Saturday, 27 August 2016

မဟာ.....




ကျွန်မတို့မြန်မာနိုင်ငံရဲ့ နှစ်ပေါင်းများစွာက ဘုရင်မင်းဆက် အဆက်ဆက် တည်ထားကိုးကွယ် ကျန်ရစ်တဲ့ ရှေး‌ဟောင်း ယဉ်‌‌ကျေးမှုနယ်‌‌မြေရှိ  အမွေအနှစ်ဘုရားပထိုးများ တည်ထားရာ  ပုဂံမြေဟာ ချောက်မြို့ကို ဗဟိုပြုပြီးလှုပ်ခတ်သွားခဲ့တဲ့ ၆.၈ ပြင်းအားငလျင်ဒဏ်ကြောင့် ဘုရား‌စေတီ‌တော်‌ ၁၈၀ ‌ကျော်‌ ပျက်‌စီးခဲ့ပါတယ်...။ မြေပြန့်ဖြစ်နေတာကြောင့် လူနေတိုက်တာအမြင့်တွေ မရှိတာကြောင့် လူအသေအကျေနည်းခဲ့ပါတယ်...။ ၂၄.၃.၂၀၁၁ ခုနှစ်တုန်းက ခုလိုပဲ အဆင့် ၇  ပြင်းအားငလျင်တစ်ခု ကျွန်မရဲ့ ဇာတိမွေးရပ်ဖြစ်တဲ့ တာလေမြို့တစ်ခုလုံး ပိပြားသွားခဲ့ပါတယ်..။ တိုက်တိုက်ဆိုင်ဆိုင် ရက်စွဲပါတူနေခဲ့တယ်...။

အို...ပုဂံ အနုပညာမြှောက်လွန်းတဲ့ ယွန်းထည်လှလှတွေရှိရာ အာနန္ဒာ၊ နွားနို့နဲ့ မြစ်ငါးကြော်လေးတွေ ယွန်းလက်ကောက်လေးတွေရောင်းတဲ့ ဇီးကွက်စိန်ရွာမှာတည်ထားခဲ့တဲ့ ဧရာဝတီမြစ်နဖူးက လောကနန္ဒာ ၊ နေထွက်မှာ မြူငွေ့ပါးပါးတွေကြားက ထင်းခနဲ ဖူးမျှော်နိုင်တဲ့ စူဠာမဏိ၊ ရင်ပြင်မှာ လမ်းလျှောက်ရင် ထနှောင်းဆူးတွေ စူးတတ်တဲ့ ထုထည်အကြီးဆုံး ဓမ္မရံကြီး၊ ရုပ်သေးရုပ်တွေမျိုးစုံနဲ့ လာသမျှဧည့်သည်တွေကို ဆွဲဆောင်နိုင်တဲ့ အဖိုးမဖြတ်နိုင်တဲ့ နံရံဆေးပန်းချီတွေရှိတဲ့ ထီးလိုမင်းလို၊  ဉာဏ်တော်အမြင့်ဆုံး သဗ္ဗညု နဲ့ အခြားပျက်စီးသွားသောစေတီများကို လွမ်းဆွတ်တမ်းတ နှမြောစိတ်တွေကြောင့် ဖြစ်နိုင်ရင် ချက်ချင်းပြေးသွား ကြည့်ချင်ရဲ့...။ 

ပြောချင်တာက  ပြန်မရနိုင်တော့တဲ့ ပျက်စီးဆုံးရှုံးသွားခဲ့သော ရှေးအမွေအနှစ်တွေ၊ အနုပညာလက်ရာတွေ၊ ဗိသုကာပညာတွေကို နှမြောသတ မိတာပါပဲ...။ ပုဂံမြေဆိုတာ ကျွန်မဘဝမှာ အကြိမ်ကြိမ်ရောက်ဖူးခဲ့တဲ့ နေရာပါ...။ ဘယ်ချိန်သွားသွား မရိုးအီသွားနိုင်ဘဲ မြန်မာကိုသာမက ကမ္ဘာကိုပါ ဆွဲဆောင်နိုင်ခဲ့တဲ့ နေရာလေးတစ်ခုပါ...။ ငလျင်လှုပ်ပြီး နောက်တစ်နေ့မှာပဲ ဘုရားများကိုပြန်လည်ပြုပြင်နိုင်ဖို့ ကားနဲ့ ကိုယ်တိုင်ရောက်လာပြီး ငွေကျပ်သိန်းတစ်ရာလှူဒါန်းသွားခဲ့တဲ့ သီတဂူဆရာတော်ကြီးကိုလည်း မုဒိတာပွားမိပါတယ်...။ ကိုယ်တိုင်ကိုယ်ကျ လာရောက်ကြည့်ရှုစစ်ဆေးတဲ့ သမ္မတကြီး ကိုလည်း ကျေးဇူးတင်ပါတယ်...။ ပုဂံကိုပုံနှင့်တကွ  နှစ်လရှည်စွာ မြင်ကွင်းမှာ ဆောင်းပါးရေးခဲ့၊ လက်ရှိမှာလည်း ပုံများရိုက်ပြီးစုဆောင်း အက်ဆေးတိုလေးတွေနဲ့ မှတ်တမ်းတင်နေဆဲဖြစ်တဲ့ ဆရာကျောင်း(မျိုးဆွေသန်း)ကိုလည်း ကျေးဇူးတင်ပါတယ်။  ပျက်စီးမှုအများဆုံးဖြစ်တဲ့ စူဠာမဏိ ဘုရားကို သွားတဲ့လမ်းများအား သြဂုတ်လ (၂၆) ရက်နေ့ မနက်ပိုင်းက လုပ်အားပေးခဲ့တဲ့ Miss Myanmar Charity Group မှ အလှမယ်များကိုလည်း ကျေးဇူးတင်ပါတယ်...။

