့ Practice တောင်မလုပ်ဖြစ်တာ ကြာပြီ...။ အိမ်မှာ French Press တို့ Vietnam Phin တို့ Mister Clever တို့လို အလွယ်တကူနှပ်သောက်လို့ရတဲ့ ကော်ဖီမျိုးပဲလုပ်ဖြစ်နေတာ..။ Espresso စက်ကျတော့ အိမ်သုံး one group ဆယ်သိန်းအောက် ၀ယ်ဖို့စဉ်းစားနေပေမယ့် မ၀ယ်ဖြစ်သေးတာ အဲဒါလေးရှိနေရင်တော့ Milk foam ရိုက်တာတွေ latte art တွေကို ကျင့်နေလို့ရတယ်..။ သင်တန်းဆင်းခဲ့တဲ့ WTC ကိုလည်း မရောက်ဖြစ်တာကြာလှပေါ့..။ အဲလိုတွေ ဘာတွေကို အလုပ်ရှုပ်နေမှန်းမသိ...။ 


 Automatic Coffee Grinder



ကမ္ဘာမှာ ကော်ဖီစေ့ကိုစတင်တွေ့ရှိတာ အီသီယိုးပီးယားနိုင်ငံက ဆိတ်ကျောင်းသားလေး Kaldi ပဲဖြစ်တယ်..။ ကော်ဖီလို့ နာမည်ပေါ်ပေါက်လာတာကတော့ ကျူးလစ်ပန်းတွေ ပွင့်တဲ့ ဟော်လန်(နယ်သာလန်)နိုင်ငံ ကဖြစ်တယ်...။

ကမ္ဘာမှာ ဈေးအကြီးဆုံးနဲ့ အကောင်းဆုံးကော်ဖီလေးမျိုးကတော့..
1. Jamaica Blue Mountain 
2. Hawaii Conna
3. Yemen mocha Matahari
4. Panama Geisha

ကော်ဖီစေ့တွေကို အခြောက်ခံတဲ့နည်းနှစ်နည်းကတော့ ရေနဲ့စက်နဲ့ ပေါင်းပြီးအခြောက်ခံတဲ့နည်းနဲ့ သဘာဝနေလှန်းပြီးအခြောက်ခံတဲ့နည်းတို့ပဲဖြစ်တယ်...။ ကော်ဖီမှာ အမျိုးအစားနှစ်မျိုးရှိတယ် Arabica နဲ့ Robusta ။ Arabica ကတော့ အရည်အသွေးကောင်းတဲ့ ကော်ဖီဖြစ်ပြီး အမြင့်ပေ 1000 ကနေ 1700 အတွင်းပေါက်တဲ့ ကော်ဖီစေ့တွေဖြစ်ပါတယ်...။ ရာသီဥတု (နေ လေ မိုး) သုံးမျိုး ညီမျှစွာရမယ်ဆိုရင်တော့ အကောင်းဆုံးကော်ဖီကိုရပါတယ်...။ Robusta က အခါးဖက်များပြီး အမြင့်ပေ 800 အတွင်းစိုက်နိုင်ပါတယ်...။ မြန်မာပြည်မှာဆို တောင်ကြီး ရွာငံရွာမှာ စိုက်ပျိုးကြပါတယ်..။ သူ့ကိုတော့ 3in1 ကော်ဖီမစ်ထုတ်တဲ့အခါ သုံးပါတယ်..။

အခွံခွာပြီးသားကော်ဖီစေ့ကိုတော့ Green Bean လို့ခေါ်ပြီး လှော်ပြီးသားကိုတော့ coffee bean အလုံးလိုက်လေးတွေကိုတော့ Pea Berry လို့ခေါ်ပါတယ်..။
 


Milk foam picture


Espresso ရဲ့ အရသာမှာ ချို ခါး ချဉ် ခံစားမှုဆိုပြီး လေးမျိုးရှိတယ်...။ Espresso စက်ကနေကျလာတဲ့ ကော်ဖီအရောင်ဟာ ရွှေရောင်ဖြစ်နေရပါမယ်...။ ဒီလိုမှမဟုတ်ဘဲ ကျလာတဲ့ကော်ဖီအရောင်က ဖြူဆုတ်ဆုတ် မဲညစ်ညစ် ဆိုရင်တော့ ကော်ဖီအမျိုးအစား ညံ့လို့ ဖြစ်နိုင်ပါတယ်...။



