ခံစားမှု ဉပဒေသ(၃)
ငါဘယ်သူလဲဆိုတဲ့ ယုံကြည်ချက်ဟာ အတွေ့အကြုံအသစ်တစ်ခုမကြုံမချင်း ပြောင်းလဲသွားဖို့မဖြစ်နိုင်ဘူး
ဘဝတစ်ခုမှာကြုံရတဲ့ အဖြစ်တွေ တန်ဖိုးထားမှုတွေ ခံယူချက်တွေ အဓိပ္ပါယ်အသစ်တွေကို ကောက်ရင်း ဆယ်ရင်းနဲ့ ကျနော်တို့ရဲ့ "ငါဘယ်သူ"ဆိုတဲ့ ခံယူချက်က ပိုရှုပ်ထွေးလာတယ် ပိုကြီးမားလာတယ် နှင်းတောင်ပေါ်ကနေ လှိမ့်ချလိုက်တဲ့ နှင်းလုံးကြီးတစ်လုံးလိုပါပဲ တလိမ့်တစ်လိမ့်နဲ့ ကြီးသထက် ကြီးလာတော့တာ...။ ခင်ဗျားနဲ့ ခင်ဗျားအမေ အရမ်းချစ်ကြတယ် ဆိုပါစို့...။ ငယ်ငယ်ကတည်းက အမေ့လက်ပေါ်မှာပဲကြီးလာတယ်...။ အမေ့ကိုတွယ်တာမယ်..။ ခင်ဗျားရဲ့ "ငါ" ဆိုတဲ့ ခံယူချက်မှာ ခင်ဗျားအမေက အစိတ်အပိုင်းကြီးတစ်ခုအဖြစ် နေရာယူလာမယ်...။ ပြစ်မျိုးမှဲ့မထင်တဲ့ အမျိုးသမီးတစ်ယောက် ခင်ဗျားပိုင်ဆိုင်သမျှတွေဟာ သူ့ကျေးဇူးကြောင့် ရလာတာ...။ ဒီလိုခံယူထားတယ်ဆိုပါစို့...။ အမေဆိုတဲ့ တန်ဖိုးတစ်ခုကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ကာကွယ်တော့မယ်...။ လူတစ်ယောက်က ခင်ဗျားရှေ့ရောက်လာပြီး မင်းအမေ ဘာဖြစ် ညာဖြစ် ဆိုပြီး ပြောလရင် ဘာဖြစ်မလဲ...။ ရရာလက်နက်ဆွဲပြီး ချတော့မှာပေါ့ ဟုတ်တယ်မဟုတ်လား...။
ဟုတ်ပြီ...။ ဒီတော့ တွေ့တဲ့တုတ်နဲ့ ကောက်ပြီး ရိုက်လိုက်မိတဲ့အဖြစ်အပျက်က နောက်ထပ် အတွေ့အကြုံအသစ်တစ်ခု ခံစားချက် အသစ်တစ်ခု ယူလာပေးတယ်...။ ခင်ဗျားကိုယ်ခင်ဗျား ပြန်မေးခွန်းထုတ်မယ်...။ "ငါဟာ အမေနဲ့ ပတ်သက်ရင် လုံးဝ စိတ်မထိန်းနိုင်ပါလား..." ဆိုတဲ့ ယုံကြည်ချက်အသစ်တစ်ခုဝင်လာပြီ....။ ဒီယုံကြည်မှုဟာ ခင်ဗျားရဲ့ "ငါဘယ်သူ" ဆိုတဲ့ ခံယူချက်ထဲကို တိုးဝင်သွားပြီ...။
ဒီလိုနဲ့ တစ်လိမ့်စီလိမ့်ရင်း နှင်းလုံးကြီးက ပိုကြီးလာတော့တာပဲ...။