ခုတော့ မဟာ သီချင်းလေးနဲ့ အလွမ်းဖြေခွင့်ပြုပါဦး.....။



 



မိုးငွေ့

Monday, 22 August 2016

မိုးသည်းတုန်းတစ်ခဏ.....




ဒီမနက် မိုးတွေသည်းလိုက်တာ.........

ကားမှန်အပြင်ဖက်က အုံ့ဆိုင်းညှို့မှိုင်းနေတဲ့ အရောင်တွေနဲ့ မိုးရေစက်တွေ ယှက်ထွေး နေတာကိုငေးမောရင်း... ဖုန်းနားကြပ်လေးနဲ့ X-banana အဖွဲ့ရဲ့ “မိုးရာသီအလွမ်း” သီချင်းကို နားထောင်နေခဲ့မိတယ်...။ သီချင်းလေးနဲ့ အပြင် ပတ်ဝန်းကျင်အပံ့အပိုးက လိုက်ဖက်နေတာကိုး....။ 

တရွေ့ရွေ့သွားနေတဲ့ ကားတန်းကြီးကိုမေ့ထားပြီး မျက်စိစုံမှိတ်ထားလိုက်တယ်...။ ခုချိန်မှာ ကားတန်းကြီးမလှုပ်လေ ကိုယ့်အတွက်ပျော်လေပဲ...။ မိုးရွာနေတာကို ကိုယ်က သဘောကျတယ်လေ...။ 

ကောင်းကင်ကြီးတစ်ခုလုံး မီးခိုးရောင်တိမ်တိုက်တွေဖုံးလွှမ်းနေတာများ ဒါဟာ မနက်ခင်းတစ်ခုလို့တောင် မထင်မှတ်မိဘူး...။ 

အင်းလေ... မနက်ခင်းတစ်ခုဟာ ကျေးငှက်သံသာတွေနဲ့ နေခြည်နုတွေနဲ့ မြက်ခင်းစိမ်းတွေနဲ့ ပန်းပေါင်းစုံတွေ ဖူးပွင့်မွှေးမြနေရမယ်လို့ တရားသေသတ်မှတ်လို့မှမရဘဲ...။ ဒီလိုပဲ အချိန်တိုင်း မိနစ်တိုင်း စက္ကန့်တိုင်းမှာ အရာရာတိုင်းဟာ  ပြောင်းလဲနေကြမှာပဲ..။

အရင် ရက်တွေဆို ကိုယ်အလုပ်သွားရင် ကားစီးရင်း စာအုပ်ဖတ်ဖြစ်တာများတယ်...။ ခုနောက်ပိုင်း နဲနဲဆင်ခြင်လိုက်တယ် ..။ အလုပ်မှာလည်းတနေကုန် ကွန်ပြူတာကြည့်တာဆိုတော့ မျက်လုံးကို သက်ညှာရမယ်လေ...။ ဒါကြောင့် စာအုပ်မဖတ်ဖြစ်တော့ဘဲ သီချင်းနားထောင်တယ်... လမ်းတလျှောက်လုံးက သစ်ပင်စိမ်းစိမ်းတွေကို မျက်စိအားဆေးအဖြစ်ကြည့်ဖြစ်တယ်...။ စာအုပ်ကိုတော့ ညမအိပ်ခင် ဖတ်နိုင်သလောက်ဖတ်တယ်...။ ပိတ်ရက်တွေမှာ ဖတ်တယ်...။ အသုံးအဆောင် အဝတ်အစားတွေထဲမှာ အစိမ်းကို မနှစ်သက်ပေမယ့်လည်း အစိမ်းရောင်ရှိတဲ့ ပတ်ဝန်းကျင်ကိုတော့ ကြိုက်တယ်..။

ခုလို မိုးသည်းထဲ ဘာအနှောင်အဖွဲ့ အချည်အနှောင်မှမပါဘဲ အနှောက်အယှက်ကင်းကင်း လမ်းလျှောက်ရရင် သိပ်ကောင်းမှာပဲလို့ တွေးမိတယ်...။  ဘယ်သူမှလုမယူနိုင်တဲ့ ကိုယ်ပိုင်ချိန်စစ်စစ် ရလိုတယ်...။ မိုးသည်းထဲလျှောက်သွားပြီးရင်လည်း ကော်ဖီပူပူလေးတစ်ခွက်သောက်ရင်း မိုးကို ထိုင်ကြည့်ချင်သေးတယ်...။

