Monday, 30 December 2013

နှင်းစဲနေ.....




နေရောင်ခပ်ဖျော့ဖျော့တွေ ရွှေပဝါပါးတစ်ခုလိုရောက်လာတဲ့အခါ......
နှင်းတွေအရည်ပျော် လေထဲအငွေ့ပျံ ပျောက်ကွယ်သွားကြရတာ သဘာဝတရားပါပဲ.......။

နှင်းတွေဟာ ခါးသက်သလား  အိန်ဂျယ်...။

ဒီဆောင်းမှာ နှင်းရဲ့ အစွမ်းသတ္တိတွေကို ကိုယ်ကောင်းကောင်းခံစားသိမြင်မိသွားခဲ့ပါပြီ.....။ အဖြူရောင်နှင်းပွင့်တွေကို အနီးကပ်သေချာကြည့်မိရင် နှင်းပွင့်ဖတ်တွေဟာ ဆူးတွေလိုပဲချွန်မြထက်ရှပါတယ်....။ အဝေးကကြည့်ရင် ဝါဂွမ်းစိုင်တွေလို နူးညံ့နေလိမ့်မယ်ဆိုတဲ့ အထင်နဲ့ မာယာတွေနဲ့အမြင်ကို လှည့်စားထားတတ်ကြတယ်....။

နှင်းရဲ့မာယာထဲ မူးမိုက်မိန်းမောနေချိန်မှာ... ကိုယ့်ရဲ့အိန်ဂျယ်ဟာ...နွေးထွေးတဲ့ နေခြည်တွေကို ဆောင်ကျဉ်းပေးခဲ့တယ်.....။

ကိုယ်မသိဘဲ ... ကိုယ့်အရိပ်လို လိုက်ပါနေတတ်တဲ့ အိန်ဂျယ်ဟာ.... ကိုယ့်ကိုအမြဲကူညီဖေးမဆဲပါပဲ...။

အေးချမ်းတုန်ခိုက်လှတဲ့ ဒီဆောင်းမှာ မင်းက ကိုယ့်ကို နွေးထွေးမှုတွေနဲ့ နှင်းရဲ့မာယာတွေကို ပျောက်ကွယ်ပျက်သုဉ်းသွားအောင် စွမ်းဆောင်ပေးနိုင်ခဲ့တယ်........။

I love u Angel.... ဒီစကားလုံးတွေဟာ ကိုယ့်အသွေးအသားထဲမှာ အမြဲစီးဆင်းနေကြလိမ့်မယ်...ကိုယ်အသက်ရှင်နေသရွေ့ ကိုယ်အသက်ရှုမရပ်တန့်သရွေ့........။


မိုးငွေ့

Saturday, 28 December 2013

ဗီယက်နမ်အမဲသားခေါက်ဆွဲ.....

 ဗီယက်နမ်အမဲသားခေါက်ဆွဲပြုတ်

အမေက ဗီယက်နမ်သူပေမယ့် မွေးကတည်းကရှမ်းပြည်မှာပဲမွေးလာခဲ့ကြတော့ တကယ့် ဗီယက်နမ်စာ စစ်စစ်ကို မချက်တတ်ကြပါဘူး..။ ဘယ်လိုလူမျိုး ဘယ်လိုဘာသာရဲ့ ချက်နည်းမဆို စိတ်ဝင်စားပြီးသားလည်းဖြစ်တယ် ဗီယက်နမ်သွေး ငါးမူးဖိုးပါသူ ဟင်းချက်ဝါသနာပါသူမို့ ကိုယ့်အမျိုးရဲ့ချက်နည်းပြုတ်နည်းတွေကို သိထား တတ်ထားသင့်တယ်လို့ ယူဆတယ်လေ...။  ခေါက်ဆွဲဆို ဘာလာလာအကုန်ကြိုက်သူမို့လို့ ဗီယက်နမ်အမဲခေါက်ဆွဲ ချက်နည်းလေးကို ဒီလင့်လေးမှာ http://nasilemaklover.blogspot.com/ သွားလေ့လာထားပြီး ပြန်ချက်ကြည့်တာပါ...။
 

 

လိုအပ်တာတွေက အမဲသားမိုးခိုသားလွှာပြီးသား 1 pack  ထီးမှိုသုံးပွင့် ကြက်သွန်နီအကြီးတစ်ဥ စပါးလင်တစ်ခု ဂျင်းတစ်တက် သစ်ကြားပိုးခေါက်တစ်လက်မခန့် ငရုတ်သီးခြောက်တစ်တောင့် နာနာပွင့်နှစ်ပွင့် ရှောက်ကောသီးတစ်လုံး နဲ့ ငရုတ်ကောင်းစေ့ ဆယ်စေ့တို့ပဲဖြစ်တယ်...။ အမဲသားကို ရှည်ရှည်လေးလှီးပြီး အသားမှုန့် ပဲငံပြာရည်ကြည် ငရုတ်ကောင်းမှုန့်အဖြူ ပြောင်းမှုန့် နှမ်းဆီနဲနဲ နဲ့နယ်နှပ်ထားမယ်...။ ဂျင်းနဲ့ကြက်သွန်နီကို မီးကင်ရပါမယ်...။ မှိုကိုရေစိမ်ပြီး ခပ်ပါးပါးလှီးထား..။


