Saturday, 28 September 2013

မုန်လာဥပဲပြားအချိုချက်


မုန်လာဥပဲပြားအချိုနှပ်


မုန်လာဥကို အနီရောအ၀ါရော သဘာဝဥကိုပဲရွေးဝယ်ခဲ့တယ် ဈေးထဲမှာ မုန်လာဥတွေ ၀ဖြိုးတုတ်ခိုင်နေတာတွေက ဆေးနဲ့ လုပ်ထားတာတွေလို့ ခေါင်းထဲက အသေမှတ်နေပြီလေ..။ ဒီမှာသုံးထားတဲ့ ဥနီက တလောက အောင်ပန်းသွားတဲ့ အိမ်နားကအစ်မတစ်ယောက်ကိုယ်တိုင် စိုက်ခင်းထဲကခူးပြီး ၀ယ်လာတာ သေးပေမယ့် နုဖတ်နေရော...။
  • ပဲပြားနှစ်တွဲ (ခပ်ကြီးကြီးတုံးထား)
  • ဥဖြူဥနီ (အခွံသင်ထား အလုံးနဲနဲကြီးရင် နှစ်ပိုင်းပိုင်းထား)
  • ကြက်သွန်နီဥကြီး (ရှစ်စိပ်စိပ်ထား)
  • ကြက်သွန်ဖြူ ငါးမွှာ (ဓါးပြားရိုက်ထား)
  • ဂျင်းလက်တစ်ဆစ်(ဓါးပြားရိုက်ထား)
  • နာနတ်ပွင့်တစ်ပွင့်
  • သကြား စားပွဲဇွန်းတစ်ဇွန်း
  • ပဲငံပြာရည်အနောက် လက်ဖက်ရည်တစ်ဇွန်း
  • ပဲငံပြာရည်အကြည် စားပွဲဇွန်းတစ်ဇွန်း
  • ပဲငပိ စားပွဲဇွန်းတစ်ဇွန်း
  • ဟင်းခတ်မှုန့် အနည်းငယ်
  • ဆီဟင်းခတ်ဇွန်းကြီးတစ်ဇွန်း       
ဆီပူလာရင် သကြားနဲ့နာနတ်ပွင့်ထည့်ပြီး ညိုရောင်သန်းလာတာနဲ့ ကြက်သွန်ဖြူနီ ဂျင်းထည့်ကြော်ပါ...။ ကြက်သွန်နွမ်းလာရင် မုန်လာဥနှစ်မျိုးလုံးထည့်မွှေရင် ပဲငံပြာရည် ပဲငပိ ဟင်းခတ်မှုန့်တို့ ထည့်ပြီးသေချာမွှေပေးပါ...။ ရေနွေးနဲနဲထည့်ပြီး အဖုံးခဏအုပ်ထားပေးပါ...။ မုန်လာဥမနူးခင်လေးမှာ ပဲပြားတုံးတွေထည့်နှပ်ပေးပါ...။ အပေါ့စားတာကြိုက်ရင်တော့ ဆားခတ်စရာမလိုတော့ပါဘူး..။ အရည်လေးကြိုက်ရင် အရည်ချန်ပြီးအိုးချခါနီး ကြက်သွန်မြိတ်လေးဖြူးလိုက်ပါ...။ ချိုမွှေးနေတဲ့ ကြက်သားရို့စ်နှပ်လိုပဲ မုန်လာဥနဲ့သက်သတ်လွတ်ချက်ထားတာပါ..။

ကြာသပတေးဆွမ်းပတ်အတွက် ချက်ဖြစ်တဲ့ မုန်လာဥပဲပြားအချိုနှပ်+ပုစွန်ချဉ်သုပ်+ပဲနီလေးဟင်းချို

ပုစွန်ချဉ်လေးက အရောင်လုံးဝမပါပါဘူး 18လမ်းဈေးထဲက၀ယ်ခဲ့တာ တစ်ထောင်ဖိုးလေးထုပ်တဲ့...။ အခုနှစ်ထုပ်သုပ်ထားတာပါ...။ ပုစွန်ချဉ်လေးကသူ့သဘာဝအရောင်အတိုင်း ပန်းနုရောင်လေးပါ ဒါနဲ့များ ဘာလို့ အရောင်ဆိုးပြီးရောင်းတယ် မစဉ်းစားတတ်ဘူး...။ ပုစွန်ချဉ်သုပ်အတွက် ပါးပါးလှီးထားတဲ့ ကြက်သွန်နီ ရှောက်ရွက်နဲ့ ငရုတ်သီးစိမ်းထည့်ပြီး ပဲဆီစိမ်းဆမ်း ဆား အချိုမှုန့်လေးနဲနဲထည့်ပြီး နယ်ထားတာလေးပါ...။

ပဲနီလေး လက်တစ်ဆုပ်စားကို ရေ 500ml ဆူဆူမှာ ထည့်ပြုတ် ပဲမနူးသေးရင် ရေနွေးလေးထပ်ထည့်မယ်..။ ပဲနူးပြီဆို အပေါ့အငံထည့် အိုးခဏချထားမယ်...။ ကြက်သွန်အလတ်တစ်ဥကိုပါးပါးလှီးပြီး ဆနွင်းထည့်ဆီမွှေးသတ်မယ် ပျဉ်တော်သိမ်ရွက် ထည့်လှော်ပြီး မွှေးလာရင် ဟင်းအိုးထဲလောင်းထည့်ပြီး ခဏဆူအောင်ပြန်တည်မယ်..။ ဒါဆို ပျဉ်းတော်သိမ်နံ့လေးမွှေးနေတဲ့ ပဲနီလေးဟင်းချိုချိုတစ်ခွက်ရပါပြီ...း)

မိုးငွေ့

Tuesday, 24 September 2013

ကိုယ့်ရဲ့နှင်းဆီကဗျာ.....



“ခင်ဗျားက ရည်စားအသစ်နဲ့ သိပ်ပျော်နေတာပေါ့ ဟုတ်လား” တဲ့...။

မောင်နဲ့ကိုယ် ဗိုလ်ချုပ်ဈေးမှာ ဈေးဝယ်ပြီး ဇော်ဂျီမှာ အအေးသောက်နေတဲ့အချိန် ဝင်လာတဲ့ ဖုန်းမက်ဆေ့ပါ...။

မောင့်ကိုအားလည်းနာ ကိုယ့်အတွက်နဲ့မောင်စိတ်ဆင်းရဲနေမှာစိုးလို့ မက်ဆေ့လေးကိုဖျက်ပစ်ပြီး သူ့ကိုမသိမသာရှာကြည့်လိုက်တယ်...။ မတွေ့ပါဘူး...။ အင်းလေ သူတစ်နေရာရာကနေ လှမ်းတွေ့လို့ ကိုယ့်ကို ကျစ်သွားတာဖြစ်မှာပါ...။

မောင်က သူ့ကင်မရာနဲ့ ဟိုပုံရိုက်ဒီပုံရိုက်ကလိနေလို့ ကိုယ့်အဖြစ်ကိုမသိလိုက်...။ မောင်မှာထားတဲ့ ထောပတ်သီးဖျော်ရည်ခွက်ကို လှမ်းယူပြီး မွှေပေးလိုက်တယ်..။ မောင်က ကိုယ့်ကိုကြည့်ပြီး ကင်မရာနဲ့ချိန်ပြီးရိုက်လိုက်တယ်...။

“ကိုယ်ဘယ်တော့ကျမှ မင်းရဲ့ မော်ဒယ်ဘဝကလွှတ်မြောက်မလဲ ပြောပါဦး...မောင်”

“မ.. ကျွန်တော့်ကိုလက်ထပ်လိုက်တဲ့နေ့ပေါ့..”တဲ့...။

မောင်နှုတ်က ထွက်ကျလာနေကျ အလွတ်ရနေတဲ့ ဝါကျတစ်ကြောင်းကို ကိုယ်ထပ်ကြားချင်လို့မေးလိုက်တာပါ....။ ဒါပေမယ့် ကိုယ်အဲဝါကျကိုတော့ သိပ်သဘောမတွေ့ပါဘူး...။ ကိုယ်နဲ့မောင်လက်ထပ်လိုက်တဲ့နေ့မှာ ကိုယ်က မောင့်ရဲ့ ရာသက်ပန်မော်ဒယ်အဖြစ် အဆင့်မတိုးဘဲ အလုပ်ကနှုတ်ထွက်ရပ်ဆိုင်းရသလိုဖြစ်မနေဘူးလား...။

