“ဟေ့ကောင်...ဟိုမှာ မင်းမမ လာနေပြီ...ဘာပုံပြင်တွေလာပြောဦးမလဲမသိဘူး”
ကောင်လေးသုံးယောက်ထိုင်နေတဲ့ ဝိုင်းဆီကို ခပ်ဝံ့ဝံ့ကလေးပဲ ကိုယ်ဝင်ထိုင်လိုက်တယ်....။ တကယ်တော့ လက်ဖက်ရည်ဆိုင်တစ်ဆိုင်ကို မိန်းကလေးတစ်ယောက်ထဲဝင်လာရင် မျက်စိပေါင်းမြောက်များစွာရဲ့မြှားပစ်ခတ်ခံရစမြဲမဟုတ်လား.....။
“မကြီး ဘယ်ကလှည့်ဝင်လာလဲဗျ”
မင်းသူငယ်ချင်းတွေမျက်နှာမကြည်ပေမယ့် ကိုယ်ဂရုမစိုက်ပါဘူး....။ မင်းကိုယ့်ကို အဲလိုအပြုံးချိုချိုနဲ့ စိတ်ပါလက်ပါ နှုတ်ဆက်ဖော်ရရင် ကိုယ့်အတွက်ပြည့်စုံပြီ.....။ မင်းအဲလို စတစ်ကော်လံအကျီၤအဖြူဆွတ်ဆွတ်နဲ့ ကချင်ပုဆိုးလေးဝတ်ထားတာကို ကိုယ်အရမ်းသဘောကျတယ်....။
“ကိုယ်မနက်စာစားပြီးပြန်လာတာ မင်းတို့ကိုတွေ့လိုက်လို့ ဝင်လာတာ ဘုရားကျောင်းကပြန်ခဲ့ကြပြီလား” “ဟုတ်ကဲ့....”
ကိုယ့်ရဲ့ အိန်ဂျယ်က အမြဲတစေ အဲလိုလေး ကြည်လင်ဖြူစင်နေတာကိုက သူ့ရဲ့စွမ်းအားတစ်ခုလားမပြောတတ်...။
“မကြီး...ဘာသောက်မလဲ” “နိုး...နေပါစေ...ကိုယ်သောက်ခဲ့ပြီးပြီ”
မင်းသူငယ်ချင်းနှစ်ယောက်ကတော့ တစ်ယောက်ကစီးကရက်သောက်ပြီး ဆိုင်ကဖွင့်တဲ့သီချင်းကိုလိုက်ညည်းနေတယ်...တစ်ယောက်ကတော့ ဂျယ်နယ်ဖတ်နေလေရဲ့....။ ကိုယ့်ကိုအမြင်မကြည်လင်ရခြင်းကတော့ သူတို့သူငယ်ချင်းကို ကိုယ်က တကယ်မချစ်ဘဲလှည့်စားနေတာလို့ အထင်လွှဲနေကြတာ ပြီးတော့ အသက်အရမ်းကွာလို့တဲ့.....။ သူတို့သူငယ်ချင်းကို ကိုယ်က အပျင်းပြေကစားနေတာ တနေ့ထားသွားမှာဆိုပဲ...။ ဘုရားရေ.... အဲဒီစကားက ကိုယ်ပြောရမှာမဟုတ်လား...။ တကယ်ဆို ကိုယ့်ထက် အသက်အများကြီးငယ်တဲ့ ကောင်လေးတစ်ယောက်ကို ချစ်သူထားရတာ ဘယ်လောက်စွန့်စားရာကျလဲတွေးကြည့်ပါ....။ ကောင်မလေးငယ်ငယ်ချောချောလေးတစ်ယောက်ထပ်တွေ့ရင် အချိန်မရွေးကိုယ့်ကို မင်းထားသွားနိုင်တာပဲ အိန်ဂျယ်.... မင်းသူငယ်ချင်းတွေက အဲလိုမတွေးတော့ဘူးလား...။
####################
တနင်္ဂနွေမနက်ဆယ်နာရီခွဲရဲ့ နွေဦးအပူချိန်ကလေးက လေပြေအေးလေးနဲ့ရောထွေးနေလို့ သိပ်ပြီးအိုက်တယ်လို့မထင်ရဘူး....။ အော်...ဘာလိုလိုနဲ့ကိုယ်နဲ့အိန်ဂျယ်တို့ဆုံတွေ့ခဲ့ကြတာ တစ်နှစ်ရှိပြီပဲ....။ မနှစ်တုန်းကဒီလိုချိန်မှာပေါ့.....အနားယူဖို့သက်သက် စာလေးဘာလေးရေးဖို့စိတ်ကူးနဲ့ ကမ်းခြေကိုတစ်ယောက်တည်း ထွက်ခဲ့တာ......။ ကိုယ်တည်းမယ့် ဟိုတယ်မှာ Sea View ကို မျက်စိနောက်လို့မယူဘဲ Garden View ကအခန်းကိုပဲယူလိုက်တယ်...။ ဘန်ဂလိုကနှစ်ခန်းတွဲတစ်လုံး..။ စာရေးချင်လို့အေးအေးဆေးဆေး အနောက်ဖက်ကိုယူခါမှ ကိုယ့်ဘေးခန်းက လူငယ်တွေတစ်သိုက်က ဆူညံနေရောပဲ တော်တော်တော့ခေါင်းကိုက်သွားတယ်.....။ စာတော့ရေးရမယ်မထင်ဘူး...။ ဒါနဲ့စိတ်ပျက်လက်ပျက် လသာခန်းဟိုဖက်ဒီဖက်နံရံအခြားမှာမှီထိုင်ပြီး ကော်ဖီသောက်နေလိုက်တယ်...။
“လက်ဖက်သုပ်စားပါဦးဗျ....”
အသံကြားပြီး လူမမြင်ရဘဲ ဟိုဖက်ခန်းကနေ လက်ဖက်ပန်းကန်လေး လေထဲကနေကိုယ့်ဘေးနားမှာတွေ့လိုက်ရတယ် လက်ဖက်ပန်းကန်ကို ကိုင်ထားတဲ့ ဖြူသွယ်တဲ့လက်....။ ကိုယ်ကိုမတ်ပြီးလှည့်ကြည့်လိုက်မိတယ်.......။ အပြုံးချိုချိုနဲ့ လူငယ်လေးတစ်ယောက်... ။
“စားပါဗျ မကြီးတစ်ယောက်တည်းပျင်းနေမှာစိုးလို့” တဲ့.....။
ကိုယ်တစ်ယောက်ထဲလာတည်းတယ်ဆိုတာသိတဲ့သဘောလား.....။ မင်းကိုကိုယ်တစ်ချက်ထပ်ကြည့်မိတယ်...။ မျက်ခုံးနက်နက် နှာတံချွန်မြမြနဲ့ နှုတ်ခမ်းကယောကျာၤးတစ်ယောက်မှာသိပ်မတွေ့ရတတ်တဲ့ နီရဲပြည့်ဖောင်းနေတဲ့ ခပ်ထူထူ နှုတ်ခမ်းမျိုး....။ အသားအရေကြည်ကြည်လင်လင်နဲ့ နုပျိုလတ်ဆတ်တဲ့ လူငယ်လေးတစ်ယောက်အသွင်ပီပြင်နေတာ....။ စာရေးနေကျဆိုတော့လဲ လူတစ်ယောက်ကို အသေးစိပ်ကြည့်တတ်တာ အကျင့်ပါနေပြီလေ...။ မင်းလက်ထဲက လက်ဖက်ပန်းကန်ကိုယူလိုက်တယ်...။
“ကျေးဇူးနော်.... စားကောင်းသားပဲ အဖိုးကြီးသုပ်က”
မင်းက မင်းတို့လသာခန်းဘောင်တန်းပေါ်တက်ထိုင်ပြီး ကိုယ့်အခန်းဖက်ကိုလှည့်စကားပြောတယ်...။
“အဖိုးကြီးသုပ်တာမဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင်သုပ်တာပါ”
မင်းက အတည်ပေါက်ကိုယ့်ကိုပြန်နောက်နေသေးတယ်....။ ကိုယ်လဲဓါတ်ဗူးထဲက အသင့်ဖျော်ထားတဲ့ ကော်ဖီတစ်ခွက်ပြန်တိုက်လိုက်တယ်.....။
“မကြီးက ကော်ဖီကိုခါးခါးကြိုက်တယ်ထင်တယ်”
“အင်း” ကိုယ်ခေါင်းညိတ်ပြတော့ မင်းက ကော်ဖီခွက်ကို နောက်တစ်ကျိုက်ထပ်မော့ပြီး...။
“ကျွန်တော်ကတော့ ခါးခါးသိပ်မသောက်ဖြစ်ဘူး ကော်ဖီဆိုနို့များတဲ့ Latte ကော်ဖီကိုပိုကြိုက်တယ်....” “ဟုတ်လား....အဲဒီကော်ဖီကို မင်းဖျော်တတ်လား”
“ဟ ဟ ဘယ်လိုဖျော်တတ်ပါ့မလဲ ဆိုင်မှာတခါနှစ်ခါသောက်ဖူးတယ် အဲဒီကော်ဖီအရသာကိုသိပ်ကြိုက်တယ်” “အိုခေ တစ်နေ့ကြုံရင် ကိုယ်မင်းကိုသင်ပေးမယ် ဖျော်နည်းကို”
“ဒါဆို မကြီးသောက်တဲ့ Americano ပါသင်ပေး”
ကိုယ်သောက်တဲ့ကော်ဖီကို အမေရိကန်နိုမှန်းမင်းဘယ်လိုသိလဲ ကိုယ်နည်းနည်းအံ့အားသင့်သွားတယ်...။ မင်းကိုလဲ သဘောကျသွားတယ်....။ စောစောက မင်းတို့အခန်းဖက်က ဆူညံပွက်လောရိုက်လို့ စာရေးနိုင်တော့မှာမဟုတ်ဘူးဆိုပြီး စိတ်လေနေတာလေး ခနပျောက်သွားတော့တယ်..။ ခုမှ ကိုယ့်နှှုတ်ခမ်းမှာ အပြုံးတွေရောက်လာတော့တယ်...။
“ဒါလဲသိတာပဲလား...”
