Friday, 28 March 2014

ကျွန်မချက်သောဆွမ်းဟင်းများ(၃)



ကြက်ဥစတူး... လုပ်နည်း အိုးတစ်လုံးထဲကိုပြုတ်ပြီးသားကြက်ဥများမြှုပ်ရုံရေထည့် နာနတ်ပွင့်နှစ်ပွင့်ထည့် ပဲငံပြာရည်အနှောက်ထည့် ကြက်သွန်ပင်နှစ်ပင်လောက်ကိုထုံးထည့် ဆား သကြားထည့်ပြီး ဆူတောင်တည်ပါ ကြက်ဥများထည့်ပြီး ကြက်ဥအညိုရောင် သန်းလာတဲ့အထိ ရေများခန်းခါနီးထိ တည်ပါလေ..။ စားခါနီးမှာ မီးဖိုသုံးချည်ကြိုးလေးနဲ့ထက်ပိုင်းဖြတ်ပါ အရည်လေးဆမ်းပါ...။ ငရုတ်သီးဆော့နဲ့စားသုံးပါ...။ ဈေးထဲမှာ တောသည်ဆီက ကကူရန်ခြောက်လေး နှစ်ထောင်ဖိုး ၀ယ်ခဲ့တယ် ရေစင်စင်ဆေး ရေဆူဆူမှာ ခဏလောက်စိမ်ပြုတ်တယ် ပြန်ဆည်ပြီးအအေးခံ အသားနွှင်ထားတယ်..။ ဆီပူအိုးမှာ ကြက်သွန်နှစ်များဆီသတ် နနွင်း ငရုတ်သီးမှုန့်ထည့် ခရမ်းချဉ်သီးပါးပါးလှီးတာထည့်မွှေ ခရမ်းချဉ်သီးလိတ်သွားရင် ငံပြာရည် အပေါ့အငံထည့်ပြီး ငါးခြောက်ထည့်နှပ်ပါ...။


ငါးထမင်းနယ်... မှန်တာပြောရရင် ဒါပထမဆုံးအကြိမ်လုပ်ဖူးတာ...။ အိမ်မှာ ငါးရံ့ဆားလူးမီးကင် အကောင်ကြီးကြီးတစ်ကောင်ရထားလို့ သူ့အသားငါးပိချက်တန်သည်ချက်နဲ့ တချို့ကို ငါးထမင်းထဲထည့်နှယ်လိုက်တယ်...။ ကြက်သွန်ဖြူကိုဆီသတ် နနွင်း(အရောင်လိုသလောက်ထည့်)ပြီး ငါးမျှင်များကိုထည့်သတ်ပါတယ်...။ ခပ်စေးစေးချက်ထားတဲ့ထမင်းနဲ့ အာလူးပြုတ်ထည့် ဆားနဲနဲထည့်ပြီး နာနာနယ်လိုက်တယ်...။ ပြီးတော့ အလုံးဖြစ်ဖြစ် အပြားလေးဖြစ်ဖြစ်လုပ်ထားတယ်...။ စားခါနီး ကြက်သွန်ဖြူ ဆီချက်လေးဖြူးငရုတ်သီးကြော်လေး ဂျူးလေးနဲ့စားပေါ့ကွယ်..။


ဆိုင်က အသားကင်အခေါက်ကင် နှစ်ထောင်ဖိုးဝယ်ပြီး ကြက်သွန်ဖြူဆီသတ် သူ့ပါလာတဲ့ ပဲငပိရည်လေးနဲ့ ပြနှ်နှပ်ထားတယ် ကြက်သွန်မှိတ်အုပ်တယ်...။ ငွေနှင်းမှိုလးကို ငရုတ်နီနဲ့ ခရုဆီနဲ့ကြော်တယ် ချဉ်စော်ခါးသီးခြောက်ကို ရေဆူဆူထဲပစ်ထည့် ဆား ဟင်းခတ်မှုန့်ထည့် ပဲပြားတုံးလေးတွေထည့် ချဉ်စော်ခါးသီးအချဉ်ဓါတ်လေးကျလာပြီဆို ငရုတ်သီးစိမ်း ဂျင်းတက်လေး ဓါးပြားရိုက်ထည့်ပြီး မီးပိတ်လို့ရပြီ... နှစ်သက်ရာ တရုတ်နံနံ မြန်မာနံနံ ကြက်သွန်ပင်တို့ကိုဖြူးပေးပါ...။





