Thursday, 24 July 2025

အထွေထွေဓမ္မမှတ်စုများ.....(၃၀)


နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား




 ꧁ ༺ မိမိ၏ တစ်နေ့တာကို မေတ္တာ ❤️ မုဒိတာ 😊 ကျေးဇူးတရား 🙏 တို့ဖြင့် ဖြတ်သန်းခြင်း ༻꧂

❝ နိုးနိုးခြင်း ❞ 

​-  မိမိသည် ယနေ့ ကျန်းမာစွာ  အသက် ရှင်ခွင့်ရသည့်အတွက် ​ ကျေးဇူးတင်ပါသည် ။  မိမိသည် ​ အေးချမ်းပါစေ  ​ အေးချမ်းပါစေ ​ အေးချမ်းပါစေ ။


❝ ရေချိုးခန်း၌ ❞ 

​- မျက်နာသစ်သောအခါ ​ လောကဓာတ်တစ်ခုလုံး၌ ရှိသော  ​သတ္တဝါတွေ အားလုံးတို့၏  စိတ်သည် ဤရေကဲ့သို့ ကြည်လင်အေးမြ  ချမ်းသာပါစေ ။ 

​- ရေချိုးသောအခါ လောကဓာတ်တစ်ခုလုံး၌ ရှိသော သတ္တဝါတွေ အားလုံးတို့၏ စိတ်သည် ဤရေကဲ့သို့  ကြည်လင်အေးမြ  ချမ်းသာပါစေ ။ 


 ❝ ​ ဘုရားရှိခိုး  / တရားထိုင်သောအခါ ❞ 

​- သံသရာ ဝဋ်ဆင်းရဲမှ ​ အပြီးတိုင် လွတ်မြောက်ရာ နိဗ္ဗာန်ရှိသည့်အတွက် ​ ကျေးဇူးတင်ပါသည်။ 

​- သံသရာ ဝဋ်ဆင်းရဲမှ ​ အပြီးတိုင် လွတ်မြောက်ရာ နိဗ္ဗာန်သို့  သွားရန် လမ်းပြပေးသည့် မြတ်စွာဘုရားရှင်အဆူဆူအား ကျေးဇူးတင်ပါသည် ။ 

- မြတ်စွာဘုရားရှင်၏ တရားတော်များအား တစ်ဆင့် ပြန်လည် မျှဝေဟောပြော လမ်းပြပေးသည့် ဆရာသမားများ ၊ သံဃာတော်များအား ကျေးဇူးတင်ပါသည် ။

​- နိဗ္ဗာန်ချမ်းသာကို ခံစားနိုင်သည့် လမ်းစဉ်အထိ  လက်တွေ့ ကျသော ၊ အခါမလပ် အကျိုးပေးသော ၊ မယုံကြည်သော သူတို့ကို စိန်ခေါ်နိုင်သော  တရားတော်အား ​ ကျေးဇူးတင်ပါသည် ။ 

​- တရားတော်သည်  ကျွန်ုပ်၏ စိတ်နှလုံး၌ ယနေ့ စက္ကန့်တိုင်း ကိန်းဝပ်ပါစေ ။ 


​❝ အိမ်မှ ​ မထွက်ခင်  (သို့) အားလက်ရက်၌ အိမ်မှာ နေသောအခါ  ❞ 

​- မိမိ၏ (မိဘ ၊ သားသမီး ၊ အကို ၊ အမ ၊ ညီ၊ ညီမ ​ ၊ ဦးရီး ၊ ဒေါ်ရီး ၊ အဘိုး ၊ အဘွား ၊ တူ၊ တူမ) တို့အား ယနေ့ ကျန်းမာစွာ တွေ့ရသည့်အတွက် ကျေးဇူးတင်ပါသည် ။ 

​- မိမိ၏ ​ (မိဘ ၊ သားသမီး ၊ အကို ၊ အမ ၊ ညီ၊ ညီမ ​ ၊ ဦးရီး ၊ ဒေါ်ရီး ၊ အဘိုး ၊ အဘွား ၊ တူ၊ တူမ) မြင်လျှင်မြင်ချင်း တစ်ဦးချင်း တစ်ယောက်ချင်း ​ အေးချမ်းပါစေ ။  အေးချမ်းပါစေ ။  အေးချမ်းပါစေ ။ 

​- ပြုတင်းပေါက်ထွက်ကြည့်လိုက်တိုင်း မြင်နေရသော မိမိ အိမ်၏ရှေ့ ၊ ​ နောက် ၊ လက်ဝဲ ၊ ​ လက် ယာ — ​ အိမ်  တိုက် တိုက်ခန်းအားလုံးမှ ပုဂ္ဂိုလ် သတ္တဝါအားလုံး ​ အေးချမ်းပါစေ ။ အေးချမ်းပါစေ ။  ​ အေးချမ်းပါစေ။ 


​❝ ပြင်ပ၌  / လမ်းသွားစဉ်  ❞ 

​- လမ်းသွားစဉ် လမ်းပေါ် ၊ ကားပေါ် ၊ ဘတ်စကားပေါ် ၊ ရထားပေါ် ၊ ​ ဈေး၌ မျက်စိရှေ့ မြင်မြင်သမျှ ​ ဧရိယာတစ်ဝိုက်မှ လူအားလုံး  အေးချမ်းပါစေ ။ အေးချမ်းပါစေ ။  အေးချမ်းပါစေ ။ 

​- ​ အလုပ်သွားသူများတွေ့လျှင်  ထိုသူတို့သည် အလုပ်၌ ဤတနေ့တာလုံး အဆင်ပြေချောမွေ့စွာ  စိတ်ချမ်းသာစွာ လုပ်နိုင်ကြပါစေ ။ 

- လမ်းသွားစဉ် ​ လင်မယား  စုံတွဲများ  တွေ့လျှင် ​ ချစ်ချစ်ခင်ခင် အိုအောင်မင်းအောင်  ကျန်းမာချမ်းသာစွာ  ပေါင်းသင်းနိုင်ပါစေ ။ 

​- လမ်းသွားစဉ် ​ ​ မိသားစုများကိုတွေ့လျှင် ​ ​ မိသားစုတတွေ ​ ​ ချစ်ခင်စည်းလုံးညီညွန့်စွာ နေထိုင်သွားနိုင်ကြပါစေ။ 

​- ကလေးများအား  ပြုစုနေသော မိဘများကို တွေ့လျှင် မိဘကျေးဇူး ကြီးမားပုံကို  ခဏမျှ ​ အောက်မေ့ပါ ။   

- လမ်းသွားစဉ် ​ ​ ကလေးသူငယ်များတွေ့လျှင်  ဉာဏ်ရည်ထက်မြက်၍ ပညာရေး ထူးချွန်ပါစေ။ 

​- လမ်းသွားစဉ် ​ လှပသူများ  တွေ့လျှင် ​ ဘဝဆက်တိုင်းဆက်တိုင်း ဤသို့ ၊ ဤထက်ပို  လှပနိုင်ပါစေ ။ 

​- လမ်းသွားစဉ် ​ အစားကောင်း အသောက်ကောင်း စားနေသူများ  တွေ့လျှင် ​ ဘဝဆက်တိုင်းဆက်တိုင်း  ဤသို့ ၊ ဤထက်ပို စားနိုင်ပါစေ။ 

​- လမ်းသွားစဉ် ​ ​ အသုံးအဆောင်ကောင်းများ  သုံးစွဲနိုင်သူများတွေ့လျှင် ​ ဘဝဆက်တိုင်းဆက်တိုင်း  ဤသို့ ၊ ဤထက်ပို အသုံးအဆောင်ကောင်းများ သုံးစွဲနိုင်ပါစေ ။ 

- လမ်းသွားစဉ် မြင်နေသော အဆောက်အအုံ၌ နေကြသော ​ လူ နတ် သတ္တဝါ  အားလုံး အေးချမ်းပါစေ ။  အေးချမ်းပါစေ ။ အေးချမ်းပါစေ ။ 

​- စားသောက်ဆိုင်သို့ ရောက်သောအခါ ​ ဤစားသောက်ဆိုင်၌ရှိသော စားဖိုမှူးများ  နှင့် ဝန်ထမ်းများ  အားလုံး ​ အေးချမ်းပါစေ ။  ​ အေးချမ်းပါစေ ။ အေးချမ်းပါစေ ။ 

​​

❝ အလုပ် လုပ်စဉ်  ❞ 

​- ​ မိမိ ၊ မိဘ ၊ မိသားစု စားဝတ်နေရေးအတွက် အလုပ်အကိုင် ရှိသည့်အတွက် ကျေးဇူးတင်ပါသည် ။ 

​- ယနေ့ လုပ်နေသည့် ကိစ္စ အဝဝ သည် အဆင်ပြေ ချောမွေ့သွားသည့် အတွက် ​ ကျေးဇူးတင်ပါသည် ။ 

​- ယနေ့ ဖြစ်ပေါ်နေသည့် အခက်အခဲ ပြဿနာ သည် အဆင်ပြေ ချောမွေ့သွားသည့် အတွက် ​ ကျေးဇူးတင်ပါသည်။ 

​- ယခု ဆက်ဆံတော့မည့် လုပ်ဖော် ကိုင်ဖက် ၊ အထက်အရာရှိများ တစ်ဦးချင်းအား ​ အေးချမ်းပါစေ ။  အေးချမ်းပါစေ။ အေးချမ်းပါစေ။ 

​- အလုပ်၌ ဒုက္ခ ပြဿနာတွေ့နေသော သူများတွေ့လျှင်လည်း  ထိုသူတို့သည် ပြဿနာအပေါင်းမှ ​ အမြန်ဆုံးပြေလည်ပါစေ။ အစစ အရာရာ အဆင်ပြေပါစေ။ 

​- အလုပ်၌ ရာထူး တက်သွားသူများကို တွေ့လျှင်လည်း ထိုသူတို့သည် ကုမ္ပဏီ၏အကျိုးကို ဆထက်တပိုး  ထမ်းဆောင်နိုင်ကြပါစေ။ 


​❝ အစာ စားစဉ် ❞ 

​​- ​ လယ်ကွင်းလယ်ကွက် ​ မြွေပါးကင်းပါး အသက်နဲ့ရင်း စိုက်ပျိုး ရရှိလာသော ဆန်ထမင်းတို့အတွက်  လယ်သမား ဦးကြီးများအား ​ ကျေးဇူးတင်ပါသည်။  