 Shaker


 Coffee Tamper


Coffee Tamper ဆိုတာ ကျွန်မတို့ Espresso ကော်ဖီနှပ်တော့မယ်ဆိုရင် One shot သို့မဟုတ် Two Shot ခွက်ထဲကို ကော်ဖီမှုန့်တွေထည့်ပြီး ဒီ Tamper လေးနဲ့မျက်နှာပြင်ညီအောင်ဖိပေးရတယ်...။ ဖိတဲ့အခါမှာလည်း ကိုယ်ရဲ့ဝိတ် 28ပေါင်လောက်ထိမှန်းပြီးဖိပေးရတယ် ...။ Tamper ဖိအားများသွားရင်လည်း ကော်ဖီမှုန့်တွေက အရမ်းကျစ်ပြီး စက်ထဲထည့်တဲ့အခါ ရေမကျတော့ဘူး ကျလာတဲ့အရည်က ချိန်ထားတဲ့ စက္ကန့်ထက်ပိုသွားတော့ အဲဒီကော်ဖီက ပိုခါးပြီး အရည်ကလည်း မဲညစ်ညစ်ကြီးဖြစ်နေတတ်တယ်..။ ဒါကြောင့် ရွှေအိုရောင်သန်းတဲ့ Espresso ကောင်းကောင်း တစ်ခွက်ထွက်လာဖို့က သူနဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအားလုံး Balance ညီနေမှရတာ...။ ကော်ဖီကောင်းတစ်ခွက်ရဖို့ တစ်ကျိုက်မော့သောက်ဖို့ ဘယ်လောက်ခက်ခဲလဲဆိုတာ ကိုယ်တိုင်လက်တွေ့ လုပ်ကြည့်တော့မှနားလည်တာ...။




Aluminum  Cream gun


ခရမ်ဂန်းဆိုတာ Topping cream တွေကိုဝယ်လာပြီး ဒီဗူးလေးထဲထည့်  Espresso Con Panna တို့ Ice Mocha တို့  Ice Caramel Mocha coffee တို့ ဖျော်တဲ့အခါ အပေါ်ကနေ ခရင်မ်အမြှုပ်လေးကို ထိန်းပြီးထည့်ပေးရတယ် ပန်းပွင့်ပုံလေးလှလှပပဖြစ်အောင်ပေါ့ ပြီးတော့မှ ချောကလက်အရည်တို့ Caramel တို့နဲ့ အပေါ်ကနေ ထပ်ပြီးအလှဆင်ပေးရတာ...။ အဲဒီဗူးလေးကို အမြှုပ်လှလှပပထွက်အောင် ကျွန်မတော့ကျင့်ရဦးမှာ မလွယ်ဘူးလေ..။



 
 Knock Box

Espresso စက်ကနေနှပ်ပြီးသားကော်ဖီမှုန်တွေကို Knock Box ရဲ့ တန်းလေးမှာခေါက်ပြီး သွန်ပစ်ရတယ်...။ အဲဒီကော်ဖီဖတ်တွေကို လက်တွေ ခြေထောက်တွေ ကိုယ်ခန္ဓာ Scrub လုပ်တဲ့ နေရာမှာသိပ်ကောင်းတယ်...။ အသားတွေကြည်ပြီး ချောမွတ်နေရော...။ ကျွန်မဆို သင်တန်းတက်တုန်းက အမြဲတောင်းတောင်းသွားတတ်တယ်...။ နောက်ပြီး အဲဒီကော်ဖီဖတ်တွေကို အခြောက်ခံပြီး ပိတ်သားအိတ်ကလေးနဲ့ထည့်ပြီး ရေခဲသေတ္တာထဲထည့်ထားရင်လည်း အနံ့စုပ်ပါတယ်...။



 French Press


ဒီ French Press အိုးလေးတွေကိုတော့ ကော်ဖီကြိုက်တဲ့ အိမ်တိုင်း ၀ယ်ထားကြတာများပါတယ်...။ ကော်ဖီမနှပ်လည်း သူ့ကို လက်ဖက်ခြောက်နှပ်ပြီး ရေနွေးကြမ်းအိုးလုပ်လို့ရသေးတယ်...။