ဒီတစ်ခါတော့ ကိုယ်ခါတိုင်းလို ပြုံးမနေတော့ဘဲ..။

“ဒီလိုဆိုရင်တော့ ကိုယ်မင်းနဲ့ဘယ်တော့မှလက်ထပ်ဖြစ်မှာမဟုတ်တော့ဘူး မောင်...”
တကယ်တော့ ကိုယ်မောင့်ကို“မောင်”လို့ခေါ်ရတာ သူ့နာမည်သုံးလုံးထဲက တစ်လုံးကိုအဖျားဆွတ်ခေါ်ခြင်းပါ..။

ကိုယ့်စကားကြောင့် မောင်က သူ့ကင်မရာကို ချက်ချင်းအောက်ချပြီး ကိုယ့်ကိုစိုက်ကြည့်လာတယ်..။

“မ...ဆီက အဲလိုငြင်းလိုက်မှာကို ကျွန်တော်အကြောက်ဆုံးပဲဆိုတာ မ..သိရက်သားနဲ့... မနောက်ပါနဲ့ဗျာ”

“ကိုယ်မနောက်ပါဘူး... ကိုယ်က မင်းရဲ့ ရာသက်ပန် မော်ဒယ်ဖြစ်ချင်တာလေ မင်းကိုယ့်ကိုလက်ထပ်ယူပြီးတာနဲ့ မင်းရဲ့မော်ဒယ်ဘဝကနေ ရပ်ဆိုင်းခံရမယ်ဆိုလို့ပေါ့ကွယ်”

“ဟာာ ဗျာ လန့်သွားတာပဲ... ကျွန်တော်က မ..တကယ်ပြောတာမှတ်လို့... ”

အဲဒီလို မောင်က ကိုယ့်စကားတွေကို ဘယ်တော့မှ တခါတည်းနဲ့သဘောမပေါက်တတ်ဘူး...။

“မောင်......”

သူက ထောပတ်သီးဖျော်ရည်ခွက်ကို ကိုင်ထားရင်း

“ဗျာ...”

“မနေ့က ကိုယ့်စာအုပ်တွေစဖြန့်လိုက်ပြီ...”

“အင်း ကျွန်တော်သိတယ်လေ...”

“သူ ကိုယ့်စာတွေဖတ်မိသွားရင် ကိုယ့်ကိုတော်တော်အမြင်ကတ်သွားမှာပဲနော် မောင်...”

မောင်က သက်ပြင်းတိုးတိုးလေးတစ်ခုချရင်း ကိုယ့်လက်ကိုဆုတ်ကိုင်လိုက်တယ်...။ ကိုယ်ဟာ အတ္တကြီးတဲ့ တစ်ကိုယ်ကောင်းသမားပါ မောင့်အချစ်တွေနဲ့တောင်ထိုက်တန်ရဲ့လားလို့ ကိုယ့်ကိုယ်ကို မရွံ့မရဲဖြစ်မိတယ်...။ မောင် ကိုယ့်ကို အပြစ်မတင်ဘူးလား ဒီလိုစကားမျိုး အထူးသဖြင့် ရည်းစားဟောင်းတစ်ယောက်ကို စိုးရိမ်သလိုလေသံမျိုးနဲ့ မောင့်ကို ကိုယ်မမေးသင့်ဘူးဆိုတာ သိပါတယ်..။ ကိုယ့်စကားကြောင့် မောင် စိတ်ထိခိုက်သွားမယ်မှန်းလည်း သိသိလျက်နဲ့လေ...။

“မ...ဘာမှစိတ်မကောင်းဖြစ်မနေပါနဲ့.... သူ့အပေါ်.. မ... သံယောဇဉ်တွေကျန်နေသေးတယ်ဆိုတာ ကျွန်တော်သိတာပဲ... သူ့အကြောင်းတွေ မ..စာတွေဆက်ရေးဖို့ ကျွန်တော်ခွင့်ပြုထားတာပဲ ..ဘာလို့ ကြောင့်ကြနေသလဲ...”

“ဟင့်အင်း... ကိုယ်ပူပန်နေတာ သူ့ကိုမဟုတ်ပါဘူး မင်းကိုပါ... ကိုယ့်အပေါ်ခွင့်လွတ်နားလည်တတ်လွန်းတဲ့ မင်းကို အားနာတာပါ...”

မောင်က ကိုယ့်လက်ကိုတစ်ချက်ဖျစ်ပြီး...“ မ...သာကျွန်တော့်ကိုလက်ထပ်ရင် ကျွန်တော့်အတွက်ဘာမှမလိုတော့ပါဘူး...” လို့ ခပ်တိုးတိုးကလေး ကိုယ်ကြားရုံပြောတယ်...။

“ မင်းကို ကိုယ်ချစ်တယ်... ကိုယ်တို့အမြန်ဆုံးလက်ထပ်ကြမယ်...အိုခေ..”

မောင့်ကို တည့်တည့်စိုက်ကြည့် မောင့်ဆံနွယ်ခွေတွေကို လက်ညိုးကလေးနဲ့ခွေရင်း ကိုယ်ပြောလိုက်တော့ မောင့်မျက်ဝန်းတွေထဲက ကြယ်ကလေးတွေတောက်ပကုန်တယ်...။

@@@@@

သည်နေ့ မောင်နဲ့ကိုယ် တရားရုံးမှာလက်မှတ်ရေးထိုးတဲ့နေ့....။ သီချင်းထဲကလို တိမ်ပြာပြာတနင်္ဂနွေနေ့လေးပေါ့...။ နံ့သာရောင်တိုက်ပုံလေးနဲ့ မောင်ကအရမ်းကိုကြည့်ကောင်းနေတယ်..။ ကိုယ်လည်းမောင်နဲ့အရောင်ဆင်တူ အပွင့်နုတ်နုတ်ဇာရင်ဖုံးနဲ့ အဖြူခံမှာအချိတ်ဆင်လေးပါတဲ့လုံချည်နဲ့...။
တစ်ကောင်ကြွက်ဘဝတူချင်းမို့ ကိုယ်တို့မှာ မိဘမောင်ဘွား ဆွေမျိုးညာတိတွေဘာတွေလည်းမပါပါဘူး...။

ပြီးတာနဲ့ ဘိုးဘွားရိပ်သာတစ်ခုမှာ ထမင်းသွားကျွေးကြတယ်...။ ညနေကျမှ သူငယ်ချင်းအသိမိတ်ဆွေတစ်ချို့ကို ဆိုင်တဆိုင်မှာ ဒင်နာကျွေးဖို့စီစဉ်ထားတယ်...။

မောင်က ကိုယ်သီချင်းတွေကြိုက်မှန်းသိလို့ Unplugged ပါတဲ့ဆိုင်ကလေးကိုရွေးချယ်ထားခဲ့တယ်...။ ပြီးတော့ကိုယ်တို့ယူထားတဲ့ ဝိုင်းက Unplugged ဝိုင်းနဲ့အနီးဆုံးမှာ....။

ဖိတ်ထားတဲ့ ဧည့်သည်တွေစုံတော့ တီးဝိုင်းလေးက တီးလုံးလေးတွေပဲတီးနေခဲ့တယ် အဆိုတွေမပါသေးဘူး..။ မှာထားတဲ့ ဟင်းပွဲတွေ ပထမဆုံးချချိန်မှာတော့ ...“တနင်္ဂနွေမှာမင်္ဂလာဆောင်မယ်” ဆိုတဲ့ သံစဉ်လေးကြောင့် Unplugged ဝိုင်းဆီ ကိုယ်လှည့်ကြည့်ဖြစ်သွားတယ်...။

“ဟင်!!! ဇော်......”