မိုးကိုမြင်ရင် မိုးထဲ လမ်းလျှောက်ချင်မိ...။ ရွှဲရွှဲစိုတဲ့ အရသာကိုခံစားချင်ခဲ့မိ...။ မိုးကောင်းကင်ကို မျက်နှာမူတဲ့အခါ မိုးစက်တွေခပ်စူးစူးလေးလာထိမှန်တဲ့ ခံစားမှုကိုလိုချင်မိ....။ သြော်.... မိုးကို တွယ်တာမက်မော စွဲလန်းတဲ့ စိတ်က အရင်တိုင်းပါပဲလား....။ ပြောင်းလဲခြင်းတွေထဲက မပြောင်းလဲသေးတဲ့ စိတ်ခံစားမှုတစ်ခု...။


မိုးငွေ့


Wednesday, 17 August 2016

သာဓု Family.....



ခုတလော ကျွန်မ သူတို့(ဦးသာဓုနှင့် သားများ)ရဲ့ စာအုပ်တွေကို ဓါတ်ကျနေတာ...။ ဦးသာဓုတို့မိသားစုကို စိတ်ဝင်စားသွားစေတဲ့ စာအုပ်ကတော့ “ဆွေမျိုးထဲက ဆိုပေကြီးများ”ဆိုတဲ့ စာအုပ်ပဲ...။ အဲဒီစာအုပ်ကို အွန်လိုင်းမှာ ဖတ်ပြီးကတည်းက ကျွန်မ သူတို့မိသားစုဝင်တွေဖြစ်ကြတဲ့ ဆရာဦးသာဓု၊ ဆရာဦးသုမောင်နဲ့ ဆရာမင်းလူတို့ စာအုပ်ကို ရှာဝယ်ဖတ်ဖြစ်ခဲ့ပါတယ်..။ ဆရာဦးသာဓုရဲ့ အငယ်ဆုံးသား (ဦးသာဓုရဲ့ ဒုတိယအိမ်ထောင် ရုပ်ရှင်မင်းသမီးမြတ်မွန်ရဲ့သားကြီး) ဆရာအာယုကိုတော့ နာမည်ကြီး “မောင်”သီချင်းကိုရေးတဲ့ တေးရေးဆရာအဖြစ်နဲ့သာသိဖူးပါတယ်..။ အစ်ကိုအကြီးဆုံးဖြစ်တဲ့ စာရေးဆရာ ဒါရိုက်တာ ဦးဝဏ္ဏနဲ့ အငယ်ဆုံး ဆရာဦးအာယု တို့ရေးတဲ့ စာအုပ်တွေကိုတော့ မဖတ်ခဲ့ဖူးပါဘူး..။ သူတို့စာအုပ်တွေကိုလည်း ခုနောက်ပိုင်း ပြန်ထုတ်တဲ့အထဲမတွေ့ရဘူး ...။ ဦးသာဓုသားများအားလုံးထဲမှာ ဆရာမင်းလူကတော့ စာရေးအကောင်းဆုံးလို့ထင်ပါတယ်...။

ဦးသုမောင်ကို အများအားဖြင့် ရုပ်ရှင်မင်းသားတစ်ယောက်လို့ပဲ သိထားကြတာ..။ တကယ်တမ်းသူက မင်းသားမဖြစ်ခင်ကတည်းက စာရေးဆရာစဖြစ်ခဲ့သူပါ နောက်မှ ဂီတ နဲ့ ရုပ်ရှင်တွဲဖက်လိုက်လာတာ..။ ကျွန်မကတော့ ၀ါသနာအရ စာရေးနေသူ စာပေကိုချစ်မြတ်နိုးသူတစ်ယောက်မို့ ဦးသုမောင်ကို စာရေးဆရာတစ်ယောက်အဖြစ်သာ မြင်ပါတယ်...။ ဒါကြောင့် ဦးသုမောင်နာမည်ကို အရှေ့က စီးစီးပိုးပိုး ဆရာလို့တပ်ပြီး ရေးရတာကြိုက်လို့ကို အဲလိုရေးတာပါ...။ ခုနောက်ပိုင်း ပေါ်ပင်စာရေးဆရာတွေ အသစ်ထွက်လာတဲ့ စာရေးဆရာတွေကို သိပ်မသိတော့ဘူး...။ အနှစ်သာရရှိတဲ့ စာအုပ်အဟောင်းတွေ ယခင့်ယခင် ဆရာ့ဆရာကြီးတွေရဲ့ အတွေးအရေးကို ပိုပြီး ခုံမင်မိတာတော့အမှန်ပဲ...။ သူတို့စာတွေကို ဖတ်ရတာ လေးလေးပင်ပင်ရှိတယ်လေ..။