ဒါကတော့ ငပျင်းဟင်းချက်တဲ့နေ့ဆိုပါတော့ အလွယ်ပဲ ဘဲဥချဉ်ဟင်း ကြက်အူချောင်းကြော်နဲ့ ပဲတောင့်ရှည်ကြော်...




ပဲပုပ်စေ့က တောင်ကြီးကလက်ဆောင်ရထားတာ...။ ပဲပုပ်တို့ထုံးစံ အနံ့တော့နဲနဲပြင်းတယ်...။ ကြက်သွန်ဖြူ နီ ဂျင်းကို မွေှ့းနေအောင်ကြော် ညိုရောင်သန်းလာရင် ခရမ်းချဉ်သီးပါးပါးလှီးတစ်လုံးနဲ့ ငရုတ်သီးစိမ်းပါးပါးလှီးတာထားထည့်ကြော် ခရမ်းချဉ်သီးလိတ်ပြီဆို ပဲပုပ်စေ့ထည့်ကြော် ဆီနဲနဲပိုထည့်ပါ ပဲပုပ်စေ့ကိုခြောက်သွားတဲ့အထိကြော်ပေးပါ...။ အငံပါပြီးသားမို့ ဆားလျှော့ထည့်ပါ..။ ကြက်သားကို ဟိုတပတ်က မရမ်းသီးရထားလို့ ဆားစိမ်ထားတာလေးတွေနဲ့ချက်တယ်...သရက်သီးသနှပ်နဲ့ချက်သလိုပါပဲ ချဉ်ပြုံးလေး စားကောင်းတယ်...။ ကြက်သားကို ကြက်သွန်ဖြူနီဂျင်းအနှစ်နဲ့ ဆား ဟင်းခတ်မှုန့် နနွင်း ငရုတ်သီးမှုန့် ဆီတို့နဲ့နယ်ပြီး မရမ်းသီးဆားစိမ်လေးကိုရေးဆေးထည့် 15မိနစ်လောက်နှပ်ပြီးမှ မီးဖိုပေါ်လုံးချက်ပါ...။ ဆီပြန်လာရင် ရေလိုသလောက်ထည့်နှပ်ပြီး ရေခမ်းလို့ ကြက်သားနူးရင်ရပြီ..။ ရွှေဖရုံသီး ဟင်းချိုလေးက ရိုးရိုးလေးပါ...။ ဆီနဲနဲကိုကြက်သွန်ဖြူဓါးပြားရိုက်ဆီသတ် နနွင်းနဲနဲထည့် လှီးထားတဲ့ ရွှေဖရုံသီးလေး ထည့်ကြော် ရေနွေးလေး ထည့်ပြီး ဆူလာရင် 8မိနစ်လောက်တည်ထား အပေါ့အငံမြည်းပြီးရပါပြီ...။




