Thursday, 30 July 2009

မိုးရာသီအလွမ်း




ကောင်လေးရေ.....
ငါသာကောင်းကင်ကြီးဖြစ်ခဲ့ရင်
မျှော်လင့်ထားတဲ့
မနက်ဖြန်တွေအတွက်
နာရီတွေအားလုံးကို
မိုးစက်အဖြစ်နဲ့
ရွာချလိုက်ချင်ပါတယ်....။

လောလောဆယ်မှာတော့
ငါလွမ်းတတ်တယ်ဆိုတာ
မင်း မေ့ချင်မေ့နေလိမ့်မယ်

ဒါမှမဟုတ်....
အရာအားလုံးနဲ့အတူ
ငါ့ကိုထားပြီး ပြောင်းလဲချင်
ပြောင်းလဲသွားနိုင်တယ်..။

ရပါတယ်...ဘာပဲဖြစ်ဖြစ်
ရင်ထဲက နေရာလေးတစ်ခုကိုတော့
အချိန်ဆိုတဲ့ ရထားကြီးက
မတိုက်စားနိုင်လောက်ပါဘူး...။

ဒါပေမယ့်.....အခု
မိုးတွေရွာတဲ့ ရာသီမှာ
ငါ...မင်းကိုတွေ့ချင်တယ်... ။ ။ ( အမည်မသိကဗျာဆရာ)


5th Aug တွင် မိုးငွေ့နှင့်အတူ ရောက်ရှိလာသည့် သူငယ်ချင်းကလေးနှင့် စက္ကူရတုဆုံဆည်းမှုအမှတ်တရ

Saturday, 25 July 2009

ဦးချစ်မောင်နဲ့မတင်တင်တို့ရဲ့မိုးရာသီကဗျာ



ခုဖတ်ဖြစ်နေတဲ့ ဂျာနယ်ကျော်မမလေးရဲ့ သူလိုလူဆိုတာ ခင်ပွန်းသည်ဦးချစ်မောင်ရဲ့ အတ္ထုပတ္တိစာအုပ်လေးပါ...။

သူတို့နှစ်ယောက်လက်မထပ်ခင် ချစ်သူဘ၀မှာ ရန်ကုန်မှာနေတဲ့ဦးချစ်မောင်နဲ့ ဘိုကလေးမှာနေတဲ့ ဂျာနယ်ကျော်မမလေးတို့ရဲ့ အပြန်အလှန် စာရေးကြရင်း ခုလိုမို့းရာသီမှာ မိုးတွေ အုန်းအုန်းရွာနေတဲ့အချိန် ဒေါ်ဂျာနယ်ကျော်မမလေးက သူ့စာရဲ့အဆုံးသတ်မှာ မိုးနဲ့ပတ်သက်တဲ့ အလွမ်းကဗျာလေးတစ်ပုဒ်ကို စပ်ဆို ရေးသားပေးလိုက်တာကို ကျမရေးပြချင်ပါတယ်...။ ဒီလို ကဗျာတို့၊ ရတုတို့၊ တေးထပ်တို့၊ လေးချိုးတို့ဆိုတာ ကျမတို့ငယ်ငယ်က ကျောင်းမှာ မြန်မာစာသင်တုန်းကပဲ ဖတ်ဖူးကြမှာပါ...။ သိပ်ကောင်းတဲ့ မိုးဘွဲ့လေးပါ..။


ရပ်စနေ ဟိုတောင်ထောင့်ဆီက

ညိုမှောင်မှောင့် သန်းလာ

ပြိုယောင်ယောင့် ဆန်းတာငယ်
ပန်းလွှာတိမ်နှစ်ကျော့

ကမ္ဘာဖျက်မေဃိန့်သာအောင်
ခွေလိမ့်မှာထင့်နော်နော့်
ဖော်ဝေးတဲ့ တင့်ကလျာမှာ
ဆင့်ဗျာပါပွေရော့
မြင့်ဝဠာပွေမော့်က
ကြွေတော့မယ့်အသွင်
ဒဂုန်ဆီ....