ယုံကြည်မှုတစ်ခု ခံယူချက်တစ်ခုကို ဆုတ်ကိုင်ထားတာ ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကို မြင်တဲ့အမြင် ပတ်ဝန်းကျင်ကို မြင်တဲ့ အမြင်နဲ့ ဒီခံယူချက်တွေ ထပ်တူကျသွားတဲ့အခါ အဲဒီခံယူချက်တွေဟာ နှင်းလုံးကြီးရဲ့ အလယ်ဗဟိုထဲကို ပိုပြီး ရောက်ရောက်သွားတယ်...။ ရင်ထဲကို ပိုနစ်ဝင်သွားတယ်ဆိုပါတော့...။ ဘဏ်တိုးပေရသလိုပဲပေါ့...။ ကြာလေလေ အတိုးတက်လေလေပဲ...။ ငယ်ငယ်တုန်းက ကျောင်းမှာ အနိုင်ကျင့်ခံရတယ်...။ ဒီလို အနိုင်ကျင့်ခံရတဲ့အတွက် ကိုယ့်ကိုယ်ကို နှစ်ပေါင်းများစွာ မုန်းတီးနေတယ်...။ ဒီစိတ်အခံကြောင့် ဆယ်စုနှစ်များစွာ ကြာသည့်တိုင်အောင် ဘယ်သူနဲ့မှ အဆင်ပြေပြေ မပေါင်းတတ်တော့ဘူး...။ ခံယူချက်တွေက တစ်ရစ်ပြီးတစ်ရစ် ကိုယ့်ကိုရစ်ပတ်လာတာပဲ...။
စိတ်ပညာရှင်တွေ အားလုံးလက်ခံထားကြတဲ့ အချက်တစ်ခုရှိတယ်...။ ကလေးဘဝမှာ အဖြစ်ဆိုးတစ်ခုခု ကြုံရပြီဆိုရင် သေရာပါအောင် စွဲသွားတယ်ဆိုတဲ့အချက်...။ ဒါကို Snowball Effect လို့ခေါ်တယ်...။ အခုပြောနေတဲ့ နှင်းလုံးကြီးဆိုတာ ဒါပေါ့...။ ငယ်စဉ်တုန်းက ကြုံရတွေ့ရတာတွေဟာ ကြီးလာတဲ့အခါ ကိုယ့်ကိုယ်ကိုမြင်မယ့် ခံယူချက်တွေရဲ့ မျိုးစေ့တွေပဲလေ...။ ဒီတော့ ကလေးဘဝမှာ သောက်တလွဲတွေ ကြုံရတဲ့အခါ အဓိကခံယူချက်တွေ ပျက်စီးကုန်တာပဲ...။ နှစ်ပေါင်းများစွာမကျက်တော့တဲ့ အနာတစ်ခုကို ဒုက္ခပေးတော့တာပဲ...။ တဆစ်ဆစ်နဲ့ အဆိပ်တက်နေတာ...။ ဒီအဆိပ်ကြောင့် နောင်ကြုံရမယ့်အတွေ့အကြုံတွေလည်း အဆိပ်သင့်ကုန်တယ်...။
"ငါဘယ်သူလဲ" ဆိုတဲ့ ခံယူချက်က ငယ်စဉ်ဘဝမှာ အင်မတန်ကို ထိရှလွယ်နိုင်တယ်...။ အတွေ့အကြုံနည်း နုသေးတာကိုး...။ ကိုယ်ရဲ့အုပ်ထိန်းသူအပေါ်မှာ လုံးဝ မှီခိုခဲ့ရတာမဟုတ်လား...။ အုပ်ထိန်းသူဆိုတာလည်း လူပဲဆိုတော့ အမှားတော့ရှိမှာပြလေ...။ ဂရုမစိုက်ဘဲ ပစ်ထားမိတာ နာကျင်အော် လုပ်မိတာ စတဲ့ လုပ်ရပ်တွေဟာ နုနုယ်သေးတဲ့ ရင်ထဲမှာ ပြန်စေ့လို့မရတော့တဲ့ အက်ကြောင်းတွေ ပွင့်လာစေတယ်...