ကိုယ့်နှုတ်ကထွက်ကျလာတဲ့ နာမည်တစ်ခုကြောင့် မောင်ပါလှည့်ကြည့်လိုက်တယ်...။

“မောင်... သူကဘယ်လိုလုပ်ပြီးပါလာတာလဲ...”

“ကျွန်တော်ဘာမှမသိရပါလား... ဒီဆိုင်မှာ သူသီချင်းမဆိုပါဘူး ပြီးတော့ သူက ပရိုတစ်ယောက်လည်းမဟုတ်ဘဲနဲ့... ကျွန်တော်တို့ဒင်နာမှန်းသိလို့လဲ သက်သက်လာဆိုတာဖြစ်နိုင်တယ်..”

ဒီတခါတော့ မောင့်မှန်းချက်ကို ကိုယ်အပြည့်အဝထောက်ခံလိုက်တယ်...။ သူ ကိုယ်တို့ဒင်နာမှန်းသိလို့ကိုပဲ တမင်လာဆိုတာပါ သေချာပါတယ်...။

....တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ်... မင်္ဂလာဆောင်ပွဲလေး ကျင်းပနေတယ်....

သူ့ရဲ့ သြရှရှ ချိုမြမြ နဲ့ စွဲငင်ငင်အသံကို ကိုယ်မကြားချင်ယောင်ဆောင်လို့မရဘူးဖြစ်နေတယ်...။ သူဒီလိုလုပ်ဖို့မကောင်းဘူးဆိုတာ နားမလည်ဘူးလား..။ သူ့ရည်ရွယ်ချက်ကဘာလဲ... ကိုယ့်ကိုသက်သက်အရှက်ခွဲချင်တာလား ကိုယ့်သံယောဇဉ်အမျှင်ကိုလာဆက်တာလား ဘာလဲကွယ်...။ ကိုယ့်မှာ ဧည့်သည်တွေကို ဧည့်ခံတဲ့ဖက်မနည်းအာရုံစုထားနေရတယ်...။ မောင့်ကိုလည်း အားနာလှပြီ...။

ထမင်းစားဝိုင်းမှာ မောင်က စားပွဲအောက်ကနေ ကိုယ့်လက်ကို အသာလေးလာဆုတ်ကိုင်ထားတယ်..။
အို...မောင့်လက်တွေဒီလောက်နွေးနေပုံထောက်တော့ ကိုယ့်လက်ဖျားတွေအေးစက်နေမလားပဲ....။

“မ... တကယ်လို့ သူလာနှုတ်ဆက်ရင် မ..ပြန်ရန်မတွေ့နဲ့နော်... သူ့ကိုကြည့်ရတာ ကျွန်တော်တို့ကို နှောက်ယှက်ချင်လို့မဟုတ်လောက်ပါဘူး...”

ကျေးဇူးတင်လိုက်တာ မောင်ရယ်... ကိုယ့်အပေါ် မင်းဒီလောက် နားလည်ပေးနိုင်ချစ်ပေးနိုင်တာ ကိုယ့်လောက် ကံကောင်းမယ့်သူမရှိတော့ပါဘူး... မင်းအချစ်နဲ့ထပ်တူကိုယ့်ရဲ့အချစ်တွေကိုလဲ မင်းခံစားနိုင်ပါစေ...။

မောင်ပြောတဲ့အတိုင်းပဲ သီချင်းလေးဆုံးသွားတော့ ကိုယ်တို့ဝိုင်းကို သူတန်းတန်းမတ်မတ်ပဲရောက်လာပါတယ်...။

“ကွန်ကရက်ကျူရေးရှင်း ကိုမောင်....”

သူက မောင့်ကိုလက်ကမ်းပေးတော့ မောင်ကပြန်ပြီးလက်ဆွဲနှုတ်ဆက်ပါတယ်...။

“ကျေးဇူးတင်ပါတယ်.. ကိုဇော်ဇော်လတ် ကျွန်တော်တို့နဲ့တစ်ဝိုင်တည်းဝင်လိုက်ပါလား...လာပါ”

မောင်က သူ့ဘေးနားကနေရာလွတ်မှာ အတင်း သူ့ကိုနေရာပေးနေတယ်..။

“နေပါစေဗျာ.... ခင်ဗျားသတိုးသမီးကြည့်ရတာ ကျွန်တော့်ကို ထိုင်စေချင်ပုံမရဘူး..  သိပ်ချစ်ကြတဲ့ ခင်ဗျားတို့စုံတွဲအတွက် ကျွန်တော်က သီးချင်းလေးလက်ဖွဲ့ချင်လို့လာခဲ့တာပါ... ဒီတီးဝိုင်းက ကျွန်တော့်သူငယ်ချင်းဝိုင်းလေ...”

“မဟုတ်တာပဲ ကျွန်တော်တို့နဲ့တခါတည်းစားလိုက်ပါဗျာ...”

မောင်နဲ့သူ ပြောနေတာကို ကိုယ်ကျောခိုင်းပြီး ထမင်းစားရင်း နားထောင်နေလိုက်တယ်...။

“မ..ကလဲ ခေါ်လိုက်ပါဦး ကိုယ့်ဧည့်ခံပွဲလေးမှာ သီချင်းလာဆိုပေးတာကို..”

တွေ့လား မောင်တို့အားနာတတ်ပုံကတော့လေ...။ ဒီလိုဆိုတော့လဲ သူ့ကို နှုတ်မဆက်လို့မကောင်းတော့ပြန်ဘူးလေ...။ ဟင်းးးး.........

“ကိုယ်တို့ပွဲကိုသီချင်းလာဆိုပေးတဲ့အတွက် ကျေးဇူးပါဇော်... ဒင်နာလေးတော့အတူစားပါနော်..”

ကိုယ် မောင့်ဘေးမှာ မတ်တပ်ထပြီး သူ့ကိုဧည့်ဝတ်ပြုတော့ သူက ကိုယ့်မျက်ဝန်းထဲကို တခုခုအသည်းသန် လိုက်ရှာနေတယ်...။ သူ ဒီလိုလုပ်ဖို့မကောင်းဘူး မောင့်ကိုအားနာလိုက်တာ...။ မောင်က ကိုယ်မနေတတ်မှာစိုးလို့ ကိုယ့်လက်ကို ဆုတ်ကိုင်ထားတယ်...။ မောင့်ရဲ့ အားအင်တွေ ကိုယ်တကယ်လိုအပ်နေတာပါ...ကျေးဇူးပါမောင်...။ သူငြင်းပြီး ပြန်သွားပါစေလို့ ကိုယ်ကြိတ်ဆုတောင်းတာမပြည့်လိုက်ဘူး...။ သူက ကိုယ်လဲအဲလိုခေါ်ရော ချက်ချင်းပဲဝင်ထိုင်ပါတယ်..။
သေလိုက်ပါတော့....။

ကိုယ်သိတယ် သူတနည်းမဟုတ်တနည်းနဲ့တော့ ကိုယ့်ကိုကလိမှာသေချာတယ်...။ ကိုယ်ကအကြောင်းမဟုတ် မောင့်ကို ထိခိုက်စေမယ့် စကားမျိုးတွေပါလာမှာ ကိုယ်အကြောက်ဆုံးပဲ...။

ကိုယ်ငုံ့ပြီး လာချတဲ့ဟင်းပွဲတွေကို ပုံမှန်လေးဆက်စားနေတုန်း ကိုယ့်ပန်းကန်ထဲကို မောင့်ပန်းကန်ကကျော်ပြီး ဟင်းတွေရောက်လာတယ်...။

“မေ.. ခုချိန်ထိ ဂျပန်တိုဖူးကြိုက်တုန်းပဲမဟုတ်လား...” တွေ့လား ကိုယ်တွေးနေတာကမှနောက်ကျသေးတယ်...။ မောင်က ကိုယ့်ကိုကြည့်ပြီး စားလိုက်ပါ ဆိုတဲ့အမူအရာနဲ့ မေးဆတ်ပြပါတယ်...။