 
Mr  Clever


Mr Clever Hand Drip ကတော့ စူပါမားကတ်တွေမှာဝယ်လို့ရတယ် ...။ ကိုယ်ကြိုက်တဲ့ ကော်ဖီမှုန့်နဲ့ အိမ်မှာအလွယ်တကူနှပ်နိုင်ပါတယ်...။ ဈေးကြီးတာကတော့ Hand Drip လုပ်မယ့် သေးသွယ်တဲ့ နှုတ်သီးကောက်ကောက်လေးပါတဲ့ ရေနွေးခရားပါပဲ...။ တအိုးကို ငါးသောင်းလောက် ပေးရတယ်...။ ကော်ဖီကောင်းတစ်ခွက်ရ အရင်းနှီးဘယ်လောက်များလဲ...။ ကော်ဖီဆိုင်တစ်ဆိုင်မှာ ကော်ဖီတစ်ခွက် သုံးထောင် သုံးထောင်ငါးရာပေးရတယ်ဆိုတာ ကော်ဖီအကြောင်းကောင်းကောင်းသိမှပဲ ထိုက်တန်တဲ့သူ့ရဲ့ တန်ဖိုးကိုနားလည်နိုင်တာ..။


Cold Dripper or Dutch Coffee

ကျွန်မသင်တန်းတက်ခဲ့တဲ့ WTC မှာ  Dutch ကော်ဖီလည်း ရောင်းရတယ်...။ သူက အပေါ်မှာပြထားတဲ့ ပုံထဲကလိုပဲ ကော်ဖီတစ်အိုးရဖို့ အစက်ချရတာ 8နာရီလောက်အချိန်ပေးရတယ်...။ အဲဒီကရလာတဲ့ ကော်ဖီရည်ကို ရေခဲလေးထည့်သောက် တခြားဘာမှထည့်စရာမလို ကော်ဖီအရသာလေးက လုံးဝမခါး မချဉ်ဘဲ ဆိမ့်မွှေးအေး...။



 Vietnam Phin Coffee

Vietnam Phin ကတော့ နဲနဲပြင်းတယ်...။ သူ့ကော်ဖီအရောင်ကမဲနက်ပြီး အခါးဖက်များတယ် ဒါကြောင့်သူတို့တစ်ခွက်ဖျော်ရင် နို့ဆီအများကြီးထည့်ဖျော်ကြတယ်...။ သူ့အရသာက ခါးလည်းခါး ချိုလည်းချိုတယ် အားသာချက်ကတော့ အနံ့ကသိပ်မွှေးတော့ သူ့အနံ့ရရင်ကိုပဲ သောက်ချင်စိတ်ကို မထိန်းနိုင်ကြတော့တာ သူကအဲလိုတော့ ဆွဲဆောင်အားကောင်းတယ်...။ မနှစ်က ကျွန်မတို့ ဗီယက်နမ် ဟိုချီမင်းသွားလည်ကြတုန်းက သူတို့ကော်ဖီက လမ်းဘေးဆိုင်သေးသေးလေးတောင် လူများတယ်...။ ဖြတ်သွားတာနဲ့တင် မွှေးနေတာ...။ ကျွန်မတို့တည်းတဲ့ ဟိုတယ်ဘေးနားက အိမ်ဆိုင်လေးမှာ အဖိုးကြီးတစ်ယောက်နှပ်တဲ့ ကော်ဖီလေးတစ်ခွက်သောက်ခဲ့ရသေးတယ်..။ ငယ်ငယ်တုန်းက သောက်ဖူးခဲ့တဲ့ အိမ်ဆိုင်တွေက လက်ဖက်ရည်ကော်ဖီနှပ်နည်းလေးအတိုင်းပဲ ရေစစ်အရှည်လေးနဲ့ ကြွေရည်သုတ်ခရားနဲ့နှပ်တာ...။



 Syphon


ဒီကော်ဖီလေးကိုတော့ ဆိုင်တွေမှာ သိပ်မှာသောက်လေ့မရှိကြဘူးထင်တယ် ...။ မတွေ့ဖူးသေးဘူး...။ အမှန်တော့ တနိုင်ငံနဲ့တနိုင်ငံ လူမျိုးဘာသာကွဲပြားသွားပြီး ကော်ဖီနှပ်သောက်တဲ့ နည်းတွေကွဲသွား တာပါပဲ..။



 Cold Dripper



Cold Dripper ကိုတော့ Dutch ကော်ဖီလို ရှစ်နာရီလည်းစောင့်စရာမလိုဘဲ တခါတည်း ရေခဲကို ရေစစ်မှာထည့်ပြီး 82 နဲ့ 92ဒီဂရီကြားကမှာရှိတဲ့  ရေဆူနဲ့လောင်းပြီးနှပ်ရတာမျိုး...။ သူလည်းသောက်လို့ကောင်းတယ်..။ ရေနွေးခရားနဲ့လောင်းချရမယ့် အနေအထားက ကော်ဖီခွက်နဲ့ ခရား 2.5 စင်တီမီတာအမြင့်အကွာမှာရှိရပါတယ်...။