“ဟုတ်... အဲဒါလည်းသောက်ဖူးတယ်လေ... ကျွန်တော်က အစားအသောက်တွေရဲ့ အရသာကိုမှတ်တဲ့ နေရာမှာ ဉာဏ်သိပ်ကောင်းတာ”
“တယ်ဟုတ်.....”
ကိုယ်တို့နှစ်ယောက်စကားပြောတာ ခရီးတော်တော်ရောက်နေပေမယ့် တစ်ယောက်ကိုတစ်ယောက်မမိတ်ဆက်ရသေး...။
မင်းက မင်းကိုယ်မင်း အရင်မိတ်ဆက်လာပါတယ်..... ( )မေဂျာမှာ ဒုတိယနှစ်တက်နေတုန်းတဲ့...ကျောင်းမပြီးသေးပေမယ့်ခေသူမဟုတ် အလုပ်အကိုင်က ကွန်ပျူတာဝက်ပ်ဒီဇိုင်နာပါတဲ့...။
“ဒါဆို မကြီးက စာရေးဆရာမပေါ့.... ရန်ကုန်ပြန်ရောက်မှ စာလာဖတ်ဦးမယ် မကြီး ဖဘနဲ့ ဂျီမေးလ်ကိုလဲ အက်ထားလိုက်မယ် လက်ခံလိုက်နော်”
အဲဒီညနေက ကိုယ်ရေမကူးဖြစ်ပါဘူး..... သောင်ပြင်မှာ ရေကူးတဲ့သူတွေကိုထိုင်ကြည့်တယ် ပင်လယ်ထဲ တဖြေးဖြေးနစ်ဝင်သွားတဲ့ လိမ္မော်ရောင်နေလုံးကြီးကို ထိုင်ကြည့်တယ်..... မင်းတို့သူငယ်ချင်းတွေတဖွဲ့တော့ တခြားနေရာတွေသွားလည်ကြလို့ထင်တယ် သောင်ပြင်မှာမတွေ့ဘူးတစ်ယောက်မှ...။
ဘန်ဂလိုပြန်ရေမိုးချိုးပြီးတော့ ရွာထဲကဟင်းချက်ပေးတဲ့ ကောင်မလေးက ဟိုတယ်ရှေ့ကအုတ်ဘောင်မှာ ထမင်းချိုင့်လေးနဲ့စောင့်နေပြီ....။ ဒီညနေစာဘာဟင်းလဲ....။ ကျောက်ပုဇွန်တစ်ကောင်ကိုမီးဖုတ်ပြီး အသားနွင်ထားတာကို ကြက်သွန်နီ ငရုတ်သီးစိမ်းလေးနဲ့ ပဲဆီစိမ်းလေးနဲ့ပြန်သုတ်ထားတာ...ကန်မွန်းချဉ်ဟင်းရည်နဲ့ ပဒက်စာ ကျောက်ငါးကြော်ကို သီးရွက်စုံနဲ့ပြန်ပြီးချိုချဉ်ကြော်ထားပေးတာ ....။ ဟင်းတွေအများတယ် ကိုယ်တစ်ယောက်တည်းမကုန်နိုင် ဒါပေမယ့် ထမင်းလျော့စား ဟင်းများများစားမယ်...ဒီလိုကမ်းခြေရောက်တုန်းလေး ပင်လယ်စာကို လတ်လတ်ဆတ်ဆတ်နဲ့အဝစားရတာလေ.....။ အမှန်တော့ ဒီလိုအပြင်ကနေဝယ်စားတာ ဟိုတယ်စည်းကမ်းနဲ့တော့မညီဘူးပေါ့...ဒါပေမယ့် ကိုယ်က ဒီကိုလာတိုင်း အဲဒီကောင်မလေးကိုပဲချက်ခိုင်းနေကျ သူ့လက်ရာကိုပဲကြိုက်နေတော့ သူ့ချက်တာပဲစားလိုက်တာ...။
ဟိုတယ်က ရေနွေးဓါတ်ဘူးလေးမှာလိုက်တယ် ပါလာတဲ့ကောက်ညှင်းမွှေးလက်ဖက်ခြောက်လေးခတ်လိုက်တယ်....။ ထမင်းစားပြီးရင် ရေနွေးလေးသောက်မယ်... ပြီးရင် စာရေးဖို့အစလေးပျိုးမယ်....ပေါ့...။ ကိုယ်ထမင်းစစားတဲ့အချိန်ပဲ မင်းတို့အခန်းဘက်က အသံတွေထွက်လာတယ်... ခုမှပြန်ရောက့်ကြတာဖြစ်မယ်...။ လေအေးလေးတဖြူးဖြူးနဲ့ ညနေစာလေးစားရတာ အရသာရှိလိုက်ပါဘိနဲ့.....။ မြို့ပြမှာလို တိုက်ထဲတာထဲမွှန်းကြပ်စွာ စားသောက်ရတာကိုပြန်တွေးရင်း ဒီလိုကမ်းခြေမှာ ကိုယ်ပိုင်အိမ်လေးတစ်လုံးနဲ့ တစ်သက်လုံးနေရရင်သိပ်ကောင်းမယ်လို့တွေးလိုက်မိသေးတယ်...။
ကိုယ်စားလို့တစ်ဝက်ရောက်ချိန်မှာပဲ .....
“မကြီးညနေစားစားနေပြီလားဗျ”
အသံလာရာကိုကိုယ်လှမ်းကြည့်တော့ မင်းတို့အခန်းဝရံတာဘက်ကနေ မင်းက စိုနေတဲ့ဆံပင်ကိုပဝါနဲ့သုတ်ရင်း ပြောနေတာ...။
“အင်းး ခုမှရေချိုးပြီးတာလား ကိုယ်နဲ့အတူလာစားပါလား ဟင်းတွေအများကြီးပဲ ကိုယ်တစ်ယောက်တည်းထမင်းလဲရှိသေးတယ် လာ....”