ကိုယ် သူ့ကိုလှမ်းကြည့်တော့ “ ဟဟ ခုတော့ ခွင့်ပြုချက်တွေလိုပြီပေါ့နော်... ”လို့ ခနဲ့တဲ့တဲ့ ဘယ်သူ့ကိုမှမကြည့်ဘဲ သူကတစ်ယောက်တည်းပြောလိုက်တယ်..။

တော်ပါသေးတယ် အဲဒါပဲပြောပြီး သူဘာမှဆက်မပြောတော့ဘဲဆက်စားနေလို့...။ မောင်ကတော့ သူ့ကို ဟင်းပွဲအသစ်ရောက်လာတိုင်း ထည့်ထည့်ပေးနေတယ်...။ ဧည့်သည်တွေအကုန်ပြန်သွားတော့ သူက မပြန်သေးဘဲ တီးဝိုင်းက သူ့သူငယ်ချင်းကိုသွားနှုတ်ဆက်နေတယ်...။

“ပြန်ကြရအောင် မောင် ဘေလ်ရှင်းပြီးပြီမဟုတ်လား...”
“သူ့ကိုနှုတ်ဆက်လိုက်ပါဦး ကားမပါရင် ကျွန်တော်တို့လိုက်ပို့လိုက်မယ်လေ”
“လုပ်ပြီမောင်ကတော့လေ သူ့ဘာသာသူလာတာ သူပြန်တတ်ပါတယ်...”

ကိုယ်နဲ့မောင် စကားအခြေအတင်ရှိနေတုန်း သူကလှမ်းကြည့်ပြီး ကိုယ်တို့ရှိတဲ့ဆီကိုလျှောက်လာနေတယ်..။

“တွေ့လား မောင် သူလာနေပြီ...”

မောင်က ကိုယ့်ကျောပြင်ကို အသာသပ်လိုက်သေးတယ်...။

“ပြန်ကြတော့မလို့လား ... ဇနီးမောင်နှံအသစ်လေး ဘဝခရီးတလျှောက် ပျော်ရွှင်ပါစေဗျာ..”
 သူက အဲလိုဆုတောင်းပေးတတ်တယ်တဲ့လား...။

သူက ကိုယ့်နားတိုးလာပြီး  “ Pls give me a hug .... May” လို့ပြောပြီး မောင့်ကိုတစ်ချက်လှည့်ကြည့်ကာ
“ကိုမောင် ပလိစ်... ကျွန်တော်သူ့ကို နောက်ဆုံးနှုတ်ဆက်ချင်တာပါ...”

ဒီတခါတော့မောင်က ခေါင်းသာညိတ်လိုက်ရတာ မျက်နှာကပျက်ချင်နေပြီ...။

“ ဇော် အဲလိုခွင့်တောင်းဖို့မကောင်းပါဘူး...” ကိုယ်နဖူးကျောရှု့ံ့ပြီး သူ့ကို စူးစူးရဲရဲစိုက်ကြည့်ပြီးပြောလိုက်တယ်...။

“come on!!!  “MAY”... just one hug... and this is the last time for me.....”တဲ့။

မောင်က ကိုယ့်ကျောပြင်ကို လက်နဲ့အသာတွန်းပို့နေတယ်...။ ကိုယ်လက်နှစ်ဖက်ဖွင့်လိုက်တော့ သူအလိုက်သင့်ကလေး ကိုယ့်ကိုခပ်တင်းတင်း ပွေ့ဖက်လိုက်ပါတယ်...။ ပြီးတော့ “ I still love u... May ” လို့ ကိုယ်ကြားသလောက်လေး ကိုယ့်နားနားမှာ ခပ်တိုးတိုးဆိုလိုက်တယ်..။ ကိုယ် မတုန်လှုပ်အောင် မောင်မရိပ်မိအောင် မနည်းထိန်းထားလိုက်ရတယ်...။ ကိုယ့် ကိုယ်ကခွာတော့ သူ့မျက်ဝန်းက အရည်ကြည်တချို့ကို မီးရောင်အောက်လက်ခနဲကိုယ်တွေ့လိုက်ရတယ်.....။
ဟင့်အင်း... သူ ဆိုတဲ့လူက အဲသလောက်အသည်းမနုပါဘူး...။ ကိုယ့်ကို ဆက်ပြီးလက်မတွဲနိုင်တော့လို့ လမ်းခွဲခဲ့ပြီးမှပဲ...။ ကိုယ်နဲ့မောင်တို့ရဲ့ ဘဝအသစ်စတာကို သူသွေးအေးအေးနဲ့ကြည့်နိုင်ရမယ်မဟုတ်လား..။

“ကိုမောင့် ဓါတ်ပုံပြပွဲလေး ကျွန်တော်လာကြည့်ဖြစ်တယ်ဗျ...နောက်တစ်ခါလုပ်ဖြစ်လဲ လာခဲ့ဦးမယ်
ဂွတ်နိုက်နော်... ကားဖြေးဖြေးမောင်းပြန်ကြဦး”

သူနဲ့နှုတ်ဆက်ပြီး အပြန်လမ်းတလျှောက် မောင်ကကားမောင်းပြီး တခုခုတွေးနေပုံရတယ် စကားတခွန်းမှမပြောဘူး...။ မောင်အဲသလိုတိတ်ဆိတ်နေတာကို ကိုယ်စိတ်မလုံဘူး...။ မောင်ဟာသီးခံတတ်တဲ့ ယောကျာ်းဆိုပေမယ့်လည်း အတိုင်းအတာဆိုတာရှိတယ်မဟုတ်လား...။

ကားမောင်းနေတဲ့ မောင့်ပခုံးပေါ် ကိုယ်အသာအယာမှီလိုက်တယ်...။
“အစစ အရာရာအတွက် ကျေးဇူးတင်ပါတယ်မောင်...”
“ကျွန်တော်ပြောပြီးသားပဲ မ.. သာကျွန်တော့်ရင်ခွင်မှာ တစ်သက်လုံးခိုနားမယ်ဆိုရင် ကျွန်တော့်အတွက်ဘာမှမလိုတော့ပါဘူးလို့...”
“မောင့်အသံကလဲ စိတ်မရှည်တဲ့လေသံနဲ့...”
“မဟုတ်ပါဘူး...ကျွန်တော်နဲနဲစိတ်ကျဉ်းကျပ်သွားလို့ပါ..”
မောင်က ကားမောင်းနေတဲ့လက်တစ်ဖက်နဲ့ ကိုယ့်ပခုံးကိုပွေ့ဖက်လိုက်တယ်...။

“မ...ကို ကျွန်တော်အရမ်းချစ်တယ် ကျွန်တော့်ကို ဘယ်တော့မှထားမသွားဘူးမဟုတ်လား...”

သူကားကောင်းကောင်းမောင်းပါစေတော့လို့ သူ့လက်ကို ကိုယ့်ပခုံးကနေဖယ်လိုက်ရင်း...မောင့်နှုတ်ခမ်းပေါ် လက်ညိုးနဲ့ပိတ်လိုက်တယ်...။
“အိုကွယ်... မဟုတ်တာ မောင်ကလည်း ကိုယ်က မင်းကိုဘာလို့ထားသွားရမလဲ...မင်္ဂလာဦးမှာ အဲလိုစကားမပြောပါနဲ့... မင်းကို ကိုယ်သိပ်ချစ်လို့ လက်ထပ်တာပေါ့...ဘာလို့ထားသွားရမှာလဲ..”

