Tuesday, 22 April 2014

သင်္ကြန်ရိုးရာမုန့်.....

 

မုန့်လုံးရေပေါ်တွေကို အမြင်ဆန်းအောင်လို့ အရောင်လေးတွေထည့်လုံးဖြစ်ခဲ့တယ်...။ ပန်းရောင်လေးက Pink colour ကိုရေထဲတစ်စက်ချဖျော်ပြီး အပြာရောင်လေးက Blue colour တစ်စက်နဲ့ဖျော်ထည့်ထားတာပါ..။ အ၀ါရောင်လေးက ဆွမ်းမွှေးရွက်ကြိတ်ပြီးရတဲ့ အပေါ်ဆုံးအရေကြည်လေး ထည့်နယ်ထားတာပါ...။ မုန့်စပ်တဲ့အချိုးကတော့ ကောက်ညှင်းမှုန့်လေးဆ ဆန်ကြမ်းတစ်ဆနဲ့ပါ...။ အတာသင်္ကြန်မှာ အပါမဖြစ် မြန်မာ့ရိုးရာမုန့်လေးကို သင်္ကြန်အကြိုနေ့တုန်းက လုပ်စားဖြစ်တာလေး ပြန်တင်ပေးလိုက်တာပါ...။


 
မုန့်ဖက်ထုပ်ကို ဒါပထမဆုံးအကြိမ်လုပ်ဖူးတာ...။ မုန့်နှစ်အချိုးကတော့ မုန့်လုံးရေပေါ်အတိုင်းပဲ နယ်ပါတယ်...။ မုန့်သားထဲကို ဆွမ်းမွှေးကြိတ်ရည်လေးထည့်ထားသေးတယ် ခပ်မွှေးမွှေးနဲ့ စားရတာ ရိုးရိုးမုန့်ဖက်ထုပ်ကနေခွဲထွက်တယ်...။ မုန့်သားနူးညံမွှေးမြပြီး အတွင်းဖက်က အုန်းယိုလေးက ချိုအီလို့ပေါ့...။


အုန်ယိုလုပ်နည်းလေးက လွယ်ပါတယ်...။ ထန်းလျက်အမဲ နှစ်ဆယ်သားလောက်ကို ရေမြှုပ်ရုံလေး ထည့်ကျိုတယ်...။ ထန်းလျက်အားလုံး အရေပျော်သွားတာနဲ့ ရေစစ်နဲ့စစ်လိုက်တယ်...။ ထန်းလျက်ခဲတွေက သဲတွေအမှိုက်တွေသိပ်ပေါတာကိုး...။ စစ်ပြီးသား ထန်းလျက်ရည်ပျစ်ပျစ်လေးကို မီးပေါ်ပြန်တင်ပြီး အုန်းဆံခြစ်လေးတွေထည့်ပြီး ထန်းလျက်ရည်လေးခမ်းပြီး အုန်းယိုလေး စေးလာတဲ့အထိမွှေပေးပြီးရင် ရပါပြီ...။

ငှက်ပျောဖက်ကို မုန့်တစ်လုံးစာ ခပ်သေးသေး ညှပ်ပြီး ရေစိုဝတ်လေးနဲ့သုတ်ပြီး နေပြပေးထားပါ...။ တချို့ကတော့ မိုင်ခရိုဝေ့ထဲထည့်လှည့်ပါတယ်...။ မုန့်မထုတ်ခင် ဖက်ကို ဆီသုတ်ပေးရပါမယ်...။ ဒါမှ ဖက်ကိုခွာစားတဲ့အခါ မကပ်အောင်လို့ပါ...။ မုန့်နှစ်ကို လက်တစ်ဆုပ်စာလုံးပြီး အပြာလေးလုပ်လိုက်ပါ အုန်းယိုကို မိမိစိတ်ကြိုက်ထည့်ပြီး ထာပနာလိုက်ပါလေ...ဖက်ကိုသေချာကျကျနန ထုတ်ပြီး မိနစ်နှစ်ဆယ်လောက်ပေါင်းအိုးထဲပေါင်းရင် ကျက်ပါပြီ...။




 နောက်ထပ် မြန်မာ့ရိုးရာမုန့်လေးတွေလုပ်စားဖြစ်ခဲ့ရင်လည်း တင်ပေးပါဦးမယ်...း)

မိုးငွေ့
 

Friday, 11 April 2014

ကော်ဖီသောက်တိုင်းလွမ်းနေမယ်.....