“တကယ်လား အနော်က အစားကြီးတယ်နော်.....”
“အမလေး...စားပါလေ့ အကုန်သာစား မလောက်ရင် ဟိုတယ်ကထပ်မှာပေးမယ်”
“ဟုတ် ...ဒါဆို ဟိုကောင်တွေနဲ့ရွာထဲလိုက်မစားတော့ဘူး မကြီးနဲ့အတူလာစားမယ်” “အိုကေ...ကိုယ်ရေနွေးသောက်ရင်းစောင့်နေမယ်”
ခဏနေတော့ ချည်ထည်အဖြူရောင်ရှပ်လေးနဲ့ သရီးကွာတားဘောင်းဘီအညိုနုရောင်ဝတ်ထားတဲ့မင်းရောက်လာတယ်......။ ကြည့်ရတာမျက်စိအေးလိုက်တာ...။ ကမ်းခြေနဲ့လိုက်ဖက်တဲ့ အဝတ်အစားမျိုးလေးပါ....။
“ကျနော့်ကြောင့် မကြီးစားရင်းတန်းလန်းနဲ့စောင့်ရတာ ဆက်တောင်စားနိုင်ရဲ့လား”
“ကိုယ်ကတော်ပြီလေ ထမင်းနဲနဲပဲစားတာ ဟင်းကိုပဲပိုစားနေတာ....ရော့ မင်းအတွက် ကိုယ်ထမင်းထည့်ထားပေးတယ်”
“ကျေးဇူး..... ဆွဲပြီနော်....အားမနာတော့ဘူး ဗိုက်ဗိုက်က တော်တော်ဆာနေပြီ”
ကိုယ့်ရှေ့မှာ ထမင်းကို ကလေးတစ်ယောက်လိုပဲ အားပါးတရစားနေတဲ့မင်းကို ကိုယ်ရေနွေးသောက်ရင်းထိုင်ကြည့်တော့ မင်းက တခြားကောင်လေးတွေလို ရှက်တတ်ပုံမပေါ်ဘူး.... စားစရာရှိတာစားနေတာပဲ...။ တခါတခါ အဲလိုကလေးဆန်ဆန်လေးတွေ့ရတာ သဘောကျစရာပါ....။ ထမင်းစားပြီး မင်းနဲ့ကိုယ်စကားတွေထိုင်ပြောဖြစ်သေးတယ်....။ မင်းသူငယ်ချင်းတွေပြန်ရောက်လာတော့မှနှုတ်ဆက်ပြီးပြန်သွားတယ်....။
ကိုယ်လဲ ကမ်းခြေဖက် ခနလမ်းလျှောက်ပြီးပြန်လာတော့ ဘန်ဂလိုမရောက်ခင် ခမ်းလှမ်းလှမ်းကတည်းက မင်းတို့ခန်းဆီက သီချင်းသံတွေကြားနေရတယ်.....။ ဒီညကိုယ်စာရေးနိုင်ပါ့မလား မင်းတို့ဆိုတဲ့ သီချင်းနားထောင်ရင်းပဲ ကုန်ကြမ်းရှာရတော့မပေါ့.....:) ကိုယ်အကြံတစ်ခုရတာနဲ့ Kitchen ဖက်ခဏထွက်ခဲ့လိုက်တယ်.....။ စောစောတုန်းကမင်းပြောတဲ့ မင်းသိပ်ကြိုက်တယ်ဆိုတဲ့ Latte ကို ဓါတ်ဗူးတစ်ဗူးစာ ကိုယ်တိုင်သွားဖျော်လိုက်တယ်....။
ဝရံတာလက်တန်းပေါ် ထိုင်ပြီး ဂီတာတီးသူတီး ဆိုသူဆိုနေကြတဲ့ မင်းတို့ဘန်ဂလိုရှေ့ကိုရောက်တော့ မင်းတို့သူငယ်ချင်းတွေက ကိုယ့်လဲမြင်ရော သီချင်းအဆိုရပ်လိုက်ကြတယ်....။ မင်းတို့ဆိုနေတဲ့သီချင်းလေးက ကိုငဲရဲ့ “ကိုး”အမ်ဘမ်ထဲက “မယုံနိုင်ဘူး”ဆိုတဲ့သီချင်းပါ...။ သီချင်းကကောင်းနေတာ ကိုယ့်ကြောင့်.....။ အားလုံးက ဓါတ်ဗူးကိုင်ထားတဲ့ကိုယ့်ကိုဝိုင်းကြည့်နေကြတယ်...။
“ဆက်ဆိုကြပါ...မင်းတို့အဖွဲ့သောက်ဖို့ ကော်ဖီလာပေးတာ”
မင်းကလှေကားထစ်ကနေဆင်းလာပြီ
“မကြီးကလဲ တကူးတက ..... သောက်ပေးမှာပေါ့လို့ ” မင်းက နောက်ရွှတ်ရွှတ်နဲ့ ကိုယ့်လက်ထဲက ဓါတ်ဗူးကိုယူသွားတယ်....။
“အိုခေ.... ခုနသီချင်းလေးကောင်းတယ် ပြန်ဆိုနော် .... ကိုယ်ဟိုဖက်ကနေအားပေးနေမယ်”
“ဟုတ် ကျေးဇူးပါ ကော်ဖီအတွက်.....အိပ်မရလို့ တစ်ညလုံးဆိုဖြစ်ရင် နားညည်းတယ်မပြောနဲ့နော် အမ”
မင်းတို့ထဲကခပ်သွက်သွက် ကောင်လေးတစ်ယောက်ကလှမ်းပြောလိုက်တာပါ...။ ကိုယ်ပြုံးပြပြီး ပြန်လှည့်ထွက်လာလိုက်တယ်....မင်းလက်ထဲမှာ ဂီတာမရှိဘူး ဒါဆို....မင်းက အဆိုသက်သက်ပဲပေါ့ဟုတ်လား အိန်ဂျယ်.....။ ဂီတာနှစ်လက်က ကျန်တဲ့မင်းသူငယ်ချင်းတွေလက်ထဲမှာ...။ တော်တော်ဆိုနိုင်တဲ့ ကလေးတွေ.....။ တစ်ညလုံး ဆက်တိုက် သီချင်းအပုဒ်သုံးလေးဆယ်လောက်ဆိုပလိုက်တယ်.....။ သီချင်းကောင်းတွေချည်းပါပဲ...။ သူတို့သီချင်းဆိုမပြီးခင်လေးမှာပဲ ကိုယ်အိပ်ယာဝင်လိုက်တော့တယ်......။ စာရေးဖို့ အစလေးနဲနဲတော့ပျိုးမိသွားတယ်...။ ပြုံးလိုက်ရင် နှုတ်ခမ်းဒေါင့်လေးနှစ်ဘက်မှာ အချိုင့်ကလေးတွေပေါ်လာတဲ့ မင်းမျက်နှာကိုမအိပ်ခင် တစ်ချက်မြင်ယောင်မိလိုက်သေး.....။
########################
နောက်နေ့မနက် မနက်စာစားတော့ မင်းတို့အဖွဲ့ကိုတွေ့သေးတယ်......။ မင်းတို့က နံရံနားကစားပွဲမှာထိုင်ကြတယ်.....။ ကိုယ်က ရေကူးကန်နားလေးက စားပွဲမှာ...။ မင်းက ကိုယ့်ကိုလှမ်းပြုံးပြလိုက်သေးတယ်...။ ဒီနေ့တော့ သဲဖြူကျွန်းဖက်သွားမလားလို့ စိတ်ကူးမိတယ်....သိပ်တော့မသေချာသေး အဖော်လဲ မပါ။ နောက်တော့ အခန်းထဲမှာပဲ စာရေးနေတာကောင်းမယ်လို့ဆုံးဖြတ်လိုက်တယ်.....။ မနက်စာစားပြီး ကမ်းခြေဖက်ခဏလမ်းလျှောက်ပြီး အခန်းဖက်ကိုပြန်လာလိုက်တော့တယ်......။ အခန်းနားရောက်တော့ မင်းတို့တစ်ဖွဲ့လုံးတစ်နေရာကိုသွားဖို့ ပြင်ဆင်ထွက်လာနေကြတာကိုတွေ့လိုက်တယ်...။
“ကျနော်တို့ သဲဖြူကျွန်းသွားမလို့အစ်မ လိုက်ဦးမလား”တဲ့... မင်းမေးတာမဟုတ်ဘူး....။
မင်းတို့ထဲ့က အရပ်ခပ်ရှည်ရှည်အသားညိုညိုနဲ့ ကောင်လေးမေးတာ....။ မင်းက အနောက်ဖက်မှာ အထုပ်တွေနဲ့ ဘာတွေရှုပ်နေလဲမသိ....။
“မလိုက်တော့ဘူးမောင်လေး...လုပ်စရာလေးတွေရှိသေးလို့...သဲဖြူကျွန်းက ခဏခဏရောက်ဖူးနေတာလေ”
ကိုယ်ဘန်ဂလိုပေါ်တက်သွားတော့မှ....လွယ်အိတ်လေးလွယ်ပြီး ထွက်လာတဲ့ မင်းက..