Aero Press


တကယ်တော့ Aero Press ဆိုတာ ခရီးဆောင် Espresso စက်အသေးစားလေးပါပဲ...။ ဒါကိုတော့ ပုံပဲမြင်ဖူးသေးတယ်... ။ အပြင်မှာမသုံးဖူးသေးဘူး...။ 



Ibrik Coffee


Ibrik coffee လေးက မီးဖိုပေါ်အဲလိုအိုးလေးနဲ့ သကြားလေးထည့်ပြီး ကျိုရတာ...။ ကျိုရတာလို့ပြောရမှာပဲ သူကနှပ်တာမဟုတ်ဘူး...။ အိုးလေးက လက်ကိုင်လေးနဲ့ ကြေးနီနဲ့လုပ်ထားတဲ့အိုး...။



Moka Coffee Pot


ကော်ဖီနှပ်နီးမျိုးစုံထဲမှာ မီးဖိုပေးတိုက်ရိုက်ကျိုရတာ Ibrik coffee ပြီးရင် မိုခါးကော်ဖီပဲ...။ ကျွန်မတို့ မြန်မာကော်ဖီမှုန့်ကို ဒန်ခွက်ကြီးထဲနှပ်သောက်ရတာနဲ့တောင်တူသေးတယ်...။ အနယ်ပါတယ်လေ...။ ရေ 300 ml ကော်ဖီ 20g နဲ့ Cocoa မှုန့်တစ်ဇွန်းကို မီးအေးအေးလေးနဲ့တည်ပြီး ရေဆူလာတာနဲ့ ခနစောင့်ပြီး မီးပိတ်လိုက်ပါ ဇွန်းနဲ့ အနယ်တွေကိုဖယ်ပြီး ခွက်ထဲလောင်းထည့် နို့ foam ရိုက်ထားတာနဲ့ latte art လောင်းလိုက်ရင် ရပြီ...။


Filter Style Grinder


 Cleaning Equipment




 

Milk Temperature


 Coffee Power Weight Skill

ဝိတ်ချိန်စက်ကလေးကတော့ မုန့်လုပ်မှမဟုတ်ဘူး ကော်ဖီအတွက်လည်း သုံးရတယ်...။ အဓိကက ကော်ဖီမှုန့်ချိန်တဲ့နေရာတွေမှာနဲ့ Hand Drip တွေမှာသုံးရတယ်...။


Blander

Blander ကတော့ သစ်သီးဖျော်ရည်နဲ့ ကော်ဖီအအေးတွေအတွက်သုံးရတာပါ...။ သူက ရေခဲကိုလည်းကြေအောင်ကြိတ်နိုင်တော့ Smoothies အတွက် အဓိကကျတယ်...။ ကျွန်မတို့အအေးတွေမှာ သုံးမယ့် Surgar Syrup ကို ရယ်ဒီမိတ်မ၀ယ်ချင်ရင်လည်း Blander နဲ့ ကိုယ့်ဘာသာလုပ်လို့ရတယ်...။ သကြား 1500g ကို ရေနွေး 750 လီတာနဲ့ စက်ထဲ သကြားကြေတဲ့အထိ ကြိတ်လိုက်ရင် မြန်မာလိုအခေါ် သကာရည်ဆိုတာရပြီ...။


မိုးငွေ့

Wednesday, 8 August 2018

မိုးရာသီတစ်ခုစာအလွမ်းများ(၄).....




ကိုကိုပေးခဲ့သောလက်ဆောင်


အဲဒီနေ့လည်ခင်းတုန်းက ကော်ဖီဆိုင်မှာ ကျွန်မငိုချလိုက်ပြီး မျက်ရည်တွေဘာတွေသုတ်ပြီးတော့ ကိုကိုက စကားတစ်ခွန်းစပြောတယ်....။

“ကိုယ်တို့ ခြောက်လလောက် မတွေ့ဘဲနေကြရအောင်” တဲ့.....။

ကျွန်မက အငိုတိတ်စကလေးတစ်ယောက်လို မျက်ရည်စတွေကို စက္ကူ လက်ကိုင်ပုဝါနဲ့ တို့သုတ်ရင်း... သူ့ကိုမော့ကြည့်တော့.... သူက ခေါင်းတစ်ချက်ဆတ်ပြပြီး “ရတယ်မဟုတ်လား ကလေးနေနိုင်တယ်မဟုတ်လား”..တဲ့။