ငယ်စဉ်မြီးကောင်ပေါက်အရွယ်ကတော့ ပေါ်ပင် အချစ်ဝတ္ထုခပ်ပေါ့ပေါ့တွေကိုပဲဖတ်ဖြစ်ခဲ့တယ်...။ ရသစာပေကို ဖတ်ရကောင်းမှန်း မသိသေးတဲ့အရွယ်...။ ဘယ်စာအမျိုးအစားကိုဖတ်သင့်တယ် မဖတ်သင့်ဘူးဆိုတာ ခွဲခြားမသိသေးတဲ့အရွယ်ကိုး...။ တကယ်တမ်း ဇာတ်လမ်းဇာတ်ကွက်ဝတ္ထုတွေထက် ကျွန်မ တကယ်နှစ်သက်တဲ့ စာအမျိုးအစားဟာ တကယ့်ဘ၀အဖြစ်အပျက်အတွေ့အကြုံတွေကို အက်ဆေးဆန်ဆန် ရသနဲ့မွမ်းပြီးပြန်ရေးတဲ့ စာတွေဖြစ်တယ်ဆိုတာ သိလာရတယ်...။ အတ္ထုပ္ပတ္တိစာအုပ်လိုမျိုး စာရေးဆရာကိုယ်တိုင်ရဲ့ ကြုံတွေ့ခဲ့ဖူးတဲ့ သူ့ဘ၀တစ်စိတ်တပိုင်းကိုရေးသားထားတဲ့ စာအုပ်လိုမျိုးကို ဆိုလိုတာပါ...။ အခုပြောပြတဲ့ ကျွန်မနှစ်သက်တဲ့ စာအမျိုးအစားကို (ကျွန်မ မမွေးခင်ကတည်းက) ဦးသာဓုတို့မိသားစုတွေက လစဉ်ထုတ် မဂ္ဂဇင်းတွေမှာရေးလေ့ရှိပါတယ်...။ ခုတခါ သူတို့ရေးခဲ့ဖူးတဲ့ စာတွေကိုစုပြီး စာအုပ်အဖြစ်ပြန်ရိုက်နှိပ် ထုတ်ဝေတော့ တစုတစည်းထဲ ဖတ်ရတာ ပိုအဆင်ပြေသွားတယ်...။

နောက်များမှာ ကျွန်မဖတ်ထားခဲ့တဲ့ စာအုပ်တွေထဲက တစ်အုပ်ချင်းဆီကို Review မဟုတ်ဘဲ အဲဒီစာအုပ်တွေ ဖတ်နေစဉ်မှာ ဖြစ်ပေါ်လာတဲ့ ကျွန်မရဲ့ ခံစားမှုနဲ့ အတွေးစလေးတွေကို အက်ဆေးတစ်ပုဒ်အဖြစ် ရေးပြချင်ပါသေးတယ်...။ အခုဒီစာပေခံစားမှု စာစုအဆုံးသတ်ကိုတော့  ဦးသာဓုရဲ့ ကိုယ်ရေးအကျဉ်းလေးနဲ့ နိဂုံးချုပ်ချင်ပါတယ်...။


သခင်ဖေသန်း (သာဓု)
စာပေနှင့် ဘ၀ဖြစ်စဉ်မှတ်တမ်း

၁၉၁၈ ။ ပဲခူးမြို့ အဖ ဦးမြမောင်၊ အမိ ဒေါ်ဖွားမျှင်တို့မှဖွားမြင်သည်။ မွေးချင်း မောင်နှမ နှစ်ယောက်ဖြစ်၍    ဆရာ သာဓုမှာ အငယ်ဖြစ်သည်။ ကြာသပတေးသားဖြစ်ပြီး အမည်ရင်းမှာ ဖေသန်းဖြစ်သည်။

၁၉၂၉ ။ ရန်ကုန်မြို့၊ လမ်းမတော်မြို့နယ်၊ ကျုံးကြီးလမ်းရှိ ဗုဒ္ဓဘာသာ မိန်းကလေးကျောင်းတွင် ကျောင်းစတင်နေခဲ့သည်။ စတုတ္ထတန်းအောင်သောအခါ ရန်ကုန်အစိုးရ ဟိုက်စကူးကျောင်းတွင် န၀မတန်းအထိ ပြောင်းရွှေ့ ပညာသင်ကြားခဲ့သည်။

၁၉၃၆  ။ ကျောင်းမှထွက်၍ ရန်ကုန်အလယ်ပိုင်း (ကုန်ဈေးတန်း)တို့ဗမာအစည်းအရုံး လှုပ်ရှားမှုကို ထူထောင်ပြီး အတွင်းရေးမှုးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ 

၁၉၃၈  ။ ၁၃၀၀ပြည့် အရေးတော်ပုံတွင် ပါဝင်လှုပ်ရှာ်းရင်း ရေနံသပိတ်တပ်ကြီး ရန်ကုန်သို့ချီတက်ရာတွင် အသေခံ တပ်ဗိုလ်အဖြစ် တာဝန်ယူဆောင်ရွက်ခဲ့သည်။