 ပြုတ်မယ့်အိုးထဲကို ရေနှစ်လီတာထည့်ပါ...။ မှိုနဲ့အမဲသားကလွဲပြီး ကြက်သွန်နီဂျင်းမီးကင်ထားတာနဲ့ ကျန်အစထည့် အစာပလာတွေကို ထည့်ပြုတ်ပါမယ်...။ ရေပွက်ပွက်ဆူလာရင် မီးလျှော့ပြီးတည်ထားမယ်..။ ဆားနဲ့ ငါးငံပြာရည် ထမင်းစားဇွန်းတစ်ဇွန်းဆီထည့်မယ်...။ အမဲသားကို တခြားရေဆူအိုးတစ်အိုးမှာ နှစ်မိနစ်လောက် ရေနွေးဖျောထားမယ်...။ ပြုတ်ရည်အိုးမွှေးလာပြီဆို အနယ်ကျအောင် မိနစ်30လောက်တည်ထားပါ...။ စားခါနီမှ ပြုတ်ရည်ထဲ အမဲသားနဲ့မှိုထည့် ဆူအောင်တည်ပြီးရင် ကိုယ်နှစ်သက်ရာ ဆန်ခေါက်ဆွဲ ဖြစ်ဖြစ် ဂျုံခေါက်ဆွဲနဲ့ဖြစ်ဖြစ် အရည်ဆမ်းပြီး စားသုံးလို့ရပါပြီ...။

ခေါက်ဆွဲထဲထည့်စားရမယ့် ပူစီနံ ပင်စိမ်းနဲ့ နံနံ့ရွက်တွေ

စားခါနီး သံပုရာသီးလေးညှစ်ထည့် အရွက်ကလေးတွေထည့်စား အနံ့လေးမွှေးနေတဲ့ ဗီယက်နမ် အမဲခေါက်ဆွဲလေးပေါ့... ။ ပဲပင်ပေါက်ပါထည့်စားလည်းရတယ် ကိုယ်ကမ၀ယ်ထားလိုက်မိလို့...။

2013 ရဲ့ ကောင်းသော နောက်ဆုံးသောကြာနေ့လေးဖြစ်ပါစေ ..း)

မိုးငွေ့


Thursday, 26 December 2013

နှင်းစိုမှာစိုးတယ်......



                            


ကိုယ်တို့နှစ်ယောက် နှစ်ရှည်လများမတွေ့ခဲ့ရသူတွေလို တစ်ယောက်ကို တစ်ယောက်မျက်တောင်
မခတ်တမ်း စိုက်ကြည့်နေကြတာ မိနစ်ကြာနေပြီ…။

တကယ်လည်း မတွေ့ဖြစ်ကြတာ နည်းနည်းတော့ကြာခဲ့ပါပြီလေ…..။
ကိုယ့်ကို မင်း ဆောင်းအိပ်မက်တစ်ခုလာပေးနေတာတော့ မဟုတ်ပါဘူးနော် အိန်ဂျယ်….။

မင်းဆံပင်တွေက အရင်လိုပဲ ခပ်တိုတိုကြမ်းကြမ်း… မင်းမျက်ခုံးတွေထူထဲမဲနက်နေကြလို့ မင်းမျက်ဝန်းတွေ အရောင်တောက်ပဆဲ… မင်းနှုတ်ခမ်းတွေစိုရဲဆဲပါပဲ…။ နှင်းပွင့်တွေလို ကြည်လင်တောက်ပဖြူစင်နေဆဲ မင်းအသားအရေတွေ… မင်းမေးရိုးအထက်မှာ ခရမ်းရောင်နဲ့အစိမ်းရောင်သွေးကြောမျှင်လေးတွေက အသည်းယားစွာ ယှက်သန်းနေကြဆဲ….။ ကိုယ့်လက်ဖျားနှစ်ဖက်ကို ဆုတ်ကိုင်ထားတဲ့ မင်းလက်ဖဝါးတွေလည်း နွေးထွေးဆဲ….။

အိန်ဂျယ်… မင်းကိုယ့်ဆီကို ဒီတစ်ခါ အပြီးပြန်လာခဲ့တာလားလို့ ကိုယ်နှုတ်ကမေးဖို့ သတ္တိမရှိခဲ့ဘူး…။

ဖြစ်နေကျအတိုင်း မင်းနဲ့ပြန်တွေ့ရလို့ ဝမ်းသာပီတိမျက်ရည်ကြည်တွေက မျက်ဝန်းနှစ်ဖက်ကနေ စိမ့်အိုင်ကျလာတယ်…။ မင်းက ကိုယ့်လက်ဖျားကိုမလွတ်ဘဲ ဆုတ်ကိုင်ထားလျက်နဲ့ မင်းလက်ဖမိုးနှစ်ဖက်နဲ့ ကိုယ့်ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးနေတယ်…။ 

မင်းဝတ်ထားတဲ့ အဖြူဆွတ်ဆွတ်ရှပ်အကျီၤဆီက မီးပူတိုက်ထားခါစ အနံ့တချို့ကိုရနေတယ်….။ ပြီးတော့ ရေချိုးဆပ်ပြာနံ့လား ဘော်ဒီစပရေးနံ့လား ကိုယ်ခွဲခြားမသိနိုင်တဲ့ လတ်ဆတ်မွှေးပျံ့တဲ့ အနံ့တစ်ခုပါရောပါရလိုက်တယ်….။ ကိုယ်သိပ်သဘောကျတာပဲသိလား…။ မင်းကလေ အမြဲတမ်းတွေ့လိုက်ရရင် အဖြူရောင်ရှပ် သို့မဟုတ် လည်ကတုံးနဲ့ ကွက်စိပ်ပုဆိုးတွေကို သပ်သပ်ရပ်ရပ်ဝတ်ထားလေ့ရှိတယ်….။