“အဲခြောက်လမှာ ကိုကိုကဘာလုပ်မှာမို့လဲ.....” လို့ ရှိုက်သံတစ်ဝက်နဲ့ ကျွန်မ ဇောတက တက်ကြည့်လိုက်သေးတယ်...။

သူဘာမှမပြောဘဲ ကျွန်မကိုပဲစိုက်ကြည့်နေတယ်.....။ နောက်တော့မှ “ကလေးပြောသလိုပဲ အားလုံးကို စာရင်းရှင်းဖို့လေ အဲအတွက် ကိုယ်အချိန်ယူတာ” လို့ ကိုကိုက ခါတိုင်းကိုကို မဟုတ်သလိုပဲ မရွံ့မရဲနဲ့ ခပ်တိုးတိုးပြောတယ်...(ပြောတယ်ဆိုတာထက် ၀န်ခံလိုက်တာ)...။ ကျွန်မကတော့ သူဝန်ခံလိုက်တဲ့ သူ့အကြောင်းကို လက်မခံချင်လို့ မယုံကြည်ချင်လို့ ၀မ်းနည်းပြီးတော့တောင် ငိုလိုက်ရသေးတာ...။
ကော်ဖီဆိုင်ကနေပြီး ကျွန်မတို့ မြို့ထဲ ခြေဦးတည်ရာကို လျှောက်သွားသေးတယ်... ။ 

ကျွန်မပခုံးကိုသိုင်းဖက်ရင်းက ကိုကိုက ကျွန်မပါးကို မနာအောင်လက်နဲ့ ခပ်ဆဆကလေး ရိုက်လိုက်တယ်...။ “ခုနက ကလေးစကားတွေက ကိုယ့်ကို သိပ်စော်ကားရာကျလွန်းတယ် အဲဒါသိလား” တဲ့...။ ကိုကို့မှာ ယောကျာ်းတစ်ယောက်ရဲ့ မာနရှိနေသေးသားပဲဆိုပြီး ကျွန်မလစ်ခနဲ ကြိတ်ပြီး ၀မ်းသာလိုက်သေးတယ်....။

ကျွန်မတို့ ပန်းဆိုးတန်းက အင်းဝစာအုပ်တိုက်ဝင်တယ် သူကျွန်မကိုပေးဖတ်ချင်တယ်ဆိုတဲ့ စာအုပ်က ပထမ ဒုတိယ တတိယ သုံးအုပ်တွဲ... အင်းဝမှာမရလို့ ...စာပေလောကထပ်ဝင်ကြတယ် ...အဲမှာ စာအုပ်ကို သုံးအုပ်လုံးရတယ်...။

ကျွန်မတို့ ကန်တော်ကြီးထဲမှာ ထမင်းကြော်ထိုင်စားရင်း ကျွန်မအတင်းပူဆာလို့ စာအုပ်သုံးအုပ်လုံးမှာ ကိုကိုက သူ့လက်မှတ် ရှုပ်ရှုပ်ထွေးထွေးကို ထိုးပေးခဲ့တယ်...။

ညနေအိမ်ပြန်တော့ ကိုကိုက ဘေးနားကနေ ဘာမှမပြောဘဲ ခပ်ဆိတ်ဆိတ်လိုက်လာရင်းက.....ကျွန်မကပဲ ကျွန်မတို့နှစ်ယောက်ကြားက တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်တယ်...။

“ဒီညနေ ကိုကိုနဲ့တွေ့ရမှာ နောက်ဆုံးပဲနော်....” ရယ်လို့...
ကိုကိုက အဝေးကိုလှမ်းမျှော်ပြီး ကျွန်မပခုံးသားကို တစ်ချက်ဖျစ်လိုက်တယ်...။
အိမ်ပြန်ရောက်တော့ လက်ထဲပါလာတဲ့ ကိုကိုပေးတဲ့စာအုပ်သုံးအုပ်ကို အိတ်ထဲကထုတ်လိုက်တယ်...။ ကျွန်မနဲ့ ကိုကို ဆုံတွေ့ခဲ့တဲ့ အချိန်တိုကလေးမှာ ကိုကို့ဆီက ကျွန်မ လက်ဆောင်သုံးမျိုးရခဲ့တယ်....။ ကျစ်ဆံမြည်းကြိုးလေးနဲ့ သရေဖိနပ်တစ်ရံ.... မိုးပြာရောင်တောက်တောက် တီရှပ်တစ်ထည်(ကိုကိုဆီမှာက ကျွန်မနဲ့အဆင်တူ အနက်ရောင်တစ်ထည်ရှိတယ်) ပြီးတော့ခုဝယ်ပေးလိုက်တဲ့ စာအုပ်သုံးအုပ်....။
ကျွန်မအဲပစ္စည်းကလေးတွေကို ကြည့်နေတုန်းမှာပဲ ဖုန်းမက်ဆေ့လေးဝင်လာခဲ့တယ်...။