။ အဖေက အမေ့ကို ထားခဲ့ပြီး အိမ်ကနေ ထွက်သွားတယ်...။ ကလေးရဲ့ သုံးနှစ်သားအရွယ် ဦးနှောက်က ဘာစဉ်းစားမလဲ...။ "ငါ့ကိုမချစ်လို့ ထားသွားတာ" လို့ပဲ ထင်မှာပေါ့...။ အမေက နောက်ယောကျ်ားယူသွားတယ်...။ အဲဒီမှာ ချစ်ခြင်းတရား ဆိုတဲ့ အရာကိုပါ မယုံတော့ဘူး...။ ဘယ့်သူကိုမှလည်း မယုံတော့ဘူး...။
ဒီလိုတွေးကြည့်ရင် နယူတန်ဆိုတဲ့ လူတစ်ယောက်တည်းပဲ နေတတ်တော့တာ ဘာထူးဆန်းသလဲ...။
အဆိုးဆုံးတစ်ခုရှိသေးတယ်...။ ဒီဇာတ်လမ်းတွေ ခံယူချက်တွေကို လက်ကိုင်ထားတာ ကြာလာတဲ့အခါ သူတို့ ရှိနေမှန်းတောင် သတိမထားမိတော့ဘူး.....။ စိတ်ကူးတွေရဲ့ နောက်ခံ အသံတွေလိုဖြစ်လာတယ်...။ မသိစိတ်ရဲ့ ကြမ်းခင်းတွေ ဖြစ်လာတယ်...။ ဒီတန်ဖိုးတွေ ခံယူချက်တွေဟာ တကယ်တော့ အပြင်မှာ လက်ဆုပ်လက်ကိုင် ပြလို့ရတာတွေမဟုတ်ဘူး...။ ခံစားတဲ့ ဦးနှောက်ကဖန်တီးထားတဲ့ ယုံကြည်မှုတွေပဲ...။ ဒါပေမယ့် ဒါတွေကို ဘယ်လိုမှလည်း ရှောင်လို့မရဘူး...။
တစ်သက်လုံး စုဆောင်းလာတဲ့ ခံယူချက်တွေက "ငါ"ဆိုတဲ့ အရာပေါ်မှာ ကျောက်တည်ပြီး အနည်ထိုင်နေပြီ...။ ဒီခံယူချက်တွေကို ပြောင်းလဲဖို့ ဆိုရင် ကိုယ့်ခံယူချက်နဲ့ ဆန့်ကျင်တဲ့ အတွေ့အကြုံသစ်တွေလိုအပ်ပါတယ်...။ ဒီလိုဆန့်ကျင့်ဘက် အတွေ့အကြုံတွေနဲ့ စတွေ့တွေ့ချင်းတော့ မသက်မသာဖြစ်မှာပဲ...။ နာရင်လည်း နာမယ်...။ ဒါကြောင့် အနာမခံဘဲ ပြောင်းလဲဖို့ဆိုတာ မဖြစ်နိုင်ဘူး...။ သက်သောင့်သက်သာ ရင့်ကျက်လာတယ်ဆိုတာ မရှိဘူးရယ်...။ ခံယူချက်အဟောင်းတွေကို နှုတ်မဆက်ဘဲ လူသစ် စိတ်သစ် ဖြစ်မလာနိုင်ဘူး...။