ဗာဒံပင်ခပ်အုပ်အုပ်အောက်က စားပွဲဝိုင်းမှာ ကိုယ်တို့ ပေါ့ဆိမ့်နှစ်ခွက်မှာလိုက်ကြတယ်….။ မင်းပြောပြတဲ့ ကိုယ်နဲ့မတွေ့ဖြစ်တဲ့အချိန် မင်းရဲ့ အဖြစ်အပျက်တစ်ချို့ မင်းရဲ့ဘဝဖြတ်သန်းချိန်ခရီးတချို့ကို ကိုယ်နားထောင်နေလိုက်တယ်…။ ကိုယ်ကတော့ မင်းနဲ့မတွေ့ဖြစ်တဲ့အချိန်တွေမှာ မင်းကိုပြောပြဖို့ ဘာမှထွေထွေထူးထူးမရှိခဲ့ဘူး…။

ကိုယ်တို့လက်ဖက်ရည်အတူသောက်နေတဲ့အချိန် ည၈နာရီခွဲလောက်မှာပဲ… ကိုယ်တို့ထိုင်နေတဲ့ဝိုင်းနဲ့ မနီးမဝေး နီယွန်မီးတိုင်ရဲ့အလင်းဖြာဖြာအောက်မှာ ရုတ်တရက် မှုန်ရီဝေသီကုန်လို့… တချိန်တည်းမှာပဲ အေးစိမ့်လာလိုက်တာ…။ အိုးးး… နှင်းတွေဝေနေတာပဲ…..။ အဝါရောင်အလင်းတန်းထဲမှာ ဒီဇင်ဘာရဲ့ အဖြူရောင်နှင်းပွင့်တွေက သိပ်လှတာပဲ…။ လေအေးတွေကလည်း ဝေ့ဝိုက် တိုက်ခတ်လိုက်သေးတယ်..။ လမ်းမီးရောင်ကြောင့် မင်းဆံပင်မှာ ကပ်ညှိနေတဲ့ နှင်းစက်မှုန်တွေက လင်းလင်းလက်လက်ဖြစ်နေကြတယ်….။ မင်းပေးထားခဲ့ဖူးတဲ့ မွှေးပွပဝါလေးထုတ်ပြီး ကိုယ်..မင်းခေါင်းကို အုပ်ထားပေးလိုက်တယ်…။ 


မင်းနဲ့ကိုယ် အထဲမဝင်ဘဲ နှင်းတွေကျနေတာကို တိတ်တဆိတ်ငေးမောကြည့်နေဖြစ်ကြတယ်…။
ကိုယ်မျက်စိမှိတ်ပြီး မိုးပေါ်မျက်နှာမော့ထားကြည့်တယ်…။ အေးစိမ့်စိမ့် နှင်းမှုန်တွေ မျက်နှာပေါ်ကို နူးညံ့စွာလာထိတာကို ခံစားနေရတယ်…..။ မင်းက ကိုယ့်မျက်တောင်ရှည်ရှည်ပေါ်မှာ တင်နေတဲ့ နှင်းပွင့်တွေကို လက်ချောင်းတွေနဲ့ ခါထုတ်ပေးနေတယ်…။ ပြီးတော့မင်းလက်ချောင်းတွေက ကိုယ့်နှုတ်ခမ်းတစ်စုံပေါ်မှာ နွေးထွေစွာကျရောက်လာတယ်…။ နှင်းရည်ဆွတ်ပြီးအေးစက်တဲ့ ကိုယ့်အနမ်းတွေ မင်းလက်ချောင်းတွေပေါ် ကပ်ပါသွားကြပြီ အိန်ဂျယ်….။

ကြည့်စမ်း အိန်ဂျယ်… ခုလိုအေးစိမ့်တဲ့ ရာသီမှာ မင်းဖျော်တိုက်မယ့် ကော်ဖီပူပူတစ်ခွက်နဲ့သာဆို ဘယ်လောက်ပြည့်စုံလိုက်မလဲ…..။

ကိုယ်မျက်လုံးဖွင့်ကြည့်လိုက်တယ်……။ မင်း … မင်းမရှိတော့ဘူး……။ ကိုယ့်စားပွဲဝိုင်းမှာ ကိုယ်တစ်ယောက်တည်း မင်းကဘယ်ရောက်သွားတာလဲ အိန်ဂျယ်…..။ လက်ဖက်ရည်ခွက်က ကိုယ့်ရှေ့မှာတစ်ခွက် မင်းထိုင်တဲ့အရှေ့မှာလဲတစ်ခွက်ရှိနေတယ်… မင်းကရောဘယ်ရောက်သွားလဲ….။ အိန်ဂျယ်… မင်း..ကိုယ့်ကိုထားသွားခဲ့ပြန်ပြီလား……..။

ကိုယ်လေ... နှင်းတွေကို မင်းလောက်မချစ်တတ်ပေမယ့် မင်းချစ်တဲ့ နှင်းတွေကို မင်းလောက်နီးပါး ချစ်တတ်အောင်ကြိုးစားခဲ့ပါတယ်….။ ကိုယ့်အိပ်မက်တွေနှင်းစိုမှာ ကိုယ်မကြောက်ပါဘူး…..။ ဒါပေမယ့် နှင်းတောထဲမှာထိုင်ရင်း မင်းဆံပင်တွေနှင်းစိုလို့ နေမကောင်းဖြစ်မှာတော့စိုးတယ်ကွယ်….။


မိုးငွေ့

Monday, 23 December 2013

နွေးထွေးလှည့်ပါ ဒီဇင်ဘာ…..