“ကိုယ်တို့ နောက်ထပ်ခြောက်လထိမတွေ့ကြတော့ဘူးနော်...ကိုယ်တို့တကယ်နေနိုင်လိမ့်မယ်လို့ ကလေးထင်လား” တဲ့...။

မိုးရွာထဲမှာ ဖိနပ်ပျက်သွားခဲ့လို့ ကိုကိုဝယ်ပေးခဲ့တဲ့ ဒီကျစ်ဆံမြည်းဖိနပ်ကလေး ကျွန်မအမြဲစီးဖြစ်နေမှာပါကိုကို... ဘာလို့လဲဆိုတော့ ဖိနပ်ပေးရင်ကွဲကွာတတ်တယ်ဆိုတဲ့ အယူကို ကျွန်မယုံကြည်လိုက်လို့ပဲ...။ တီရှပ်လေးကိုတော့ ကျွန်မဘယ်တော့မှ ၀တ်ဖြစ်မှာမဟုတ်ဘူး ရုန့်ရင်းဆန်လွန်းလှတဲ့ ကိုကို့ထွေးပွေ့မှုကို အမြဲသတိရ မနေစေချင်လို့...။ ကိုကို့ လက်မှတ်ကလေးပါတဲ့ ဒီစာအုပ်သုံးအုပ်ကိုလဲ စာကြည့်တိုက်တစ်ခုခုမှာ လှူလိုက်ပါရစေ... ။ 

လက်ဆောင်သုံးမျိုးရှေ့မှာ ကျွန်မချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို ခုလောက်ဆို ကိုကိုသိပြီးရောပေါ့....။ ကိုကိုပြောတဲ့ နောက်ခြောက်လဆိုတာ ခနကလေးပေမယ့် ကျွန်မ ကိုကိုနဲ့ ပြန်မဆုံချင်တော့ပါဘူး...။
ကိုကိုပြောသလိုပဲ တစ်ပတ် နှစ်ပတ်လောက်အချိန်ယူလိုက်ရင် ကိုကို့ကို ကျွန်မ မေ့ပျောက်သွားလိမ့်မှာပါ..။
လမ်းလျှောက်တိုင်း ကျွန်မစီးထားတဲ့ ကိုကိုဝယ်ပေးခဲ့တဲ့ ဖိနပ်ကို ငုံ့မကြည့်ခဲ့မိရင်ပေါ့....။

“အရာအားလုံးအဆင်ပြေသွားတဲ့အခါ ကလေးဆီကို ကိုယ်ပြန်လာခဲ့မယ် စောင့်နေနော်...
ပျော်ရွှင်ပါစေ ကလေးလေး ကိုကို မင်းကို အမြဲသတိရနေမှာပါ...” 
အဲဒါ..ကိုကို့ရဲ့ နောက်ဆုံး မုသားလှလှလေးပေါ့။


မိုးငွေ့


Thursday, 2 August 2018

My Instagram Photo(2).....

ဝါဆိုလပြည့်နေ့မှာ ဥပုသ်သီလယူ ခင်ပွန်းကြီးဆယ်ပါးကို နို့ဆွမ်း ဆီမီး ရေချမ်း ၀ါဆိုပန်းတို့နဲ့ ကန်တော့ဖြစ်တယ်