သြော်...ရွာသွန်းပြီထင့်

မျှော်ခါလွမ်း လွမ်းရတော့အင်

မိုးက္ကန္ဒာ နတ်စစ်ဆင်သော်
ရပ်ရှစ်ခွင် ညိုမှိန်မှိန့်ပါလို့
ဂျိုးဂျိန်ဂျိန့် ပတ်ရစ်စည်ဆော်

နတ်ဖြစ် စည်တော် ပွေဆဲမို့

ငွေဖဲပေါ်မှာ .... ရွှေသည်းတော်
ထိတ်လှချည်လေး......။


အဲဒီစာကိုဖတ်ရတော့ ဦးချစ်မောင်ကြီးကလည်း သူ့ပြန်စာအရှည်ကြီးရဲ့ အပြီးသတ်မှာလည်း မတင်တင်(ဂျာနယ်ကျော်မမလေးရဲ့ အမည်ရင်း ) လိုပဲ မိုးဘွဲ့စပ်ပြီး ကဗျာတစ်ပုဒ်နဲ့ ဆုံးလိုက်တာကဒီလိုတဲ့ဗျ ...။


ဖော်မစုံကွဲခိုက်မို့

သည်းလိုက်ပေ့ မေဃီ

မည်းလိုက်၍လေချီတယ်

ဘေရီတော်သံဟိန့်

ဖြေတတ်ပေါင်
လွမ်းနယ်သန်တယ်
ကျွမ်းဆယ်ပြန် လူးလို့သာလိမ့်
မြူချော့မယ့်ကတိုးညှာငယ်
ညှိုးရှာတော်ပေလိမ့်

မိုးရွာသော်အနေစိမ့်ပါဘိ

ရွှေမနိမ့် ဇီဝိန်ကြွေမလို

နှလုံးညွန့်ဆီက

ရုန်းလွန့်လွန့်တားလို့မငြိမ်
တိမ်ခိုးက ခပ်မှိန်မှိန်
လျှပ်ထိန်ထိန် လွမ်းစဖွဲ့တွင်မှ

ဖျန်းခနဲ သောကရန်ရှာ
လောမ ဟံသာ
နှစ်ကိုယ်ဖြင့် မလန့်ပါတယ်

အခန့်သာစံကိန်းပလေး။

ကဗျာကလေးတွေက သိပ်ချစ်စရာကောင်းတာပဲ......ကျမက ကဗျာအဆုံးသတ်တာလေးကို သိပ်သဘောကျတာပဲ..။ ဦးချစ်မောင်တို့ ချစ်သူနှစ်ယောက်ဘယ်လောက် စာရေးသန်သလဲဆိုရင် စာတစ်ခါရေးရင် စာမျက်နှာ ၉၅ မျက်နှာတောင်ရေးနိုင်ကြတယ်ဗျ...။ အံ့မခန်းပါပဲ...။ ကျမတော့ ခုခေတ်မှာ ဒါမျိုးစာရေးနိုင်တဲ့သူရှိမယ်ကိုမထင်တော့ဘူး...။ သူတို့နှစ်ယောက်ရဲ့ ရည်းစားစာက မဂ္ဂဇင်းမှာ အခန်းဆက် ၀တ္ထုရှည်တောင် ထည့်လို့ရမယ်...။

ဒီနေ့မိုးတွေ သဲသဲမဲမဲကြီးရွာနေတာ...။ အစကတော့ အိမ်မှာပဲ ဒီဝတ္ထုစာအုပ်ကိုဖတ်ပြီး ကွေးမယ်ပေါ့..။ နောက်တော့ ကျမ ဒီလိုမိုးရွာတဲ့အချိန်ကလေးမှာပဲ ဒီကဗျာလေးတွေကိုတင်ချင်လာတာကြောင့် ရေမိုးချိုးပြီး စာအုပ်ကလေးကို မိုးမစိုအောင် ပိုက်ပြီး အင်တာနက်ဆိုင်ကို အရောက်လာခဲ့ခြင်းပါပဲ....။


မိုးငွေ့



Tuesday, 21 July 2009

အားပေးမှုလေး



ကျမလေ ကျမဘလောက်လေးကို တစ်ခါတစ်ခါဖွင့်ကြည့်ဖို့ နေ့တိုင်း မရိုးအီနိုင်အောင် ရင်ခုန်နေမိတုန်းပဲ...
ဘယ်သူတွေများ ကျမကို comment တွေပေးသွားပြီလဲ...။ ကျမအရေးအသားကို ဘယ်လိုဝေဖန်ကြမလဲ...။ ဘယ်နှစ်ယောက်ဝင်ဖတ်ပြီးသွားပြီလဲ စသဖြင့် ကျမစစခြင်း c box ကိုအရင် စပ်စုမိတယ်...။