ခရစ်စမတ်ရောက်ခါနီးမို့လို့ထင်ရဲ့ ဟိုဟိုဒီဒီ Carol singing သံတွေကြားနေရတယ်…။ 

ခရစ်စမတ်ဆိုလို့ မနှစ်က ကိုယ်ကိုယ်တိုင် ထိုးပေးခဲ့ဖူးတဲ့ အဖြူရောင် သိုးမွှေးဦးထုပ်လေး မင်းဆီမှာရှိသေးရဲ့လား….။ ကိုယ်တောင်ပေါ်မြို့ကို အလည်သွားခဲ့တုန်းက မင်းအတွက် လက်ဆောင်ဝယ်ခဲ့ဖူးတဲ့ အဖြူရောင်ခေါင်းစွပ်သိုးမွှေးအနွေးထည်လေးရောရှိသေးရဲ့လား…။ ဒီနှစ် မင်း Carol Singing ထွက်ဖြစ်ရင် ကိုယ်ပေးထားတဲ့ အနွေးထည်နဲ့ ဦးထုပ်လေးဆောင်းသွားနော် အိန်ဂျယ်….။ 

မင်းသိလား… အခု ကိုယ်မင်းအတွက် လက်အိတ်နဲ့ ခြေအိတ်တစ်စုံဆီ ထိုးပေးနေတယ်…။ လက်အိတ်လေးက ပြီးသွားပြီ…။ ခြေအိတ်က ထိုးလက်စပေါ့…။ အဖြူရောင်အခံမှာ ခရစ်စမတ်ရောင်ဖြစ်တဲ့ အစိမ်းနဲ့အနီတွေကို နှင်းပွင့်ပုံလေးတွေ မေဘယ်လ်ရွက်ပုံလေးတွေဖော်ပြီး ထိုးထားတယ်…။ မင်းမြင်ရင် သိပ်သဘောကျမှာပဲ….။

ပိတ်ရက်တွေမှာဆို ကိုယ်အိမ်မှာ စာအုပ်ဖတ်လိုက် မင်းအတွက် ခြေအိတ်လေးထိုးလိုက်နဲ့ အလုပ်ရှုပ်နေခဲ့တာပေါ့..။ ထိုးဖြစ်နေခဲ့တာပါ….အိန်ဂျယ်… တကယ်တော့ မင်းကို ဒီလက်ဆောင်တွေပေးခွင့် ကိုယ့်မှာရှိမရှိမသေချာသေးဘူး……။

ဒီဆောင်းတွင်းမှာ မင်းသာကိုယ့်ဆီရောက်လာခဲ့ရင် နှင်းတွေအောက်မှာ ကိုယ်တို့မီးမွှေးပြီး နွေးထွေးအောင် မီးအတူလုံကြမယ်လေ…။ မင်းကြိုက်တဲ့ ခေါပုတ်တွေ ကင်ကျွေးမယ်…. နွားနို့ပူပူတစ်ခွက် တိုက်မယ်လေ…။ အဲဒီနွားနို့တွေနဲ့ မင်းက ကိုယ့်ကို hot latte တစ်ခွက်ပြန်ဖျော်တိုက်ပေါ့… ဟုတ်လား…။ ကိုယ်တို့ဆီမှာ ကြက်ဆင်သားမရနိုင်ပေမယ့် ကောက်ရိုးမီးနဲ့ဆီပိုင်းထဲမှာ အုပ်ပြီးကင်ရတဲ့ ကြက်ကင်လုပ်ပြီး တောင်ပေါ်ကရခဲ့တဲ့ မက်မန်းဝိုင်နဲ့မြည်းကြမယ်လေ…။ ကိုယ်တို့ခြံတောင့်ပန်းချုံထဲက ယုဇနပန်းပွင့်လေးတွေ အဆုပ်လိုက်ပွင့်နေတာ ညဖက်ဆို သိပ်မွှေးတာပဲ....။ 

နှင်းဇာပဝါအုပ်ထားတဲ့ ကြယ်ရောင်လရောင်အောက်မှာ….ကိုယ်ဂီတာတီးပေးမယ်…. မင်းက ကိုယ့်ကို သီချင်းတွေအများကြီးဆိုပြမယ် မဟုတ်လား…။ ခုချိန်မှာ ခရစ်စမတ် သီချင်းဟောင်းတွေ ပြန်နားထောင်ချင်လိုက်တာ….။ “Slient Night, Holy Night” တို့…“White Christmas” တို့ “Jingel Bells”တို့လိုပေါ့...။