မိုးငွေ့


Tuesday, 25 March 2014

I love you, CKA



မချစ်(ချစ်ကြည်အေး)ကို ကိုယ်ဘလော့စရေးပြီး တစ်နှစ်ကျော်နှစ်နှစ်ကတည်းက သူ့စာတွေကို မပျက်သွားသွားဖတ်နေခဲ့တာ ယနေ့ထိတိုင်ပေါ့...။ အဲတုန်းက ကိုယ့်အကြိုက်ဆုံး ဆရာမတွေ မချစ်နဲ့မသက်ဝေ... တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက်ကလည်း ငယ်သူငယ်ချင်းအရင်းကြီးတွေ...။ အဲတုန်းကစဖတ်တော့ အစ်မရေးတဲ့ ခရီးသွားပို့စ်တွေကို သိပ်သဘောကျတာ ပုံလေးတွေနဲ့ရေးပြသွားတာ စိတ်ဝင်စားစရာ ပြီးတော့ ဇ၀နဥာဏ်ကလေးကလဲရှိတော့ ဖတ်ရင်လည်း တပြုံးပြုံးနဲ့ဖတ်ရတယ်...။ ခုနောက်ပိုင်း နှစ်နှစ်လောက်မှာ အစ်မက များသောအားဖြင့် အလွမ်းနဲ့အဆုံးသတ်တဲ့ အချစ်ဝတ္ထုလေးတွေ အရေးများလာခဲ့တယ်...။ ကိုယ်တောက်လျှောက်ဖတ်ခဲ့ရတဲ့ ခရီးသွားပို့စ်တလှည့် ဘ၀ရသစာတွေ တလှည့်ဖြစ်နေချိန်မှာပဲ လွန်ခဲ့တဲ့ 2013နှစ်ဦးပိုင်းကစပြီး  ဗြုန်းဆို အစ်မက နုနုလှလှ အချစ်ဝတ္ထုတွေကို ဆက်တိုက်ရေးလာခဲ့တယ်...။ အကြောင်းအရာချက်ချင်ပြောင်းသွားပေမယ့် အရေးအသားက ပိုပိုပြီး ညက်ညောလာခဲ့တယ်..။


ပထမဆုံးအကြိမ် အစ်မနဲ့စတွေ့တာ 2011 မြေနီကုန်း ၀ိုင်ကေကေအိုဆိုင်မှာ အဲတုန်းက အစ်မမြသွေးနဲ့ ကိုဏီလင်းညိုတို့ ပါတယ်..။ အစ်မချစ်က ပြောင်းကင်မရာကြီးတကိုင်ကိုင်နဲ့ မရမ်းရင့်ရောင်ရင်ဖုံးလေး ၀တ်ထားတဲ့ အစ်မ အနက်ရောင်ဘောင်သေးသေးလေးခပ်ထားတဲ့ မျက်မှန်လေးပါတပ်ထားသေး..။ တစ်ခုကျန်သေးတယ်... မိန်းမဆန်ဆန်ရင်ဖုံးဝတ်ထားပေမယ့် လက်ကောက်ဝတ်မှာတော့ Sport နာရီးအနက်ရောင်ကြီးကြီး ပတ်ထားတယ်... အဲဒါဟာ အစ်မရဲ့ကိုယ်ပိုင်စတိုင်လ်လေးပါပဲ..။ အဲညက အမှတ်တရဓါတ်ပုံတွေ ရိုက်ဖြစ်ကြသေးတယ်..။ နောက်တစ်ရက်မှာ အစ်မနဲ့ ဗိုလ်ချုပ်ဈေးလျှောက်သွားကြတယ် လမ်းသုံးဆယ်နားတ၀ိုက် စာအုပ်ဆိုင်တွေမှာ စာအုပ်လိုက်ဝယ်ကြတယ် ပြီးတော့ မြေနီကုန်းက ရွှေရည်မှာ 
မြန်မာမုန့်နဲ့ လက်ဖက်ရည် အတူထိုင်သောက်ဖြစ်ခဲ့သေးတယ်..။ လိုင်နာခပ်ထူထူဆွဲလို့ကောင်းမယ့် ဗာဒံစေ့ပုံ မျက်အိမ်လေး၊ နှာတံသွယ်သွယ်၊ နှုတ်ခမ်းထူထူတစ်စုံနဲ့ အစ်မမျက်နှာလေးကို ငေးမော ကြည့်ခဲ့ဖူးတယ်..။ စကားပြောသွက်လက်ပြီး ဆွဲဆောင်မှုအပြည့်ရှိတဲ့ အစ်မနှုတ်ခမ်းထူထူတွေကို အနီရင့်ရင့်နှုတ်ခမ်းဆိုးဆေးလေးနဲ့ စိတ်ကူးပုံဖော်ဆိုးပေးခဲ့ဖူးတယ်...။ ဟုတ်တယ် အစ်မနှုတ်ခမ်းတွေက အနီရင့်ရောင်ဆိုးဆေးလေးတင်လိုက်ရင် သိပ်လှမှာပဲလို့ နှုတ်ကလဲဖွင့်ပြောလိုက်သေးတယ်..။ အစ်မက သူအိုင်ဖုန်းလေးနဲ့ ပန်းချီဆွဲထားတာကိုဖွင့်ပြခဲ့ဖူးတယ်...။ အစ်မလိုစကားပြောသံမျိုး ငယ်ငယ်တုန်းက တော်တော်လေး ရင်းနှီးခဲ့ဖူးတယ် ဘယ်သူနဲ့တူလဲလို့သာ မမှတ်မိတော့တာ..။



