Monday, 29 January 2018

တရံရောအခါက ဘလော့ဂါတွေ.....(၂)



2010 2011 ဝန်းကျင်တုန်းက ဘလော့ဂါတွေ စည်စည်ကားကားနဲ့ လက်သွက်သွက် ပို့စ်တွေတင်နေတဲ့အချိန် အဲချိန်တွေကို သိပ်လွမ်းမိတယ်...။ ကျွန်မက အဲတုန်းက အက်ဆေးလေးတွေကို စရေးခါစလေး... ကျွန်မအက်ဆေးလှလှတွေရေးတတ်လာတာ မသက်ဝေတို့ မချစ်(ချစ်ကြည်အေး)တို့ ကျေးဇူးမကင်းဘူး...။ အစ်မတွေရဲ့ဘလော့က ကျွန်မရဲ့ ဖေးဘရိတ်...။ အထူးသဖြင့် မသက်ဝေရဲ့ အက်ဆေးတော်တော်များမာျးကို စွဲစွဲလန်းလန်းဖတ်ခဲ့ဖူးတယ် အရမ်းလည်းနှစ်သက်ခဲ့ရတယ် ခုချိန်ထိလည်း ပြန်သွားဖတ်တိုင်း အသစ်လိုခံစားမိတုန်းပဲ...။ မသက်ဝေရဲ့ “လေပြေအလာ” အက်ဆေးလေးကို ကျွန်မသိပ်ကြိုက်ခဲ့တာ...။ အဲဒီအက်ဆေးလေးကိုဖတ်ရင်း ပဝါပါးလေးတစ်ထည်ရဲ့ လေအလွင့်နောက်ကို ကိုယ့်စိတ်ဝိညဉ်တွေကပ်ပါသွားသလား အဲလောက်ထိ စွဲလန်းနှစ်သက်ခဲ့ရဖူးတယ်...။ အစ်မရဲ့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိတဲ့ အရေးအသားတွေကို သိပ်သဘောကျတယ်...။ သူ့စာတွေ များများဖတ်ပြီး ကျွန်မ အက်ဆေးတော်တော်များများကို ရေးနိုင်ခဲ့တယ်...။ ဒါကြောင့် အစ်မသက်ဝေကိုလည်း ဒီနေရာကနေ ကျေးဇူးတင်ပါတယ်...။ ကျွန်မသိပ်ကြိုက်ခဲ့ရတဲ့ အစ်မရဲ့ စာတွေကတော့ “ကျွန်မ၏ညနေ” “ညနေခင်းစကားဝိုင်း” “မျက်ဝန်းညို” “ရှယ်ရီရဲ့မွေးနေ့” “နှောင်ကြိုးမဲ့စွာ” “ယု” “ကျွန်မ၏ကမ္ဘာ” “ချစ်သူဖတ်ဖို့စာ” .....။ ခေါင်းစဉ်တွေရေးပြရမယ်ဆိုအများကြီးပဲ အစ်မသက်ဝေရဲ့ ဘလော့မှာ စိတ်ကြိုက် သွားမွှေပြီး ရှာဖတ်နိုင်ပါတယ်..။  အစ်မနဲ့က အပြင်မှာတစ်ခါမှ မဆုံဖူးပေမယ့် အစ်မပေးခဲ့တဲ့ လက်ဆောင်တွေကိုတော့ ရခဲ့ဖူးတယ်...။ မှတ်မှတ်ရရ ချယ်ရီရောင် Clinic နှုတ်ခမ်းဆိုးဆေး နဲ့ ဖန်စီလက်ကောက်ကလေးတစ်ခု...။ အဲတုန်းက တဂ်ပို့စ်တွေ တော်တော်များများ အစ်မသက်ဝေစလုပ်တာများတယ်...။ ဆရာမမေငြိမ်းရဲ့ စာအုပ်ဖြစ်တဲ့ “အချစ်အကြောင်းပြောရအောင်” ဆိုတဲ့ ခေါင်းစဉ်နဲ့ မသက်ဝေက ဒီပို့စ်မှာ စပြီးတဂ်ဖူးခဲ့တယ်.. ..။ အစ်မကိုယ်တိုင်ရေးတဲ့ “အချစ်အကြောင်းရေးရအောင်” ကို ကျန်တဲ့ ဘလော့ဂါတွေကိုပါ တန်းစီပြီးတဂ်လာတဲ့အထဲ ပါဝင်ခဲ့ရလို့ ကျွန်မလည်း ဒီနေရာမှာ ရေးခဲ့ဖူးပါတယ်...။ တဂ်ပို့စ်ရေးရတာ ကျွန်မတို့ ငယ်ငယ် ကျောင်းတက်တုန်းက စာစီစာကုံးတစ်ပုဒ်ရေးရသလိုပါပဲ ဆရာဆရာမတွေ ချပေးတဲ့ ခေါင်းစဉ်ကို ကိုယ့်စိတ်ကူး ကိုယ့်အိုင်ဒီယာနဲ့ ခေါင်းစဉ်တူပြီး အရေးအသားကွဲပြားသွားတာပါပဲ...။ အဲတုန်းက မသက်ဝေတို့နဲ့ တဂ်ပို့စ်တွေ တပျော်တပါး ရေးကြရတာကို လွမ်းတယ်...။ ယောကျာ်းဆန်ပြီး ဓါတ်ပုံရိုက်ကောင်းတဲ့ ချစ်စရာသားကလေး တစ်ယောက်နဲ့ လက်တွဲဖော်အစ်ကိုကြီးတစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ အရပ်ရှည်ရည် ဆံပင်ရှည်ရှည်နဲ့ မသက်ဝေကိုလည်း လွမ်းတယ်...:)