ကိုယ်စိတ်ကူးထားပြီးသားပါ….။ မင်းရောက်မလာခဲ့ရင် မင်းအတွက် ထိုးထားပေးခဲ့တဲ့ သိုးမွှေးခြေအိပ် လက်အိတ်လေးတွေကို… ဒီထင်းရှူးပင်သေးသေးလေးမှာ ချိတ်ဆွဲထားမယ်လို့လေ…။ မင်းနဲ့ပတ်သက်ပြီး ကံကောင်းခြင်းတွေကို ခရစ်စမတ်ဘိုးဘိုးကြီးက သန်းခေါင်းယံကျရင် ခြေအိတ်လေးတွေထဲကို တိတ်တဆိတ်လာထည့်သွားလိမ့်မယ်လို့ ယုံကြည်ရင်းနဲ့ပေါ့….။


~~~~~ Merry Christmas Angel ~~~~~



မိုးငွေ့

Wednesday, 18 December 2013

အိပ်မက်နှင်းဆီ.....



 



နှင်းတွေဝေနေတဲ့ ဆောင်းညနေခင်းလေးမှာဖြစ်တယ်…။ မှန်ပြတင်းမှာ နှင်းမှုန်တွေကပ်နေလို့ အပြင်ကို ကောင်းကောင်းမမြင်ရပါဘူး…။ လမ်းမီးတိုင် အရောင်ဝါဝါအောက်မှာလည်း နှင်းမှုန်တွေကဝေသီလို့ပေါ့…။

ဒေါနစိမ်းရောင် ဆိုဖာထိုင်ခုံကြီးကြီးပေါ်မှာ ကျွန်တော် မနှင်းဆီကိုထိုင်စောင့်နေတာ မိနစ်နှစ်ဆယ်လောက် ရှိတော့မယ်ထင်တယ်….။ ပန်းရောင်နှင်းဆီပွင့်ခပ်ကြီးကြီးတွေနဲ့ အညိုရောင်မွှေးပွကော်ဇောကို ကျွန်တော့်ခြေထောက်နဲ့ပွတ်သပ်ကြည့်နေမိခဲ့တယ်…။ ကျွန်တော့်ရှေ့က အငွေ့တထောင်းထောင်းထနေတဲ့ ကော်ဖီတစ်ခွက်နဲ့ အနီရင့်ရောင်နှင်းဆီတွေ ထည့်ထားတဲ့ ကြွေအိုးအဝိုင်းလေးကိုကြည့်ရတာ ပဏာသင့်ပြီး ကဗျာဆန်နေလိုက်တာ…။ တကယ်ဆို ကျွန်တော် ဒီည မနှင်းဆီနဲ့ ညစာအတူစားဖို့ရောက်လာခဲ့တာပါ….။ 

“စောင့်နေရတာပျင်းနေပြီလား…ဆောရီးနော် ကျွန်မ အဝတ်စားလဲတာ နဲနဲကြာသွားတယ်….”

ဂီတသံစဉ်တစ်ခုလွင့်လာသလို ညင်သာနူးညံ့လွန်းတဲ့ သူ့အသံကြောင့် ကျွန်တော်လှမ်းကြည့်လိုက်မိတယ်…။ ကတ္တီပါမွှေးနုအနက်ကို ခြုံပြီး လှေကားကနေဆင်းလာနေတဲ့ မနှင်းဆီ….။ သူ့မျက်လုံးတောက်တောက်တွေက ကြယ်ပွင့်တွေလို အဝေးကနေမြင်ရတာနဲ့တင် ရွှန်းစိုလက်လို့…။ ပျားရည်ရောင်အသားရည်က အနက်ရောင်ခြုံလွှာအောက်မှာ ထင်းပလို့နေကြတယ်…။ ခြုံလွှာအောက်မှာ ခဲရောင်ရင်ဖုံးအကျီၤလေးနဲ့ အနက်ရောင်ဖဲလုံချည်အခံမှာ ခဲရောင်နှင်းဆီပွင့်ကြီးကြီးတွေကလဲ ထင်းခနဲ…။ ကျွန်တော့်ရှေ့ကို သူရောက်လာတဲ့ ရွေ့လျားမှုတွေက သွဲ့ပြောင်းလွန်းလို့နေပါတယ်…။

“ကျွန်မ ညနေစာကို အပြင်မြက်ခင်းပြင်မှာစီစဉ်ထားတယ်.. နှင်းတွေတဖွဲဖွဲကျနေပုံနဲ့ အစဉ်ပြေပါ့မလား မသိဘူး”

“ရပါတယ်…နှင်းတွေကြားမှာ မနှင်းဆီပျော်တယ်မဟုတ်လား… ကျွန်တော့်အတွက်အစဉ်ပြေပါတယ်…”

သူ့နှှုတ်ခမ်းလွှာတွေက ကျွန်တော့်ရှေ့မှာ ရှိနေတဲ့ ပန်းအိုးထဲက နှင်းဆီပွင့်ဖတ်တွေလိုပဲ …..စိုတောက်နေကြတယ်..။ ပိတုန်းရောင်နက်နက် သူ့ဆံနွယ်တွေကို ခပ်မြင့်မြင့်ထုံးထားပြီး့ ဆံမျှင်တချို့က မျက်နှာပေါ်ကို ကပိုကရိုလေးကျနေကြတယ်…။ အဲဒီခပ်မြင့်မြင်ဆံထုံးဘေးမှာ နှင်းဆီတစ်ပွင့်က နေရာယူလို့နေတယ်…။

“လာ ကျွန်မတို့ ခြံထဲဆင်းရအောင်…” ဆိုပြီ သူ နေရာကထပြီး ကျွန်တော့်လက်ကိုလာဆွဲခေါ်တယ်…။ ကျွန်တော်က ညို့ခံထားရသူတစ်ယောက်လိုသူနောက်ကိုပါသွားခဲ့တယ်….။