​- ယခု စားရသော အစာ အာဟာရ ၊ ​ ကောဖီ ၊ ​ ဆေး အတွက် ​ ကျေးဇူးတင်ပါသည်။ 

​- ယခု စားရသော အစာ အာဟာရ၏ ကုန်ကြမ်းများကို ​ စိုက်ပျိုးထုတ်လုပ် သူအားလုံး ၊ ရောင်းချပေးသော သူအားလုံးအား ကျေးဇူးတင်ပါသည် ။ 

​- “ဤထမင်း ဟင်းအား ခန္ဓာကိုယ် အာဟာရ အတွက်သာ သုံးဆောင်ခြင်းဖြစ်ပါသည်။” ​ ဟု ဆင်ခြင်၍ ​ စားပါ။ 

​​

❝ အိပ်ခါနီး ❞  

​- “ ​ ဪ ဒီတစ်နေ့တာ တာဝန်များ ပြီးစီး၍  အသေကလေး ​ သေရတော့မှာ ပါလား ။ 

ပြီးဆုံးသွားတဲ့ ဒီ တစ်နေ့တာလုံး အချိန်တော်တော်များများမှာ ဘာတွေ တွေးနေခဲ့သလဲ။ 

ဘာကောင်းမှု ကုသိုလ်တွေ လုပ်ခဲ့သလဲ ။  ဘာ အဆိုးတွေ လုပ်ခဲ့သလဲ ။ 

ဘာ အဆိုးတွေ ပြောခဲ့သလဲ။  ဘာ အဆိုးတွေ တွေးနေခဲ့သလဲ။ 

နောက်နေ့တွေမှာ ​ 

ဒီအဆိုးတွေ မလုပ်မိအောင် ​ မတွေးမိအောင် မပြောမိအောင် ​ ဘယ်လို ကြိုးစားမလဲ။ ”  ဟု ဆင်ခြင်၍  တရားမှတ်ပြီး  အိပ်ပါ။ 

​​

❝ လကုန်သောအခါ  ❞ 

​- မိဘ ၊ မိသားစု ကို ​ ထောက်ပံ့နိုင်သည့် ပိုက်ဆံရှိသည့်  အတွက် ကျေးဇူးတင်ပါသည်။ 

​- ဖုန်းခွန် ၊ အိမ်လခ ၊ ​ ဝင်ငွေခွန် ၊ အာမခံကြေး  ​ ၊ အထွေထွေ ​ ပေးရန် ကိစ္စအဝဝ  အတွက် ပိုက်ဆံရှိသည့်  အတွက် ကျေးဇူးတင်ပါသည်။ 

​- ဤရလာသော လခ ​ ပိုက်ဆံသည်  မိမိ ၊ မိဘ ၊ မိသားစု အသက်ရှင် တည်တံခိုင်မြဲဖို့အတွက်သာ ဖြစ်ပါသည်။ 

❝ စိတ် သဒ္ဓါတရား ထက်သန်သလို ​ ❞ 

မိမိဘဝ နေ့စဉ် ​ ကြုံတွေ့မှုများအလိုက် မိမိ ​ စိတ် သဒ္ဓါတရား ထက်သန်သလို မေတ္တာ  မုဒိတာ ​ ကျေးဇူးတရားများကို  အဆင့်ဆင့် ချဲ့ကား၍ ​ ပွါးများနိုင်သည်။ 

​နမူနာ

- ​ လူတစ်ဦးနဲ့ ၊ လူအများနဲ့  ​ တွေ့ဆုံစကားပြောတိုင်း ၊ ထိုသူတို့၏ အကူအညီ ၊ ဝန်ဆောင်မှုကို  ခံယူတိုင်း လှိုက်လှိုက်လှဲလှဲ စိတ်ထဲက ကျေးဇူးတင်ခြင်း ၊ ​ မေတ္တာပို့ခြင်း လုပ်ပါ။ 

​- မကျမ်းမာသူများ  တွေ့လျှင် အမြန်ဆုံး ပြန်လည် ကျမ်းမာလာပါစေ။ ​ ကျမ်းမာလာပါစေ။ ​ ကျမ်းမာလာပါစေ။ ​- မသန်စွမ်းသူများ တွေ့လျှင် အမြန်ဆုံး ပြန်လည် ကျမ်းမာ သန်စွမ်းလာပါစေ။ ​ သန်စွမ်းလာပါစေ။  သန်စွမ်းလာပါစေ။ 

​- တောင်းရမ်းနေသူများတွေ့လျှင်  ဘဝဆက်တိုင်း​ ငွေကြေးပစ္စည်း ဥစ္စာချမ်းသာသူများ  ဖြစ်ကြပါစေ။ 

​- သက်ကြီးရွယ်အိုများတွေ့လျှင်လည်း ထိုအဘိုအဘွား တို့သည် အနာရောဂါကင်း၍  အသက်ရှည်ပါစေ။  အသက်ရှည်ပါစေ။  အသက်ရှည်ပါစေ။ 

- ပင်ပင်ပန်းပန်း  လုပ်ကိုင်စားသောက်နေသူများတွေ့လျှင် ​ အမြန်ဆုံး ပြေလည်၍  သက်သက်သာသာ  လုပ်ကိုင်စားသောက်နိုင်ပါစေ။ ​ လုပ်ကိုင်စားသောက်နိုင်ပါစေ။ ​ လုပ်ကိုင်စားသောက်နိုင်ပါစေ။   

​- ဆင်းရဲသူများတွေ့လျှင်  စီးပွါးရေး အမြန်ဆုံး ​ ပြေလည်၍  ချောင်ချောင်လည်လည် နေနိုင်ပါစေ။  နေနိုင်ပါစေ။ ​ ​ နေနိုင်ပါစေ။  ​ ​  

​- ချမ်းသာသူများ  တွေ့လျှင် ယခုထက်ပိုပြီး  ရှာနိုင်ဖွေနိုင် ချမ်းသာနိုင်ပါစေ။  ယခုထက်ပိုပြီး  ရှာနိုင်ဖွေနိုင် ချမ်းသာနိုင်ပါစေ။  ချမ်းသာနိုင်ပါစေ။  ချမ်းသာနိုင်ပါစေ။ 

​- အလွန် ထူးချွန်သော အတတ်ပညာရှင်များကိုတွေ့လျှင် ယခုထက် ပို၍  ​ တဖက်ကမ်းခက်  ထူးချွန်ပါစေ။  ​ ထူးချွန်ပါစေ။ ​ ထူးချွန်ပါစေ။ 

- အလွန် အလုပ်ကြိုးစားသော သူများကို  တွေ့လျှင် ဤကြိုးစားသည်နှင့် ​ ထိုက်တန်သော ဆုကြေးလစာ ၊ အထူးကောင်းမွန်သောဘဝကို  ပိုင်ဆိုင်နိုင်ပါစေ။ ​ ပိုင်ဆိုင်နိုင်ပါစေ။  ​ ပိုင်ဆိုင်နိုင်ပါစေ။   

​- ယခု ​ သောက်ရသော ​ ဆေး  ​ အတွက် ​ ကျေးဇူးတင်ပါသည်။  ထိုဆေးကို ထုတ်လုပ်ပေးကြသော ဆေးပညာရှင်များ  ကျမ်းမာပါစေ။  ကျမ်းမာပါစေ။  ​ ကျမ်းမာပါစေ။   

- မိမိ ​ နေမကောင်း ဖြစ်တော့မည့်အခါ ၊ ​ ဖြစ်သည့်အခါ ​ ရောဂါပိုးမွှားများကို တိုက်ထုတ်ပေးသော  ဤ ခန္တာကိုယ်၏ ဇီဝ ​ ခံတပ် (Immune System)  ကို ​ ကျေးဇူးတင်ပါသည်။  ကျွန်ုပ်သည် မေတ္တာ  မုဒိတာ  တရားဘာဝနာများကို  ကျန်းကျန်းမာမာဖြင့်  ဆက်၍ အားထုတ်နိုင်ပါစေ။ 

​- မိမိ ​ အလုပ်မှ လခ ရသော ဤအလုပ်ကြောင့်  ငါ၏ မိသားစု အား  လုပ်ကျွေး နိုင်ခြင်းဖြစ်ပါသည်။ ဤအလုပ်အား ကျေးဇူးတင်ပါသည်။ 

​- ပန်းခြံသို့  ရောက်သော်အခါ သစ်ပင်ပန်းမန်များကို  တွေ့လျှင် ထိုသစ်ပင်ပန်းမန်များ ကျန်းမာသန်စွမ်း  စိမ်းစို လန်းစမ်းပါစေ။ ​ ထိုသစ်ပင်ပန်းမန်များကို စိုက်ပျိုးထိန်းသိမ်းသူ  အားလုံး အေးချမ်းပါစေ။  ​ အေးချမ်းပါစေ။ ​ အေးချမ်းပါစေ။ 

​ — အလှုအတန်းပြုသူများကို  တွေ့လျှင် ထိုသူတို့ပြုသော အလှုကိုငါသည် ဝမ်းမြောက်ဝမ်းသာ  သာဓု…  သာဓု…  သာဓု… ခေါ်ဆိုပါသည်။ ​ ထိုသူတို့သည် ဆထက်တပိုး လှုနိုင် တန်းနိုင်ပါစေ။ 

​- မိမိအလှူအတန်းပြုသော်အခါ  ယခုလို လှူနိုင် တန်းနိုင် သည့် ပိုက်ဆံရှိသည့် အတွက် ကျေးဇူးတင်ပါသည်။ 

​- အများအကျိုး ဆောင်ရွက်နေသူများ  တွေ့လျှင် ထိုသူသည် ဤကဲ့သို့ အများအကျိုးကို ဆထက်တပိုး  ​ ဆောင်ရွက်နိုင်ကြပါစေ။  ​ ဆောင်ရွက်နိုင်ကြပါစေ။  ​ ဆောင်ရွက်နိုင်ကြပါစေ။ 

​- ယနေ့ သာယာသော ​ နေအား  ​ ကျေးဇူးတင်ပါသည်။  ​ ​ နေကြောင့်သာ  မိမိနှင့်တကွ ​ လူသတ္တဝါ  အပင်များ  အသက်ရှင်နေရခြင်းဖြစ်သည်။ 