ဒုတိယအကြိမ် ဆုံဖူးတာက ဗဟန်း ရွှေကောင်းဟော့ပေါ့မှာ...။ အဲဒီတုန်းက အစ်မက ဖုန်းအရင်ဆက်လာပြီး ဘလော့ဂါတော်တော်များများနဲ့ဆုံဖို့ ဟော့ပေါ့ဆိုင်မှာ ဘိုကင်လုပ်ထားပေးဖို့ပြောပါတယ်...။ လူအယောက်နှစ်ဆယ်အတွက် အခန်းတစ်ခုယူလိုက်တယ်...။ ခရီးလွန်နေတဲ့သူနဲ့ဘာနဲ့ တကယ်တန်းရောက်လာကြတာက ဆယ်ယောက်ကျော်ကျော်ပဲ...။ အစ်ကိုကြီးကိုပန်းသီးပါပါလာခဲ့တယ်...။ အစ်ကိုကြီးနဲ့က ပထမဆုံးဆုံဖူးတာ...။ စကားပြောအန်မတန်ကောင်းတဲ့သူ ပေါင်းသင်းဆန့်တဲ့ သူတစ်ယောက်ပါ...။ သူထိုင်တဲ့ဝိုင်းမှာ အားလုံးက စကားမပြောတော့ဘဲ သူပြောတာကိုပဲ စိတ်ဝင်တစားရှိနေကြတာက သက်သေပဲလေ...။ အစ်ကိုကြီး ကိုပန်းသီးနဲ့အစ်မဟာ တွေ့ဖူးသမျှထဲမှာ တော်တော်လိုက်ဖက်ညီ နားလည်မှုရှိတဲ့ သိပ်ချစ်ကြတဲ့စုံတွဲလေးပါ..။ ကိုယ်ကတော့ သူတို့ကိုကြည့်ပြီး အားကျရုံပဲရှိတာပေါ့...။




တတိယအကြိမ်ဆုံဖူးတာက အင်းလျာလမ်းထိပ်က Friendship ဆိုတဲ့ ယိုးဒယားစားသောက်ဆိုင်လေးမှာပါ..။  အဲမှာလဲ အစ်မ မရောက်ခင် ဖုန်းဆက်ထားလို့ တစ်ရက်ကြိုပြီး ဆယ်ယောက်ဝိုင်းကို အပြင်ဖက်လေးမှာ ဘိုကင်သွားလုပ်ခဲ့တယ်...။ ဆိုင်နာမည်လေးနဲ့ ဆုံတွေ့မယ့်သူငယ်ချင်းတွေနဲ့သိပ်လိုက်ဖက်ပါတယ်...။ ဈေးသိပ်မကြီးဘဲ အစားအသောက်ကောင်းတဲ့ ဆိုင်ကလေးပါ...။ နိုင်ငံခြားသားတော်တော်များများ လာထိုင်ကြတယ်...။ တစ်ခါတစ်ခါဆုံကြတိုင်း ကိုယ်ရယ် အစ်မမြသွေးရယ် အစ်မချစ်ရယ်သာ ပိုင်တိုင်ဖြစ်ကြတာ...ကျန်တဲ့ ဘလော့ဂါတွေကတော့ တစ်ခေါက်နဲ့တစ်ခေါက်မတူကြတော့ဘူး...။




