Friday, 17 January 2025

Dear Angel.....(22)

 



ချစ်သော အိန်ဂျယ်.....,

နေကောင်းလား မတွေ့တာကြာပြီ....

ဘလော့မှာစာရေးပြီး Official Publish မတင်ဖြစ်တော့ဘူးဆိုပေမယ့် မင်းကိုတော့ ကိုယ်ရင်ဖွင့်စရာရှိရင် လာပြောလို့ရတယ်မဟုတ်လား....။

ဒီမနက်အစောကြီးပဲနိုးလာခဲ့တယ် မနက် သုံးနာရီလောက်ပဲရှိဦးမယ်ထင်တယ်...။ ပြန်အိပ်ပျော်သွားတော့ ငါးနာရီမထိုးခင်ဆိုတာကို သိတယ်...။ အဲမှာ အိပ်မက်တွေ ဆက်တိုက်မက်တော့တာပဲ...။ ခုနောက်ပိုင်း အိပ်မက်တွေ မက်တာ ကျဲသွားတယ်လို့ သတိထားမိတယ်...။ အရင် အသက်ငယ်တုန်းကတော့ အိပ်မက်မက်ရတာကို သဘောကျတယ် ပျော်ရွှင်စရာ ကြည်နူးစရာအိပ်မက်တွေဆို တစ်သက်လုံးမမေ့အောင် သိမ်းထားချင်တယ် စွဲလန်းခဲ့တာတွေရှိတယ်...။ ခုချိန်ထိ မမေ့သေးတဲ့ အိပ်မက်တချို့လဲရှိတယ်...။ တကယ်တော့ အိပ်မက်မက်ရတာက ပင်ပန်းမှန်း အသက်ကြီးလာမှ သိရတယ်...။ အိပ်မက်မက်တယ်ဆိုတာ အိပ်ချိန်မှာ ဦးနှောက်ကို တောက်လျှောက်မနားတမ်းအလုပ်ပေးနေတာ သိပ်ပင်ပန်းမှန်း နောက်ပိုင်း အိပ်ရေးပျက်ပါများလာတော့မှ နားလည်လာတယ်...။ 

မနက်က အိပ်မက်ထဲမှာ ကိုယ်သံယောဇဉ်ဖြစ်ပြီး ချစ်ခင်တဲ့သူတွေပါတယ်...။ အိပ်မက်ထဲမှာ သူတို့ ကိုယ့်အပေါ်ထားရှိတဲ့ ချစ်ခြင်းမေတ္တာနဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါကိုယ့်ကိုကာကွယ်ပေးတဲ့ သူတို့ရဲ့ ဂရုဏာနဲ့စိတ်စေတနာတွေကိုပဲ အချိန်တိုတို အိပ်မက်လေးထဲ ခံစားသိ သိရလို့ အိပ်မက်ကနိုးလာတော့ ကျေနပ်ပီတိဖြစ်ရတယ်...။ အဲဒီအတွက်လည်း ချစ်ခင်သူတွေကို ကျေးဇူးတင်ရပါတယ်.....။

အပြင်မှာတကယ်ဖြစ်မယ့် နိမိတ်ဆန်ဆန်အိပ်မက်တွေကို မက်ခဲ့ဖူးလွန်းလို့ ကိုယ် အိပ်မက်မက်မှာကြောက်မိတဲ့ အချိန်တွေလည်းရှိခဲ့တယ်...။ သဘာဝပတ်ဝန်းကျင်နဲ့ပတ်သတ်တဲ့ ဘေးတွေ အရေးအခင်းဖြစ်မယ့်နိမိတ်တွေကို ကိုယ်ကြိုပြီးမက်ဖူးတာတွေ ကြုံခဲ့ဖူးလို့ အဲလိုထူးခြားတဲ့ အိပ်မက်မက်တိုင်းကိုယ်ရေးမှတ်ထားမိတယ်...။ တကယ် လက်တွေ့ဖြစ်လာတာကို တိုက်တိုက်ဆိုင်ဆိုင် မြင်ရတော့ ကိုယ့်ကိုယ်ကို တခါတခါ ကြောက်လာပြန်ရော...။ ကိုယ်အမြဲတွေးမိတယ် ကိုယ်တကယ်ထဲထဲဝင်ဝင် ဝိပဿနာကိုသေချာလုပ်ရင် ကိုယ့်အတွက် တကယ်အကျိုးရှိစေမှာပဲဆိုတာလေ...ဒါပေမယ့် အခုထိမလုပ်နိုင်သေးဘူး....။

ကိုယ့်အိပ်မက်ရဲ့ အဝေးဆုံးတစ်နေရာကိုရောက်နေတဲ့ မင်းကတော့ ကိုယ့်အိပ်မက်ထဲအလည်ရောက်လာဖို့ မဖြစ်နိုင်တော့ပေမယ့် ကိုယ်မင်းကို ဒီနေရာလေးမှာတော့ စကားလာပြောလို့ရသေးတယ်မဟုတ်လား...။


Still flying....

Still loving....


မိုးငွေ့