 





သင်္ကြန်နီးတာရယ် လျှော့ဈေးပစ္စည်းတွေရယ်ကြောင့်... ရှော့ပင်းမောတွေတိုင်း လူကြီးလူငယ်ဈေးဝယ်သူတွေ ပျားပန်းခတ်သလိုပဲ များပြားလွန်းလှပါတယ်...။ အဲအထဲမှာ ကိုယ်ကတော့ သင်္ကြန်ရေပက်ခံထွက်ဖို့ မဏ္ဍတ်ထိုင်ဖို့ အဝတ်အစား အသုံးဆောင်လာဝယ်သူမဟုတ်ဘဲ..ကိုယ်ကြိုက်တဲ့ ဖန်စီပစ္စည်းသေးသေးမွှားမွှားလေးတွေကို လာလျှောက်ကြည့်နေတဲ့ သူတစ်ယောက်ပါ...။ စင်္ကြန်သွားလမ်းပေါ်က ဖန်စီဆိုင်တစ်ဆိုင်ကို ကိုယ်ဝင်ကြည့်လိုက်တယ်...။ ဖုန်းဟမ်းဆက်အပေါက်တွေမှာ ထိုးထည့်ရတဲ့ အရုပ်ကလေးတွေမျိုးစုံ ကလစ် မျက်မှန် နားဆွဲ လက်စွပ် မျိုးကိုစုံလို့ပါပဲ...။ အိန်ဂျယ်တောင်ပံလေးတစ်စုံနဲ့ ဆက်လျက်လက်စွပ်လေး တစ်ကွင်းကိုတွေ့လိုက်ရတယ်..။ လက်စွပ်က တစ်ကွင်းမဟုတ်ဘူး နှစ်ကွင်းတွဲလေး လက်ခလယ်နဲ့လက်သန်းကြွယ်မှာ ဝတ်ရတဲ့လက်စွပ်မျိုး...။ အတောင်ပံလေးက ရွှေအိုရောင်ကလေး ဗင်းဒေ့ချ်ဒီဇိုင်းလေး ...။ ကိုယ်ယူကြည့်မယ်ဆိုပြီးလက်နဲ့အလှမ်းမှာ အဲလက်စွပ်ကို ကိုယ်လက်နဲ့ပြိုင်တူလှမ်းယူနေတဲ့ အသားဖြူသန့်သန့် ယောက်ျားလက်တစ်ဖက်...။ လက်စွပ်လေးက ကိုယ်လက်ထဲကိုရော သူ့လက်ထဲကိုမရောက်သေးပါဘူး ကိုယ်နဲ့ အဲဒီလက်တစ်ဖက်က လက်စွပ်နားရောက်ခါနီးမှာ တန့်သွားကြတာ...။ ဘယ်ချိန်ကတည်းက ကိုယ့်နားရောက်လာပြီး ဒီလက်စွပ်ကိုလှမ်းယူဖို့လုပ်နေမှန်း မသိတဲ့သူကို ကိုယ်လှည့်ကြည့်လိုက်တယ်...။ ကိုယ့်ကိုကြည့်နေတဲ့ သူ့မျက်လုံးတွေနဲ့ ပက်ပင်းတိုးမိတယ်...။ မျက်ခုံးထူထူနက်နက် အသားကြည်စင်နေတဲ့ ကောင်လေး... ။ မျက်ဆံတွေက အညိုရောင်လေးတွေ... ။ ကြည့်စမ်းဘာကြောင့်များ ဒီလောက်တောင်တိုက်ဆိုင်ရသလဲ...။ သူ့မှာ အိန်ဂျယ်နဲ့တော်တော်လေးကို ဆင်တူတဲ့ နှုတ်ခမ်းတစ်စုံလည်းရှိနေတယ်...။ ကိုယ့်လက်ဖျားခြေဖျားတွေ ချက်ချင်း အေးစက်သွားကြတယ်..။ ဒါပေမယ့် သူက အိန်ဂျယ့်ထက်တော့ ပိုငယ်လိမ့်မယ်...။ ဘာကြောင့်မှန်းမသိ ကိုယ်အဲလက်စွပ်ကို မကြည့်ဖြစ်တော့ဘဲ တခြားကလစ်တွေကို လျှောက်ကိုင်ကြည့်နေမိတယ်...။ သူ့ကို ကိုယ်ဦးစားပေးလိုက်တယ်ဆိုပါတော့...။ လက်စွပ်လေးက ခြောက်ထောင်ငါးရာတဲ့ အမှန်တော့ အဲလက်စွပ်လေးက ယောကျာ်းဝတ်တော့မဟုတ်ဘူး။ ဒါပေမယ့် သူ့ကောင်မလေးအတွက်ဝယ်ပေးချင်လို့လည်းဖြစ်နိုင်တာပဲလေ...။