​- ဤကမ္ဘာမြေကြီး၏  ဆွဲအားကြောင့်သာ () ကျွန်ုပ်တို့ ပင်လယ် သစ်ပင်တောတောင်  အဆောက်အအုံများ  ​ တည်ရှိ နိုင်ခြင်း ဖြစ်သည်။ ​ လူသတ္ထဝါ အားလုံး  မျိုးစဉ်မျိုးဆက်  အစင့်စင့် အသက်ရှင်လာနိုင်ခြင်း ဖြစ်သည်။  ထို့ကြောင့် ဤမဟာပထဝီကမ္ဘာမြေကြီးအား ​ ကျေးဇူးတင်ပါသည်။   

​- အသက်ရှူကို  ၁ မိနစ်ခန့် အောင့်ပြီး သောအခါ ငါ၏ အသက်အား  အစဉ်အမြဲ ​ စက္ကန့် တိုင်း ​ ထောက်ပံ့ ပေးနေသော ​ ​ လေအား  ​ ​ ကျေးဇူးတင်ပါသည်။  ​ (လေအသက်  ၃ — ၄ မိနစ် ခန့်သာ။ ​ လေမရသည့် ၅မိနစ် နောက်ပိုင်းတွင် ဦးနှောက်ဆဲလ်များ စတင် ပျက်စီးလာပါပြီ။ )

​- ​ ငါ၏ခန္ဓာကိုယ်ဇီဝ ဖြစ်စဉ်ကို  ​ ထောက်ပံ့ ပေးနေသော ​ သောက်သုံးရေ အား  ​ ကျေးဇူးတင်ပါသည်။  ​ (ကျွန်ုပ်ခန္ဓာကိုယ် ​ ​ ခြောက်ဆယ်ရာခိုင်နှုန်းသည် ​ ရေဖြင့်  ဖွဲ့စည်းထားသည်။ ​ ရေအသက်  ၃ရက်သာ။ )

​- မိမိ အညစ်အကြေးစွန့်သောအခါ  ဤ အညစ်အကြေးစွန့်ပေးသော ​ ခန္တာကိုယ်ကြီးအား ​ ကျေးဇူးတင်ပါသည်။  ဤ ခန္တာကိုယ် ဇီဝဗေဒ ဖြစ်စင်ကို  အဓိက ​ လည်ပတ်ပေးသော ​ ဦးနှောက် ၊ ​ နှလုံး ၊ ​ ကျောက်ကပ် ၊ အသည်း ၊ အဆုတ် 🫁၊ သရက်ရွက် ၊ သည်းခြေအိပ် တို့အားလည်း ​ ကျေးဇူးတင်ပါသည်။ 

​- မိမိ ​ အမြဲ သုံးစွဲနေသော အသုံးအဆောင် ၊ ကိရိယာ တန်ဆာပလာ၊ နာရီ ၊ ​ မျက်မှန် ၊ ပိုက်ဆံအိတ် ၊ ​ အိမ်သုံး ပရိဘောဂ ၊ စက်ပစ္စည်း  များ တီထွင် ထုတ်လုပ်  ရောင်းချသူများ  အား ကျေးဇူးတင်ပါသည်။  ထိုသူတို့သည် ​ အေးချမ်းပါစေ။  အေးချမ်းပါစေ။  အေးချမ်းပါစေ။ 

​- ( ဥစ္စာဓန ​ ကြွယ်ဝချမ်းသာသူများ ) မိမိ၌ လက်ရှိပိုင်ဆိုင်နေသော ပစ္စည်းဥစ္စာတို့အား ယခုလို ပစ္စည်း ဥစ္စာ စုံစုံ လင်လင် နှင့် နေရသည့်အတွက် ကျေးဇူးတင်ပါသည်။  မိမိပိုင်ဆိုင်ရသလို ချို့တဲ့သောသူများလည်း  ပိုင်ဆိုင်ရပါစေ။ 

​- သီချင်းနားထောင်လျှင်လည်း  ထိုသီချင်း တီးမုပ် သီဆို ဖျော်ဖြေသော အနုပညာရှင် အားလုံး အေးချမ်းပါစေ။ ​ အေးချမ်းပါစေ။  ​ အေးချမ်းပါစေ။  ​ ဤသို့ အစဉ်အမြဲ ကောင်းသော အသံပိုင်ရှင် ဖြစ်ပါစေ။ 

​- ရုပ်ရှင် ကြည့်လျှင်လည်း ​ ထိုရုပ်ရှင်၌ ပါဝင် သရုပ်ဆောင်သော အနုပညာရှင်  အားလုံး ​ အေးချမ်းပါစေ။  ​ အေးချမ်းပါစေ။ ​ အေးချမ်းပါစေ။ 

​- တစ်စုံတစ်ဦးကို သတိရမိလျှင်လည်း  ထိုသူသည် ​ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။ ​ ​ အေးချမ်းပါစေ။   

​- ခွန်အားဗလကြီးမားသူများ  တွေ့လျှင်လည်း ​ အခုလိုပဲ ​ နောင်လည်း ကျန်းမာသန်စွမ်းပါစေ။  ကျန်းမာသန်စွမ်းပါစေ။  ကျန်းမာသန်စွမ်းပါစေ။ 

​- စိတ်ထားကောင်းသော သူများနှင့်  ​ တွေ့လျှင်လည်း စိတ်ထားကောင်းသော သူများနှင့် တွေ့ခွင့်ရသည့်အတွက် ​ ကျေးဇူးတင်ပါသည်။  ထိုသူတို့သည် ယခုလိုပဲ အစဉ်အမြဲ စိတ်သဘော ​ ကောင်းနိုင်ပါစေ။ 

​​

❝ နိဂုံးချုပ် ရှင်းပြချက် ❞ 


 ကျေးဇူး သိတတ်ခြင်းသည် (Gratitude) မြတ်စွာဘုရားကိုယ်တော်တိုင်  ဟောကြားသော မင်္ဂလသုတ်တော် မှ ​ မင်္ဂလာတရားပေါင်း(၃၈) ပါး မှ ​ ၁ ပါးလည်း ဖြစ်သည်။  ​ မြတ်စွာဘုရား တရားကို  ​ နေ့စဉ် လက်တွေ့ အောက့်မေ့ လိုက်နာ ကျင့်သုံးသော်ကြောင့် ​ မြတ်စွာဘုရားကို ​ လေးနက်သော ရှိခိုး ပူဇော်ခြင်း ​  ဖြစ်သည်။  

​ မိမိ ​ နေ့စဉ်ဘဝ ​ တွေ့ကြုံမှု ၊ ပိုင်ဆိုင်မှုတို့ကို  ​ လုံးလစိုက်၍  ​ ကျေးဇူးတင်သည့်အတွက်  ​ ​ ​ ရောင့်ရဲတင်းတိမ်လွယ်ခြင်းကို  ဖြစ်စေသည်။ ​ ရောင့်ရဲတင်းတိမ်လွယ်သည်လည်း ၃၈ဖြာ မင်္ဂလာ တစ်ပါး ပါပေ။ 

​ မိမိသည် ​ ​ မေတ္တာဖြင့်  အချိန်တော်တော်များများ၌ 🕓 ​ နေသည့် အတွက် အစဉ်မပြေမှုများကို အရင်ကထက် သည်းခံ  လာနိုင်မည်။ ဘဝ အစဉ်မပြေမှုများကို သည်းခံနိုင်သည်လည်း  ၃၈ဖြာ မင်္ဂလာ တစ်ပါးဖြစ်ပါသည်။ 

​​ ကျေးဇူးတရားသည်  မိမိတို့၏ ဘဝ ​ နေရာတိုင်း၌ ရှိသည်။ ​ သက်ရှိ ဖြစ်စေ၊ သက်မဲ့ ​ဖြစ်စေ — လူ့ပတ်ဝင်းကျင်၌ အရာအားလုံး သည် ချိတ်စက်လျက်  အချင်းချင်း အကျိုးပြုနေကြသည်။ 

ပဋ္ဌာန်းမြတ်ဒေသနာတော်သည်  ဓမ္မ အားလုံး မည်သို့ မည်ပုံ အကျိုးပြုပုံ အသီးသီးကို ဖွင့်ဆိုပူဇော်ထားသည်။ ပဋ္ဌာန်းမြတ်ဒေသနာတော်အား တစ်လုံးထဲနှင့် အနှစ်ချုပ်ပါလျှင် ​ ကျေးဇူးတရား (Gratitude ) ဖြစ်သည်။  

​​

ကိုးကား။ 

ဤသို့ အရာရာတိုင်း သက်ရှိ သက်မဲ့ အားလုံးမကျန် အသေးစိတ် အနုစိတ် ​ ကျေးဇူးတင်သော အတွေးအခေါ်အား စာရေးဆရာမ  ​ Rhonda Byrne ရေးသားသော The Magic စာအုပ်မှ 📖 ​ လေ့လာယူခဲ့သည် — https://www.thesecret.tv/products/the-magic-book/  ။ 

#ဝိမုတ္တိယုဂခေတ်

​၂၀၂၅-၀၆-၁၀


Monday, 21 July 2025

အထွေထွေဓမ္မမှတ်စုများ.....(၂၉)

 

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား



꧁ ༺ သဘာဝဘေးအန္တရာယ်အပေါ် ဉာဏ်ဖြင့် ဆင်ခြင်ခြင်း | နေ့စဉ် ကိုယ့်စိတ်ကိုယ်စစ် စာမေးပွဲ ༻ ꧂


☐ သဘာဝဘေးအန္တရာယ်များ (ဥပမာ- ငလျင်၊  ရေကြီးမှု) ဟာ  တောတောင်ရေမြေတွေရဲ့ မတည်မြဲခြင်း (အနိစ္စ)၊ ဖောက်ပြန်တတ်ခြင်း သဘောဖြစ်ကြောင်း ဉာဏ်နဲ့ ဆင်ခြင်ပြီး သံဝေဂ ယူနိုင်ပြီလား။ စိတ်မကောင်းဖြစ်ရုံမျှသာ မဟုတ်ဘဲ တရားနှလုံးသွင်းနိုင်ပြီလား ?

☐ ကြောက်ရွံ့မှု၊ စိုးရိမ်ပူပန်မှု (ဥပမာ- ရင်တုန်ခြင်း) စတဲ့ စိတ်ခံစားချက်၊ ကိုယ်အမူအရာတွေ  ပေါ်လာသည့်အခါ၊ ဒါတွေကို "ငါ ကြောက်တာ"၊ "ငါ ရင်တုန်တာ" လို့ အတ္တစွဲဖြင့် အမည်မတပ်ဘဲ၊ "ရုပ်ဇာတိ" (ရုပ်၏ ဖောက်ပြန်မှု) သက်သက်လို့ ဉာဏ်နဲ့ လက်ခံနိုင်ပြီလား ?