ကျမ စိတ်ဓါတ်တော့ မကျပါဘူး...။ ဒါပေမယ့် ကျမကို ကွန်မန့်မပေးလဲ ၀င်လာပြီးဖတ်သွားတဲ့သူတွေ အများကြီးရှိမှာပါ....။ ကျမ အရေးအသားတွေ အများကြီးလိုနေသေးတယ်ဆိုတာကျမသိတယ်...။ ကိုယ့်ကိုကိုယ်လဲ ဘလော့ဂါတစ်ယောက်လို့ သတ်မှတ်လို့မရသေးဘူး...။ ဘာလို့လဲဆိုတော့ ကျမက စာရေးချင်တာတစ်ခုပဲသိတာလေ...။ ကျန်တာ ကွန်ပျူတာနဲ့ဆိုင်တာ ဘာမှလဲ မကျွမ်းကျင်ဘူး...။ ကျမဘလောက်ကို ဘာတွေ ထပ်ထည့်ရင် ကောင်းမလဲဆိုတာကိုလဲ မလုပ်တတ်ဘူး ဖြစ်နေတယ်...။ ဒီတော့ ဒါတွေက အရေးမကြီးပါဘူးလေ...။ အဓိက က ကျမဖတ်ထားသမျှ စာတွေကို လူတွေအားလုံးဆီ လက်လှမ်းမီသလောက် မျှဝေနိုင်ဖို့ပါပဲ...။

လောလောဆယ်မှာတော့ ကျမ ၀ိသာခါကျောင်းအစ်မအကြောင်းရေးဖို့ ကို ဘုန်းဘုန်းဆီသွားပြီး တရားနာဖို့ရာ
ကျမ Mp 4 က ပါဝါမရတော့တာနဲ့ မသွားဖြစ်သေးဘူး...။ ဒါနဲ့ရေးစရာ အကြောင်းမရာ ရှာမတွေ့သေးခင်မှာ
ဂျာနယ်ကျော်မမလေးရဲ့“သူလိုလူ” စာအုပ်ကိုဖတ်နေပါတယ်...။ ဂျာနယ်ကျော်မမလေးက သူခင်ပွန်းသည် ဦးချစ်မောင်ရဲ့ နေ့စဉ်မှတ်တမ်းကို ရေးထားတဲ့စာအုပ်ပါ...။ အင်မတန်ကောင်းတဲ့စာအုပ်လေးပါ...။ ဒီစာအုပ်မဖတ်ခင် ကျမ လက်စသတ်ဖတ်ပြီးသွားတာကတော့ ဂျူးရဲ့ “ လရဲ့ အောက်မိုင်အဝေးမှာ” ဆိုတဲ့စာအုပ်ပါ...။ လူငယ်ပညာပေး ဇာတ်လမ်းလေးပါ..။ တလောက city mart မှာ တွေ့လို့ ၀ယ်ပြီး ဒုတိယအကြိမ် ပြန်ဖတ်ခြင်းပါ..။

ဘာပဲဖြစ်ဖြစ် အားပေးမှုလေးတော့ရချင်တာအမှန်ပါပဲ....။ ခုကျမပုံစံကဘာနဲ့တူနေသလဲဆိုရင်.....ကိုယ့်ချစ်သူက ကိုယ့်ကို အရမ်းချစ်နေပါလျက်နဲ့ “ချစ်တယ်”ဆိုတဲ့ စကားတစ်ခွန်းကို မျှော်လင့်တောင့်တနေရသလိုမျိုးပဲ...
ဟီး....ဟီး...ဥပမာပေးတာသိပ်ကို နူးညံ့နေလွန်းပြီလားဗျ...။ anyway ဗျာ...ရှင်တို့တွေဆီက ကျမ အမှတ်တရလေး တစ်ခုခု ဖတ်ချင်နေပါတယ်...။ ကျမဘလောက်ကို အလည်ရောက်လာတဲ့ ဘယ်သူမဆို ကောင်းကောင်းဆိုးဆိုးရေးပေးသွားကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်...။