ကိုယ်တခြားပစ္စည်းကိုလျှောက်ကြည့်နေချိန်မှာ သူက... “အစ်မလည်း ဒီလက်စွပ်ကိုဝယ်မှာလား”တဲ့..။ အရောင်းကောင်မလေးက ကိုယ်တို့ကိုကြည့်ပြီး.. အဲဒါတစ်ခုပဲကျန်တော့တယ်လို့ပြောတယ်...။   
“ကိုယ်မဝယ်ပါဘူး သဘောကျလို့ ကိုင်ကြည့်မယ်လုပ်တော့ မင်းလက်နဲ့ဆုံသွားတာ..”

ကောင်လေးက လက်စွပ်လေးကို ခပ်စိုက်စိုက်တချက်ကြည့်ပြီး ကိုယ့်ဖက်ကိုယ်လှည့်လာပြန်တယ်...။
“အမှန်တော့ ကျွန်တော်ဝတ်ဖို့ဝယ်တာမဟုတ်ပါဘူး”လို့ ကိုယ်မမေးဘဲ လာရှင်းပြနေတယ်...။

ကိုယ်သူ့ကို ဘာအဓိပ္ပါယ်လည်းဆိုတဲ့အကြည့်နဲ့ ပြန်ကြည့်တော့…။ “ကျွန်တော့်ဝမ်းကွဲအစ်ကိုတစ်ယောက်က အဲလို အိန်ဂျယ်အတောင်ပံတွေပါတဲ့ ဖန်ဆီပစ္စည်းတော်တော် များများကို စုတတ်တာသိလို့ သူ့ကိုသတိရပြီး ဝယ်ပေးမလို့ပါ…”တဲ့…။ ကိုယ်မသိတဲ့ သူ့အစ်ကိုဝမ်းကွဲဆိုသူဟာ ဘာကြောင့်အိန်ဂျယ်တောင်ပံပါတဲ့ ပစ္စည်းတွေကိုစုသလဲလို့ ကိုယ်မစပ်စုမိတော့ပါ…။ ဒါဟာ တိုက်ဆိုင်မှုတစ်ခုလို့ပဲလက်ခံပါ…လို့ ကိုယ့်ကိုယ်ကို ဖြောင်းဖြပြီး ကော်ဖီသောက်ဖို့ တတိယအလွှာကို တက်ခဲ့လိုက်တော့တယ်…။

သောက်နေကျ ကော်ဖီဆိုင်မဟုတ်လို့ Latte မမှာတော့ဘဲ အမေရီကန်နိုပဲမှာသောက်လိုက်တယ်….။ မင်းရော ကော်ဖီသောက်တိုင်း ကိုယ့်ကိုသတိရလွမ်းတနေတတ်လား အိန်ဂျယ်…။ အထူးသဖြင့် အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီခွက်တစ်ခွက် မင်းရှေ့မှာရှိနေတဲ့အခါမျိုးပေါ့….။


မိုးငွေ့

Wednesday, 9 April 2014

သင်္ကြန်စာ.....