၁၉၃၉ ။ ရန်ကုန်မြို့၊ ဒေါက်တိုမြ ဆေးတိုက်တွင် စာရေးအဖြစ် လုပ်ကိုင်သည်။ နယ်လှည့် ကိုယ်စားလှယ်လည်း လုပ်သည်။

၁၉၄၄ ။ ဂျပန်ခေတ်တွင် “ပူတူတူး” ပေါင်ဒါလုပ်ငန်း လုပ်ကိုင်သည်။ ကျောင်းဆရာမ ဒေါ်ခင်ညို(နောင်တွင် မူလတန်းကျောင်းအုပ်) နှင့် အိမ်ထောင်ပြုသည်။

၁၉၄၄-၄၅  ။ ဘတ်စ်ကား၊ မြင်းလှည်း တည်ထောင် အသက်မွေးခြင်း လုပ်ငန်းကိုလုပ်ကိုင်သည်။
၁၉၄၅-၄၆  ။ ပူတူတူး ပုံနှိပ်တိုက် တည်ထောင်သည်။

၁၉၄၆       ။  ဒါတွေပြင် အမည်ရှိ ၀တ္ထုစာအုပ်ကို ပူတူတူးပုံနှိပ်တိုက်မှ ထုတ်ဝေသည်။

၁၉၄၇       ။ ၀န်ကြီးတစ်မတ် ၀တ္ထုရေးရင်း စာပေလောကသို့ ရောက်ရှိခဲ့သည်။

၁၉၄၈       ။ ပဒေသာ မဂ္ဂဇင်းတွင် တာဝန်ခံအယ်ဒီတာအဖြစ် လုပ်ကိုင်သည်။

၁၉၄၉-၅၀  ။ စာသဘင် စာအုပ်တိုက် တည်ထောင်သည်။ သစ္စာမဂ္ဂဇင်းကို ဦးစီးထုတ်ဝေသည်။

၁၉၄၉   ။ ချစ်စံနမူ စာအုပ်ကို စာဘင်စာအုပ်တိုက်မှ ပထမအကြိမ်အဖြစ်ထုတ်ဝေသည်။ ချစ်စံနမူ ဒုတိယအကြိမ်ထုတ်ဝေသည်။

၁၉၅၀  ။ မြန်မာနိုင်ငံ စာရေးဆရာအသင်း အမှုဆောင်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ပဒေသာမဂ္ဂဇင်းကို သာဓု တစ်ဦးတည်းပိုင်အဖြစ် ထုတ်ဝေသည်။ ချစ်စံနမူ တတိယအကြိမ် ထုတ်ဝေသည်။ အရသာ စာအုပ်ထုတ်ဝေသည်။ အရသာ အမှတ်(၂) စာအုပ်ထုတ်ဝေသည်။ အာယု စာအုပ်ထုတ်ဝေသည်။ အမွေခံ စာအုပ်ထုတ်ဝေသည်။

၁၉၅၁  ။ တပ်ထဲက မြတ်ကိုကို ထုတ်ဝေသည်။ (စာပေဗိမာန် ကာလပေါ် ၀တ္ထုဆုအဖြစ် ဆုငွေတစ်ထောင်ရရှိခဲ့သည်)။ တပ်ထဲကမြတ်ကိုကို ဒုတိယအကြိမ် ထုတ်ဝေသည်။ လင်မယားဘ၀ ဒုတိယအကြိမ်ထုတ်ဝေသည်။ အသက် စာအုပ်ထုတ်ဝေသည်။

၁၉၅၂   ။ ချစ်စံနမူ စတုတ္ထအကြိမ် ထုတ်ဝေသည်။ ချစ်တက္ကသိုလ်(ချစ်စံနမူအဆက်) ထုတ်ဝေသည်။ တပ်ထဲကမြတ်ကိုကို တတိယအကြိမ်ထုတ်ဝေသည်။ အနှစ် ထုတ်ဝေသည်။ အနှစ်၏အနှစ် ထုတ်ဝေသည်။ 

၁၉၅၃    ။ ချစ်တက္ကသိုလ် ဒုတိယအကြိမ်ထုတ်ဝေသည်။ တပ်ထဲကမြတ်ကိုကို စတုတ္ထအကြိမ် ထုတ်ဝေသည်။ တပ်ထဲကမြတ်ကိုကို ပဉ္စမအကြိမ် ထုတ်ဝေသည်။ နောက်လင် စာအုပ်ကို ထုတ်ဝေသည်။

၁၉၅၄  ။ တပ်ထဲကမြတ်ကိုကို ဆဌမအကြိမ် ထုတ်ဝေသည်။ တပ်ထဲကမြတ်ကိုကို သတ္တမအကြိမ် ထုတ်ဝေသည်။ တပ်ထဲကမြတ်ကိုကို အဌမအကြိမ် ထုတ်ဝေသည်။ နောက်မယား ထုတ်ဝေသည်။