ညဉ့်လေပြေအေးလေးက ကားပြူတင်းကနေ သူ့ဆံနွယ်ခွေတွေကို  လွန့်လွန့်လူးလူးလေး တိုက်ခတ်နေတယ်..။

ကိုယ်အပြည့်အဝအခိုင်အမာယုံကြည်တယ် မောင်ဟာ ကိုယ့်ဘဝရဲ့ နှင်းဆီကဗျာလေးတစ်ပုဒ်ဆိုတာ...။


မိုးငွေ့

Monday, 23 September 2013

ပဲငပိကြော်+ပိန်းဥမုန့်နှစ်ကြော်


 ပဲငပိကြော်စပ်စပ်လေး


 



ပဲငပိကြော်အတွက်လိုအပ်တာတွေက နှစ်ရာတန်ပဲငပိတစ်ဗူး ငရုတ်ပွနှစ်တောင့် ခရမ်းချဉ်သီးတစ်လုံး ကြက်သွန်နီတစ်ဥ ကြက်သွန်ဖြူသုံးမွှာနဲ့ ငရုတ်သီးစိမ်းဆယ်တောင့်တို့ပဲဖြစ်တယ်...။ ဆီထမင်းစားဇွန်းသုံးဇွန်းထည့်ပြီး ပူလာရင် ကြက်သွန်အရင်ဆီသတ် နီရောင်သန်းလာရင် ခရမ်းချဉ်သီးထည့် ခရမ်းချဉ်သီးနွမ်းရင် ငရုတ်ပွထည့် ပဲငပိထည့် ဟင်းခတ်မှုန့်နဲ့ ဆားနဲနဲလေးပဲထည့် နဲနဲခြောက်လာအောင်ကြော်ပြီး အိုးချခါနီးငရုတ်သီးစိမ်းလေးထည့်မွှေလိုက်ပါ...။ ထမင်းပူပူလေးနဲ့ နယ်စားရင် အားကြီးကောင်းပါတယ်...။



 
ပိန်းဥ+မုန်လာဥဖြူ ဂျုံနှစ်ကြော် (ကြသပတေးဆွမ်းဟင်းအတွက်)



မုန်လာဥဖြူတစ်လုံးနဲ့ ပိန်းဥလေးပုံတစ်ပုံကို ခြစ်နဲ့ခြစ်ထားမယ် ဂျုံမှုန့် တစ်ခွက်ခွဲ(ဆန်ချိန်ခွက်) ကြက်ဥတစ်လုံး ကြက်သွန်ပင်နှစ်ပင်...။ ဆားနဲနဲ ဟင်းခတ်မှုန့်နဲနဲ နဲ့ မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်းတစ်ဝက်...။


 အားလုံးကိုရောနယ်လိုက်ရင် ဒီလိုအနှစ်မျိုးရတယ်




မကပ်တဲ့အိုးမှာ ဆီလေးဆွတ်ရုံထည့်ပြီး အ၀ိုင်းပြာလေးအတွက်ဆို ထမင်းစားဇွန်းတစ်ဇွန်းခန့်ခပ်ထည့်ပြီး မုန့်နှစ်တွေ သူ့အလိုလိုအိကျပြီး အပြားချပ်လေးဖြစ်သွားလိမ့်မယ်...။ မီးမြေ့မြေ့လေးနဲ့ပဲကြော်မယ်..။ အဲဒါလေးကို ငရုတ်ဆီလေးနဲ့တို့စား တရုတ်တန်းက အော်ကေ့ကျီလိုအရသာမျိုးနဲ့ ခပ်ဆင်ဆင်ရှိတယ်..။ ဟင်းလိုမျိုးထမင်းနဲ့ပဲစားစား ဒီတိုင်းပဲစားစား သိပ်ကောင်းပဲ။


 အသေးဝိုင်းလေးမကြော်ချင်ရင်လည်း ခုလို ဒယ်အိုးအပြည့် အပြားချပ်ကြီးကြော်ပြီးမှ ကပ်ကြေးလေးနဲ့ ညှပ်စားလည်းဖြစ်ပါတယ်...


ဂျုံလိတ်(အူမကြီး)ကို ပဲပင်ပေါက် ငရုတ်သီးစိမ်းနဲ့ ပဲငပိနဲ့နှပ်ထားတယ်... ကြာသပတေးဆွမ်းဟင်းအတွက်ချက်ထားတာ


မိုးငွေ့

Wednesday, 18 September 2013

သူမနှင့်ကြာသပတေးကြယ်လေးများ.....





တိုက်တိုက်ဆိုင်ဆိုင် သူမနဲ့ဆက်နွယ်ပတ်သက်နေတဲ့ ယောကျာ်းသုံးယောက်ဟာ
ကြသပတေးသားတွေ ချည်းတဲ့......

ပထမကြယ်.....

သူမရဲ့ ပထမဦးဆုံးကြယ်ကတော့... သူမနဲ့ ဝါသနာမတူ စရိုက်မတူ အကြိုက်မတူပေမယ့် သူမလုပ်ချင်တာတွေကို အားပေးဖေးမတတ်သူတစ်ယောက်...။ လက်တွေ့ကျကျနဲ့ အတွေးအခေါ်ကောင်းပြီး လူကြီးဆန်သူ သူမကို လိုအပ်ရင်ပဲ့ကိုင်လမ်းပြပေးတတ်သူ...။ အတွေးအခေါ်အယူအဆမတူပေမယ့် သူမကိုလမ်းမှန်အောင် အမြဲခေါ်ဆောင်ပေးသူ သူမအမှားတွေကို အမှန်ဖြစ်အောင်ညှိယူပေးတတ်သူ..။ သူမကို တူမတူအောင်ချစ်တတ်လွန်းသူ ဝန်တိုတတ်လွန်းသူ...။ တခါတခါကျ သူ့အချစ်တွေရဲ့ အုပ်မိုးမှုက သူမကို မွန်းကျပ်စေတယ်လို့ ထင်ရလောက်အောင် ချစ်တတ်သူ...။

ဒုတိယကြယ်.....

သူမရဲ့ ဒုတိယကြယ်လေးကတော့... သူမနဲ့ ဝါသနာတူတယ်ပြောရမလား မတူဘူးပြောပဲရမလား...။ သူမချစ်တဲ့ ဂီတကို သူချစ်တယ် သူမကဗျာတွေကိုသူချစ်တယ် ...။ သို့ပေမယ် ကြယ်ကလေးက သူမလို အနုပညာသမားတော့မဟုတ်ပြန်...။ သည်ကြယ်ကလေးကတော့ သူမကို ဂျစ်တစ်တစ်နိုင်တဲ့ သူတစ်ယောက် လူဆိုးကလေးတစ်ယောက်...။ အိမ်တစ်အိမ်မှာ သားဆိုးလေးတွေကို ချစ်တတ်တဲ့မိဘတွေလိုပဲ ဒုတိယကြယ်ကလေးကို သူမကသိပ်ချစ်ရသူ စွဲလန်းရသူဖြစ်တယ်...။ တခါတလေ သူဖျော်တိုက်တဲ့ ကော်ဖီခါးခါးတစ်ခွက်ကိုသောက်သုံးပြီး သူဆိုပြတဲ့သီချင်းတွေကို သူမက ငေးမောပျော်ရွှင်ရသူဖြစ်တယ်...။


တတိယကြယ်.....

တကယ်တော့ တတိယကြယ်ကလေးဟာ သူမကို စွန့်လွှတ်ခြင်းများနဲ့ ချစ်တတ်နိုင်လွန်းသူလို့ပြောလို့ရတယ်...။ သူမဆီက ဘာတုန့်ပြန်မှု ဘာမျှော်လင့်ချက်မှမရယူလိုပဲ သူမကို ချစ်သူဖြစ်တယ်....။ တတိယကြယ်နဲ့သူမဆုံဖြစ်ပုံက သမာရိုးကျဆန်တယ်လို့ပြောလို့မရနိုင်သလို သူမဆီကို ခပ်ငြိမ့်ငြိမ့်လေးစီးဝင်လာတဲ့ အသံတိတ်ရေတံခွန်လေးနဲ့တူတယ်...။ ဒုတိယကြယ်လေးကြောင့် သူမအသည်းကွဲနေတဲ့အချိန်မှာ သူမကိုအားပေးနှစ်သိမ့်ဖို့ ဘုရားသခင်ကဖန်ဆင်းပေးလိုက်တဲ့ ပန်းသီးတစ်လုံးလည်းဖြစ်တယ်...။ သူမကိုဘယ်တော့မှ မကောင်းမပြောတတ် အမြဲတမ်းကောင်းမွန်သောစကားနဲ့ သူမကိုနှစ်သိမ့်မှုတွေအပြည့်အဝပေးသူ...။ သူမဆိုးသမျှကို ခေါင်းငုံ့ခံတတ်သူ...။ သြော်ပြီးတော့ သူက သူမလိုပဲ ကဗျာတွေကိုချစ်တတ်သူတစ်ယောက်..။ သူမအတွက် မြောက်များစွာသော ကဗျာလှလှတွေကို သီကုံးစပ်ဆိုတတ်သူပေါ့...။