ခံယူချက်တွေကို လက်လွှတ်လိုက်ရတဲ့အခါ ကိုယ်ဖန်တီးထားတဲ့ ပုံပြင်ဇာတ်လမ်းတွေကို ပြည်ဖုံးကားချလိုက်ရတဲ့အခါ ရင်ထဲဆုံးရှုံးမှုကြီး တစ်ခုလို ခံစားရနိုင်တယ်...။ ကိုယ့်ရဲ့ ခန္ဓာအစိတ်အပိုင်းတစ်ခု ပြုတ်ထွက်သွားသလိုပဲ ဒါမထူးဆန်းပါဘူး...။ တကယ်လည်း ကိုယ့်အစိတ်အပိုင်း တစ်ခုကို ချန်ခဲ့ရတာပဲလေ...။ အိမ်တစ်လုံး ဆုံးရှုံးသွားသလို အလုပ်တစ်ခု လက်လွှတ်လိုက်ရသလို ချစ်သူတစ်ယောက်ကို ထားခဲ့ရသလို ယုံကြည်မှုတစ်ခု ပျက်ပြားသွားသလို သူငယ်ချင်းတစ်ယောက်ကို နှုတ်ဆက်ခွဲခွာရသလို... ဖြစ်မှာပဲ...။ သည်းခြေမှာတွယ်နေတဲ့ ခံယူချက်တွေ မရှိတော့တဲ့အခါ သူတို့ ယူဆောင်လာပေးတခဲ့တဲ့ မျှော်လင့်ချက်တွေလည်း ပဲ့ပါသွားမှာပဲ...။ အဲဒီမှာ ဖြစ်တည်မှုပြဿနာဆိုတာကြီးကို ထပ်ပြီး ရင်ဆိုင်ရပြန်ပြီ...။
ဟောင်နွမ်းမှားယွင်းနေတဲ့ ခံယူချက်အဟောင်းတွေကို မှန်ကန်တဲ့ ပိုကောင်းတဲ့ ပိုသန့်စင်တဲ့ ခံယူချက်အသစ်တွေနဲ့ အစားထိုးရမယ်..။ အဲဒီလိုလုပ်တဲ့အခါ အနာသက်သာဖို့ နည်းလမ်းနှစ်ခုရှိတယ်...။ ပထမတစ်နည်းအနေနဲ့ အရင်က ကိုယ်ဖန်တီးခဲ့တဲ့ ဇာတ်လမ်းအဟောင်းတွေကို ဆန်းစစ်ကြည့်ရမယ်...။ အစကနေ ပြန်ရေးသင့်ရင်ရေးရမယ်...။ ငါ့မျက်နှာကို သူဘာလို့ ထိုးတာပါလိမ့်...။ ငါအသုံးမကျတာလား?သူကိုက မကောင်းတာလား...?
ဒီလိုဇာတ်ကြောင်း ပြန်လှန်ခြင်းအားဖြင့် ကျွန်တော်တို့အတွက် ပြန်လည်ပြင်ဆင်ဖို့ အခွင့်အလမ်းတွေပေါ်လာတယ်...။ ဆုံးဖြတ်ချက်အသစ်တွေချဖို့ ဖြင်နိုင်လာတယ်...။ ဪ... ငါဟာ အင်မတန်တော်တဲ လေယာဉ်မှူးကြီး မဟုတ်ပါလား ဆိုပြီး အမှန်ကို မြင်ရင် မြင်နိုင်လာမယ်...။ ဒါဘာမှမဖြစ်ပါဘူး...။ အရင်က အရေးကြီးတယ်လို့ ထင်ခဲ့တဲ့ အရာတွေဟာ အခု ပြန်ကြည့်ရင် ဘာမှ မဟုတ်ပါလား ဆိုတဲ့ ခံစားချက် လူတိုင်းမှာ ရှိဖူးတယ်..။ တစ်ခါတစ်လေကျတော့ ဇာတ်လမ်းတွေကို မလိုအပ်ဘဲ ဆွဲချဲ့မိခဲ့တာတွေလည်း ရှိခဲ့ဖူးနိုင်တယ်...