သင်္ကြန်စာဆိုလို့ ဟောစာတမ်းလို့မထင်နဲ့ဦး... သင်္ကြန်ပိတ်ရက်အတွက် အလ္လာပ သလ္လာပရေးမယ့်စာ သို့မဟုတ် သင်္ကြန်တွင်းမှာ မုန့်လုပ်စားဖို့ သင်္ကြန်စာ အဲလိုလဲ ယူဆလို့ရပါတယ်...။

သင်္ကြန်ဆိုတာ ကိုယ်နဲ့ဝေးနေခဲ့တာ ဘယ်လောက်ကြာနေပြီလည်း...။ ငယ်စဉ်ကာလကတည်းက ပျော်ခဲ့ပါးခဲ့ပြီးပြီမို့ အတိုင်းတာတစ်ခုထိတော့ သင်္ကြန်ရဲ့ အရသာကို ခံစားဖူးခဲ့ပြီးပြီလေ...။ ရန်ကုန်စရောက်တဲ့ ခုနှစ်တန်းနှစ်ကနေ ကျောင်းပြီးခါနီးထိ သင်္ကြန်ကိုရေပက်ခံထွက် ဒါမှမဟုတ် မဒဏ္ဍ်ထိုင်တဲ့အလုပ်များကိုလုပ်ခဲ့ဖူးသလို... သီလရှင်ဝတ် တရားစခန်းဝင်တဲ့ ကုသိုလ်အလုပ်များကိုလည်း လုပ်ခဲ့ဖူးပြီးပြီ..။ နောက်ပိုင်း အသက်ရလာလေလေ သင်္ကြန်ဟာ ကိုယ်နဲ့ဝေးလာလေလေဖြစ်လာခဲ့တယ်...။ သင်္ကြန်တွင်းဆို အိမ်မှာ မုန့်လုပ်စား အပြည့်အဝအနားယူတယ် သက်သတ်လွတ်စားတယ် အဲဒါတွေကိုပဲ အဓိကလုပ်လာခဲ့တယ်...။ ကြည့်စမ်း ငယ်တုန်းကလိုမလိမ္မာတော့ဘူး တရားစခန်းဝင်ဖို့ ပူတယ်အေးတယ်နဲ့ ချေးများလာတတ်ပြီ...။ အသက်ကြီးလာလေ မိုက်လာလေလေဖြစ်နေပြီလားလို့ ကိုယ့်ကိုယ်ကိုပြန်စဉ်းစားမိတယ်...။ တကယ်တော့ တရားစခန်းဝင်မှ သီလရှင်ဝတ်မှရယ်မဟုတ်ပါဘူး ဘယ်နေရာရောက်ရောက် လူဆိုတာ စိတ်ထားတတ်မှသာ ကုသိုလ်ကောင်းမှုဖြစ်တာမဟုတ်လား...အဟဲ ဒီလိုပဲ ဖြေလိုက်ပါတယ်...။ တကယ်တော့ ငပျင်းကျနေတာလည်းပါတယ်...။

ပိတ်ရက်လေးမှာ ဘယ်နေ့ဘာလုပ်စားမယ်ဆိုတာ schedule ဆွဲထားပြီးသား ပြီးတော့ ဖတ်စရာစာအုပ်တွေလည်း ရွေးပြီးစုထားပြီးသား... ကြည့်စရာရုပ်ရှင်ကားတွေလည်း ငှားတန်ရှိငှား အဟောင်းထဲက ပြန်ကြည့်ချင်တာများပြန်ရွေးထုတ်တန်သည်ရွေးထုတ်ပေါ့ ပြီးတော့ အသစ်ထွက်တဲ့ ဇာတ်ကားတွေလည်းဝယ်... ပြန်နားထောင်ချင်တဲ့ သီချင်းတွေပြန်ရှာထား အဲလိုပေါ့ အိုးး..ဘာပြောကောင်းလိုက်မလဲ ဇိမ်ကျချက်ပေါ့နော်..။

စာဖတ်သူ သူငယ်ချင်းမောင်နှမများလည်း ပိတ်ရက်ကလေးမှာ ပျော်ရွှင်စွာ အေးအေးလူလူနားနေနိုင်ကြပါစေလို့....။


မိုးငွေ့

Saturday, 5 April 2014

နေမဝင်အလွမ်းများ.....