@@@@@


သူမကတော့ ဘုရားရောက်တိုင်း ကြာသပတေးဒေါင့်မှာ ပန်းလှူဖြစ်တယ် ...။ သူမချစ်သော ကြယ်ကလေးတွေအတွက်ပေါ့......။ တတိယကြယ်လေးချစ်တဲ့ နှင်းဆီဖြူဖြူတွေကပ်လှူရင်း ကြယ်ကလေးတွေအတွက် ဆုမွန်ကောင်းတောင်းပေးရင်းပေါ့...။

သင်တို့ရော.....
သူမကို မျက်နှာများတတ်သူလို့ထင်လား???
ကြယ်လေးသုံးယောက်မှာ ဘယ်ကြယ်ကလေးက သူမကိုအချစ်ဆုံးလဲ???
သူမကရော ဘယ်ကြယ်ကလေးကို အချစ်ဆုံးလဲ???
နောက်ဆုံးမှာ သူမရဲ့လက်တွဲဖော်အဖြစ် ဘယ်ကြယ်ကလေးကိုရွေးချယ်လိုက်သလဲ???

အပန်းမကြီးဘူးဆို မေးခွန်းလေးတွေကို ကော်မန့်မှာ ဖြေသွားပေးပါနော်...:)


မိုးငွေ့

Monday, 16 September 2013

သက်သတ်လွတ်ကော်ပြန့်ကြော်.....


သတ်သက်လွတ်ကော်ပြန့်ကြော်ကို တရုတ်တန်းကလို ဂေါ်ဖီတွေ မျှစ်တွေနဲ့ မကြော်ဘဲ အဘိုးရဲ့ ဗီယက်နမ်ကော်ပြန့်ကြော်အတိုင်း အသားနေရာကို ပဲပြားစားထိုးပြီးထည့်ထားပါတယ်...။ ငရုတ်ကောင်းနံမွှေးပျံ့ပြီး ကြက်ဥကြောင့်အစာတွေကနူးညံ့ပြီး သိပ်စားကောင်းပါတယ်..။ ကဲဘယ်လိုလုပ်လည်းဆိုတာ အောက်မှာဆက်ကြည့်ရအောင်နော်...။


ကော်ပြန့်ရွက်တွေကတော့ 17လမ်းသံဈေးထဲမှာ ကော်ပြန့်လုပ်တဲ့ဖိုရှိပါတယ် အနည်းဆုံး 25ရွက်ပါတဲ့အထုတ်ပဲ ၀ယ်ခဲ့လိုက်တယ်...။ အစာအတွက်ပါဝင်တာကတော့ ပဲပြားတစ်တွဲကိုကျေအောင်ချေမွထားမယ်...။ ကြွက်နားရွက်မှိုလက်တစ်ဆုပ်စာ ရေနွေးစိမ် သဲတွေစင်အောင်ဆေးပြီးထားတာကို မျှင်မျှင်လေးကပ်ကြေးနဲ့ညှပ်ပေးထားမယ်..။ ပဲပင်ပေါက်တစ်ရာဖိုး ဆိုရပြီ။ အခွံတွေစင်အောင်ရေဆေးပြီး ရေခြောက်အောင်စစ်ထားမယ်...။ မုန်လာဥနီ အလုံးတစ်ဝက်ကိုလည်း ခပ်မျှင်မျှင်လေးတွေလှီးထားမယ်..။ ပြီးရင် ဇလုံတစ်ခုထဲ အစာပလာအားလုံးထည့် ကြက်ဥနှစ်လုံးဖောက်ထည့် (သုံးလုံးထည့်ချင်လည်းရတယ် ကြက်ဥများရင် ကြက်ဥအကာက ရေထွေက်လို့ပါ) ဆား ဟင်းခတ်မှုန့်နဲ့ ငရုတ်ကောင်းစေ့လှော်ကို ခပ်ညက်ညက်ထောင်းထားတာ ထမင်းစားဇွန်းတစ်ဇွန်းထည့်ပြီး လက်နဲ့အားရပါးရ နယ်လိုက်ပါ...။


ဒီလို ငရုတ်ကောင်းနံ့လေးမွှေးနေတဲ့ အစာပလာရပြီဆိုရင် ကော်ပြန့်ရွက်နဲ့ထုတ်လို့ပါပြီ

ကော်ပြန့်ရွက်က ပါးတော့ အစာထည့်ပြီးတာနဲ့ ခပ်မြန်မြန်လေးထုတ်လိုက်ပါ

ဒီလိုလှလှပပလေးထုတ်ပြီးတာနဲ့တခါထဲဆီပူအိုးထဲထည့်ကြော်ပါ။ မီးအေးအေးနဲ့ပဲကြော်ပါ မဟုတ်ရင် အထဲကအစာမကျက်ဘဲ အပြင်က ကော်ပြန့်တွေတူးသွားလိမ့်မယ်..။ သူနဲ့တွဲဖက်စားသုံးမယ် အချဉ်ရည်လုပ်နည်းလေးပြန်ပြောပြပါမယ်...။ အရင်တစ်ခါတုန်းက အသားကော်ပြန့်ကို ဒီမှာ တင်ဖူးခဲ့ပါသေးတယ်...။

အချဉ်ရည်

ကြက်သွန်ဖြူ သုံးမွှာ (နုတ်နုတ်စင်း)
ငရုတ်သီးစိမ်း (သေးသေးလှီး)
ဂျင်းလက်တစ်ဆစ် (နုတ်နုတ်စင်း)
နမ်းလှော် ထမင်းစားဇွန်းတစ်ဇွန်း(ထောင်းထားမယ်)
ပဲငံပြာရည်ကြည်ထမင်းစားဇွန်းတစ်ဇွန်း
ငရုတ်ဆီ ထမင်းစားဇွန်းတစ်ဝက်(ketchup)
သကြား လက်ဖက်ရည်တစ်ဇွန်း
သံပုရာသီး တစ်လုံး (အရည်ညှစ်ထား) (ရှာလကာရည်ကိုအစားထိုးသုံးလို့ရပါတယ်)

အားလုံးကိုပန်းကန်လုံးတစ်ခုမှာရောမွှေလိုက်ရင် ကော်ပြန့်ကြော်အတွက်အချဉ်ရည်ရပါပြီ...။ ကော်ပြန့်နဲ့စားဖို့ ဆလပ် ကြက်သွန်မြိတ်နဲ့ ကဇွန်းရိုးတို့ဖြစ်ပါတယ်...။ အဖိုးကတော့ ကန့်ဇွန်းရိုးပွတွေကို စိတ်ရှည်လက်ရှည် ဓါးနဲ့ပန်းပွင့်လို့မျှင်ပြီး ရေအေးစိမ်ထားပါတယ်..။ ဆလပ်ကိုရေစင်စင်ဆေး ဇကာနဲ့စစ်ထား ကြက်သွန်မြိတ်တွေကိုလည်း လက်တစ်ဆစ်လေးတွေပိုင်းထား...။ စားခါနီးကျ ကော်ပြန့်ကြော်လေးတွေကို ကပ်ကြေးနဲ့ညှပ် ဆလပ်ရွက်ထဲထည့် ကျန်တဲ့အရွက်တွေထည့် အချဉ်ရည်ဆမ်းပြီး ထုတ်စားရတာ အရသာရှိချက်ပေါ့...။

မိုးငွေ့

Saturday, 14 September 2013

မိုးတညနေ.....