“မကြီး ညကျမှတွေ့မယ်နော်.... ကျနော်တို့ မီးပုံပွဲလုပ်မှာ...ခုတော့ အေးဆေး စာရေးနေရစ်ခဲ့ အနှောက်အယှက်ဆူညံသံတွေလဲမရှိတော့ဘူးဆိုတော့ ဟ ဟ...”
ဘာလို့မှန်းမသိ မင်းကို ကိုယ်စမြင်ကတည်းက အိန်ဂျယ်လို့စိတ်ထဲအလိုလိုခေါ်မိနေတယ်....။ မင်းအပြုံးတွေက သိပ်ကိုကြည်စင်လို့ ကိုယ်က အိန်ဂျယ်(နတ်သားလေး)ဆိုပြီးသတ်မှတ်လိုက်မိတာ....။ ခုလဲ မင်းက ကိုယ့်ကို အပြုံးဖြူဖြူတွေပေးပြီး ထားရစ်ခဲ့တယ်......။ အင်းးး .....ကိုယ်စာဆက်ရေးလိုက်ဦးမယ်ကွယ်.......။ ကျေးဇူးပါ အိန်ဂျယ် ဖြူစင်တဲ့ အပြုံးလေးတွေအတွက်ရော ကိုယ့်အပေါ်ထားတဲ့စိတ်စေတနာတွေအတွက်ရောပေါ့.......။ တစ်နေကုန်ဈာန်ဝင်နေလို့လားမသိ စာတွေဆက်တိုက်ရေးနေလိုက်တာ နေ့လည်စာလဲမစားဖြစ်တော့.......။ ဗိုက်နဲနဲဆာလာသလိုရှိမှ နာရီကြည့်တော့ နေ့လည်နှစ်နာရီခွဲနေပြီ....။ မုန့်လက်ဆောင်းသောက်ရင်ကောင်းမယ်..။ သောင်ပြင်ဖက်ခဏအညောင်းဆန့်တော့ မုန့်လက်ဆောင်းသည်ရောက်လာတယ်.....တစ်ခွက်တစ်ရာတဲ့ ဟိုတယ်ကပေးတဲ့ ဖန်ခွက်လေးနဲ့ဝယ်သောက်လိုက်တယ်....။
ညစာကိုတော့မနက်ကချိုင့်ပေးရင်းမှာထားပြီးသား...။ ဂဏန်းချက်ခိုင်းထားတယ်....။
ခရုသုပ်ရယ်.... ကြက်ဥမွှေကြော်နဲ့ ငါးပိထောင်းလေးပါထည့်ပေးလို့မှာလိုက်တယ်..။ မုန့်လက်ဆောင်းသောက်ပြီး ရေးထားတဲ့စာကိုလက်စသတ်လိုက်တယ်.....။ ညနေရေဆင်းကူးမယ်......လှိုင်းစီးမယ် နေဝင်ချိန်ကြည့်မယ်.။ ကိုယ့်အစီအစဉ်နဲ့ကိုယ် ဟုတ်နေရော....။
ညနေကိုယ်လှိုင်းစီးနေတုန်း မင်းတို့တစ်ဖွဲ့လုံးပြန်လာကြတာကိုတွေ့လိုက်တယ်.....။
ပြီးတော့ သောင်ပြင်မှာ ဘောလုံးလာကန်ကြသေးတယ်....မင်းကိုတော့မတွေ့ဘူး အခန်းမှာပဲ ရေချိုးနေတယ်ထင်ရဲ့......။ ကိုယ်အခန်းဆီကိုပြန်လာတော့ မင်းကရေမိုးချိုးပြီး မီးပုံပွဲအတွက် ပစ္စည်းတွေသယ်ဖို့လုပ်နေပြီ.....။ ကိုယ်ရေချိုးပြီး ထမင်းချိုင့်ထွက်ယူတော့ မင်းတို့အဖွဲ့တွေ ခေါက်တုန့်ခေါက်ပြန်နဲ့စားစရာတွေ ဂီတာတွေသယ်နေကြတယ်....။ ကိုယ်ဘန်ဂလိုပေါ်မှာညနေစာစားဖို့ပြင်တော့ မင်းကရေသန့်ဗူးသယ်ရင်း...လှမ်းပြောတယ်...။
“မကြီးရေ ပြီးရင်မီးပုံပွဲကိုလာခဲ့နော်.....ဒါမှမဟုတ် အဲဒီမှာပဲထမင်းစားမလား ကျနော်ကူသယ်ခဲ့ပေးမယ်” “နေပါစေ.....ကိုယ်ဒီမှာပဲစားလိုက်တော့မယ် ပြီးရင်လာခဲ့မယ်လေ....မင်းရောဒီမှာပဲကိုယ်နဲ့နဲနဲစားလိုက်ပါလား” “စားတော့ဘူး....မကြီး ဟိုမှာအကုန်လုပ်ထားပြီးသား ဒါဆို မကြီးပြီးရင်လာခဲ့နော်... သီချင်းတွေအများကြီးဆိုပြမယ်”
“အိုခေ....”