။ ကိုယ်မြင်ချင်တာကို မမြင်ရမချင်း ဇာတ်လမ်းကို ချဲ့ကားခဲ့တာမျိုးတွေ ကိုယ့်ခံယူချက်နဲ့ကိုက်အောင် ဇာတ်ကြောင်းကို အတင်းပြောင်းတာမျိုးတွေ " ဒီမိန်းမ ငါ့ကိုထားသွားတာ မဆန်းပါဘူး သူ့အရင်ကောင်က သူ့ကိုပစ်သွားတာကိုး ဒါကြောင့် ဒီမိန်းမ မချစ်တတ်တော့တာနေမှာ..." စသဖြင့် ဇာတ်လမ်းတွေချဲ့ကားပစ်လိုက်တော့ ရည်းစားပြတ်တဲ့ ဒဏ်ကို ပိုပြီးခံနိုင်ရည်ရှိသွားတာကိုး...။
ဒုတိယနည်းလမ်း အနေနဲ့ နောင်အနာဂတ်မှာ ငါဟာ ဘယ်လိုလူမျိုးဖြစ်လာမလဲ ဘယ်လို ခံယူချက်အသစ်တွေ ရောက်လာမလဲဆိုပြီး မြင်ယောင်ကြည့်လို့ရတယ်...။ ကိုယ်လိုချင်တဲ့ အနာဂတ်ကို ပုံဖော်ကြည့်တဲ့အခါ ခင်ဗျားရဲ့ခံစားတဲ့ဦးနှောက်က ခံယူချက်အသစ်တွေကို တော်/မတော် အစမ်းဝတ်ကြည့်လို့ရသွားတယ်...။ အပိုင်မဝယ်ခင် သေချာတိုင်းကြည့်တဲ့ သဘောပေါ့...။ ဒီလို မြင်ယောင်ကြည့်ရင်း ကျင့်သားရလာတဲ့အခါ ခံစားတဲ့ ဦးနှောက်နဲ့ ခံယူချက် အသစ်တွေနဲ့ အသားကျသွားလိမ့်မယ်...။
အနာဂတ်ကို မြင်ယောင်ခြင်းဆိုတာကို တလွဲသင်ပေးနေတာတွေလည်း တော်တော်များများရှိတယ်...။ "မျက်စိမှိတ်လိုက် ကားတွေအများကြီးပိုင်နေပြီလို့ မြင်ယောင်ကြည့် ကိုယ်ပိုင်လေယာဉ်ကြီး စီးနေရပြီလို့ ခံစားကြည့်" ဆိုတာတွေကိုတော့ သွားနားမယောင်နဲ့ ပစ္စည်းဉစ္စာပိုင်ဆိုင်ခြင်းဆိုတဲ့ ခံယူချက်ကိုက မကျန်းမာဘူး...။ မကျန်းမာတဲ့ ခံယူချက်တွေကို ကြိုပြီး မြင်ယောင်နေမှတော့ ပိုကောင်ဖို့ ဘယ်ဖြစ်နိုင်မလဲ...။ ကိုယ့်မှာ မရှိတာတွေကို မှန်းပြီး သာယာဖို့မလိုဘူး...။ ကားတွေ လေယာဉ်တွေကို မလိုချင်တော့ရင် ဆိုပြီး စဉ်းစားကြည့်တာကမှ တကယ့်ပြောင်းလဲမှု အစစ်...။
ကျန်းမာတဲ့ မြင်ယောင်ခြင်း မှန်သမျှဟာ သက်သောင့်သက်သာ မရှိရဘူး...။ စိန်ခေါ်မှုရှိရမယ်...။ နာလည်ရခက်ရမယ်...။ မဟုတ်ရင် ပြောင်းလဲမှုဆိုတာ ရောက်လာမှာမဟုတ်ဘူး...။