မိုးအေးအေးညနေတွေမှာ အိမ်မပြန်ခင် ကော်ဖီတစ်ခွက်ဝင်သောက်လိုက်ရမှ စိတ်အာသာကပြေတာ…။

ရုံးဆင်းတော့ မောင်နဲ့ မြေနီကုန်းစီးတီးမတ်အောက်ထပ်က Season Bakery ဆိုင်မှာ ချိန်းထားခဲ့သည်..။ မောင့်ရုံးကနည်းနည်းပိုဝေးတော့ မြို့ထဲကနေရုံးဆင်းလာခဲ့သည့် ကျွန်မပဲ အမြဲတစေစောင့်နေရသူဖြစ်တတ်သည်…။ စက်လှေကားအောက်မှ ခုံတန်းတွေမှာ ထိုင်စောင့်ရင်စောင့် မဟုတ်ရင် ပေါ်ပြူလာစာအုပ်ဆိုင်ထဲ စာအုပ်တွေဝင်ကြည့် ဈေးကြီးကြီး မဂ္ဂဇင်းတွေကို ဟိုလှန်ဒီလှောလုပ် ဝယ်ဖတ်ရမှာလည်းနှမြောစရာလေ …။ 

ဒီနေ့တော့ မောင့်ကို မိနစ်နှစ်ဆယ်ပဲစောင့်လိုက်ရသည်…။ မောင်နဲ့အတူ မောင့်ရုံးကလုပ်ဖော်ကိုင်ဖက် ကိုမြတ်ထွန်းပါပါလာခဲ့သည်…။ ကော်ဖီဆိုင်ထဲထိုင်မယ်လုပ်တော့ နေရာကပြည့်နေပြီ…။ ဒါနဲ့ ဒီဆိုင်ကမုန့်တွေကို ပါဆယ်ဝယ်ပြီး တခြားလက်ဖက်ရည်ဆိုင်တခုခုမှာ သွားစားမယ်ဆိုပြီး မုန့်တွေရွေးလည်းပြီးရော စားပွဲတစ်ခုံလွတ်တာနဲ့ ခပ်မြန်မြန်ပဲဝင်ထိုင်လိုက်ကြသည်…။ ကျွန်မတို့သုံးယောက်စလုံး ကော်ဖီအပူသုံးခွက်နဲ့ မုန့်တစ်မျိုးဆီယူကြပြီးချိန် မောင်က ကျွန်မပိုက်ဆံရှင်းနေတုန်း ချောကလက်ကွတ်ကီးတစ်ထုပ်လာထည့်ပြီး စားပွဲမှာသွားထိုင် နှင့်နေပြီ..။ ကျွန်မ ပြန်လာထိုင်ပြီးတအောင့်နေတော့ စားပွဲထိုးလေးက ကော်ဖီနဲ့မုန့်တွေ လာချသည်…။ 

“ကိုယ့်အတွက် ပူတင်းကိတ်ရော မီ…”

ဟုတ်သားပဲ…မောင့်အတွက်ပူတင်းကိတ်နော်လို့ပြောပြီး နေရာမှာသွားထိုင်တော့ တန်းစီရင်း ကျွန်မက မှန်ကောင်တာထဲက မုန့်ကိုမှာဖို့မေ့သွားခဲ့သည်…။

“ခဏလေး ခဏကလေးမောင်…”လို့ပြောပြီး မုန့်ကောင်တာဆီကျွန်မအပြေးသွား လိုက်ရပြန်ပြီပေါ့…။ တော်ကြာမောင်က သူ့ကိုဂရုမစိုက်ဘူးဆိုပြီး ရစ်နေမည်လေ…။ တော်ပါသေးသည် မောင်က ကျွန်မပြန်လာထိုင်တော့ ပြုံးပြုံးပဲကော်ဖီဖျော်နေခဲ့ကာ.. ကျွန်မကော်ဖီခွက်ကိုတောင် ဖျော်ပေးေ
နသေး…။

“မောင်က သူများနဲ့မတူတာစားတာကိုး အဲဒါကြောင့်အမြဲမေ့ကျန်ခဲ့တာ..”လို့ ကျွန်မကိုမောင်ရန်မတွေ့ခင်ပြောတော့ မောင်က ကျွန်မခေါင်းကို ဖွဖွလေးပုတ်လိုက်သေးသည်…။

ကျွန်မတို့ကော်ဖီသောက်ပြီး အိမ်အပြန်လမ်းလျှောက်ရင်း အိမ်အတွက်လိုအပ်သည့် ဆပ်ပြာတုံးနှင့် ကြွေပြားဆေးသည့် ဆပ်ပြာမှုန့်ဗူးတွေဝင်ဝယ်လိုက်သည်…။

မိုးညလေပြေအေးအေးမှာ အိမ်ပြန်လမ်းကျဉ်းလေးထဲ မောင့်လက်မောင်းကိုမှီတွယ်ရင်း…

“မောင်…လာမယ့်စနေနေ့ကျရင် မီ့ cousin တွေ ရုပ်ရှင်သွားကြည့်ဖို့ချိန်းထားတယ်…”

“သွားကြည့်လေ…”

ကျွန်မစကားတောင်သေချာမဆုံးသေးဘူး သူချက်ချင်းပဲ ခွင့်ပြုလိုက်သည်…။ လေသံကိုနားထောင်ရတာလည်း ကြည်ကြည်ဖြူဖြူပါပဲ…။ အရင်သူ ဒီလိုမဟုတ်ပါဘူး…။ ကျွန်မကို နေရာတကာ ချုပ်ချယ် ဟိုမသွားရ ဒီမသွားရ ဘယ်အမျိုးနဲ့မှမဆက်သွယ်ရနဲ့ သိပ်ဝန်တိုတတ်တာ…။ အဲဒီလောက်တောင်ဖြစ်ရင် မောင့်မိန်းမကို မှန်ဗီဒိုထဲထည့်သိမ်းထားပါလားလို့ ကျွန်မပြောတတ်လေ့ရှိတဲ့အခါ.. “တကယ်ပြောတာလား ကိုယ့်စကားအတိုင်း ကိုယ်နေနိုင်အောင်ကြိုးစားနော်”တဲ့…..။ 

ကျွန်မလေ အဲဒီတုန်းက မောင်နဲ့လက်ထပ်ပြီးခါစပေါ့… မောင့်ရဲ့ဝန်တိုမှုအောက်မှာ ကျွန်မတော်တော်ပူလောင်ခဲ့ရတာပါ…။ 

“ကိုယ်တော်တော်ပြောင်းလဲနေပြီပဲ ကြည့်စမ်း…. မီ အဲလိုမထင်ဘူးလား..”တဲ့

“အင်း…မောင်က ရင့်ကျက်လာတာပါ….အရင်လိုကလေးမဆန်တော့တာ…”

မောင်က သူ့လက်မောင်းကိုတွဲခိုထားတဲ့ ကျွန်မကိုစောင်းငဲ့ကြည့်ရင်း

“ရင့်ကျက်တာမဟုတ်ဘူး စောင့်ကြည့်နေတာ ညည်းလေးကိုစောင့်ကြည့်နေတာ..”

“ဟွန်းး မီ့ကိုစောင့်ကြည့်ရအောင် မီကဘာမှမဟုတ်တာမလုပ် မီသွားတဲ့နေရာတိုင်း မီ့သူငယ်ချင်းတွေ မောင်နှမတွေနဲ့သွားလည်း မောင့်ကိုအပါခေါ်တာပဲလေ..မောင်ကမှမလိုက်တာ..”

“ကိုယ့်ဘာသာကိုယ်လွတ်လွတ်လပ်လပ်သွားကြည့်ကြပါ… ” တဲ့….