၁၉၅၅ ။ ထပ်ထဲက မြတ်ကိုကို ၀တ္ထုအား ဟိုက်စကူးနှင့် တက္ကသိုလ်ဝင် စာမေးပွဲများအတွက် ကျောင်းသုံးအဖြစ် ပြဌာန်းသည်။ ချစ်စံနမူ ပဉ္စမအကြိမ် ထုတ်ဝေသည်။ ချစ်ဇနီး ချစ်လင် ထုတ်ဝေသည်။ ဇာတ်လမ်းပမာ ထုတ်ဝေသည်။ (အင်္ဂလိပ်ရုပ်ရှင်ကား A peace in the sun ကိုမှီးရေးသည်။) အတာ ထုတ်ဝေသည်။ စစ်သားအိပ်ဆောင် ဒုတိယအကြိမ်ထုတ်ဝေသည်။

၁၉၅၆  ။ ချစ်စံနမူ ဆဌမအကြိမ် ထုတ်ဝေသည်။ ချစ်တက္ကသိုလ် ထုတ်ဝေသည်။ အတာ ထုတ်ဝေသည်။ လိင် နှင့် မေမေလတ် ထုတ်ဝေသည်။ အာယု နှင့် အမွေခံ ထုတ်ဝေသည်။ 

၁၉၅၇  ။ ချစ်တက္ကသိုလ် စတုတ္ထအကြိမ် ထုတ်ဝေသည်။ 

၁၉၅၈  ။ ချစ်တက္ကသိုလ် ပဉ္စမအကြိမ် ထုတ်ဝေသည်။

၁၉၅၉  ။ ရုပ်ရှင်နယ်ပယ်သို့ ကူးပြောင်းပြီး ကကြီးရေက အမည်ရှိ ပထမဆုံးရုပ်ရှင်ကားကို ရိုက်ကူးသည်။ ဒါရိုက်တာ အကယ်ဒမီဆု ရရှိသည်။ ချစ်ဇနီး ချစ်လင် ဒုတိယအကြိမ်ထုတ်ဝေသည်။ အသက် ဒုတိယအကြိမ်ထုတ်ဝေသည်။

၁၉၆၀  ။ အငိုလွယ်သည် အမည်ရှိ ရုပ်ရှင်ဇာတ်ကားဖြင့် ဒုတိယအကြိမ် အကယ်ဒမီ ဒါရိုက်တာဆုရရှိသည်။ ဒေါ်တင်တင်အုန်း (ရုပ်ရှင်မင်းသမီး မြတ်မွန်) နှင့် ဒုတိယ အိမ်ထောင်ပြုသည်။

၁၉၆၁   ။ သြော်...ချစ်တာ ချစ်တာ နှင့် အခြားဝတ္ထုတိုများ စာအုပ် ထုတ်ဝေသည်။

၁၉၆၆  ။  ချစ်တက္ကသိုလ် ဆဌမအကြိမ် ထုတ်ဝေသည်။

၁၉၆၈  ။ တာဝန် အမည်ရှိ ရုပ်ရှင်ကား ရိုက်ကူးသည်။ ဒုတိယအိမ်ထောင်နှင့် ကွာရှင်းသည်။ နောက်မယား ဒုတိယအကြိမ် ထုတ်ဝေသည်။

၁၉၆၉  ။ အသက်  တတိယအကြိမ်ထုတ်ဝေသည်။

၁၉၇၀  ။ လိင် စာအုပ်ထုတ်ဝေသည်။ အတာ ပထမတွဲ ဒုတိယအကြိမ် ထုတ်ဝေသည်။ အတာ ဒုတိယတွဲ ထုတ်ဝေသည်။

၁၉၇၁  ။ သာဓု ရေးနည်း ၀တ္ထုတိုများ ဒုတိယအကြိမ် ထုတ်ဝေသည်။ အာယု နှင့် မေမေလတ် ထုတ်ဝေသည်။  

၁၉၇၄  ။ အနှစ် တတိယအကြိမ် ထုတ်ဝေသည်။ 

၁၉၇၆  ။ သာဓု လူဝါးဝတယ် ထုတ်ဝေသည်။

၁၉၇၈ ။ သာဓု အင် ဆန်း (စ်) ထုတ်ဝေသည်။

၁၉၇၉ ။ အကြင်တို့လင်မယား အမည်ရှိ ရုပ်ရှင်ဇာတ်ကားကို ရိုက်သည်။

၁၉၈၀  ။ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယအဆင့်) ချီးမြှင့်ခံရသည်။ ဆီးရောဂါဖြင့် ဆေးရုံတက်ရောက် ကုသခံခဲ့ရသည်။ သာဓု လူဝါးဝတယ် ဒုတိယအကြိမ် ထုတ်ဝေသည်။

၁၉၈၁ ။ ရုပ်ရှင်ကောင်စီ အစည်းအရုံးတွင် ကော်မတီဝင်အဖြစ် ဆောင်ရွက်သည်။ ဆေးရုံတက်၍ နားရောဂါ ခွဲစိပ်ကုသခဲ့သည်။ ငိုမလို ရီမလို ယောက်ကာမဲ့ မလှောင်ပါနဲ့ တိမ်မင်းဝဠာ(အခြားစာရေးသူများ နှင့် တွဲ၍ထုတ်ဝေသည်။)