အဖြူဆွတ်ဆွတ်ချည်ထည်ရှပ်အကျီၤနဲ့ အနက်ရောင်ဘက်ကီဘောင်းဘီရှည်ဝတ်ထားတဲ့ သွက်လက်ဖော်ရွေတဲ့ လူငယ်လေးကို ခဏတာငေးမောမိသွားတယ်....။ မင်းဟာ....ကိုယ့်ဘဝတစ်သက်တာလုံးအတွက် အိန်ဂျယ်ဖြစ်လာလိမ့်လို့ ကိုယ်မတွေးလိုက်မိဘူး.....။ မင်းတို့မီးပုံပွဲကိုကိုယ်သွားထိုင်ဖို့အစီအစဉ်မရှိပါဘူး...မင်းကိုလာခဲ့မယ်လို့သာခေါင်းညိတ်လိုက်တာ.....။ တကယ်တမ်းလည်း ကိုယ်ထမင်းစားပြီးလို့ သောင်ပြင်ဖက်ရောက်တော့ မင်းတို့မီးပုံပွဲကြီးက စည်ကားနေပြီ...မင်းတို့နဲ့ရွယ်တူကောင်မလေးတွေ လေးငါးယောက်လည်းတွေ့ရတယ်...။ ကိုယ်မသွားဖို့ဆုံးဖြတ်တာ မှန်သွားတယ်....။ ကိုယ်နဲ့အရွယ်မတူတဲ့ မင်းတို့ကြားမှာ ကိုယ်ဘယ်လိုလုပ်ဝင်သင့်မလဲ..။ ပြီးတော့ ကိုယ်က မင်းတစ်ယောက်တည်းနဲ့ပဲခင်တာလေ.....။ လက်ထဲပါလာတဲ့ မြက်ဖျာလေးကို သဲသောင်ပေါ်ဖြန့်ခင်းချလိုက်တယ်..။ ကော်ဖီဓါတ်ဗူးလေးကို မလဲကျအောင်သဲထဲနဲနဲမြှုပ်လိုက်တယ်....။ ဒီညကိုယ်လေညင်းခံရင်း ကြယ်ကြည့်မယ်...လကြည့်မယ် ညရဲ့အလှကိုခံစားမယ်လေ....။
မင်းတို့မီးပုံပွဲလေးနဲ့ကိုယ်က နဲနဲတော့လှမ်းတယ် မင်းတို့ဂီတာတီးသီချင်းဆိုတဲ့အသံကိုတော့ကြားရတယ်......။ နက်ပြာရောင်နောက်ခံနဲ့ မှောင်ပေမယ့်လရောင်ကြောင့် ရေလှိုင်းတွေက ငွေရောင်ဖိတ်ဖိတ်လက်နေတယ်.....။ သောင်ပြင်ကိုလာရိုက်ခတ်တာလဲ တဝုန်းဝုန်းနဲ့.....။ လခြမ်းကွေးကွေးလေးက လင်းလက်လို့ သိပ်လှတာပဲ ကောင်းကင်နဲ့ရေမျက်နှာပြင်လှိုင်းအစပ်မှာမို့လို့ ရေလှိုင်းပေါ် ပေါလောမျောနေသလိုပဲ...။ သူ့ဘေးနားမှာ အလင်းဆုံးကြယ်တစ်ပွင့်လဲရှိသေးတယ်......။ ကမ်းခြေမှာ မီးပန်းဖေါက်သူဖေါက်နဲ့ အဲဒါတွေလိုက်ငေးကြည့်ရသေး....။ နွေဦးလေပြေက တိုက်ဖန်များတော့ နဲနဲအေးလာတယ်....။ ကိုယ်ဝတ်ထားတာက ညအိပ်ဝတ်စုံလက်ရှည် ဘောင်းဘီရှည်နဲ့ပါပဲ....။ ဓါတ်ဗူးထဲက ကော်ဖီပူပူလေးကို နဲနဲမော့သောက်လိုက်တယ်.....။
“မကြီးကိုလိုက်ရှာနေတာ....ဒီမှာ တစ်ယောက်တည်းနှပ်နေတာကိုးးး”
“ဘယ်လိုလဲ မီးပုံပွဲလေးက တယ်စည်ကားပါလား”
“အဟီးး ဟိုကောင်တွေလေ သူတို့ဇာတ်လမ်းကိုခေါ်လာကြတာ...ခုလဲ အရည်တွေသောက်ထားလို့ တီးတဲ့ကောင်တွေလဲမတီးနိုင်တော့လို့ စကားပဲပြောနေကြတာ”
ကိုယ်ဒူးနှစ်ဖက်ပိုက်ထားတော့....ကိုယ့်ကိုမင်းက....
“မကြီးချမ်းနေပြီထင်တယ် ရော့...ကျနော့်ဂျာကင်ခဏဝတ်ထားလိုက်” မင်းကပြောလဲပြောရင်း မင်းဝတ်ထားတဲ့ အသားရောင်ဂျာကင်ကိုချွတ်ပေးနေတယ်...။
“နေပါစေရတယ် ကိုယ်နေလို့ရပါတယ်....”
“ဝတ်ထားလိုက်ပါ တော်ကြာလေတိုက်ပါများပြီး အအေးပါမိသွားမယ်”
ကိုယ့်ကိုလက်ထဲအတင်းထိုးပေးလို့ ယူဝတ်လိုက်ပါတယ်....။
“အော်....လာထိုင်လေ....ကိုယ်မှာကော်ဖီပဲရှိတယ်...သောက်မလား”
“ဟုတ်.....သောက်မယ် မကြီးဖျော်တဲ့ကော်ဖီကို ကျနော်ကြိုက်သွားပြီ....ရန်ကုန်ပြန်ရောက်ရင် ဖျော်နည်းလေးလာသင်မယ်...”
ကိုယ်မင်းကို ကော်ဖီတစ်ခွက်ငှဲ့ပေးလိုက်တယ်......။ သောင်ပြင်မှာ သီချင်းဆိုသူတွေ ဟိုဒီကတစ်စကြားနေရသေးပေမယ့် ညကအရောင်ရင့်လို့ တိတ်ဆိတ်စပြုလာပြီ....။
“မကြီးကလေညင်းခံဖို့သက်သက်ပဲလား စာရေးဖို့တွေးနေတာလား” “အင်း...ဆိုပါတော့.....ကိုယ်ကြယ်ကလေးတွေကြည့်ရတာကြိုက်လို့လေ”
“ဒါဆို ကျနော်လည်းအတူတူကြည့်မယ်.....ဒီလိုထိုင်မကြည့်နဲ့ညောင်းတယ်.....ဖျာပေါ်လဲှအိပ်ပြီးကြည့် အဲဒါမှ အရသာပိုရှိတာ...”
မင်းပြောသလို ကိုယ်ဖျာပေါ်လှဲလိုက်တယ်....အိုးးး မြင်ကွင်းထဲမှာ ကြယ်ကလေးတွေအပြည့်နဲ့ တခြားဘာမှမမြင်ရတော့ဘူး....သိပ်လှတာပဲ.....။
“ဘယ်လိုလဲ ကြည့်လို့ကောင်းတယ်ဟုတ်...... ကြယ်ရုပ်ရှင်ကြည့်နေရသလိုပဲနော်....မကြီးဘေးနားကျနော်လှဲကြည့်မယ်နော် ဖြစ်တယ်ဟုတ်....” “အိုကေတယ်လေ ကိုယ်တို့အတူတူကြည့်ကြမယ်....”
မင်းက ကိုယ်နဲ့ကပ်လျက် နှစ်ပေလောက်မှာ လှဲချလိုက်တယ်...။
“ကျနော်က ရန်ကုန်မှာဆို ခေါင်မိုးထပ်တက်ပြီးကြယ်တွေကြည့်တာ.... အထူးသဖြင့် စိတ်မကြည်လင်တဲ့အခါဆို ကျနော်သွားသွားကြည့်ဖြစ်တယ်.....အဲချိန်ဆို ကျနော့်အာရုံထဲမှာ ကောင်းကင်ကြီးရယ် ကြယ်ကလေးတွေရယ်ပဲရှိတော့တယ် အဲခါမှ စိတ်ထဲက တင်းကျပ်မှုတွေက ပြေလျော့သွားတာ”
“အင်းးး မင်းပြောမှကိုယ်သတိထားမိတယ်.....အဲလိုနည်းလမ်းမျိုးနဲ့ စိတ်ညစ်သက်သာစေတာပဲနော်”
ပြီးတော့ စိတ်ရှည်လက်ရှည်နဲ့ ကိုယ့်ကို ဓူဝံကြယ်... ခုနှစ်စဉ်ကြယ်တွေနဲ့အခြားကြယ်ကလေးတွေပြပေးတယ်...။
“အော်...ခုမှသတိရတယ်.. မကြီးအတွက် စကားပန်းတစ်ပွင့်ယူလာတယ်...”