သူက သူ့အိမ်ရှေ့မြက်ခင်းပြင်ပေါ်မှာ ခုနက အိမ်ဧည့်ခန်းထဲမှာတွေ့ရတဲ့ ကော်ဇောနဲ့မြက်ခင်းပြင်ပေါ် ခင်းထားခဲ့တယ်…။ လရောင်အောက်မှာ ကော်ဇောပေါ်က နှင်းဆီပွင့်တွေက အရောင်ဖျော့နေကြတယ်…။ ဓါတ်ဗူးတစ်ဗူး အဖုံးနဲ့နှင်းဆီပွင့်ပုံပါတဲ့ ကြွေရည်သုတ်အိုးသုံးလုံး ပေါင်မုန့်တွေ သစ်သီးယိုဗူးတစ်ချို့နဲ့ ဝိုင်ဖန်ခွက်နှစ်လုံးရယ် ပန်းကန်ပြားနှစ်ချက်နဲ့ ဇွန်းခရင်းနှစ်စုံရယ်… လက်သုပ်ပုဝါနှစ်ထည်ကိုတွေ့ရတယ်…။ ကျွန်တော်ထင်ထားတာက ကျွန်တော်တို့ စားပွဲတစ်လုံးပေါ်မှာ ထမင်းအတူစားကြရမယ်ထင်ထားတာ…။ ခုလို နှင်းမှုန်မှုန်ကြားက ဖြာဆင်းနေတဲ့ လရောင်အောက်မှာ ဒီလောက်ကဗျာဆန်တဲ့ ညစာလေးဖြစ်လိမ့်မယ်လို့ ကြိုမတွေးမိခဲ့တာ..။ မြက်ပင်တွေက ကိုက်ညှိထားတာမဟုတ်ဘဲ သဘာဝလေးအတိုင်း အိအိလေးနဲ့ မြကမ္ဗလာလိုပဲ…။  သူက ရုတ်တရက် ကော်ဇောပေါ်လှဲအိပ်လိုက်တော့ မြက်ခင်းပြင်ကို ထိတွေ့နေကြတဲ့ ကျွန်တော့်ခြေဖဝါးတွေ မြေနဲ့မထိသလိုဖြစ်သွားရတယ်..။  သူမျက်လုံးကိုစုံမှိတ်ပြီး လေကို၀၀ရှူနေတယ်…။

“ဆောင်းညက သိပ်လှတာပဲနော်…”

ကျွန်တော်သူ့အနားထိုင်ချလိုက်တယ်…။ ထင်းရှူးရွက်တွေကြားကဖြတ်လာတဲ့လေသံတွေကလဲ တေးသီချင်းတစ်ပုဒ်ကို သီဆိုနေသလိုလို…။ ကျွန်တော် အသာလေး သူ့ဘေးမှာ ကျောကိုလှဲချလိုက်တယ်…။ ကျွန်တော်တို့နှစ်ယောက်ကြားမှာ တိတ်ဆိတ်မှုတခဏလွှမ်းမိုးသွားခဲ့တယ်…။ ဘယ်လောက်ထိ တိတ်ဆိတ်သွားသလဲဆို သူ့အသက်ရှူသံ ကျွန်တော့်အသက်ရှူသံကို အပြန်လှန်ကြားနေရတယ်…။ ကျွန်တော်တို့ အကြည့်တွေက ဟိုးးး ကောင်းကင်ယံမှာ….။ ထင်းရှူးပင်ကြားထဲက ပြောက်တိပြောက်ကျား ဖြာဆင်းနေတဲ့ လရောင်က ကျွန်တော်နဲ့ သူ့ကိုယ်ပေါ်မှာ…။ တိမ်ကင်းစင်နေခဲ့ပေမယ့် နှင်းတွေကာဆီးထားတာကြောင့် လပြည့်လကို ခပ်ဝါးဝါးလေးမြင်နေရသလို ကြယ်ကလေးတွေဟာလည်း မှုန်တိမှုန်ဝါးလေး လင်းလက်နေကြတယ်…။

“ရှင်ဗိုက်ဆာနေပြီထင်တယ် ကျွန်မစားစရာပြင်ပေးမယ်…” သူက အဲလိုပြောပြီး ပက်လက်လှဲနေရာက ထထိုင်လိုက်တယ်…။ သူ့ဆံထုံးပေါ်က နှင်းဆီပွင့်လေးက မွှေးပွကော်ဇောကြားထဲကပ်ညှိကျန်ခဲ့တယ်…။ ကျွန်တော်နှင်းဆီပွင့်လေးကို ကောက်ယူပြီး တစ်ချက်ရှူရှိုက်လိုက်တယ်…။

“မနှင်းဆီ ပန်းလေးကျသွားခဲ့တယ် ကျွန်တော်ပြန်ပန်ပေးမယ်နော်…”

ကျွန်တော်အဲလိုပြောတော့ သူက ပန်းကန်ပြားကိုခဏအောက်ချပြီး ကျွန်တော်ဘက်လှည့်လာခဲ့တယ်…။ သူ့ကို ကျွန်တော်နှင်းဆီပန်းလေးပန်ပေးနေတဲ့အချိန်မှာ… သူ့ကိုယ်က နှင်းဆီရနံ့သင်းသင်းလေးရလိုက်လို့ ကျွန်တော့်ရင်ခုန်သံတွေ တခဏအတွင်း အိန္ဒြေမရစွာဝုန်းတိုင်းကျဲသွားကြတယ်……။ 

ကျွန်တော်တို့ရဲ့ ညနေစာ အမဲသားကင်ရယ် ပေါင်မုန့်ကြမ်းတစ်လုံးရယ် ဆလပ်သုပ်နဲ့ ဖရုံသီးစွပ်ရယ် ဖြစ်တယ်…။ ညစာစားပြီးတော့ ဝိုင်ဖန်ခွက်ထဲ သူကဝိုင်တွေငှဲ့ထည့်ပေးတယ်…။