ခံစားတဲ့ ဦးနှောက်က အတိတ်တွေ ပစ္စုပ္ပန်တွေ အနာဂတ်တွေကို နားမလည်ဘူး...။ ဒါတွေကို နားလည်တာ စဉ်းစားတဲ့ဦးနှောက်...။ တကယ်လို့များဆိုတဲ့ စိတ်ကူးကို သုံးပြီး စဉ်းစားတဲ့ဦးနှောက်က ခံစားတဲ့ဦးနှောက်ကို လမ်းမှန်ဆီ တွန်းပေးလို့ ရတယ်...။ တကယ်လို့များ လူတွေ ငါ့ကို သဘောကျနေအောင် ငါ ဟန်မဆောင်တော့ရင် ဘယ်လိုနေမလဲ...။ တကယ်လို့များ ဒီလူတွေ ငါ့ကို အဖက်မလုပ်ကြတာ သူတို့ အပြစ်မဟုတ်ဘဲ ငါ့အပြစ်ဖြစ်နေရင်ရော....။
တစ်ခါတစ်လေကျရင် ခံစားတဲ့ ဦးနှောက်ကို တကယ်ဟုတ်ချင်မှဟုတ်ပေမယ့် တကယ်လို့ပဲ ခံစားရတဲ့ ဇာတ်လမ်းတွေလည်း ပြောပြလို့ရသေးတယ်...။ အမေရိကန်ရေတပ်သား တစ်ဦးဖြစ်တဲ့ ဂျော့ခ်ကိုဝဲလ်အင့်ခ်က သူရဲ့စည်းကမ်းသည် လွတ်လပ်ခြင်းဖြစ်သည်ဆိုတဲ့ စာအုပ်ထဲမှာ ရေးဖူးတယ်...။ သူဆိုရင် မနက် ၄ နာရီခွဲ အိပ်ရာထတယ်...။ တစ်နေရာရာမှာ ရန်သူတစ်ယောက်ရှိနေတယ်လို့ စိတ်ထဲမှာ မြင်ယောင်ထားတဲ့အတွက် အဲဒီလို အစောကြီးနိုးနေတာတဲ့...။ ရန်သူက ဘယ်နေရာမှာလည်း သူမသိဘူး ရန်သူအိပ်ရာမနိုးခင် သူအရင်ထနိုင်ရင် တစ်ပန်းသာတာပဲလို့ ခံယူထားတယ်...။ အီရတ်စစ်ပွဲမှာ တာဝန်ထမ်းဆောင်နေရင်း ဒီဇာတ်လမ်း သူ့ခေါင်းထဲဝင်လာတာပဲ...။ စစ်ပွဲထဲမှာတော့ သူ့ကို ပစ်သတ်ချင်တဲ့ သူတွေ တကယ်ရှိခဲ့မှာပေါ့...။ ဒါပေမယ့် အရပ်သားဘဝ ပြန်ရောက်သွားတော့လည်း သူ့ခေါင်းထဲက ဒီဇာတ်လမ်းက အဆုံးသတ်မသွားဘူး...။
ယေဘုယျကျကျတွေးကြည့်ရင်တော့ သူ့ခေါင်းထဲက ဇာတ်လမ်းက အဓိပ္ပါယ်မရှိဘူးလေ...။ ဘယ်ရန်သူက မနက် ၅နာရီထိုးကြီးရောက်လာမလဲ...။ ဒါပေမယ့် သူ့စိတ်ထဲမှာတော့ ဒီဇာတ်လမ်းက အင်မတန် ခွန်အားပြင်းတယ်...။ သူ့ရဲ့ခံစားတဲ့ဦးနှောက်က ဇာတ်လမ်းကို ယုံတယ်...။ ဒါကြောင့်လည်း ကျွန်တော်တို့ ပါတီတက်ပြီး အိမ်ပြန်မရောက်ခင်မှာ သူက မနက်အပ်ရာနိုးနေပြီ...။ ဒါဟာ မိမိကိုယ်ကို ထိန်းနိုင်ခြင်းဆိုတဲ့ တံလျှပ်ပဲ...။ တကယ်မရှိပေမယ့် ရှိသယောင်ခံစားရတယ်...။