၁၉၈၅  ။ ဆေးရုံတက်၍ မျက်စိခွဲစိပ် ကုသခဲ့သည်။ ဒီမျက်နှာလေးကိုချစ်တာ ထုတ်ဝေသည်။

၁၉၉၀  ။ မကျန်းမာ၍ ဆေးရုံတက်ရောက်ခဲ့သည်။

၁၉၉၁  ။ ရုပ်ရှင်အစည်းအရုံး တွင် နာယကအဖြစ် ဆောင်ရွက်လျှက်ရှိပြီး အမှတ် ၉၇ သံလွင်လမ်း၊ ရန်ကုန်မြို့တွင် စာပေနှင့် ရုပ်ရှင်လုပ်ငန်းများကို လုပ်ကိုင်လျက်ရှိရာမှ အစာအိမ်သွေးယိုသည့် ရောဂါကြောင့် ဆေးရုံတက်၍ ကုသမှုခံယူခဲ့သည်။ ဆေးရုံမှ ဆင်းလာသောအခါ ခြံအမှတ်(၃) လေးဒေါင့်ကန်လမ်း(သာဓုခြံ)၊ သင်္ကန်းကျွန်းတွင် အနားယူ၍ ဆေးကုသမှုခံလျက်ရှိရာမှ ၁၉၉၁ခုနှစ် ဧပြီလ ၇ ရင်နေ့တွင် အဆုတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်အနိစ္စရောက်ခဲ့သည်။ ကွယ်လွန်ချိန်တွင် သားသမီး ခုနှစ်ဦး ကျန်ရစ်သည်။ ကြိုး ဇာတ်ကားကို ရိုက်ကူးဆဲ၊ တို့ကိုယ်ကျိုးလုံးလုံးမပါ လုံးချင်းဆောင်းပါးစာအုပ်ကို ရေးသားဆဲတွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

မိုးငွေ့


Saturday, 13 August 2016

မချစ်ရဘူးတဲ့လား.....




ဝေလကို စသိတာ လွန်ခဲ့တဲ့ နှစ်နှစ်က မိုးရာသီMTV ဆုပေးပွဲတုန်းကပါ...။ ကြိုဆိုပါ၏၊ ပြတ်တုန်းလပ်တုန်း၊ ခင်လေးစိမ်းတယ်၊ မိတ်ကပ်မကြိုက်သူများ၊ စတဲ့သီချင်းတွေနဲ့ တခြားတော်တော်များများကို နားထောင်ဖြစ်ပါတယ်..။ “မချစ်ရဘူးတဲ့လား”က နောက်စီးရီးထဲက သီချင်းပါ..။ ခုနောက်ဆုံးထွက်တဲ့ အဓိပတိဖွား ထဲက သီချင်းတွေလည်းအကုန်ကောင်းတယ်။ မချစ်ရဘူးတဲ့လားကိုလည်း နားထောင်ဖြစ်နေပေမယ့် အိပ်မက်ဆုံရာမှာ အိသန္တာပြန်ဆိုတော့ ပိုကြိုက်သွားတယ်..။ နောက်ဆုံး ဟမ်းလေးဆိုတာကို အကြိုက်ဆုံးပဲ ဝေလဆိုတာလောက် မရှည်ပေမယ့်ကောင်းတယ်...။ နားထောင်ကြည့်ကြည့်နော်...း)

မိုးငွေ့


Thursday, 11 August 2016

ဧ၀မတိုင်ခင်က.....

 


နယူတန်
မပေါ်ခင်ကတည်းက
ပန်းသီးတွေ
ကြွေကျနေခဲ့တာပါ။

ကိုပါးနီးကပ်စ်
မသိခင်ကတည်းက
ကမ္ဘာကြီးက
နေကိုပတ်နေခဲ့တာပါ။

ပိုက်သာဂိုးရပ်စ်
မစဉ်းစားခင်ကတည်းက
စက်ဝိုင်းတွေရှိနေခဲ့တာပါ။

ဆွန်ဇူး
မမွေးခင်ကတည်းက
စစ်ပွဲတွေ
ဖြစ်နေခဲ့တာပါ။

အိုင်စတိုင်း
မတွေးမိခင်ကတည်းက
အချိန်တွေ
ရွေ့လျားနေခဲ့တာပါ။

ဒါဆို
အာဒမ်ရဲ့
နံရိုးတစ်ချောင်းကို
မထုတ်ယူခင်ကတည်းက
အချစ်ဆိုတာ
ရှိနှင့်နေခဲ့ပြီးသား
ဖြစ်များ ဖြစ်နေမလား။      ။ (မင်းလူ)

တစ်ကိုယ်တော်မဂ္ဂဇင်းမှ (ဟာသဂျာနယ်၊ အတွဲ(၁) )

Monday, 8 August 2016

ဖြေတွေး-၂

 