“ဒီမြို့လေးဟာ သိပ်ကို ကဗျာဆန်တာပဲ… ရှင်ရော အဲလိုမထင်ဘူးလား…. ကဗျာမြို့လေးပါပဲဟုတ်တယ် မိုးရာသီဆိုရင် ထင်းရှူးပင်ရိပ်မှာ အိပ်ပျော်နေတဲ့ ကလေးငယ်တစ်ယောက်လိုပဲ ခုလို ဆောင်းနှင်းမှုန်အောက်ရောက်တော့ ချယ်ရီပန်းလေးတွေနဲ့ နေခြည်မှိုင်းမှိုင်းမှာ ရယ်သွမ်းသွေးနေသလိုလို ပြီးတော့ထင်းရှူးပင်တွေကို ဖြတ်တိုက်လာခဲ့တဲ့ လေကိုရှူရတာ
အေးမြလတ်ဆတ်လွန်းလို့ ကျွန်မအတွက်တော့ သိပ်ကိုအရသာရှိတာပါပဲ”

သူကသိပ်လှသလို စကားပြောလိုက်ရင်လည်း သိပ်ကိုကဗျာဆန်လွန်းတယ်…။ သူဟာ ကျွန်တော့်အတွက်တော့ ဖတ်လို့မဆုံးနိုင်တဲ့ ကဗျာတစ်ပုဒ် နမ်းရှိုက်မဝနိုင်တဲ့ နှင်းဆီတစ်ပွင့်…။ သူကမ်းပေးတဲ့ ဝိုင်ခွက်ကို ကျွန်တော်ယူတော့ သူ့လက်တွေကိုထိမိသွားခဲ့တယ်…။

“မနှင်းဆီလက်တွေအေးစက်နေတာပဲ… လာ….ကျွန်တော်နွေးသွားအောင် ဆုပ်ထားပေးမယ်…”

သူက တစ်ချက်ပြုံးပြီး သူ့လက်နှစ်ဖက်ကို ကျွန်တော့်ပေးပါတယ်…။ သူ့အပြုံးတွေကသိပ်လှတာပဲ… ဟုတ်တယ် သူ့နာမည်နဲ့လိုက်အောင်ပဲ သိပ်ကိုလှပါတယ်…။

နုနုထွေးထွေးရှိလှတဲ့ သူ့လက်တွေကို ကျွန်တော်နွေးသွားအောင် ဆုပ်နယ်ပေးလိုက်တယ်…။

“မနှင်းဆီလက်တွေက ပန်းပွင့်ဖတ်တွေလိုပဲ”

သူက ကျွန်တော့်လက်တွေကို ဖြန့်ပြီး လက်ဖျားတွေကိုပဲကိုင်ထားပြီး ကြည့်နေတယ်…။

“ကျွန်မအတွက် ကဗျာလှလှလေးတွေသီပေးနေခဲ့တဲ့ ရှင့်လက်ချောင်းတွေဟာလည်း ကြမ်းရှပေမယ့် သိပ်ကို နွေးထွေးလွန်းပါတယ်…”

ပြီးတော့ သူ…… ကျွန်တော်ရင်ခွင်ထဲ တိုးဝင်လာခဲ့တယ်…။ ကျွန်တော်အလိုက်သင့်ကလေး သူ့ခန္ဓာနွဲ့နွဲ့လေးကိုပွေ့ထားလိုက်တယ်….။

“နောက်နေ့တွေမှာရော ကျွန်မဆီကို ရှင်ရောက်လာခဲ့ဦးမှာလား…. ” သူ့အသံထဲမှာ စိုးရိမ်သံစွတ်လို့ အနည်းငယ်တောင် တုန်ယင်နေတယ်လို့ ကျွန်တော်ခံစားမိတယ်…။ ပြီးတော့ သက်ပြင်းချသံခပ်တိုးတိုးကိုပါ တဆက်တည်းကြားလိုက်ရတယ်..။

“ဘာလို့ အဲလိုမေးတာလဲ မနှင်းဆီရယ်……. ကျွန်တော်..မနှင်းဆီအနား..အမြဲရှိနေပါတယ်…..”

“ဟင့်အင်းး… ရှင်ကကျွန်မဆီရောက်လာပြီးရင် … ကျွန်မကို နှုတ်မဆက်ဘဲ အမြဲပျောက်သွားတတ်လွန်းလို့” ကျွန်တော်သူနဲ့ထပ်ဆုံချင်လို့ နှုတ်မဆက်ရဲဘဲ ပြန်ပြန်သွားခဲ့တာပါ….။ ကျွန်တော်သူ့ပခုံးစွန်းကို ဖျစ်ထားလိုက်မိတယ်…။ တကယ်တော့ ကျွန်တော့်ကိုယ်ကျွန်တော် အားပေးနေရတာပါ…။

နှင်းတွေပိုကျလာပေမယ့် ကျွန်တော်တို့ အိမ်ထဲမဝင်ဖြစ်ကြသေးဘူး…။ နှင်းစိုမှာစိုးလို့ ကျွန်တော်သူ့မျက်နှာလေးကို ရင်ခွင်ထဲဝှက်ထားမိတယ်……။ ကျွန်တော့်ကို သူမော့ပြီးစကားပြောလိုက်တိုင်း သူ့ထွက်သက်နွေးနွေးလေးတွေက ကျွန်တော့်လည်တိုင်ကို လာဟတ်တယ်…။ လရောင်ရဲ့ ဖြားယောင်းမှုကြောင့်လား ဝိုင်ချိုကြောင့်လား သူ့ဆီကရတဲ့ နှင်းဆီရနံ့ရဲ့ ဆွဲဆောင်မှုကြောင့်လား ရုတ်တရက်ကျွန်တော်သတိလက်လွှတ်ပြီး သူ့နဖူးပြင်ပေါ် နှုတ်ခမ်းနဲ့ဖိကပ်လိုက်မိတယ်..။ သူက မော့မကြည့်ဘဲ သူ့လက်သည်းရှည်ရှည်ချွန်ချွန်တွေနဲ့ ကျွန်တော့်မေးရိုးက ရိတ်ထားခါစ ပါးမြိုင်းမွှေးတွေကို ပွတ်သပ်ဆော့ကစားနေတယ်…….။ ပြီးတော့ သူ့လက်သည်းတွေ ကျွန်တော့်နှုတ်ခမ်းပေါ် ရောက်လာတယ်…။