စတုတ္ထအကြိမ်က ပြည်ထောင်စုရိပ်သာလမ်းက Feel မြန်မာထမင်းဆိုင်မှာဖြစ်တယ်...။ ဒီတစ်ခါတော့ မမြင်ဖူးတဲ့ ဘလော့ဂါတွေတော်တော်များများပါတယ်...။ အားလုံး သဘောကောင်းဖော်ရွေကြတယ်..။ ချက်ပြီးသား မြန်မာထမင်းဟင်းလေးကို မချစ်နဲ့အတူလိုက်ရွေးပြီးမှာကြတယ်...။ စကားတွေအကြာကြီးပြောဖြစ်ကြတယ် ဓါတ်ပုံတွေရိုက်ကြတယ်...။ ပြီးတော့ ရွှေဂုံဒိုင်ဖက်က ရွှေတိဂုံဘုရားကိုဖူးမြင်ရတဲ့ တိုက်အပေါ်ထပ်က ကော်ဖီဆိုင်လေးမှာ ထိုင်ဖြစ်ခဲ့ကြသေးတယ်...။




ပဉ္စမအကြိမ်က အစ်မရဲ့ ချစ်ကြည်အေးရဲ့ ချစ်ကြည်အေး စာအုပ်မိတ်ဆက်ပွဲလေးလုပ်ဖြစ်တဲ့ ဗိုလ်အောင်ကျော်လမ်းမှာဆုံဖြစ်ခဲ့တယ်...။ အစ်မကိုယ်တိုင်အမှတ်တရလက်မှတ်ထိုးပေးခဲ့တဲ့ စာအုပ်လေးလက်ဆောင်ရခဲ့တယ်...။ အဲဒီပွဲလေးမှာ အမှတ်တရစကားလာပြောကြတယ် ဆရာမနှင်းဝေငြိမ်းဆို အစ်မကို စာရေးမရဲပါနဲ့ချစ်ကြည်အေးလို့မှာသွားခဲ့တယ်...။ ဆရာမ မိချမ်းဝေကတော့ စာအုပ်ထဲမှာ စကားပြောတွေသိပ်များလို့ စာဖတ်သူတွေဖတ်ရင်း နားငြီးသွားတတ်တယ်လို့ ဝေဖန်တယ်...။ တကယ် ၀ါရင့်ဆရာမကြီးတွေ ကိုယ်တိုင် နှိုက်နှိုက်ချွတ်ချွတ် ဝေဖန်တော့ နားထောင်ရင်း ကြက်သီးတောင် ထမိတယ်..။ အင်းလေ... ဒီလိုဝေဖန်မှုရှိမှ အရေးအသားက တိုးတက်မှာကိုးး..။

ဆဌမအကြိမ် ကိုညီလင်းသစ်လာတုန်းက ကမ်းနားက ဂျူ နီယာDuck ရွှေဘဲဆိုင်မှာထပ်ပြီး ညစာအတူစားဖြစ်ခဲ့ပါသေးတယ်..း)...။