☐ ဒီအဖြစ်ဆိုးများဟာ အကြောင်းတရားများစွာ (ဥတုနိယာမ၊ ကံအကြောင်းအကျိုး) စုံညီလို့ ဖြစ်ပေါ်လာတာပဲလို့  "အကြောင်းအကျိုး သဘာဝတရား" ကို လက်ခံပြီး၊ "ငါ့တို့ကိုမှ  ဒီလိုဖြစ်ရသလား" စတဲ့ အတ္တစွဲ၊  ဒေါသ၊ မကျေနပ်မှုတွေ လျော့ပါးပြီလား ?

☐ ဖြစ်ပြီးခဲ့တဲ့  ဘေးဒုက္ခ အာရုံတွေ  (အတိတ်က "အရိပ်သဖွယ် အာရုံ") တွေကို  ပြန်လည် တွေးတောသောက  မပွားတော့ဘဲ၊ ထပ်ပြီး ဖြစ်လာမှာ စိုးရိမ်တဲ့ အနာဂတ် အတွေး "အရိပ်" တွေအပေါ်မှာလည်း "အတည်မယူဘဲ"  နေနိုင်ပြီလား ?

☐ အတိတ်၊ အနာဂတ်ကို အာရုံမပြုတော့ဘဲ၊ လက်ရှိ ပစ္စုပ္ပန်မှာ သတိ၊ ပညာဖြင့် နေထိုင်ပြီး၊ လုပ်သင့်လုပ်ထိုက်သော ကုသိုလ်တရားများ (ဥပမာ- မေတ္တာပွားခြင်း၊ ဒါနပြုခြင်း၊ သီလဆောက်တည်ခြင်း) ကို အာရုံစိုက် ပြုလုပ်နိုင်ပြီလား ?

☐ "ရုပ်ဇာတိ" နဲ့ "အကြောင်းအကျိုး သဘာဝတရား" ဆိုတဲ့ ဉာဏ်လက်နက်တွေကို အခြေခံ ခိုင်မာအောင်  လေ့လာထားပြီး၊  သဘာဝဘေးအန္တရာယ်  လောကဓံကြုံတိုင်း ၊  သဘာဝဘေးအန္တရာယ်အကြောင်းကြားသိရတိုင်း လက်တွေ့ အသုံးချနိုင်ပြီလား ?

------

ဒီ စာမေးပွဲ  ဟာ သဘာဝဘေးအန္တရာယ်လို လောကဓံကြုံတွေ့ရတဲ့အခါ မိမိရဲ့ စိတ်အခြေအနေနဲ့ နှလုံးသွင်းမှု မှန်ကန်ရေးကို ဆန်းစစ်ဖို့ အထောက်အကူပြုပါလိမ့်မယ်။

အဓိကကတော့ ကြောက်ရွံ့မှု၊ စိုးရိမ်မှုတွေနဲ့ တုံ့ပြန်မယ့်အစား၊ သတိ၊ ပညာ၊ ဥပေက္ခာတို့နဲ့ ရင်ဆိုင်ကျော်လွှားနိုင်ဖို့ ဖြစ်ပါတယ်။‎

‎ဝိမုတ္တိဉာဏ် ရရှိပါစေ ၊ ယောဂီ။


#ဝိမုတ္တိယုဂခေတ်

၂၀၂၅-၀၆-၁၁

Tuesday, 15 July 2025

ဓမ္မအထွေထွေမှတ်စုများ.....(၂၈)

 

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

နမောဿတ ဘဂဝတော အရဟတော သမ္မာသမ္ဗုသတ္တာ

ပူဇော်သမျှကိုခံယူတော်မူထိုက်သော အလုံးစုံသောတရားတို့ကို မဖောက်မပြန် 

ကိုယ်တော်တိုင်သိတော်မူသော မြတ်စွာဘုရား ရှိခိုးကန်းတော့ပါ၏ဘုရား



꧁ ༺ ရုပ်ရှင်နဲ့ သရုပ်ဆောင်တွေအပေါ် စွဲလမ်းမှု (ရူပတဏှာ) | နေ့စဉ် ကိုယ့်စိတ်ကိုယ်စစ် စာမေးပွဲ ༻ ꧂


☐ ရုပ်ရှင်၊ စီးရီးတွေ (အထူးသဖြင့် ကိုယ်ကြိုက်တဲ့ သရုပ်ဆောင်တွေ ပါဝင်တဲ့) ကြည့်ချင်တဲ့စိတ် ပြင်းပြစွာ ဖြစ်ပေါ်လာတဲ့အခါ၊ ဒီစိတ်ကို "ငါ ကြည့်ချင်တာ" လို့ အတ္တစွဲနဲ့ မရှုမြင်ဘဲ၊ စိတ်မှာ ပေါ်လာတဲ့ အာရုံသက်သက်လို့ ဉာဏ်နဲ့ ပိုင်းခြားနိုင်ပြီလား ။

☐ လှပတဲ့ သရုပ်ဆောင်တွေရဲ့ ရုပ်အဆင်း ("အာရုံအရိပ်") ကို မြင်တယ့်အခါ ပြင်းထန်တဲ့ တပ်မက်မှု (ကာမရာဂ)၊ သာယာမှု (သုခဝေဒနာ) ဖြစ်ပေါ်လာတာကို သတိထားမိပြီး၊ ဒီစိတ်နဲ့ ဝေဒနာကို "အတည်မယူဘဲ"၊ သူတို့ရဲ့ မမြဲတဲ့ (အနိစ္စ)၊ အနှစ်သာရမရှိတဲ့ (အနတ္တ) သဘောကို ဆင်ခြင်နိုင်ပြီလား ။

☐ ရုပ်ရှင်ဇာတ်လမ်း၊ ဇာတ်ကောင်တွေ၊ သရုပ်ဆောင်တွေအကြောင်း အလွန်အကျွံ တွေးတောနေတာ၊ စိတ်ကူးယဉ်တာ၊ ကိုယ့်ဘဝနဲ့ နှိုင်းယှဉ်တာတွေ ဖြစ်ပေါ်လာရင်၊ အတွေးတွေကို စောင့်ကြည့်သတိထားပြီး "မတွေးနဲ့" ကမ္မဋ္ဌာန်းနဲ့ ဒီအတွေးစဉ်ကို ဖြတ်တောက်နိုင်ပြီလား ။

☐ ရုပ်ရှင်ကြည့်တုန်း ဖြစ်ပေါ်လာတဲ့ ပြင်းထန်တဲ့ စိတ်ခံစားမှုတွေ (ဥပမာ- ရင်ခုန်စိတ်လှုပ်ရှားမှု၊ ဝမ်းနည်းမှု၊ ကြောက်ရွံ့မှု၊ ချစ်စိတ်၊ မုန်းစိတ်) ကို "ငါ ခံစားနေရတာ" လို့ မစွဲလမ်းဘဲ၊ ဖြစ်ပြီး ပျက်သွားမယ့် "ဝေဒနာအရိပ်" သက်သက်လို့ ဥပေက္ခာနဲ့ ရှုမှတ်နိုင်ပြီလား။

☐ ရုပ်ရှင်ကြည့်ချင်စိတ်၊ ဒါမှမဟုတ် သရုပ်ဆောင်တစ်ယောက်ယောက်ကို တမ်းတစိတ် ပေါ်လာတယ့်အခါ၊ ဒီစိတ်ဟာလည်း "ကာလသုံးပါးမှာ အစဉ်မရှိ" ကြောင်း၊ ဖြစ်ပြီး ပျက်သွားမယ့် "အာရုံအရိပ်" သာ ဖြစ်ကြောင်း ဆင်ခြင်နိုင်ပြီလား ။

☐ ရုပ်ရှင်ကြည့်တာအပေါ် အလွန်အကျွံ အချိန်ကုန်ဆုံးနေတာ၊ တခြားအရေးကြီးတဲ့ တာဝန်ဝတ္တရားတွေ (ဥပမာ- အလုပ်၊ မိသားစု၊ တရားအားထုတ်မှု) လစ်ဟင်းတာ စတဲ့ ဆိုးကျိုး (ဒုက္ခ) တွေကို ဉာဏ်နဲ့ မြင်လာပြီး၊ ကြည့်ရှုချိန်ကို သတိနဲ့ ထိန်းချုပ်ချင်စိတ် (သီလ၊ ဝီရိယ) ဖြစ်ပေါ်လာပြီလား ။

☐ ကိုယ်နှစ်သက်တဲ့ သရုပ်ဆောင်တွေ၊ ဇာတ်ကောင်တွေအပေါ် "ငါ့အကြိုက်ဆုံး"၊ "သူကတော့ အကောင်းဆုံး" စတဲ့ ပြင်းထန်တဲ့ အစွဲအလမ်း (ဥပါဒါန်) တွေ ဖြစ်နေသေးလား ။ ဒီအစွဲတွေဟာလည်း "အတည်ယူစရာမဟုတ်တဲ့" စိတ်ရဲ့ ပြုပြင်မှု (သင်္ခါရ) သာ ဖြစ်ကြောင်း နားလည်ပြီလား ။

☐ စိတ်ဖိစီးမှု၊ ပျင်းရိမှု၊ အထီးကျန်မှုတွေ ကြုံတွေ့တယ့်အခါ ရုပ်ရှင်ကြည့်တာကို ထွက်ပေါက်အဖြစ် အလွန်အကျွံ အသုံးချနေမိသေးလား။ ဒီအစား တရားရှုမှတ်တာ၊ မေတ္တာပွားတာ စတဲ့ ကုသိုလ်ဖြစ်စေတဲ့ နည်းလမ်းတွေနဲ့ စိတ်ကို ပြောင်းလဲနိုင်အောင် ကြိုးစားရဲ့လား ။

☐ ရုပ်ရှင်ထဲက မြင်ကွင်း၊ အဖြစ်အပျက်၊ လူပုဂ္ဂိုလ်တွေဟာ တကယ့်အပြင်လောကနဲ့ ထပ်တူမဟုတ်တဲ့၊ ဖန်တီးထားတဲ့ "အာရုံအရိပ်" တွေသာ ဖြစ်ကြောင်း ဉာဏ်နဲ့ ပိုင်းခြားသိမြင်နိုင်ပြီလား ။