ဒီလိုဇာတ်လမ်းတွေမရှိဘူးဆိုရင် ဒီလိုခံယူချက်တွေမပိုင်ဆိုင်ထားဘူးဆိုရင် ကိုယ်လိုချင်တဲ့ အနာဂတ် ကိုယ်နှစ်သက်တဲ့ ယုံကြည်ချက်တွေ ကိုယ်ခွာချချင်တဲ့ ငါစွဲတွေ ကိုယ်အသစ်မွေးချင်တဲ့ "ငါဘယ်သူ"ဆိုတဲ့ အိပ်မက်တွေ ဒါတွေကို သဲသဲကွဲကွဲ မမြင်ယောင်နိုင်ဘူးဆိုရင် ကျွန်တော်တို့ဟာ အတိတ်ရဲ့ အမှားတွေ ကျရှုံးမှုတွေကြား တဝဲလည်လည် ဖြစ်နေဦးမှာပဲ...။ ကျွန်တော်တို့ရဲ့ အနာဂတ်ပုံပြင်တွေဟာ ကျွန်တော်တို့ရဲ့ မျှော်လင့်ချက်တွေဖြစ်တယ်...။ ဒီပုံပြင်တွေထဲ ဝင်ရောက် အသက်ရှင်နေထိုင်ရင်း ဒီဇာတ်လမ်းတွေကို တကယ်ဖြစ်လာအောင် လုပ်မှသာ ဘဝက အဓိပ္ပါယ်ရှိလာမှာ.....။
မှတ်ချက်။ ။ Markmanson ရဲ့ စာတွေကိုဖတ်တိုင်းဖတ်တိုင်း သူနဲ့ခံစားချက်ခြင်း အလားသဏ္ဌာန်တူတဲ့ သူတွေ ကမ္ဘာမှာ အများကြီးရှိလိမ့်မယ်လို့ယူဆပါတယ်...။ ကျမကိုယ်တိုင် တစ်စုံတစ်ဦးကို မနာလိုရှုစိမ့်ဖြစ်တဲ့ စိတ်မျိုးရှိတော့ရှိခဲ့ဖူးပေမယ့် တခနလေးပဲဖြစ်သွားတဲ့စိတ်လို့ ကျမ တိတိကျကျမှတ်မိတယ် ချက်ချင်းပြုပြင်လိုက်မိတယ်....။ ကိုယ့် Energy ကျမယ့်အလုပ်မျိုး မလုပ်ဖို့ ကျမအမြဲသတိထားတယ်...။ မိန်းမတစ်ယောက်ကို အဲလိုမနာလိုစိတ်မျိုးထားတတ်တဲ့ ယောက်ျားတစ်ယောက်ရဲ့ စိတ်ကတော့ ပိုကြောက်စရာကောင်းသွားပြီ အရမ်းကို အန္တရာယ်ရှိတဲ့ လူတစ်ယောက်ဖြစ်သွားပြီ....။ ပြောချင်တာက ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ်ကို မလောင်ကျွမ်းပါစေနဲ့လို့ ဆိုတာပဲ....။ ကိုယ်လုပ်ခဲ့တဲ့အပြစ်နဲ့ရည်ရွယ်ချက်ကိုဖုံးကွယ်ချင်တာနဲ့ မိန်းကလေးတွေအပေါ် လိင်အမြတ်ထုတ်ချင်တဲ့ အောက်တန်းကျတဲ့စိတ်တစ်ခုထဲနဲ့ တကယ်အပြင်မှာမရှိတဲ့ ဇာတ်လမ်းတွေကို အသရေဖျက်ပြီး ရူးသလိုကြောင်သလို စိတ်ကူးယဉ်ရေးနေတဲ့သူတွေ စဉ်းစာတဲ့ဦးနှောက်သုံးပြီး ဉာဏ်လေးပွင့်စေချင်မိပြီ....။
__________________
Revolution will prevail
မိုးငွေ့