ကျွန်မရဲ့ မောင်နှမဝမ်းကွဲတွေကများတော့ တစ်လတစ်ခါလောက်တော့ ဆုံဖြစ်တတ်ကြသည်…။ ဆုံဖြစ်ကြရင်လည်း အစုံအစိကိုလျှောက်သွား လျှောက်စားကြ အဲလိုသောင်းကျန်းတတ်ကြတာ..။ မောင်ကတော့ အဲလို လူများများကြားကိုဘယ်တော့မှခေါ်လို့မရဘူး…။ ဒါတောင် ခုနောက်ပိုင်းမှာ မောင်လူမှုရေးတွေတော်တော် လုပ်လာတာ…။ ကျွန်မမိတ်ဆွေတွေ ညစာစားပွဲတွေကို လိုက်တတ်လာပြီ…။ နိုင်ငံရပ်ခြားက အလည်ပြန်လာတတ်ကြတဲ့ ကျွန်မသူငယ်ချင်းတွေ တချို့တလေယောကျာၤးလေး သူငယ်ချင်းလည်းဖြစ်တတ်သည့်အခါ သွားတွေ့ရင် မောင်က စိတ်ရှည်လက်ရှည်နဲ့လိုက်ပေးတတ်သည်…။ အဲလိုလေးတွေ မောင်တော်တော်ပြောင်းလဲ လာခဲ့ပါသည်..။

အေးချမ်းတဲ့ မိုးညနေလေးလို မောင့်စိတ်တွေလည်းအမြဲအေးချမ်းပါစေ… ။ အေးချမ်းတဲ့ မောင့်မေတ္တာအောက်မှာ ကျွန်မအမြဲခိုလုံခွင့်ရရပါစေ….။

“ကျေးဇူးတင်ပါတယ် မောင်…” ကျွန်မ အသံမထွက်ဘဲ နှုတ်ကလှုပ်ရုံလေးပြောလိုက်ခြင်းပါ…။ ကျွန်မတို့ တိုက်ခန်းလှေကားအတက် မောင်က ကျွန်မစိတ်ထဲကရွတ်လိုက်တာကို ကြားလိုက်သယောင်နဲ့ ကျွန်မလက်ကိုတစ်ချက်ဖျစ်ပြီး ဆုပ်ကိုင်လိုက်သည်….။



မိုးငွေ့



Thursday, 12 September 2013

ဂျုံလိတ် တာရီရာကီဆော့.....




ဂျုံလိတ်လို့ပဲခေါ်ပါရစေ...။ တကယ်တော့ တရုတ်သက်သတ်လွတ်ဆိုင်တွေမှာတော့ အူချိုလား အူသိမ်လားအဲလိုခေါ်တယ်ထင်တယ်...။ ကိုယ်ကတော့ သက်သတ်လွတ်စားပြီး လသာလမ်းသက်သတ်လွတ်ဆိုင်ကဟင်းပွဲတွေလို ငါးချိုချဉ်တို့ ၀က်အူမကြီးတို့ ဘဲကင်တို့ အဲလိုဂျုံနဲ့ ပုံတူသက်သတ်လွတ်လုပ်ထားတဲ့ဟင်းမျိုးကို နာမည်ကြီးတပ်ပြီးစားရမှာစိတ်မသန့်ပါဘူး...။  သက်သတ်လွတ်စားလည်း စိတ်သန့်သန့်နဲ့ပဲစားချင်တယ်... စိတ်မသန့်ရင်တစ်ခါတည်း သက်သတ်လွတ်စားတာကိုဖြတ်လိုက်တယ် ဒါပဲ..။

ဒီဟင်းပွဲလေးက သက်သတ်လွတ်စားနေတာကို အပြောင်းလဲလေးဖြစ်အောင်လို့ သံဈေးရောက်တုန်းဝယ်လာခဲ့တဲ့ ဂျုံနဲ့လုပ်ထားတဲ့ အလိတ်ကလေးပါ တစ်ထုပ်ကို 800ကျပ်ပေးရတယ် ဈေးမသေးဘူးသူလဲ...။ အဲဒီအလိတ်ကလေးကို ဆီပူမှာ ကြက်သွန်ဖြူအပြားရိုက် ဆီသတ်ပြီး ပဲငံပြာရည်အကြည် ငရုတ်ကောင်းနဲနဲနဲ့ မီးပြင်းပြင်းမှာကြော်ပီး တာရီရာကီဆော့ဆမ်း ရေနွေးလေးခွက်တစ်ဝက်လောက်ထည့် မီးလျှော့ပြီး ခဏနှပ် ရေခမ်းရင် အိုးချပြီး ကြက်သွန်ပင်လေးလှီးထားတာကို ဖြူးစားရင်ရပြီ...။ 






စီးတီးမတ်က ၀ယ်လာခဲ့တဲ့ တာရီယာကီဆော့ အငံပါလို့ ဟင်းထဲမယ် ဆားထည့်မသုံးတော့ဘူး..။ Pantai တံဆိပ်နဲ့တခြားဆော့တွေ ငံပြာရည်တွေလည်း သုံးလို့ကောင်းတယ်..။ တကယ်တော့ တာရီရာကီဆိုတာ ပဲငံပြာရည်အနှောက် ပဲငါးပိ ဆား သကြား ငရုတ်ကောင်း ကော်မှုန့်တို့ကို ရောပြီး ဆော့လုပ်ထားတာပါပဲ။


မိုးငွေ့

Tuesday, 10 September 2013

တိမ်အလျင်လို.....








တိမ်ညိုညိုတွေကောင်းကင်မှာ လေအလျင်နဲ့ရွေ့လျားပြေးလွှားနေကြတယ်…။
တိမ်တွေနဲ့မင်းနဲ့သိပ်တူတာပဲသိလား အိန်ဂျယ်….။ 

မင်းလည်း ကိုယ့်ကို မြင်ရင် အဲလိုထွက်ပြေးနေကြလေ…:)

ကိုယ့်အတွက်မင်းဟာ အိန်ဂျယ်ဖြစ်သလောက် ကိုယ်ကတော့ မင်းအတွက် စုန်းကဝေတစ်ယောက် တစ္ဆေတစ်ကောင်လောက်ထက်တောင်မပိုပါဘူး…..။ မင်းနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ဘဝအကျိုးပေးက ဒီလောက်နဲ့ပဲဆိုလည်း ကိုယ်လက်ခံရမှာပေါ့လေ….။

ကိုယ့်အတွက်မင်းဟာ Essential မဟုတ်ပေမယ့်…. ကိုယ့်စာမျက်နှာမှာတော့ မင်းအတော်များများ နေရာယူထားတယ်ဆိုတာကိုတော့ မငြင်းနိုင်ပါဘူး…။

မင်းဟာ ကိုယ့်ရဲ့ဘဝအမောဖြေလေးပါ အိန်ဂျယ်….။
မင်းဟာ ကိုယ်ရဲ့စကားလုံးပါ…။
မင်းဟာ ကိုယ့်ရဲ့ဂီတပါ….။

အိန်ဂျယ်… အိန်ဂျယ်…. အိန်ဂျယ်…. တစ်ချိန်ကျရင်… ကိုယ့်ဘဝရဲ့အမှတ်တရမှတ်တိုင်လေးတစ်ခု အဖြင့် ကမ္ဗည်းတင်ကျန်ရစ်စေမယ့် သူ…။

တိမ်လို လေအလျင်အတိုင်း ရွေ့လျားနေပေမယ့်လည်း ကမ္ဘာကြီးလုံးနေတဲ့အတွက် တချိန်ချိန်မှာ တစ်ပတ်လှည့်ပြန်လာရမယ် မဟုတ်လား…(တွေ့လား.. စက်ဝိုင်းသီအိုရီကို ကိုယ်လက်ခံ ကျင့်သုံးနေဆဲပဲ)

မင်းနဲ့ကိုယ်စစတွေ့ချင်းတုန်းက အချိန်ကိုအမှတ်ရမိတယ်… အဲဒီတုန်းက ကိုယ်ရဲ့ သံယောဇဉ်မျှင်မျှင်ကလေးတွေကို ဟောဒီစကားလုံးလေးတွေက မင်းဆီကိုအရောက်ပို့လို့ ကူညီခဲ့ကြတယ်…..။ မင်းကိုယ်တိုင်လည်း ခံစားသိမြင်ခဲ့ပါတယ်…..။  မင်းလည်း မင်းခံစားသိမြင်တာလေး စာလုံးလေးတွေနဲ့ ပြန်လာပြောသွားခဲ့တာပဲ……။ ဟုတ်တယ် ကိုယ်နဲ့မင်းကြားက မင်းပထမဦးဆုံးနဲ့ နောက်ဆုံးရေးခဲ့ဖူးတဲ့ အဲဒီစာလုံးလေးတွေကို ကိုယ် တစ်သက်လုံးသော့ခတ် သိမ်းထားလိုက်ချင်ရဲ့….။


မိုးငွေ့