မင်းက ထထိုင်ပြီး ဘယ်ဖက်အိတ်ကပ်ထဲကနေ စကားပန်းတစ်ပွင့်ကိုထုတ်လာတယ်......။
ပြီးတော့လှဲအိပ်နေတဲ့ ကိုယ့်ကိုလှည့်ကြည့်ပြီး.....။
“မကြီးရဲ့ ဆံပင်ခွေခွေတွေနဲ့ဆို သိပ်လှမှာ ကျနော်ပန်ပေးမယ်နော်”တဲ့....။
ဘုရားရေ....ကိုယ့်ဘဝမှာ သူစိမ်းယောက်ကျားတစ်ယောက်က ပန်းပန်ပေးတဲ့အဖြစ်ဆိုတာ တခါမှမကြုံခဲ့ဖူးတာပါ....။ ကိုယ့်ရင်တွေတဒိတ်ဒိတ်ခုန်နေလိုက်တာများ မင်းကြားသွားမလားစိုးရိမ်မိတယ်....။ ကိုယ့်မျက်နှာနဲ့ကောင်းကင်ကြား မင်းမျက်နှာက ပိတ်ဆီးကာလိုက်တယ်...။ ကောင်းကင်ကိုမမြင်ဘူး...။ ကြယ်တွေကိုမမြင်ရဘူး.....။ ခဏကလေးပဲ....။ ဒါပေမယ့် လက်းလက်တောက်ပတဲ့ ကြယ်ကလေးနှစ်လုံးကိုတော့ ကိုယ်မြင်နေရတယ်....။ ကြယ်ကလေးတွေပြုံးနေခဲ့တယ်....။ စကားပွင့်လေးကို ကိုယ့်နားထင်စပ်က ဆံစလေးကြားပန်ပေးထားတယ်....အဲဒီချိန်မှာ မင်းမျက်နှာနဲ့ကိုယ်က နီးနီးကပ်ကပ်ကလေး တကယ်နီးနီးမှနီးနီးကလေး....မင်းရဲ့ ထွက်သက်ငွေ့ခပ်နွေးနွေးလေးက ကိုယ့်နားဖူးနားလာဟတ်နေတာ.....။
သိလား....အိန်ဂျယ် အဲဒီညက မင်းမျက်ဝန်းတွေက ကောင်းကင်က ကြယ်ကလေးတွေလိုပဲ လင်းလက်လို့....။ မင်းအကြည့်တွေကို ကိုယ်ဘယ်တော့မှမမေ့နိုင်ခဲ့ဘူး........။
အဲဒီညက ကြယ်လေးတွေကြည့်ရင်း အတီးအပါဘဲ မင်းက ကိုယ့်ကို ခပ်တိုးတိုးလေး သီချင်းတွေ ဆိုပြခဲ့သေးတယ်...။ ဂီတာမပါဘဲနဲ့တောင် မင်းအသံက သိပ်ကောင်းတာပဲ....။ ဘယ်ကတည်းကမသိ ကိုယ့်မသိစိတ်က တောင်းတခဲ့ဖူးတဲ့ အိန်ဂျယ်လေး ခုတော့ကိုယ်ဆီကို လက်တွေ့ကျကျရောက်လာခဲ့ပြီ...။ ဘုရားရှင်ကိုယ်တော်မြတ်ကို ကျေးဇူးတင်ပါတယ်.... ကိုယ့်အတွက် ချစ်စရာကောင်းတဲ့ အိန်ဂျယ်လေးဖန်ဆင်းပေးလို့လေ....။
#####################
shopping mall ထဲက တိုင်လုံးတွေပတ်ပတ်လည်က ထိုင်ခုံကလေးမှာ ထိုင်ရင်းပုံလေးတွေကိုဆွဲနေမိတယ်.... နားမှာလည်းနားကျပ်တပ်ပြီး သီချင်းနားထောင်နေတယ်...ကမ်းခြေမှာတုန်းက မင်းဆိုပြခဲ့တဲ့သီချင်းလေးလေ ကိုယ်သိပ်ကြိုက်လို့ အထပ်ထပ်အခါခါ မရိုးအီနိုင်စွာနားထောင်ဖြစ်နေတဲ့ သီချင်းလေး....။ ခဏနေတော့ ကိုယ့်ရှေ့မှာ ကတ္တီပါဖိနပ်နက်ပြာရောင်စီးထားတဲ့ သပ်ရပ်သန့်ရှင်းတဲ့ ခြေထောက်တစ်စုံကိုတွေ့လိုက်ရတယ်.....။ ကိုယ်မော့ကြည့်တော့......ကိုယ့်ကို လင်းလက်တဲ့အပြုံးနဲ့ကြည့်နေတဲ့ မင်း.......။ ရှပ်အကျီၤအဖြူရောင်နဲ့ နက်ပြာကွက်စိပ်ပုဆိုးဝတ်ထားတဲ့မင်း.....ဆံပင်ကတော့ကမ်းခြေမှာတွေ့တုန်းကအတိုင်းပဲ ဆံသားခပ်ကြမ်းကြမ်းနဲ့ ဘေးခွဲထားတဲ့ ခပ်တိုတိုဆံပင်ပုံ.....။ မင်းကဒီလိုဝတ်စားပုံလေးနဲ့ ပိုကြည့်ကောင်းတယ်..။ ကိုယ်က သီချင်းနားထောင်နေတဲ့ နားကျပ်ကိုဖြုတ်လိုက်ရင်း.....
“ဒါက ဘယ်လိုဒီဇိုင်းထွင်လာတာတုန်း”
မင်းက ကိုယ့်ဘေးနားဝင်ထိုင်လိုက်တယ်....။
“ဒီနေ့အလုပ်ပိတ်လို့ home care သွားလုပ်လာတာလေ....” “အိုးး သိပ်ကောင်းတဲ့ အလုပ်လေးပဲ....ကွန်ဂရက်ကျူရေးရှင်း အိန်ဂျယ်.....”
မင်းကို ကိုယ်လက်ကမ်းပေးတော့ မင်းက လက်ဆွဲနှုတ်ဆက်ရင်း အံ့အားသင့်တဲ့အကြည့်နဲ့ နားမလည်သလို ကိုယ့်ကို ပြန်ကြည့်တယ်.....။
“ကျနော့်ကို ဘယ်လိုခေါ်လိုက်တယ်......”
အော်... လက်စသတ်တော့ ကိုယ်အိန်ဂျယ်လို့ခေါ်တာကို မင်း အံ့သြသွားတာကိုးးး...။
“အော်.... အိန်ဂျယ်လို့ခေါ်လိုက်တာလေ.....ဘာလို့လဲ”
“ဟာ...မကြီးကလဲ...အဲဒီနာမည်နဲ့ ကျနော်နဲ့ကဘာမှမဆိုင်ဘူး” “ဆိုင်တာမဆိုင်တာခနထား.....ခုကော်ဖီဖျော်လာသင်တာမဟုတ်လား”
“ဟုတ်.....”
ဒီမောထဲမှာ ကိုယ်ဖွင့်ထားတဲ့ “Cafe 'de Angel”ဆိုင်လေးရှိတယ်.....။ မင်းကို ဆိုင်ရဲ့ ဘားကောင်တာနောက်ခေါ်သွားလိုက်တယ်....။
“ဒါမကြီးဆိုင်လား.......ဒီမောကအသစ်ဖွင့်တာမကြာသေးဘူး....ဒီဆိုင်က ကော်ဖီကိုလဲ ကျနော်မသောက်ဖူးသေးဘူး အတော်ပဲ မကြီးသင်ပေးပြီးရင် အနော့ကို Latte တစ်ခွက်ကိုယ်တိုင်ဖျော်တိုက်နော်”
“အင်းလေ ခုမင်းကို အဲဒီကော်ဖီဖျော်နည်းလေးသင်ပေးမလို့လေ တစ်ခါတည်းအဲဒီကော်ဖီကိုပဲသောက်လိုက် ဟုတ်ပီလား...ဒီကော်ဖီဖျော်နည်းလေးက လွယ်မှလွယ်ပဲ...ကြည့်နေကိုယ်ဖျော်ပြမယ်....”
Latte ဖန်ခွက်ရှည်ရှည်တစ်ခွက်ယူပြီး မင်းကို ကော်ဖီစဖျော်ပြတော့ မင်းက စိတ်ဝင်တစားနဲ့ကြည့်နေတယ်......။
“ဟောဒီဖန်ခွက်ရှည်ထဲကို သကြားရည်လေးထည့် ပြီးရင် လတ်လတ်ဆတ်ဆတ် စက်နဲ့ကြိတ်ထားပြီး နှပ်ထားတဲ့ ကော်ဖီအရည်ကို ခွက်ရဲ့သုံးပုံနှစ်ပုံလောက်ပဲထည့် နို့ကိုခွက်ပြည့်တဲ့အထိ ဖြေးဖြေးလေးလောင်းထည့်ပေး ရေခဲလေးထည့်လိုက် ပိုက်တပ် မွှေတဲ့တုတ်တံလေးတပ်လိုက် အိုကေပြီ ဘယ်လောက်လွယ်လဲ...ရော့ မြည်းကြည့်...”