☐ ရုပ်ရှင်မကြည့်ဘဲ မနေနိုင်အောင် စွဲလမ်းတပ်မက်နေတဲ့စိတ် (အာသဝ) ကို သတိထားမိပြီး၊ ဒီစွဲလမ်းမှုကနေ လွတ်မြောက်ချင်တဲ့ (နိက္ခမ) ဆန္ဒ ဖြစ်ပေါ်လာပြီလား ။

ဒီ စာမေးပွဲဟာ ကိုယ့်ရဲ့ ရုပ်ရှင်နဲ့ သရုပ်ဆောင်တွေအပေါ် ထားရှိတဲ့ စွဲလမ်းတပ်မက်မှု တဏှာကို ဆန်းစစ်ပြီး၊ သတိ၊ ပညာ၊ ဥပေက္ခာတို့နဲ့ ကျင့်ကြံနိုင်ဖို့ အထောက်အကူ ပြုပါလိမ့်မယ် ။ အရေးကြီးဆုံးကတော့ အမြင်အာရုံ ဟာလည်း ဖြစ်ပြီး ပျက်တတ်တဲ့၊ အတည်ယူလို့ မရတဲ့၊ အစိုးမရတဲ့ သဘာဝတရား တစ်ခုသာဖြစ်ကြောင်း ဉာဏ်နဲ့ သိမြင်ပြီး၊ အလွန်အကျွံ တပ်မက်စွဲလမ်းမှုကနေ လွတ်မြောက်အောင် ကြိုးစားဖို့ ဖြစ်ပါတယ် ။

ရုပ်ရှင်၊ တီဗီက မြင်ကွင်းတွေ၊ သရုပ်ဆောင်တွေရဲ့ ရုပ်အဆင်းတွေဟာလည်း မျက်စိဒွါရမှာ ခဏတာ ထင်ဟပ်တဲ့ "အာရုံအရိပ်" တွေသာ ဖြစ်လို့ "အတည်ယူ" စွဲလမ်းဖွယ်ရာ မဟုတ်ကြောင်း ဉာဏ်နဲ့ ရှုမြင်နိုင်ကြပါစေ ။‎

‎ဝိမုတ္တိဉာဏ် ရရှိပါစေ ၊ ယောဂီ ။


#ဝိမုတ္တိယုဂခေတ်

၂၀၂၅-၀၆-၁၂

Friday, 11 July 2025

My Sassy Curly Hair .....





ကျနော့်ကို အရင်က စက်ရုပ်မနဲ့တူတယ်လို့ မကြာခဏပြောဖူးခဲ့တဲ့သူ တစ်ယောက်ရှိတယ်....။ ကျနော်ဟာ ဓါတ်ပုံရိုက်လဲ မပြုံးတတ် အပြောအဆိုမှာလည်း မချောမွတ် မျက်နှာကြောကလဲ တလောကလုံးလုပ်ကျွေးတဲ့ ပုံအမြဲပေါက်တယ် ရုပ်ရှင်စကားနဲ့ပြောရင် ဗီလိန်ရုပ် .... ကြည့် ကြည့် အဲအပေါ်ကရုပ်ကို....။ ဟိုတလောက အဒေါ်က ဗိုင်ဘာမှာ မေးတစ်ခွန်းဖြေတစ်ခွန်းပဲလုပ်လို့ ကျနော့်ကို AI ကျနေတာပဲတဲ့....။ AI ကမှ ကျနော့်ထက် ပိုဖော်ရွေနေဦးမယ်...။ မွေးရာပါ ကျနော့်ပုံစံကိုတော့ ဘယ်သူမှလာပြောင်းလို့မရသလို ကျနော်လဲ ပြောင်းမှာမဟုတ်ဘူး....။


Before


After



ဆိုင်မှာ ဆံပင်မညှပ်ဖြစ်တာတော်တော်ကြာနေပြီ.....။ ဆံပင်အရှည်ကို စုထုံးပြီးချည်ထားတာ ကြာတော့ ပျင်းလာ အမြဲတစေထုံးထားတော့ ခေါင်းအရေပြားနာလာတယ်...။ ဆံပင်က နဂိုကောက်သားမို့လို့ စတက်ပုံပဲ ညှပ်ရတာအဆင်ပြေတယ်....။ အဲဒါ အခုပုံလေးဖြစ်သွားတာ အနောက်ဖက်ကို ဆံပင်စည်းလိုက်ရင် ဂေါ်ဂေါ်လေးဖြစ်အောင် ရှိတ်ထိုးလိုက်တယ်...။ အသက်ကြီးမှ လုပ်ချင်တာ မသေခင်လုပ်တာပဲ ကျန်တာ အရေးမပါတာ ဘာမှမတွေးဘူး....။ ဒါပေမယ့်လှတယ်မဟုတ်လား....?







ညှပ်သာညှပ်လိုက်တာ ပြီးတော့ ဆံပင်မချချင်ဘူး အိုက်တာရယ် ဆံပင်ကောက်ကွေးတွေက ရှုပ်ပွနေတာရယ်နဲ့ ပြန်စည်းထားလိုက်ရတာပါပဲ....။ ဘာညာ ပွဲတက်လေးရှိတုန်းလေးပဲ ရှိုးထုတ်တာကောင်းပါတယ်....။ ကျနော်တို့အသက်အရွယ် ဆံပင်ဖါးလျားချရင် ကြည့်ရတာအဆင်မပြေဘူး ကျနော်ကိုက ကြည့်မရတာ သူများတွေတော့ကြိုက်ချင်ကြိုက်နေမှာ....။



အဲလိုလေး အနောက်မှာရိတ်ထားတာ တကယ်က ဂေါ်ရတာ လွတ်လပ်ပေါ့ပါးတယ်....




ကြိုးစားပြုံးပါသော်လည်း မဲ့ပြုံးဖြစ်သွားသောအခါ



 
အနီရောင်က လက်ကီးမန်းနီး အရောင်တဲ့ ထိုင်းမှာ လက်သည်းဆို အနီရောင်ပဲဆိုးကြတာ 
တကယ်ငွေဝင်တာတဲ့ ဘတ်ခြောက်သန်းထီထိုးထားတယ်



လက်သည်းခြေသည်းတွေ အရောင်မဆိုးဖြစ်တာ ငါးနှစ်ကျော်ပြီ အခုက ဆိုးချင်လို့တော့မဟုတ်ဘူး လက်သည်းဆက်တဲ့ အရသာကို သိချင်တာ....။ ပြောနေကျအတိုင်း မိန်းမတွေလုပ်တတ်တဲ့ အရာတွေမသေခင် မလုပ်ဖူးတာလုပ်ကြည့်တာ...။  နှစ်စတုန်းက လက်သည်းတုကပ်တာ ဘယ်ဖက်လက်လုပ်ဖူးပြီးသွားပြီ အခုက ဂျယ်နဲ့လက်သည်းဆက်တာသွားလုပ်ကြည့်တာ cat eyes ဆိုလား သံလိုက်ပါတဲ့အတံတစ်ခုနဲ့ လက်သည်းထိပ်လေးကို ပုံဖော်ပေးတယ်...။ နှစ်ဖက်လုံးလုပ်တာ ထမင်းတော့ လက်နဲ့စားမရတော့ဘူး ဇွန်းနဲ့ပဲ အခုဒီပို့စ်ရေးတော့ စာရိုက်ကြည့်တာ အစလေးပဲနဲနဲခက် အခုတော့ အဆင်ပြေပြီ...။ မနက်က အင်္ကျီကြယ်သီးတပ်တာ 15မိနစ်လောက်ကြာသွားတယ်...။ ဘောင်းဘီဇစ်တပ်တာရသွားပြီ ကြယ်သီးတပ်တတ်သွားပြီး ဆွဲကြိုးချိတ် တပ်တတ်သွားပြီ....။ လက်မှတ်ထိုးတော့ ဘောလ်ပင်ကိုင်ရတာ အဆင်မပြေသေးဘူး...။ ဖုန်းစာရိုက်တာလဲ မရသေးဘူး... ဟမ်!!!! နားကပ် မဖြုတ်ကြည့်ရသေးဘူး လုပ်ဦး....။ 



စာလာဖတ်သူအားလုံးကို mini heart လေးပေးတယ်နော်


Tuesday, 8 July 2025

ဝါဆိုလပြည့်


နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ
နမောတသ ဘဂဝတော အရဟတော သမ္မာသဗ္မုသတ္တာ



🌕🌕🌕🌕🌕

ဝါဆိုလပြည့် ဓမ္မစင်္ကြာအခါတော်နေ့နှင့် ထူးခြားချက်များ ....


  သန္ဓေ တောထွက်၊ ဓမ္မစက်

  တစ်ချက် ပြာဋိဟာ။

  ဝါဆိုလပြည့်၊ ထူးခြားနေ့

  အောက်မေ့ ဤလေးဖြာ။



ဓမ္မစင်္ကြာဟောကြားခြင်း

  သန္ဓေ, တောထွက်, ဓမ္မစက်, 

  မိန်မြွက်ဝါဆို ဟူသော 

  စကားနှင့် အညီ ..

  မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် 

  တုသိတာနတ်ပြည်မှ နတ်သားအပေါင်းတုိ့၏

  ဘုရားဖြစ်ရန် အချိန်တန်ပါပြီဟု 

  လာရောက်ကာ ...  တောင်းပန်ကြသောကြောင့် -

  သေတကေတု နတ်သားအဖြစ်မှ 

  စုတေပြီးနောက် ..

  မယ်တော်မာယာ၏ ဝမ်းတွင်ဝယ် 

  ဝါဆိုလပြည့်နေ့တွင် ပဋိသန္ဓေနေတော်မူပါသည်။


  ဖွားမြင်မြောက်သောအခါ ..

  သိဒ္ဓတ္ထဂေါတမ အမည်ရလေ၏။ 

  ဆယ့်ခြောက်နှစ်ဝယ် ယသော်ဓရာနှင့် 

  ထိန်းမြှား လက်ထပ်လေ၏။


  ရာဟုလာ အမည်ရသော ..

  သားတော်တစ်ပါး မွေးဖွားလေ၏။ 


  ထိုနောက် ..

  သူအို, သူနာ, သူသေ, ရဟန်း, ဟူသော 

  နိမိတ်ကြီးလေးပါးကို မြင်တော်မူကာ 

  အိုခြင်းသဘော နာခြင်းသဘော

  သေခြင်းသဘော တရားတို့ကို

  ကြောက်လန့်ကာ ..