နွေညနေရဲ့ နေဝင်ချိန်မှာ ဖုန်ငွေ့ ကားငွေ့တွေအပြင် အလွမ်းငွေ့တွေကိုပါ ရှုရှိုက်လိုက်ရတယ်...။

အိမ်အပြန်လမ်းမှာ ဘယ်ကဘယ်မှန်းမသိ ရုတ်တရက် မင်းကို သတိရလွမ်းဆွတ်မှုတွေက ရင်ဘတ်ကနေလှိုက်တက်လာတာ လည်ချောင်းတလျှောက်ခါးသက်သွားခဲ့တယ်...။ ခါတိုင်း ခပ်သွက်သွက်လှမ်းတဲ့ ခြေလှမ်းတွေက တုန့်ဆိုင်းနှေးကွေးနေကြတာ မျက်ဝန်းဆီကို ရိပ်ခနဲတက်လာခဲ့တဲ့ မျက်ရည်တချို့ကို နေဝင်ရီတရောမှာ လမ်းသွားလမ်းလာတွေ မမြင်နိုင်လောက်ပေမယ့် ခေါင်းခပ်ငိုက်ငိုက် လျှောက်လာခဲ့တယ်...။ အိမ်ပြန်ရောက်ဖို့ တခြားလမ်းတွေ ရှိပါလျက်နဲ့ မင်းနဲ့နောက်ဆုံးတွေ့တုန်းက လမ်းကလေးထဲကို ကိုယ်ချိုးကွေ့ ဝင်လိုက်မိတယ်..။ ယောင်ရမ်းပြီး ညာဘက်ကိုလှည့်ကြည့်မိပြန်တယ်။ မင်းများကိုယ်နဲ့ကပ်လျက် လိုက်လျှောက်နေမလားဆိုတဲ့ မျှော်လင့်ချက် သဲ့သဲ့လေး...။

အိမ်ရောက်ခါနီး ဘယ်ဘက်လမ်းကိုမချိုးကွေ့ခင် မင်းနဲ့အတူထိုင်ခဲ့ဖူးတဲ့ အုတ်ခုံဝိုင်းလေးဆီကို ချက်ချင်းအကြည့်ရောက်သွားရင်း ရင်ထဲစူးခနဲနာကျင်သွားရတယ်...။ ဘယ်တော့မှ ပြန်မဆုံတော့မယ့် မင်းကို အသောမသတ်နိုင်တဲ့ လွမ်းဆွတ်တမ်းတမှုတွေ မခမ်းခြောက်နိုင်တဲ့ မျက်ရည်တွေ ပခုံးပေါ်ကလွယ်အိတ်ကြိုးကို ခပ်တင်းတင်းဆုတ်ကိုင်ရင်း အုတ်ခုံဆီကနေ အကြည့်ကို ဆတ်ခနဲလွဲရင်း ဘယ်ဘက်လမ်းသွယ်လေးထဲကိုခြေဦးတည့်လိုက်တယ်...။ 

ဟာသွားတဲ့ ရင်ဘတ် လွှင့်စင်သွားတဲ့ မျက်ရည်စတချို့ကို လက်ဖနောင့်နဲ့ ခပ်ကြမ်းကြမ်း သုတ်ပစ်လိုက်တယ်...။ ဖျော့တော့နေပြီဖြစ်တဲ့နေရောင်တချို့ လဲပင်ထိပ်ဖျားမှာ စွန်းထင်းနေလေရဲ့...။ မင်းကိုလွမ်းတဲ့ ကိုယ့်အလွမ်းတွေကတော့ နေမဝင်အလွမ်းတွေပေါ့ အိန်ဂျယ်....။


မိုးငွေ့