မင်းက သဘောကျစွာနဲ့ ခွက်ကိုလှမ်းယူမယ်လုပ်တော့....။
“နေဦး....ကိုယ်မွှေပေးမယ်ခဏလေး.... မွှေတဲ့အတံလေးကို လှည့်ပြီးမမွှေနဲ့ ဒီလိုလေး ဘေးတိုက်လေးမွှေပေး ဒါဆို အောက်က ကော်ဖီရောင်လေးတွေက နို့ထဲကို အငွေ့ပျံတက်လာသလိုမျိုး လူးလွန့်တက်လာလိမ့်မယ် သိပ်ကြည့်ကောင်းတာ.....ဒါကတော့ ကိုယ်သောက်ရင် မွှေတဲ့နည်းပေါ့...”
“မကြီးက စာရေးဆရာမလို့မပြောရဘူး ကော်ဖီမွှေတာတောင် ကဗျာဆန်တယ်”
မင်းက ကိုယ်ဖျော်ပေးတဲ့ Latte ကိုသောက်ကြည့်နေတယ်......ပါးစပ်ကလဲ ပိုက်ကိုစုပ် လက်မကလဲထောင်ပြနေသေးတယ်...။
“ကမ်းခြေမှာတုန်းက ဖျော်ပေးတာထက်ပိုကောင်းတယ်ဗျ”
“ကောင်းဆို ကော်ဖီချင်းကွာတယ်လေကွယ်...”
“အိုကေ ဒါဆို ဒီတစ်ခါ မကြီးက ပါးစပ်ကပဲပြောပြ ကျနော် မကြီးကြိုက်တဲ့ အမေရိကန်နိုတစ်ခွက်ဖျော်မယ်” “ဟုတ်ပါပြီ.. ဟုတ်ပါပြီ.....”
ကိုယ်သင်ပေးတဲ့ အမေရိကန်နိုဖျော်နည်းလေးကိုမင်းသေချာမှတ်ပြီး ကိုယ်တို့ နှစ်ယောက် ကော်ဖီတစ်ယောက်တစ်ခွက်ကိုင်ပြီး....အပြင်ဘားထိုင်ခုံမှာထိုင်လိုက်ကြတယ်......။ ကိုယ် ကလပ်ဆန်းဝှစ်ချ်တစ်ပွဲမှာလိုက်တယ်....။
“ကျေးဇူးပဲ မကြီး...ဒီနေ့လေးဟာ...ကျနော့်အတွက် တန်ဖိုးအရှိဆုံးပဲ....” “ကိုယ်လဲ ထပ်တူပါပဲ အိန်ဂျယ်ရယ်......ဒါပဲနော်...နောက်တစ်ခါ မင်းလက်ရာကော်ဖီပဲ ကိုယ်သောက်တော့မယ်” “ရက်စ်.....ဖျော်တိုက်မယ် စိတ်ချ....”
အဲလိုလေး... မင်းကလေ ကလေးတစ်ယောက်လိုပဲ သွက်လက်လို့...ကြည်ရွှင်လို့....သိပ်ချစ်ဖို့ကောင်းတယ်......။
##############
ကိုယ့်အတွေးတွေ အတိတ်ဆီကို ရောက်သွားလိုက်တာ တော်တော်ရှည်လျားသွားတယ်...........။ လက်ဖက်ရည်ဆိုင်မှာ ကိုယ်ဝင်ထိုင်ပြီးသိပ်မကြာဘူး မင်းသူငယ်ချင်းတွေက ထွက်သွားတယ်.......။ ကိုယ်တို့နှစ်ယောက်ပဲကျန်ခဲ့တယ်......။
“မကြီးကိုပြောစရာရှိတယ်.....” “အင်း.....ပြောလေ အိန်ဂျယ်” “လာမယ့် စနေကျရင် တောင်ပေါ်မြို့လေးဆီသွားစရာရှိတယ် ကျနော်တို့အသင်းတော်က ကိစ္စနဲ့ပါ....ကျနော်တစ်ယောက်တည်းသွားရမှာ အဲဒါမကြီးလိုက်ခဲ့မလား...အဲမှာသိပ်လှတာ....မိုးဝင်ခါနီး နဲနဲတော့အေးလိမ့်မယ်....” “စနေဆိုတော့ နောက်နှစ်ရက်ပဲလိုတော့တာပဲ.....ကိုယ်ဆိုင်ကိုမှာစရာရှိတာမှာထားပြီး လိုက်ခဲ့မယ်...အဲဒီဖက်ကို ကိုယ်သေချာမရောက်ဖူးသေးဘူး...အတော်ပဲ....စာရေးဖို့လဲ ကုန်ကြမ်းယူရတာပေါ့....ကျေးဇူးပဲအိန်ဂျယ်...” “မကြီးကလဲ ကျေးဇူးတင်စရာလူကျနေတာပဲ...”
ကိုယ်တို့အတူတောင်ပေါ်မြို့လေးကိုရောက်သွားခဲ့တယ်......။ မင်းတို့ ဘုရားကျောင်းရှိတဲ့နေရာက တောင်ပေါ်မှာဆိုတော့ တစ်မြို့လုံးရဲ့ အလှကိုကြည့်လို့ရတယ် သိပ်လှတာပဲ......ကျေးဇူးတင်လိုက်တာ အိန်ဂျယ်ရယ်......။
ကိုယ့်ဘဝမှာ ဒီလိုလှတဲ့ မြင်ကွင်းမျိုးကိုလိုက်ပြပေးလို့.....။ ပြီးတော့ မင်းနဲ့အတူကြည့်ရတာ ပိုပြီးပြည့်စုံသလိုပါပဲ......။
မြို့လေးက မှုန်မှိုင်းပြာဝေနေတဲ့ မိုးငွေ့တွေနဲ့ အုပ်ဆိုင်းနေတဲ့ တောင်တန်းပြာတွေပတ်လည်ဝိုင်းထားတော့.... ခုလိုရာသီလေးမှာ အပေါ်ဝတ်အနွေးထည်လေးလွှမ်းခြုံထားပြီး အိန္ဒြေရနေတဲ့ မိန်းမပျိုတစ်ယောက်လိုပါပဲ...။
တောင်ပေါ်ကနေစီးပြီးကြည့်ရင် ညဘက်ဆို သိပ်လှတယ်...။
အိမ်ခြေသိပ်မများတော့မီးတွေက မှိတ်တုတ်နဲ့ တိမ်တွေကြားထဲ ပုန်းအောင်းနေတဲ့ ကြယ်ကလေးတွေနဲ့ အပြိုင်ရှိနေကြတယ်....။ တောင်ပေါ်လေအေးက မြူငွေ့တွေ တိမ်ငွေ့တွေကို သယ်သယ်လာတတ်တယ်....။ ဂွမ်းစောင်အပါးလေးကို ကိုယ်မှာခြုံပြီး ညအလှကိုကြည့်ရတာ အရသာရှိလိုက်တာ....။ ကိုယ့်ရှေ့က ထင်းမီးပုံကလဲ တငွေ့ငွေ့တောက်လောင်လို့....။ မီးပုံက မီးရှို့တဲ့ အနံ့ လေထဲကပါလာတဲ့ မိုးငွေ့ရဲ့ ရနံ့တွေကို ရှုရှိုက်ရတာမှ မြေနံ့ကိုသင်းလို့ရယ်.....။
ကိုယ့်နဘေးမှာ စောစောကမှ မင်းဖျော်ပေးထားတဲ့ အငွေ့ထောင်းထောင်းထနေတဲ့ အမေရိကန်နိုတစ်ခွက်....။ မွှေးလိုက်တာကွယ်......။ အဲဒီကော်ဖီနံ့မွှေးမွှေးလေး ကမ္ဘာပေါ်မှာဘယ်မှာမှ ရှာမတွေ့နိုင်တဲ့ မင်းရဲ့လက်ရာ တစ်ယောက်တည်းရှိတယ်......။ မင်းဖျော်တိုက်တဲ့ ကော်ဖီအရသာကို အနံ့ရရုံနဲ့ ကိုယ်အလွတ်ရ နေတတ်ပြီလေ....။