  အိုခြင်းကင်းရာ နာခြင်းကင်းရာ 

  သေခြင်းကင်းရာ ..

  ရဟန်းတစ်ပါး၏ ချမ်းသာတရားကို တွေးသိကာ ..

  တောထွက်ရန် ကြံစည်တော်မူပြီး 

  ဝါဆိုလပြည့်နေ့ ညသန်းခေါင်ယံ အချိန်တွင် 

  ဖွားဖက်တော်ဆန္ဒအမတ် ကဏ္ဍကမြင်းတို့ နှင့် 

  ဥရုဝေလတောသို့ ကိလေသာကုန်ခန်းပြီး 

  ဥာဏ်အလင်းရောင်တွေကို ရှာဖွေရန် 

  တောထွက်တော်မူပါသည် ...။


  မဂဓတိုင်း ဂယာမြို့အနီး ဥရုဝေလတောဝယ် 

  (၆)နှစ်တို့ ကာလပတ်လုံး ..

  ရှေးဟောင်း အိန္ဒိယ ယောဂီ ပရိဗိုဇ်တို့၏

  အတ်တကိလမထာ -

  (ပင်းပန်းစွာခန္ဓာကိုယ် ညင်းဆဲကြောင်း) 

  အကျင့်တို့ကို့ ..

  ထိုတောဝယ်(၆) နှစ်တိုင်တိုင် 

  ပင်းပန်းစွာ ကျင့်ကြံသော်လည်း 

  တရားထူးကိုမရရှိပေ ...။


  (၆)နှစ်မျှ ကျင့်ခဲ့ရတဲ့ ..

  ရှေးဟောင်းအိန္ဒိယ ယောဂီပရီဗိုဇ်တို့၏

  အကျင့်များသည် ..

  ခန္ဓာကိုယ်ပင်ပန်းဆင်းရဲကြောင်း 

  အကျင့်များသာဖြစ်သည်ဟု 

  သိရေသာအခါ -


  မိမိ၏ ကိုယ်ပိုင်နည်းစနစ်ဖြစ်သော

  မဂ္ဂင်(၈)ပါး နည်းလမ်းသစ်ဖြင့်

  ၁၀၃ ခု၊ ကဆုန်လပြည့်၊ ဗုဒ္ဓဟူးနေ့တွင်

  သဗ္ဗညုတဉာဏ်တော်ကိုရရှိကာ

  ဘုရားအဖြစ်သို့ ရောက်ရှိတော်မူပါသည်။


  ဘုရားအဖြစ်သို့ ရောက်ရှိပြီးနောက် 

  အားထုတ်ခဲ့သောတရားများနှင့်

  လောကကို ဆင်ခြင်ကြည့်သော် 

  မိမိရရှိ ကျင့်ကြံထားသော တရားတို့သည် 

  အလွန်သိမ်မွေ့ နက်နဲခက်ခဲလွန်းနေ၏။


  လောကလူသားတို့၏ အသိဥာဏ်ကား 

  ကိလေသာအမှောင်တို့ဖြင့်သာ 

  ထာဝစဉ်ပိတ်ဖုံးနေ၏။

  ပုထုဇဉ်တို့ အား ဟောကြားရန် 

  မတန်တဆ ခက်ခဲပင်ပန်းလိမ့်မည်ဟု

  ဆင်ခြင်နေစဉ် သဟမ္ပတိဗြဟ္မာမင်း၏ 

  လျှောက်ထားတောင်းပန်ချက်အရ 

  အဘယ်သူ့ကို တရားဦးဟောကြားအံ့နည်းဟု 

  ဆင်ခြင်တော်မူ၏ ...။


  အရင်က မိမိ တပည့်တော်ခဲ့ဘူးသော

  ဗာရာဏသီမြို့အနီး မိဂဒါဝုန်တောဝယ်ရှိသော

  ပဉ္စဝဂ္ဂီငါးဦး -

  (ပဉ္စ- ငါးခု ငါးယောက်၊ ၀ဂ္ဂ-အစု အဖွဲ့)တို့ကို 

  တရားဦးဟောကြားရန် ကြွချီတော်မူလေသည်။


  အချိန်ကား -

  နေမင်းကြီး ဝင်လုဝင်ဆဲအချိန်၊ 

  လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။

  ဆည်းဆာ ညချမ်း ဖြစ်သည်။ 

  သူတော်မြတ်ဓာတ်ကြောင့် 

  သာယာဖွယ်ကောင်းလှပေ၏။

  မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။ 

  ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏ ...။


  ထိုအခိုက်တွင် ...

  မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင် 

  ထက်ဝယ်ဖွဲ့ခွေ နေတော်မူသည်။ 

  ထို့နောက်... "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ 

  နှုတ်ခွန်းဆက်တော်မူလိုက်၏။ ဤကား ..

  တရားဦးဟောရန် ဖိတ်ခေါ်သံအစတည်း။


  ပဉ္စဝဂ္ဂီတို့သည် သီလစင်ကြယ်ပြီးသူများ

  ဖြစ်ကြသည်။ ထို့ ပြင် ..

  သဒ္ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထား ပြည့်စုံနေပြီးသူများ

  ဖြစ်ကြလေရာ ...

  မြတ်စွဘုရား၏ စကားအစသည် 

  သူတို့၏ နှလုံးသားဝယ်

  တရား တည်၍တည်၍ လာလေသည်။


  ထိုအချိန်တွင် မြတ်စွာဘုရားက 

  မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။ 

  တရားနာယူကြရန်လည်း တစ်ဆက်တည်း 

  တိုက်တွန်း၏ ...။

  သို့သော် မယုံကြည်နိုင်ကြသဖြင့် 

  သုံးကြိမ်သုံးခါ ငြင်းဆန်ကာ နေကြ၏။

  မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို 

  ဘုရားဖြစ်ကြောင်း ထပ်မံသိစေပြန်၏။


  ပြီးမှ ..

  "တရားဦး" ခေါ် ဓမ္မစက္က ပဝတ္တန သုတ္တ ကို

  ဟောကြားတော်မူလေသည်။ 

  ထိုတရားတော်၏ အဆုံးဝယ် 

  အရှင်ကောဏ္ဍညသည် လူသားများ အနက် 

  ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ 

  တည်လေ၏။ 


  ထိုနေ့သည် ဝါဆိုလပြည့်နေ့ဖြစ်၏။


  ထို့နောက်တဖန် ...

  ဒေသနာကိုဟောပြတော်မူရာ ..

  ဝါဆိုလပြည့်ကျော် (၁) ရက်နေ့၌ အရှင်ဝပ္ပ 

  (၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊

  (၃) ရက်နေ့၌ အရှင်မဟာနာမ်၊ 

  (၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် 

  အသီးသီး သောတာပန် တည်ကြလေကုန်၏။ 

  ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်

  ရောက်ကြလေသည်။


  ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် 

  မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို 

  ဟောကြားတော်မူခဲ့သည်။ 


  ဤတွင် ငါးဦးလုံး ..

  ရဟန္တာ ဖြစ်တော်မူကြလေသည်။ 

  ထိုနေ့ကိုလည်း "ရဟန္တာနေ့" ဟု 

  ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။


  ဝါဆိုလပြည့်နေ့ကိုမူ တရားဦးဓမ္မစကြာ

  ဟောကြားသောနေ့ ဖြစ်၍ 

  "ဓမ္မစကြာနေ့့" ဟု... ယနေ့အထိ 

  ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ် ပြုခဲ့ကြပေသည်။ 



၀ါဆိုလပြည့်နေ့မြတ် ထူးခြားချက်များ


  (၁) ပဋိသန္ဓေတည်သည့်နေ့ 

  မဟာသက္ကရာဇ် – ၆၇၊ ဝါဆိုလပြည့်။

  (ကြာသပတေးနေ့)


  (၂) တောထွက်သည့်နေ့ 

  မဟာသက္ကရာဇ် – ၉၇၊ ဝါဆိုလပြည့်။

  (တနင်္လာနေ့)


  (၃) ဓမ္မစကြာတရားဦး 

  မဟာသက္ကရာဇ် -- ၁၀၃၊ ဝါဆိုလပြည့်။

  (စနေနေ့)


  (၄) သောတာပန်လူသား စပေါ်သည့်နေ့ 

  မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။

  (စနေနေ့)

  ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ 

  စတင်ကူးပြောင်းခွင့်ကြုံသောနေ့။


  (၅) သံဃာရတနာ စပေါ်သည့်နေ့ 

  မဟာသက္ကရာဇ် – ၁၀၃၊ ဝါဆိုလပြည့်။


  (၆) “ဧဟိ ဘိက္ခု ” ဟူသော စကားကို 

  စတင် ကြားရသောနေ့။


  (၇) ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို 

  ပြတော်မူသောနေ့ (၇ ဝါမြောက်တွင်)


  ပြောင်လျှံထိန်ညီး၊ ရေမီးထွေထွေ၊

  အံ့ဖွယ်ဖန်ဆင်း၊ ဘက်ကင်းသရေ။

  အမျိုးမျိုးပ၊ တန်ခိုးသင်္ချေ၊

  ဝါဆိုလ ပုဏ္ဏ ဒိဝသေ။


လယ်တီဆရာတော်ကြီး၏ ကဗျာများ


  သန္ဓေယူတော်မူသောနေ့ 

  (ကြာသာပတေးနေ့)


  သုံးလူ့ရှင်ပင်၊ ကျွန်းထိပ်တင်

  သောင်းခွင်စကြာ၀ဠာ၊ နတ်ဗြဟ္မာတို့

  ညီညာရုံးစု၊ တောင်းပန်မူကြောင့်

  ရတုနဂိုရ်၊ ရွှန်းရွှန်းစိုသည်

  ဝါဆိုလပြည့် ကြွက်မင်းနေ့၀ယ်၊ 

  ချမ်းမြေ့ကြည်ဖြူ သန္ဓေယူသည်

  နတ်, လူ ငြိမ်းဖို့ ကိန်းပါကို ....။


  တောထွက်တော်မူသောနေ့

  (တနင်္လာနေ့)


  ဖွားမြင်မြောက်သော်၊ 

  ဆယ်ခြောက်နှစ်ရွယ် ပျိုမြစ်နုနယ်၌၊ 

  သုံးသွယ်ရွှေနန်း သိမ်းမြန်းပြိးလစ်

  ဆယ်သုံးနှစ်လျှင်၊ ဘုန်းသစ်လျှံလူ၊ 

  စံတော်မူ၍ ရွယ်မူနုဖြိုး၊ နှစ်ဆယ်ကိုး၀ယ်” 