ချစ်ကြည်အေးရဲ့ ချစ်ကြည်လေးစာအုပ်မိတ်ဆက်ပွဲတုန်းက


နောက်တစ်ယောက်က မချစ်(ချစ်ကြည်အေး)... ဒီအစ်မနဲ့တော့ အပြင်မှာ ခဏခဏဆုံဖူးတယ်...။ အပြင်မှာဆုံလို့ ဓါတ်ပုံတွဲရိုက်တိုင်းလည်း ကော်မန့်မှာ ညီအစ်မတွေလားလို့ မေးခံရဖူးတယ်..။ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မအားကျလေးစားရတဲ့ အစ်မနှစ်ယောက်(မသက်ဝေနဲ့မချစ်)ကလည်း အပြင်မှာ ဟိုး သူငယ်တန်းကနေ ဆယ်တန်းထိ ငယ်သူငယ်ချင်းတွေ...။ မချစ်ကလည်းစာရေးကောင်းတယ် ဇဝနဉာဏ်ရွှင်တယ်...။ အစ်မရဲ့ ခရီးသွားပို့စ်တွေ ဝတ္ထုတိုတွေကို သိပ်ကြိုက်တယ်...။ ဓါတ်ပုံလည်း အရိုက်ကောင်းတယ်...။  “ချစ်သူတို့ရဲ့ တိမ်ပြာပြာနေ့တစ်နေ့” မှာ အစ်မရဲ့ ရိုက်ချက်တွေမြင်ရမှာပါ...။ ဒါက အစ်မရဲ့ ဟင်းချက်လက်ရာ...။ အစ်မက ခရီးသွားပို့စ်တွေ အရေးများတယ်..။ ခရီးလည်းတော်တော် သွားခဲ့တယ် ကျွန်မလိုပဲ...။ ဒါမယ့် ကျွန်မကတော့ အစ်မရဲ့ ခြေရာကိုမမီ...။ အစ်မရဲ့ “အစားအသောက်မီးလိုတောက်” “ကျွန်မရဲ့ ရိုက်ချက်များ” “ခရီးသွားခြင်း” တို့အပြင် ခံစားမှုရသ ဝတ္ထု လည်းအရေးကောင်းသူပါ...။ ဒါတင်မက အစ်မချစ်က သီချင်းဆိုလည်း ကောင်းသေးတယ်ရှင့်..။ အစ်မကိုယ်တိုင်တီးဆိုတာတွေကို ဒီမှာ သွားကြည့်နိုင်ပါတယ်..။ ဘယ်လိုပဲဖြစ်ဖြစ် အရင်ဘလော့တစ်ခေတ်ဆန်းထခဲ့တဲ့ အချိန်တွေကို သိပ်လွမ်းမိတယ်...။ အစ်ကိုကြီးကိုပန်းသီးဆိုတဲ့ သဘောမနှောကောင်းလွန်းတဲ့ လက်တွဲဖော်ကိုပိုင်ဆိုင်ထားတဲ့ CKA ကိုလည်းလွမ်းတယ်...။

အပိုင်း(၃)လေးလည်းရေးဦးမယ် မျှော်နော်...:)



မိုးငွေ့


3 comments:

Maung Myo said...

အချစ်အကြောင်းပြော၇အောင် တဂ်ပို့စ်လေးက ဘလော့ဂါတွေအကြား အတော်ကလေး ရေးစရာ လွမ်းစရာလေးတွေဖြစ်ခဲ့ကြတယ်နော် ။

သတိရပါ့ ။

Chit Kyi Aye said...

လွမ်းစရာ ညီမမိုးရယ် ��❤ မတွေ့တာ နှစ်အတော်ကြာပြီပဲ....

သက်ဝေ said...

ညီမ မိုးငွေ့.. မကြာခဏ သတိရလျက်ပါ...
သတိတရ ရေးပေးတာကိုလည်း ချစ်ခင်စွာ ကျေးဇူးတင်ပါတယ်... ညီမရေးလို့ ဒီည စာအဟောင်းတွေ ပြန်ဖတ်ဖြစ်တယ်... တချို့စာတွေက ကိုယ် ရေးခဲ့ဖူးတယ်ဆိုတာ မယုံနိုင်စရာ... အချိန်တွေကလည်း ကြာခဲ့ပြီကိုး... စာတွေပြန်ဖတ်ရင်း ကော်မန့်တွေအားလုံးကို ဖတ်အပြီးမှာ အားလုံးကို သိပ်လွမ်းသွားပါတယ်...
တစ်နေ့နေ့တော့ တွေ့ဖြစ်ကြမယ်လို့ မျှော်လင့်ပါတယ်... <3