သိပ်လှတဲ့ ညရယ်.... ကောင်းကင်က ကြယ်ကလေးတွေရယ်....ကော်ဖီပူပူတစ်ခွက်ရယ်.... သိပ်ချစ်တဲ့ မင်းရယ် ဘေးနားမှာရှိမှတော့ ဒီထက်ပြီးပြည့်စုံတာ ဘာများရှိဦးမလဲအိန်ဂျယ်......။ ခြုံစောင်လေးနဲ့ တဲကလေးရဲ့ တိုင်မှာ ကွေးကွေးကလေးမှီနေတဲ့ကိုယ့်ကို မင်းက နဖူးအသာလာစမ်းတယ်....။ ကိုယ်မဖျားပါဘူးကွယ်....။ အအေးဒဏ်ကို အန်တုဖို့ ခန္ဓာကိုယ်အပူရှိန်ကို နည်းနည်းကလေး မြှင့်ထားတာပါ။ ဆေးလဲ မသောက်ချင်ပါဘူး......။ တခါတလေ အဲဒီပူရှိန်းရှိန်းရှိနေတဲ့ မျက်နှာပေါ်ကို မိုးငွေ့လေအေးအေးတွေ လာထိတွေ့သွားတာလေးက အရသာ.....။
ခြောက်သွေ့နေတဲ့ ကိုယ့်နှုတ်ခမ်းကို သပ်ရင်း မင်းဆံပင် ကြမ်းကြမ်းတွေကို လက်နဲ့ခပ်ဖွဖွ... ဖွလိုက်တယ်...။ အို...မြူတွေနဲ့စိုစွတ်နေပါရောလား.....။ ကောင်းကင်က မိုးစက်မိုးပေါက်ရယ်လို့ ပီပီပြင်ပြင်ရွာချတာမျိုးမဟုတ်ဘဲ နှင်းကျသလိုမျိုးလေး....။ မွှေးပွလက်ကိုင်ပုဝါအဖြူကလေးနဲ့ မင်းဆံပင်တွေကို ကိုယ်သုတ်ပေးလိုက်တယ်....။ ကိုယ့်ကိုပြုံးပြီးကြည့်နေတဲ့ မင်းရဲ့မျက်ဝန်းတစ်စုံက ကြယ်ပွင့်လေးတွေလိုပဲ လင်းလက်လို့....။
သိပ်လှတဲ့ ညကလေးကုန်ဆုံးသွားမှာစိုးလို့ ကိုယ်မအိပ်ချင်သေးဘူး.....။ ကိုယ့်ကို သီချင်းဆိုပြပါလား အိန်ဂျယ်။ ဂီတာတစ်လက်ယူခဲ့တယ်.... ကိုယ်ကဂီတာတီးမယ် မင်းကဆိုပေါ့ ဟုတ်လား......။ ကိုယ်တို့ ဘာသီချင်းဆိုရင်ကောင်းမလဲ... ကိုမျိုးကျော့ရဲ့ “မိုးလေးဖွဲတုန်း” ကိုဆိုကြမလား....။
“မကြီးဂီတာတီးတတ်တယ်လို့ ကျနော့်ကို တခါမှမပြောဖူးဘူး....မိုက်တယ်....မကြီးကတော်တယ်”
ညဉ့်နက်လာလေလေ မြို့ကလေးကလဲ မီးရောင်တွေမှိန်တထက်မှိန်လို့ ငိုက်မျဉ်းစပြုလာပြီ......။ ကြယ်ကလေးတွေကတော့ အမှောင်ကိုဆန့်ကျင်လို့ ပိုပိုလင်းလက်တောက်ပနေကြတယ်....။ အိန်ဂျယ်က မြို့ကလေးကို ငေးမောကြည့်ရင်း ကိုယ့်ကိုပြောတယ်......။
“ကျနော့်ဘဝမှာ အမှတ်တရညတွေကို ပထမဦးဆုံးဖန်တီးပေးခဲ့တာ မကြီးတစ်ယောက်ပဲရှိသေးတယ်.....ဒီညလေးကိုလဲ ကျနော်တစ်သက်လုံးမေ့ပစ်လို့ရမှာမဟုတ်တော့ဘူး...ဘုရားသခင်ကိုယ်တော်ကိုလည်းကျေးဇူးတင်တယ်... ကျနော့်အတွက် အကောင်းဆုံးကော်ဖီတစ်ခွက်ကိုဖျော်ပေးတဲ့သူဖန်ဆင်းပေးလို့”
မင်းပြောတဲ့ “အကောင်းဆုံးကော်ဖီတစ်ခွက်ကိုဖျော်ပေးတဲ့သူဖန်ဆင်းပေးလို့” ဆိုတဲ့စကားလေးကို ကိုယ်သိပ်သဘောကျသွားတယ်....။
“ကိုယ်လဲမင်းနဲ့ထပ်တူပါပဲ အိန်ဂျယ်....နွေးထွေးတဲ့ မင်းအတောင်ပံအောက်မှာ အမြဲရှိနေမယ်ဆိုရင် ဘယ်လိုရာသီဥတုဒဏ်မျိုးကိုမှ ဘယ်လိုအန္တရယ်မျိုးကိုမှ ကိုယ်မမှုတော့ဘူး”
ကိုယ့်စာအုပ်လေးထဲက စကားပန်းခြောက်လေး...မင်းကို ထုတ်ပြလိုက်တယ်.......။
“ကျနော်ပန်ပေးခဲ့တဲ့ စကားပန်းပွင့်လေး မကြီးသိမ်းထားတာလား” “အင်းလေ.....”
မင်းက ပြုံးပြီး အိတ်ကပ်ထဲကနေ စကားပန်းပွင့်လေးတစ်ပွင့်ထုတ်လာတယ်.....။
“ဟမ်........ ဘယ်တုန်းကထည့်လာတာလဲ” “ညနေတုန်းက ဘုရားကျောင်းဝင်းထဲက ခူးလာတာ”
ကိုယ့်ဘေးနားတင်ပါးလွဲထိုင်ပြီး.......ကိုယ့်ဆံနွယ်မှာ စကားပန်းလေးပန်လိုက်တယ်.....။
“ဒီပန်းပွင့်လေးနဲ့တူ ဘုရားသခင်ကိုတိုင်တည်ပါတယ်..... ကျနော်ဟာ မကြီးရဲ့တစ်သက်လုံးအတွက် နွေးထွေးတဲ့ အတောင်ပံများနဲ့ အုပ်မိုးပေးနိုင်မယ့် အိန်ဂျယ်ဖြစ်ရပါစေလို့.......”
ကိုယ်ကြားရုံလောက်ကလေး မင်းက အနားမှာ ခပ်တိုးတိုးလေးရွတ်ဆိုလိုက်တာပါ......။
မင်းနှာတံမြမြလေးကို ကိုယ်ညစ်လိုက်တော့ မင်းကကိုယ့်ကို ရင်ခွင်ထဲဆွဲသွင်းလိုက်တယ်....။ မင်းတကယ်ပဲ ကိုယ့်ကို မင်းအတောင်ပံအောက် နားခိုခွင့်ပြုလိုက်ပြီပေါ့ ဟုတ်လားအိန်ဂျယ်........။ ကိုယ့်နဖူးမှာ ထိတွေ့ခံစားလိုက်ရတဲ့ နွေးထွေးတဲ့မင်းရဲ့ နှုတ်ခမ်းထူထူက အနမ်းလေးတစ်ခု.......။ ကိုယ့်ဆီကနေ ဘယ်တော့မှထွက်မသွားပါနဲ့တော့အိန်ဂျယ်လို့ စိတ်ထဲက ရွတ်ဆိုရင်း မင်းကို တင်းကျပ်စွာကိုယ်ပြန်ထွေးပွေ့ထားမိတယ်.......။
မြို့ကလေးကိုလှမ်းကြည့်တော့ မီးတွေမှိန်ပြလို့ ငိုက်မျဉ်းနေပြီ........။
မိုးငွေ့