  လေးမျိုးနိမိတ် နတ်ပြဟိတ်ကြောင့်၊

  ရွှေစိတ်ငြင်ငြို၊ သံဝေပိုက

  ဝါဆိုလပြည့် ကျားမင်းနေ့၀ယ်၊ 

  ချမ်းမြေ့ရဂုံ တော်ရပ်လှုံသည်”

  စုံမြိုင်ပင်ရိပ် ခမ်းမှာကို …။


  ဓမ္မစင်္ကြာဟောတော်မူသောနေ့

  (စနေနေ့)


  ဘုရားဖြစ်ကာ၊ မိဂဒါသို့၊ 

  စကြာရွှေဖဝါးဖြန့်ချီ သွား၍၊ ငါးပါး၀ဂ္ဂီစုံအညီိနှင့် 

  မဟီတစ်သောင်း တိုက်အပေါင်းမှ၊ 

  ခညောင်းကပ်လာ၊ နတ်ဗြဟ္မာအား“

  ဝါဆိုလပြည့်၊ စနေနေ့၀ယ်

  ကြွေ့ကြွေ့လျှံတက်၊ ဓမ္မစက်ကို” 

  မိန့်မြွတ်ထွေပြား၊ ဟောဖော်ကြားသည်

  တရားနတ်စည်ရွှမ်းတယ်ကို ...။


စိတ်ကူးပျော်ရာနှင့် ဓမ္မလက်ဆောင်

ဘလော့ဂ်တို့မှ ပိုစ့်နှစ်ခုကို ပေါင်းစပ်ကာ 

ဓမ္မဒါနပြုပါသည်။


အရှင်ဉာဏဝရ

ညွှန်း - မာဂဓိ(သာစည်)၏ အခါတော်နေ့များ

#ဓမ္မဒါန


~~~~~~~~~~~~~~~~~~~~~~~~~~~~~



ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့အကြောင်းသိကောင်းစရာများ


#ဝါဆိုလပြည့်နေ့ကို ဓမ္မစကြာအခါတော်နေ့ အထိမ်းအမှတ်အဖြစ် ကျင်းပရခြင်းမှာ ထိုနေ့၌ ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားက ဟောကြားတော်မူသည်ကို အကြောင်းပြု၍ ကျင်းပရခြင်းဖြစ်ပါသည်။

#ဓမ္မစကြာတရားတော်ကို မြတ်စွာဘုရားသည် အိန္ဒိယနိုင်ငံ ဗာရာဏသီပြည် မိဂဒါဝုန်တော၌ မဟာသက္ကရာဇ် ၁၀၃ ခုနှစ် ဝါဆိုလပြည့်နေ့ နေဝင်လထွက်အချိန်၌ ပဉ္စဝဂ္ဂီငါးဦးတို့အား ဘုရားအဖြစ်ကို ဝန်ခံသောအားဖြင့် ဟောကြားတော်မူခဲ့ပါသည်။

#ဓမ္မစကြာတရားတော်သည် ဝိနည်းမဟာဝါ ပါဠိတော်၌ ``ပဉ္စဝဂ္ဂိယကထာ´´အမည်ဖြင့် လာရှိပါသည်။ ပဋိသမ္ဘိဒါမဂ္ဂ ပါဠိတော်၌ ``ဓမ္မစက္က ပဝတ္တနဝါရ´´အမည်ဖြင့် လာရှိပါသည်။ မဟာဝဂ္ဂသံယုတ် ပါဠိတော်၌ ``ဓမ္မစက္က ပဝတ္တနသုတ္တ´´အမည်ဖြင့် လာရှိပါသည်။

#ဓမ္မစက္က ပဝတ္တန၏အဓိပ္ပါယ်မှာ- တရားတည်းဟူသော အသိစက်ကိုဖြစ်စေ၊ လည်စေတော်မူခြင်းဟု အဓိပ္ပါယ်ရပါသည်။ [ ဓမ္မစက္က = တရားတော် + ပဝတ္တန = ဖြစ်စေ၊ လည်စေခြင်း]

#ဓမ္မစကြာတရားတော်သည် သစ္စာလေးပါးတရားကို ညွှန်းဆိုဟောကြားသော ဒေသနာဖြစ်၍ ပိဋကတ်သုံးပုံ၏ အနှစ်ချုပ်တရားဟု ဆိုထိုက်ပါသည်။

#ဓမ္မစကြာတရားတော်ကို စိစစ်သုံးသပ်ကြည့်ပါလျှင် လမ်းစဉ်မှား ``အစွန်း ၂ခု´´ကို ရှောင်ကြဉ်ရေး၊ မဇ္စျိမ ပဋိပဒါ လမ်းစဉ်မှန်ကို ကျင့်သုံးရေးတို့ကို ညွှန်ကြားထားပြီး သစ္စာလေးပါးတရားကို သိမြင်စေရန် ဟောကြားထားသောကြောင့် ဗုဒ္ဓဝါဒ၏ တိကျခိုင်မာသော သဘောတရားကို တွေ့မြင်နိုင်ပါသည်။

#ဤကဲ့သို့ အနှစ်သာရပါရှိသော တရားဖြစ်၍ ဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူတို့က ဓမ္မစကြာတရားတော်ကို အထူးပင် အာရုံစိုက်၍ ရွတ်ဖတ်သရဇ္စျာယ်တော်မူကြပါသည်။ အမြို့မြို့အရွာရွာ၌ ဓမ္မစကြာအသင်းများ ဖွဲ့စည်းပြီး ပြန့်ပွားအောင် ဆောင်ရွက်လျက်ရှိကြပါသည်။


ဝါဆိုလပြည့်နေ့၏ ထူးခြားချက်များ


မြန်မာ့ရိုးရာ ၁၂ လ ရှိသည့်အနက် ဝါဆိုလပြည့်နေ့သည် -


၁။ ဂေါတမဘုရားလောင်း ပဋိသန္ဓေနေသော နေ့ဖြစ်၍ ထူးခြားခြင်း၊

၂။ ဂေါတမဘုရားလောင်း တောထွက်တော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၃။ ဂေါတမဘုရားလောင်း ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၄။ ရေမီး အစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့ဖြစ်၍ ထူးခြားခြင်း၊

၆။ တရားရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၇။ သံဃာရတနာ စတင်ပေါ်ပေါက်သောနေ့ဖြစ်၍ ထူးခြားခြင်း၊

၈။ ``ဧဟိ ဘိက္ခု´´ဟူသောစကားကို စတင်ကြားရသောနေ့ဖြစ်၍ ထူးခြားခြင်း၊


အထက်ဖော်ပြပါ ဝိသေသအကြောင်းများကြောင့် ဗုဒ္ဓဘာသာဝင်သူတော်စင်တို့က ဤဝါဆိုလပြည့်နေ့၌ ကျောင်းကန်ဘုရားသို့ သွားရောက်၍ ဝါဆိုပန်းများ ကပ်လှူခြင်း၊ ဝါဆိုသင်္ကန်း လှူဒါန်းခြင်း၊ ဓမ္မစကြာတရားတော်များကို ရွတ်ဖတ်သရဇ္စျာယ်ခြင်းအားဖြင့် ``ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့´´ကို ဆင်နွှဲပြုလုပ်ကြပါသည်။ ။


မာဂဓီ (သာစည်)

အခါတော်နေ့များ စာအုပ်မှ


Friday, 4 July 2025

Review.....

 



ဒီ 2025 ထဲ ကျနော် စာတွေသိပ်မရေးဖြစ်ဘူး အရင်နှစ်တွေနှစ်တွေနဲ့စာရင်ပေါ့....။ မရေးဖြစ်တဲ့အကြောင်းအရင်းက စာတွေမဖတ်ဖြစ်တာလည်းပါသလို ရေးချင်တဲ့ Mood မရှိတာလည်းပါတယ်....။ ကျနော် ဘယ်တွေရောက်နေလည်းဆို You Tube ဖက်ရောက်နေတာ ပြီးတော့ သီချင်းတွေနားထောင်ဖြစ်တယ်နေ့တိုင်း ကျန်းမာရေးအတွက် လမ်းလျှောက်တယ် တစ်ရက်ကို ခြေလှမ်းအနည်းဆုံး ခြောက်ထောင် အများဆုံး တစ်သောင်းကျော် လျှောက်ဖြစ်နေတယ်...။ ကျနော့်အတွက် စာရေးချင်စိတ်အဖြစ်ဆုံးက စာဖတ်ခြင်းပဲ ကျနော် ဟိုတလောက ဆရာမင်းလူရဲ့ စာအုပ်တွေ သုံးလေးအုပ်ဝယ်ဖြစ်တယ် ခေါင်းရင်းမှာထားပြီး စိတ်ပါတော့မှဖတ်ဖြစ်တယ်...။ ဆရာ့ရဲ့ "စာဖတ်တဲ့မင်းလူ ဖတ်တဲ့စာ" စာအုပ်ကိုဖတ်ပြီး ဆရာညွှန်းထားတဲ့ တခြားကျနော်မဖတ်ရသေးတဲ့ စိတ်ဝင်စားစရာကောင်းတဲ့ စာအုပ်တွေကို မှတ်ထားသေးတယ် ဆရာမကြီး ခင်နှင်းယုစာအုပ်တွေ ဆရာကြီးရွှေဉဒေါင်းစာအုပ်တွေ ပြီးတော့ ဆရာမ ဝင်းဝင်းလတ်ရဲ့ စာအုပ်....။

ကျနော် အားရင် ရေးခဲ့ပြီးသား ပို့စ်အဟောင်းတွေသွားပြန်ဖတ်တဲ့အခါ လွန်ခဲ့တဲ့ ငါးနှစ် 2020-2022 အထိရေးတဲ့ပို့စ်တွေကို တကယ်အားရတယ်....။ ကိုးဗစ်-19 ကပ်ဆိုက်နေတဲ့ကာလမှာရေးခဲ့တဲ့ စိတ်ခွန်အားဖြစ်တွေ ကိုယ်တွေ့ကျန်းမာရေးပို့စ်တွေ သီချင်းခံစားမှုပို့စ်တွေ ရုပ်ရှင် review တွေနဲ့ တချို့ဟင်းချက် မုန့်လုပ်ပို့စ်တွေရောပဲ....။ စိတ်ကူးယဉ် အက်ဆေးတွေ ဝတ္ထုတွေကျတော့ ခုနာက်ပိုင်း အားမသန်တော့ဘူး ...။ လက်တွေ့ကျကျ အကြောင်းအရာတွေကိုပဲ ရေးရတာ ပိုကြိုက်တော့တယ်...။ အဲဒါ... ပြီးခဲ့တဲ့ ငါးနှစ်ကို နောက်ပြန်လှည့်ကြည့် သုံးသပ်တာ ကိုယ်ရေးဖြစ်ခဲ့တဲ့ စာတွေကို အားရမိပါတယ်လို့...။