လေးပါးသီလမြဲတဲ့ ယမကာလုလင်နဲ့
လိမ်ပြောတတ်တဲ့ ဖိုးသူတော်
ဘယ်သူက အပြစ်ပိုကြီးသလဲ။

ရှိပြီးသားကို လှူတဲ့လူနဲ့
မရသေးတာကို စွန့်လွှတ်တဲ့လူ
ဘယ်သူက ပိုမွန်မြတ်သလဲ။

တောင်းတဲ့လူနဲ့
ပေးတဲ့လူ
ဘယ်သူက စိတ်ပိုရှည်သလဲ။

လူဆိုးလုပ်ရတာနဲ့
လူကောင်းယောင်ဆောင်ရတာ
ဘယ်ဟာက ပိုခဲယဉ်းသလဲ။

ကင်းစောင့်တဲ့လူနဲ့
ဖောက်ထွင်းဖို့ ကြံစည်တဲ့လူ
ဘယ်သူက ၀ီရိယပိုသာသလဲ။

လွတ်အောင်ပြေးတဲ့လူနဲ့
မိအောင် လိုက်တဲ့လူ
ဘယ်သူက ပိုမောပန်းသလဲ။

ဖဲလိမ်ရိုက်တဲ့လူနဲ့
ဓါးကိုင်ရမ်းတဲ့လူ
 ဘယ်သူက ရင်ဆိုင်ရပိုခက်သလဲ။

မသေချာဘဲ ၀င်ပြိုင်တဲ့သူ
ရှုံးမယ်မှန်းသိရက် ၀င်နွှဲတဲ့လူ
ဘယ်သူက သွေးပိုကောင်းသလဲ။

ဆာလောင်မွတ်သိပ်တာနဲ့
စားပိုးနင့်တာ
ဘယ်ဝေဒနာက ပိုဆိုးသလဲ။

နင်ကျင်တာနဲ့
ယားယံတာ
ဘယ်ဟာက ပိုခံရခက်သလဲ။

ကျပ်ကျပ်တည်းတည်းထိုင်ရတာနဲ့
လွတ်လွတ်လပ်လပ် ရပ်ရတာ
ဘယ်ဟာက ပိုသက်သာသလဲ။

လိုချင်တာကို မရတာနဲ့
မလိုချင်တာကို ရတာ
ဘယ်ဟာက ပိုဆုံးရှုံးသလဲ။

ထွက်ခွာသွားတဲ့လူနဲ့
ကျန်ရစ်ခဲ့တဲ့လူ
ဘယ်သူက ပိုလွမ်းရသလဲ။

အဖြေကို
ဘ၀စာမျက်နှာ
တစ်နေရာတွင်
ရှာကြည့်ပါ။ (မင်းလူ)

အတွေးသစ်ဂျာနယ်၊ သြဂုတ်၊ ၂၀၀၅ (တစ်ကိုယ်တော်မဂ္ဂဇင်းစာအုပ်မှ)

Wednesday, 3 August 2016

ကာရံမဲ့ စကားပြေ.....




ချစ်ဦးညိုနဲ့တော့
လမ်းလျှောက်အတူ
မထွက်ချင်ဘူးဗျာ။
လောကဓံဆိုတာကြီးက
သူ့ဘေးမှာ
လက်ချင်းချိတ်လျက်
အမြဲပါနေတာကိုး။
မောင်ခိုင်မာရဲ့
သိင်္ဂါရငှက်တွေလိုပေါ့။
မရှောင်ရင်လွတ်တယ်ဆိုတဲ့
မြိုင်ရာဇာတွတ်ပီရဲ့
သီအိုရီကို ယုံစားမိတာကြောင့်
အလွမ်းမြားတွေ
ရင်နဲ့အပြည့် စူးစိုက်လို့ပေါ့။

ဖူးစာဆိုတာကတော့
နီကိုရဲနဲ့
ဆွေမျိုးတော်တယ်ထင်ပါ့။
ထင်တိုင်းလွဲ
မှန်းတိုင်းလွဲ
ချစ်တိုင်းလွဲ
လွဲချက်ကတော့လွန်ပါရော။
ကံကြမ္မာကို မယုံကြည်ကြသူများရဲ့
ဗေဒင်ဟောစာတမ်းထဲမှာတော့
မေတ္တာရေးမှာ ကံခေပြီး
အသည်းသက်စေ့ ကွဲဦးမှာတဲ့လေ။

တကယ်တော့
အချစ်ဟာ
တာရာမင်းဝေရဲ့
ကဗျာတစ်ပုဒ်လို
တစ်ခုခုခံစားလိုက်ရပေမယ့်
အဓိပ္ပါယ်ပြန်ပြောဖို့တော့
မလွယ်လှပါဘူး။

အချစ်ဆိုတာ ဘာလဲ
သစ္စာတရားဆိုတာဘာလဲ
ကျွန်တော်လည်းပဲ
အဲဒါကိုပဲ
သိချင်နေတာပါပဲ ခင်ဗျာ။       ။ (မင်းလူ)

တစ်ကိုယ်တောမဂ္ဂဇင်းစာအုပ်မှ (အလင်းတန်းဂျာနယ်၊ အောက်တိုဘာ၊ ၂၀၀၀)