“ဒီနှုတ်ခမ်းတွေနဲ့ ကျွန်မကို ရှင့်ကဗျာတွေတစ်ခါလောက်ရွတ်ဆိုပြပါဦးနော်…” တဲ့…

ခပ်တင်းတင်းကလေး သူ့ကိုပွေ့ဖက်ထားရင်း ကျွန်တော် မျက်စိမှိတ်ထားလိုက်တယ်….။ နွေးထွေးလိုက်တာ…။ နှင်းဆီရနံ့ကလည်းမွှေးလိုက်တာဗျာ….။ ရုတ်တရက်ကျွန်တော့်ရင်ကို ကန်ထွက်သွားတာကြောင့် ကျွန်တော်မျက်လုံးဖွင့်ကြည့်လိုက်တယ်….။ ကျွန်တော့်ရင်ခွင်ထဲက ရုန်းထွက်ထပြေးသွားတာက ကြောင်တစ်ကောင်ပါ…။ မနှင်းဆီ….. မနှင်းဆီရော ဘယ်ရောက်သွားတာလဲ…။

ခပ်ကြမ်းကြမ်းသစ်သားတွေနဲ့ ဖြစ်သလိုရိုက်ထားတဲ့ ကျွန်တော့်ရှေ့က စားပွဲတစ်လုံးပေါ်မှာ ကုန်ခါနီး ပယင်းရောင်အရည်တစ်ပုလင်းနဲ့ ဖန်ခွက်တစ်ခွက်… သောက်လက်စ ဖက်ဆေးပေါလိပ်တစ်လိပ်… လေတိုက်လို့ တရှဲရှဲမြည်နေတဲ့ ဝါးရုံပင်တစ်ပင်…..။ ကောင်းကင်မှာ လရှိမနေဘူး…။ ဒီညက လမိုက်ညလား ဒါမှမဟုတ် တိမ်ကွယ်နေလို့ပျောက်နေတဲ့ လပြည့်လလား…။ ကြယ်တွေတောင် ကျွန်တော့်ကို မြင်ပြင်းကပ်လို့ထင်ရဲ့ ပုန်းနေကြတယ်…။ ရှပ်အကျီၤကို ကြယ်သီးတွေလေးလုံးလောက်ဖြူတ်ပြီးဟထားလို့ ရင်ဘတ်တစ်ခုလုံးလည်း အေးစက်ထုံကျင်နေကြပြီ…။ ကျွန်တော်ခဏကလေး အိပ်ပျော်သွားတုန်း ကျွန်တော့်အိပ်မက်ထဲကို မနှင်းဆီအလည် လာသွားခဲ့တာလား…. ဟုတ်လားဗျ….။

မိုးငွေ့

Monday, 16 December 2013

ပဲမုန့်(ဘီးမုန့်).....

 
ကြော်ပြီးသားမုန့်တွေကို လေလုံတဲ့ ပုလင်းထဲမှာ ထည့်ထားရင် သုံးရက်လောက်ခံပါတယ်..


ပဲနီမ၀ယ်ထားရလို့ ပဲဝါနဲ့ ထန်းညက်ကိုသုံးထားတဲ့ ပဲအနှစ်လေး...။ ပဲဝါနှစ်ဗူး+ထန်းညက်ငါးခဲ+ ဆားအနည်းငယ်..။ ပဲဝါလေးကို ပေါင်းချောင်နဲ့ မိနစ်နှစ်ဆယ်လောက်ပေါင်းပြီး စက်နဲ့ချေထားမယ်...။ ထန်းညက်ငါးခဲကို ရေနဲနဲနဲ့ ကျိုပြီး အမှုန်အမွှားတွေမပါအောင်ရေစစ်နဲ့စစ်ထားမယ်..။ ပဲနှစ်ထဲကို ထန်းညက်နဲ့ ဆားနဲနဲထည့်ပြီး မီးဖိုပေါ်မှာ ခဏမွှေပြီး အပူပေးပြီးရင်ရပြီ..။

 ဂျုံမှုန့်နှစ်အချိုးလေးပြောပြမယ်...။ ဂျုံ 200g+ထောပတ် 100g+ရေ 50ml+ဆား 1/2tsp

နှပ်ပြီးသားဂျုံမုန့်သားကို အရှည်လေးလုပ် လေးပိုင်းပိုင်းထားလိုက်မယ်...။ ပိုင်းထားပြီးသားမုန့်လုံးတစ်ခုကို သစ်သားဒလိမ့်နဲ့ အပြားလှိမ့်မယ်...။ တော်တော်လေးပါးတဲ့အထိလှိမ့်ပြီးရင်တော့ လိုချင်တဲ့ အ၀ိုင်းရအောင်
မုန့်ဖြတ်တဲ့အ၀ိုင်း သို့မဟုတ် ဗူးအဖုံးတစ်ခုခုနဲ့ဖြတ်လည်းရပါတယ်...။

မုန့်ပြားဝိုင်းလေးထဲကို ပဲနှစ်လေး ထမင်းစားဇွန်းတစ်ဇွန်းထည့်

 ထက်ပိုင်းခေါက်ပြီး အနားသားလေးတွေကို အတွန့်ပုံလေးလိတ်ပြီးပိတ်လိုက်တယ်

 ဆီများများနဲ့ကြော်တယ် .....။ အမှန်တော့ deep fry လုပ်တာထက် အာဗင်နဲ့ဖုတ်တာပိုကောင်းပါတယ်...

ခုလိုရွှေဝါရောင်လေးသန်းလာတဲ့အထိ မီးဖြေးဖြေးလေးနဲ့ကြော်ပါတယ်...။ မီးများရင် အထဲက မုန့်မကျက်မှာစိုးလို့...:)

Have a nice day!!!!!!!

မိုးငွေ့