ပို့စ်နဲ့မဆိုင်ပေမယ့် ပြောရဦးမယ်.... လွန်ခဲ့တဲ့ နှစ်လလောက်က ကျနော် အိပ်မက်မက်တယ်....ကမ်းနားတစ်ခုမှာကျနော်ကရပ်နေတာ အဲချိန်မှာ ရေလှိုင်းအကြီးကြီးပဲ မီတာနဲ့ချီမြင့်မယ် အဲရေလှိုင်းတက်လာပြီး ရေတွေလွှမ်းသွားတာ ဒါပေမယ့် ကျနော်ရပ်တဲ့နေရာကိုတော့ ရေတွေရောက်မလာတာထူးဆန်းတယ် တကယ်က နီးနီးလေးပဲ ကျနော်နဲ့က အဖြစ်အပျက်က 3D ရုပ်ရှင်ပိတ်ကားကြည့်ရသလိုမျိုးဖြစ်သွားတာ...အင်း...အဲလိုအိပ်မက်ခဲ့တာ နိုးလာတော့ ခါတိုင်းဖြစ်နေကျလိုပဲ ငါ့ကိုနိမိတ်တစ်ခုခုလာပြောသလားလို့ တန်းပြီး သတိထားလိုက်ပြီး အဲအိပ်မက်ကိုမှတ်ထားလိုက်တယ်....။ အခုပေ့ချ်တွေမှာ ရေအောက်ငလျင်ကြောင့် ဆူနာမီလှိုင်းတွေ ကမ္ဘာတလွှားဖြစ်လာနိုင်တယ်လို့ ခန့်မှန်းနေကြတယ်...အခုခန့်မှန်းတာကတော့ နက္ခတ်ပညာရှင်တွေပေါ့...။ ရေနဲ့လေကို သတိထားခိုင်းတာ ဘယ်နေရာဘာဖြစ်မလဲဆိုတာတော့ တိတိကျကျဘယ်သူမှမသိနိုင်ဘူး ကြိုတင်ကာကွယ်မှုလုပ်နိုင်အောင်လို့ သတိပေးထားတာ ဖတ်ရတယ်...။ မနှစ်က နိုဝင်ဘာလမှာ ဆည်ပေါက် မိုးကြီးပြီး ရွာတွေအတော်များများ မြေကြီးအောက်ရောက်သွားတာ မှတ်မိသေးတယ်မဟုတ်လား...။ အဲရွာတွေထဲရေစီးတွေ တရဟောဝင်နေတာ အဲပုံစံမျိုးလည်း ကျနော် 2023 လောက်က အိပ်မက်နိမိတ်ရခဲ့ဖူးတယ်...။ အဲလို ထူးထူးဆန်းဆန်းအိပ်မက်မျိုးဆို ကျနော်က memory ထဲ မှတ်မှတ်ထားတာ တိုက်ဆိုင်တာက များလို့လေ....။ ဒါကတော့ ဖြစ်လာခဲ့သည်ဖြစ်စေ မဖြစ်သည်ဖြစ်စေ ကြိုတင်ပြင်ဆင်ဖို့ သတိရှိနေဖို့ပြောချင်တာပဲ...။ စကားမစပ် ကျနော်က အရာရာကိုကြိုမြင်တတ်တဲ့ နဂါးမယ်တော်တော့မဟုတ်ဘူးပေါ့...။

ဗုဒ္ဓလမ်းစဉ်ကို လိုက်နေတဲ့သူဆိုရင် ရတနာသုံးပါးကိုမမေ့နဲ့ ဂုဏ်တော်ပွားဖို့လည်းမမေ့နဲ့ သတ္တဝါအချင်းချင်း မေတ္တာထားဖို့လည်းမမေ့နဲ့.....။ 



Wednesday, 2 July 2025

9 YEARS OF YOU.....




2025 မှာ ကျနော် ကြည့်သမျှ ထိုင်းစီးရီးတွဲထဲက အကြိုက်ဆုံးဖြစ်တဲ့ 9 years of you အကြောင်းလေးနည်းနည်းလာပြောချင်တာပါ....။ တစ်ပတ်ကို ညစဉ် တနင်္လာ အင်္ဂါ နှစ်ရက်ကို One 31, One D ကနေ 9 June လမှာ စလွှင့်ပြီး ep 9 ခုပါဝင်ပါတယ်....။ သတိထားမိသလောက် ဒီကားလေးက ကိုးဂဏန်းတွေချည်းရွေးထားတာတွေ့ရတယ်...။ ဇာတ်လမ်းနာမည်လေးကလည်း 9 years of you စလွှင့်တာလည်း ကိုးရက်နေ့ အပိုင်းကလည်း ကိုးပိုင်းပါတယ်....။ ဇာတ်အိမ်ကျစ်ကျစ်လစ်လစ်လေးနဲ့ ချစ်စရာကောင်းတဲ့ Romance Drama အမျိုးအစားလေးဖြစ်ပြီး ကျနော့်လို မျက်ရည်မခိုင်တဲ့သူများကတော့ တစ်ရှူးစက္ကူလေးစောင်ပြီးမှကြည့်ပါလို့...။  ဒီစီးရီးထဲက မင်းသမီးလေးက Cherprang Areekul ဖြစ်ပြီး Thai Idol girl group ဖြစ်တဲ့ AKB48 ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်...။ မင်းသားက Aimm  Sanpetch Kunakorn ဖြစ်ပြီး သူ့အတွက် ဒီဇာတ်လမ်းလေးက သူအမေရိကားကနေ ကျောင်းပြီးလို့ပြန်လာလာခြင်း သူ့ရဲ့ အနုပညာပထမခြေလှမ်းဖြစ်ပါတယ်....။  သူ့ရဲ့ဖခင်ကလည်း သရုပ်ဆောင်ဟောင်းတစ်ယောက်ဖြစ်ဖူးခဲ့သလို တကယ့် main career က ထိုင်းရုပ်သံလောက နာမည်ရပြီးသား top ten စာရင်းဝင် interviewee တစ်ယောက်လည်း ဖြစ်ပါတယ်...။




 

စီးရီးတွဲတွေကို ခုနောက်ပိုင်း ထိုင်းဇာတ်လမ်းတွေပဲအကြည့်များတယ်...။ အဓိကက သူတို့စကားနားလည်တာရယ် အဖက်ဖက်က ပံ့ပိုးမှုအားကောင်းတဲ့ သရုပ်ဆောင်တွေရဲ့ ကြိုးသားအားထုတ်မှု နဲ့ ဖန်တီးမှုကောင်းတဲ့ ဒါရိုက်တာနဲ့ စိတ်ကူးကောင်းတဲ့ ဇာတ်ညွှန်းရေးသူတွေကြောင့်လည်းပါပါတယ်...။ ကျနော်ငယ်ငယ်က ကြည့်ခဲ့ဖူးတာထက် ခုနောက်ပိုင်း ထိုင်းရဲ့ ဂီတရော ရုပ်ရှင်အနုပညာလက်ရာတွေက အာရှနိုင်ငံတော်တော်များများ နဲ့ အနောက်နိုင်ငံတချို့ထိကို ပြန်နှံ့ ပေါက်ရောက်နေပါပြီ...။ နိုင်ငံအတော်များများမှာလည်း Fan Group တွေက အင်းအားတွေနည်းတာမဟုတ်ဘူး....။

9 years of you ဆိုတာ သူတို့နှစ်ယောက် ငယ်ငယ်ကတည်းကနေ လက်ရှိအချိန်ထိ သူငယ်ချင်းဘဝနဲ့ ကိုးနှစ်တာ အကြာ အခက်အခဲ အလွဲအချော်မျိုးစုံနဲ့ ကြုံတွေ့ပြီး ချစ်သူဖြစ်သွားကြတဲ့အကြောင်းလေးကို လှလှပပလေး ကြည့်တဲ့ ပရိတ်သတ်ကို ဆွဲခေါ်သွားနိုင်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပဲဖြစ်ပါတယ်...။ ဒါရိုက်တာကလည်း သူတို့နိုင်ငံရဲ့ နာမည်ကြီးဇာတ်တော်တော်များများကို ရိုက်ကူးခဲ့ဖူးတဲ့  Boy Takonkiet Viravan  ပဲဖြစ်ပါတယ်...။

ကျနော်က ရုပ်ရှင်ပဲကြည့်ကြည့် စာအုပ်ပဲဖတ်ဖတ် စိတ်နစ်ပြီး ဇာတ်လမ်းထဲက ကိုယ်တိုင်ဝင်ခံစားရသလိုမျိုးကြည့်တတ်တဲ့သူမို့ ငိုရမယ့်နေရာဆို မျက်ရည်ကကျပြီးသား....။ သူ့ရဲ့ ost သီချင်းလေးကလည်း ကောင်းလိုက်တာ...။ "9 years of you" OST ကို Fellow Fellow ဆိုတဲ့ music artist တွေက ဆိုပေးထားတာဖြစ်ပါတယ်...။ ဒီကားမှာပါတဲ့ မင်းသမီးလေးကလည်း သီချင်းလေးကို သူတို့ AKB48 အဖွဲ့လေးယောက်နဲ့လည်း မိန်းကလေး ဗားရှင်းနဲ့ပြန်ဆိုထားပါသေးတယ်...။ သီချင်းက ဗားရှင်း နှစ်ခုလုံးကောင်းတယ်...။ လောလောဆယ် ကျနော့်ရဲ့ music playlist ထဲထည့်ပြီး နေ့တိုင်းနားထောင်ဖြစ်နေတဲ့ သီချင်းလေးပေါ့...။ ဇာတ်ကြောင်းလေးကိုတော့ spoil မလုပ်တော့ဘူး ကြိုက်ရင် သွားကြည့်ကြည့်နော် you tube မှာကြည့်လို့ရပါတယ်....။