မိုးငွေ့

Saturday, 18 July 2009

မိဘတွေကိုချစ်ကြပါ



အားလုံးသော သူငယ်ချင်းများ..
အချိန်သုံးမိနစ်လောက်ရခဲ့မယ်ဆိုရင် ဒီ Video Clip လေးကိုကြည့်ဖြစ်အောင်ကြည့်ပါလို့ တိုက်တွန်းပါတယ်.. ကျွန်တော်တို့အားလုံးဟာ တချိန်မှာ မိဘတွေဖြစ်လာကြအုံးမှာပါ.. (လူပျိုကြီးအပျိုကြီး မလုပ်ခဲ့ဘူးဆိုရင်ပေါ့ :D ) ဘာပဲဖြစ်ဖြစ် မိဘဖြစ်မလာခဲ့ရင်တောင် သားသမီးတော့ အသေအခြာဖြစ်နေပီး သားပါ.. ဒါကြောင့်ကြည့်ဖြစ်အောင်ကြည့်ပါလို့ထပ်မံတိုက်တွန်းလိုက်ပါတယ်..
ဒီဘ၀ဒီခန္ဓာဆိုတာတိုတိုလေးပါ.. ကိုယ့်ကြောင့် ကိုယ်မိဘတွေစိတ်မကောင်းဖြစ်ပီး စိတ်ဒဏ်ရာတွေ မပေးမိကြပါစေနဲ့လို့... သံသရာဆိုတာ တပတ်ပြန်လည်မြဲပါ..

I suggest that u must watch this video
--
--
hseng tip
<hsengtip.tgi@gmail.com>

Life is not a smooth one.






လောကမှာ အစားထိုးလို့မရတာ မိဘမောင်နှမတွေပဲ....။ ဒါကြောင့် ကိုယ့်သွေးရင်းသားရင်းတွေကို နွေးနွေးထွေးထွေး ဆက်ဆံပေးပါ။ ဒီဗီဒီယိုလေးကို ကြည့်ပြီး ကျမဖြင့် မျက်ရည်တောင်လည်မိတယ်...။

သိပ်ကိုကောင်းတဲ့ forward mail လေးမို့ မူရင်းအတိုင်းလေးပဲ တင်ပေးလိုက်ပါတယ်..။ အားလုံးကြည့်ပြီးသွားရင် ကိုယ့်မိဘတွေကို ဂရုစိုက်ပေးကြပါလို့...။


မိုးငွေ့

Friday, 3 July 2009

ဗီယက်နမ် ပြောင်းဖူးနှင့်ပဲကောက်ညှင်းပေါင်း


အသင့်စားသုံးလို့ရပြီဖြစ်တဲ့ ဗီယက်နမ်ပြောင်းဖူးနှင့်ပဲကောက်ညှင်းပေါင်း


ကျမ First Year မတက်ခင် ဆရာကြီးလူထုဦးစိန်ဝင်းဆီမှာ အင်္ဂလိပ်စာတက်တုန်းက သူငယ်ချင်း တစ်ယောက်လဲဟုတ် အစ်ကို တစ်ယောက်လိုလဲ ခင်ရတဲ့ ကိုမျိုး တစ်ယောက် စကာင်္ပူမှာ MPA
(Master in Publish Administration ) စာမေးပွဲအတွက် ဖိအားပေးခံနေရတာကတစ်မျိုး ဒီကြားထဲ ဗီယက်နမ်မှာအလုပ်လျှောက်ထားတာ သူတို့ Local လူကိုပဲခန့်လိုက်ပြီလို့ သတင်းကြားရတော့ ခေါင်းတော်တော် ကိုက်နေတယ်ပြောပါတယ်...။

တလောက ကျမနဲ့အွန်လိုင်းမှာတွေ့တော့ ရန်ကုန်ခဏပြန်လာတုန်း ကျမမေမေဆီမှာ ဗီယက်နမ်စကားပြော လာသင်ချင်တယ် ဖြစ်နိုင်မလားလို့မေးပါတယ်..။ ကျမတို့ကိုအထင်ကြီးလို့ နည်းနည်းတော့ ရယ်ချင်သွားတယ်...။ ကျမတို့ အဖိုးအဖွားက ငယ်ငယ်က ဗီယက်နမ်စကား သိပ်မပြောခဲ့လို့ဖြစ်မယ် မေမေတို့လည်း ထမင်းစား ရေသောက်လောက်ပဲပြောတတ်တာ...ဒါကြောင့် ကိုမျိုးကို သင်ပေးဖို့ဆိုတာတော မဖြစ်နိုင်ဘူးဗျ...။