 ဈေးထဲမနက်စောစော ဘုရားပန်းသွားဝယ်တော့ စံပယ်ပန်းသယ်ဆီက ၀ါဆိုပန်းလေးရခဲ့တယ်






City Mall က Amazone Cafe သူ့ကော်ဖီလေးမဆိုးဘူး ကျွန်မ Americano မှာသောက်တာ သူတို့က သကြားတွေ နို့တွေ အပိုပေးတယ် ဒီတိုင်းသောက်ရင်တောင် ကော်ဖီက လုံးဝမခါးဘူး..။ Brownie ကခြောက်ပြီးမာတယ် ကျွန်မတို့ WTC ကဆရာတွေလက်ရာကိုမမှီ ကျွန်မသင်တန်းတက်တုန်းက ဆရာခန့်ရဲသန့် Recipe က Moist တော်တော်ဖြစ်တာ..။ Brownie တို့ထုံးစံအတိုင်း မုန့်မျက်နှာပြင်ကတော့ အရုပ်ဆိုးတယ်လေ...။ ကျွန်မ ဆိုင်ဖွင့်ခါနီးကျရင် ဆရာ့ဆီမှာ Sandwish, Hot dog နဲ့ အမေရိကန်မနက်စာပြင်ဆင်ပုံလေး သွားသင်ဦးမယ်လို့ စိတ်ကူးတယ်..။ ဆရာကခု 8မိုင်ဖက်မှာ သင်တန်းဖွင့်ထားတယ်...။ Healthy ဖက်လိုက်စားတဲ့သူတွေနဲ့ ကဖိန်းရှောင်ချင်တဲ့သူတွေ ကော်ဖီဆိုင်မှာ matcha မှုန့်နဲ့ဖျော်တဲ့ Green Tea Latte မှာသောက်တတ်ကြတယ်...။ Amazone က green tea latte က အချိုမပါတော့ ပိုသောက်လို့ကောင်းတယ်...။ Breadtalk ကဖျော်တာ သကြားများတယ်..။ တချို့တော့ အဆီကျတယ်ဆိုပြီး အဲဒီအမှုန့်ချည်းသက်သက် လက်ဖက်ခြောက်ခတ်သလို ရေနွေးထဲ ခတ်သောက်ကြတယ်..။ အရသာက ရေညှိလို စိမ်းရွှေရွှေတော့ဖြစ်တယ်...။ Matcha အမှုန့်တွေကို ခုဆို စူပါမားကပ်တွေမှာ အလွယ်တကူ ဂျပန် သို့မဟုတ် အော်ဂဲနစ်ကောင်တာတွေမှာ ရှာပြီး ၀ယ်ယူနိုင်ပါတယ်..။ Matcha ဆိုတာ ဂျပန်ကလာတဲ့ လက်ဖက်ခြောက်အမှုန့်တစ်မျိုးပါပဲ...။ သူ့ကို မုန့်လုပ်တဲ့နေရာမှာလည်း တော်တော်များများသုံးကြတယ်..။ Chiffon cake တို့ Swiss Roll တို့လုပ်တဲ့အခါမှာပေါ့..။



 ဆရာကြီး ဒဂုံတာရာစာအုပ်တွေဝယ်စုဖြစ်တာ ဒီတစ်အုပ်ထပ်ရတယ် 
အကြမ်းရည်လေးနဲ့ ဆတ်သားခြောက်ဖုတ်နဲ့ ဒညင်းသီးဆီဆမ်းနဲ့






ကျန်းမာရေးနဲ့မညီညွတ်ဘူးဆိုပေမယ့်လည်း စားချင်တယ်လေ... ဒီဒညင်းသီးငါးပိချက်နည်းလေးကို ကျွန်မရဲ့ Instagram friend တစ်ယောက်ဖြစ်တဲ့ ချစ်ခင်လေးဆီကတောင်းထားတာ သူတင်ထားတာတွေ့လို့ စားချင်စရာလေးဆိုပြီး...။ ဒညင်းသီးပြုတ်ပြီးသားကိုမသုံးပါဘူး အစိမ်းကိုဝယ်ပြီး အခွံခွာ အညှာလေးတွေကို လှီးထုတ်ပြီး ဆားများများနဲ့ရေကြာကြာစိမ်ထားတယ်...။ ပြီးတာနဲ့ ခပ်ပြားပြားလေးရအောင် ကျီပွေ့နဲ့ထုပေးထားတာ...။ ကြက်သွန်အနှစ်ကိုဆီသတ် အဆိပ်ပြေအောင် ထန်းလျက်ခဲလေးတစ်ခဲလောက်ထည့် ဆနွင်းလေး ငရုတ်သီးမှုန့်လေးထည့် ပုစွန်ခြောက်မှုန့်ထည့် ငံပြာရည် မျှင်ငါးပိထည့်မွှေပြီး ဒညင်းသီးပြားလေးတွေထည့် ရေနွေးလေးကို မြှုပ်အောင်ထည့်ပြီး မီးမြေ့မြေ့လေးနဲ့ တည်ပါလေ့...။ ဒညင်းသီးမကျက်သေးရင် ရေထပ်ထည့်ပြီး နူးတဲ့အထိတည်ပေးပါ.....။ ပြုတ်ပြီးသားဒညင်းသီးကိုသုံးတာထက် အစိမ်းက ပိုစေးပြီး စားကောင်းတယ် လုပ်စားကြည့်နော်...။ ဒညင်းသီးကို ဈေးထဲက ပြုတ်ပြီးသားဝယ်စားရင်လည်း အိမ်ရောက်ရင် ရေသေချာဆေး အညှာနေရာကို ဓါးနဲ့လှီးထုတ် ဆန်တစ်ဇွန်းနဲ့ ထန်းလျက်တစ်ခဲထည့်ပြီး ပြန်ပြုတ်လိုက်ပါ ဒါဆို စားရတာ 80%လောက်စိတ်ချရပါပြီ..။