ဘာပဲဖြစ်ဖြစ် စိတ်ဓါတ်မကျပါနဲ့ နောက်ထပ် ဒီထက်ကောင်းမယ့်နေရာမှာ အလုပ်မြန်မြန်ရပါစေလို့ ကျမဆုတောင်းပေးလိုက်ပါတယ်...။

ဗီယက်နမ်မှာ အလုပ်မရတော့လဲ စိတ်ပြေလက်ပျောက် ရန်ကုန်မှာ မိသားစုနဲ့ ဆုံတုန်းလေး ဗီယက်နမ်စာလေး လုပ်ကျွေးလို့ရအောင် ကျမ ဗီယက်နမ် ပြောင်းဖူးနဲ့ပဲကောက်ညှင်းပေါင်း လုပ်နည်းလေး ပြောပြလိုက်ပါမယ်...။

လိုအပ်တာတွေက ကောက်ညှင်းဆန်ကောင်ကောင်လေး ကီလိုဝက် ( သုံးယောက်စာအတွက် ) ၊ ပဲဝါလေး 100g သန့်သန့်လေး တစ်ထုပ် ( City Mart မှာဝယ်လို့ရပါတယ်) ၊ သကြားပြောင်းနှစ်ဖူး ၊ ကြက်သွန်နီ နှစ်ဥနဲ့ ပဲဆီစစ်စစ်တို့ဖြစ်ပါတယ်။

ကောက်ညှင်းဆန်နဲ့ ပဲဝါလေးကို ရေစင်စင်ဆေးပြီး ညကတည်းကစိမ်ထားရပါမယ်...။ ပဲဝါလေးပေါင်းတဲ့အခါ နူးနှပ်တာ မြန်အောင်လို့ စိမ်တဲ့အခါမှာ ဆိုဒါမှုန့် လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံလောက်ထည့်ပေးပါ..။
ပြောင်းဖူးကို အစေ့ချွေထားပြီး ဗူးသန့်သန့် တစ်ခုမှာ လုံအောင်ပိတ်ပြီး ရေခဲသေတ္တာထဲ သိမ်းထားပါ..။

မနက်ရောက်လို့ နှစ်ထပ်ပေါင်းအိုးထဲကို အောက်အိုးမှာ ရေထည့်ပြီး အရင်ဆူအောင်တည်ပါ...။ အပေါက်ကလေးတွေပါတဲ့ အပေါ်အိုးမှာ စိမ်ထားတဲ့ ကောက်ညှင်းဆန်ကို ရေစစ်ပြီး အရင်ထည့်ပါ သူ့အပေါ်မှာ ပဲဝါလေးကို ဆက်ထည့်ပါ...နောက်ဆုံး အပေါ်ဆုံးတစ်လွှာမှာ ချွေထားတဲ့ ပြောင်းဖူးကိုထည့်လိုက်ပါ...။ မိနစ်20 နာရီဝက်လောက်ပေါင်းပြီးရင် ပဲဝါလေးကိုထုတ်ပြီး ထောင်းထားပါ...။ ကြက်သွန်နီးကိုပါးပါးလှီး ဆီချက် ချက်ထားပါ...။ နောက်ဆုံး ကောက်ညှင်းပေါင်း၊ ထောင်းထားတဲ့ ပဲဝါလေး၊ ပြောင်းဖူးတို့ကို ဆလုံတစ်ခုမှာ ဆား အပေါ့အငန်ကြိုက်သလောက်ထည့်ပြီး ချက်ထားတဲ့ ကြက်သွန်နီ ဆီချက်ကို တည့်ပြီးအားလုံးရောနယ်လိုက်ပါ...။ ပန်းကန်မှာပြင် ကြက်သွန်နီ ဆီချက်ဖတ်ဆမ်းပြီးရင်တော့ စားလို့ရပါပြီ...။


မိုးငွေ့ရေးသားသည်