ညဖက် ဟင်းတွေနဲ့ထမင်းမစားချင်သောအခါ 
အကောင်းဆုံးသည် လက်ဖက်သုပ် ပဲဆီရွှဲရွှဲနဲ့ လက်ဖက်ရည်ကြမ်းနဲ့




 အသားလုံးစပါ့ဂတီကို မလုပ်စားဖြစ်တာကြာပေါ့
 ဆားမထည့်ဘဲ ပါမဆင်ချီးစ်ကိုအနှစ်ထဲ များများထည့်ချက်ထားတော့ ဆိမ့်ပြီးအရမ်းကောင်း





မန္တလေးက ညီမ၀မ်းကွဲတစ်ယောက်ဆီကလက်ဆောင်ရတာ တူးတူးထမင်းဆိုင်က လုပ်ရောင်းတဲ့ ငါးပိကြော် ပုစွန်ခြောက်ဘာလချောင်ကြော် ...။ တူးတူး ထမင်းဆိုင်ဆိုတာ ကျွန်မငယ်ငယ်တုန်းက မန်းမှာကျောင်းတစ်နှစ်တက်ခဲ့ရတော့ စားဖူးနေတာ 27လမ်းပေါ်က 78 x 79 ကြားထင်တယ် အဲတုန်းက ထမင်းဆိုင်လေးက အိမ်ဆိုင်လေးသေးသေးလေး ခုဆို ဆိုင်ကြီးဖြစ်နေရောပေါ့ မန်းရောက်တုန်းက မသွားဖြစ်လိုက်လို့ မသိလိုက်...။ တူးတူးထမင်းဆိုင်က အဲတုန်းကကျွန်မကြိုက်တဲ့ဟင်းက ၀က်ချို ကြက်ချိုချက် ပဲနှပ် ငရုတ်သီးငံပြာရည်ဖျော်...။ ဒီတခါမန်းထပ်သွားဖြစ်ရင် သွားစားဖို့တို့ထားရမယ်..။ ကျွန်မတို့ အိမ်နားချင်းက ညီမတစ်ယောက်အိမ်မှာ အဲဒီတူးတူး ငါးပိကြော်လေးစားလိုက်ရလို့ ညီမလေးလာမယ်ဆိုတာနဲ့ မှာလိုက်တာ..။ မှာတာက ငါးပိကြော်တစ်မျိုးပဲ သူက စေတနာပါပါနဲ့ ဘာလချောင်ကြော်လေးပါဝယ်ပေးလိုက်တယ်...ချစ်ဖို့ကောင်းတာ..။ မျှင်ငါးပိနဲ့ ပုစွန်ခြောက်နဲ့ကို ခပ်စိုစိုလေးကြော်ထားတာ ထမင်းဖြူလေးနဲ့နယ်စားစား ထမင်းကြော်နဲ့စားစား သိပ်ကောင်းတယ်...။





ညနေထမင်းမစားချင်သောအခါပေါ့... ညှပ်ခေါက်ဆွဲချဉ်စပ်ပြုတ် ကြက်ဥနဲ့ ၀က်သားချဉ်က ထိုင်းကလာတာကို ပါးပါးလှီး သခွားသီး နံနံပင် ကြက်သွန်ဖြူ ဂျင်းအတို့အမြှုပ်နဲ့ ငရုတ်သီးကြော်ဆီချက်နဲ့စား ...။ မ၀ယ်ဖတ်တာကြာပြီဖြစ်တဲ့ Food Magazine ၀ယ်ဖြစ်...။



သူငယ်ပြန်တယ်ပြောချင်ပြောပါ ကျွန်မ ခုထိ Soft Doll လေးတွေကိုကြိုက်တတ်တုန်း




Home Sweet Home


မိုးငွေ့