အစ်မနဲ့ ကိုယ်က မွေးရာသီခြင်းတူကြတယ် မိန်ရာသီတွေလေ.. အနုပညာကိုချစ်မြတ်နိုးသူ စိတ်ကူးစိတ်သန်းကောင်းသူ စိတ်ကူးယဉ်ဆန်သူတွေပေါ့...။ ဒီပို့စ်လေးက အစ်မရဲ့ ဒီနေ့ 25ရက်နေ့မှာ ကျရောက်တဲ့ မွေးနေ့အတွက် အမှတ်တရရေးဖြစ်တာပါ ။ ဖဘမှာ တော်တော်ပြောကြသလို အပြင်မှာ အစ်မနဲ့တွဲပြီးတွေ့ကြရင်လဲပြောကြတယ် မိုးငွေ့က မချစ်ညီမလေးလားတဲ့...။ တအူတုံစင်း ညီမတွေမဟုတ်ပေမယ့်လည်း ညီအစ်မအရင်းတွေလိုပဲ ချစ်ခင်ကြပါတယ်လို့...။ အစ်မကို မွေးနေ့မှစလို့ စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းများနဲ့ပြည့်စုံပြီး အစ်မလုပ်ချင်တဲ့ အနုပညာအလုပ်များကို ဆထက်ပိုးလုပ်နိုင်ပါစေ... အစ်ကိုကြီးကိုပန်းသီးနဲ့လည်း သက်ဆုံးတိုင် လက်တွဲတွေခိုင်ခိုင်မြဲပါစေလို့ ဆုမွန်ကောင်းလေးတောင်းလိုက်ပါတယ်...း)

 ~~~~~ Happy Birthday ~~~~~

˙·••●♥.....I Love you, CKA......♥●••·˙

မိုးငွေ့

Friday, 21 March 2014

ပြိုလဲကြေကွဲ ကိုယ်လွမ်းနေပါတယ်.....



 



နက်ပြာရောင်ကောင်းကင်မှာ မီးပုန်းလေးတစ်လုံးချိတ်ဆွဲထားတဲ့သဏ္ဍာန်နဲ့ တပေါင်းလပြည့်ကျော်ရဲ့ လရောင်ဝါဝါ…. သူနဲ့သိပ်မနီးမဝေးလေးမှာ လင်းလက်နေတဲ့ကြယ်ကလေးတစ်လုံး… နှစ်လုံး… ဟုတ်တယ် ကောင်းကင်ပြင်ကြီးတစ်ခုလုံးမှာ လဝါဝါရယ် ငွေကြယ်လေးနှစ်လုံးရယ်ပဲ ထင်သာလင်းပနေကြတယ်…။ နွေဦးလေက ခြောက်သီးခြောက်ကပ်တိုက်ခတ်လာတော့ ကိုယ့်ဆံနွယ်တွေလွှင့်ပျံကုန်ကြတယ်…။ မင်းကို ဆွတ်ဆွတ်ပျံ့ပျံ့လေးလွမ်းအောင်များ ပံ့ပိုးတိုက်တွန်းပေးနေကြသလား…။ ကိုယ်ဖုန်းကောက်ကိုင်ပြီး မင်းဆီကို မက်ဆေ့ပို့ဖို့ လက်ခံသူနေရာမှာ မင်းနာမည်ကိုရိုက်ထည့်ပြီး မင်းဖုန်းနံပါတ်ကိုရှာလိုက်တယ် မင်းနာမည်လေးပေါ်လာချိန်မှာ done ကိုနှိပ်ဖို့ ကိုယ့်လက်တွေတွန့်ဆုတ်နေကြတယ်…။ နောက်ဆုံးကိုယ်ဖိချလိုက်တယ်…. done တော့ မဟုတ်ဘူး… cancel ကိုပါ…။ တကယ်တော့လည်း ပတ်ဝန်းကျင်ကို ဆွဲထည့်စရာမလိုပါဘူး… မင်းကိုလွမ်းတဲ့ ဓါတ်ခံက နဂိုကတည်းကိုက နှလုံးသားရဲ့ တောင့်တနေရာမှာ ကိန်းအောင်းနေပြီးသားမဟုတ်လား..။ ဒါကို ကိုယ်မေ့ထားလို့ လစ်လျူရှုထားလို့ ခဏပဲရချင်ရမယ်လေ….။ အိန်ဂျယ်ရယ်….ကိုယ်လေ အခုမင်းနဲ့သေမလောက်အောင် ဖုန်းစကားပြောချင်နေတယ်..။ ကိုယ့်လက်ထဲမှာ ဖုန်း၊ မင်းနာမည်လေးကို ခလုတ်ကလေး တစ်ချက်နှိပ်လိုက်ရုံနဲ့ မင်းအသံကို ကိုယ်ကြားရမယ်….။ ခုမင်း ဘာဖုန်းကိုင်နေလဲ အရင်လိုပဲ Black Berry ကိုင်တုန်းလား ဒါဆို ကိုယ်မင်းဆီကို မြန်မာဖောင့်နဲ့ပို့ရင် အရင်လိုပဲမင်းဘယ်မြင်ရမလဲနော်…။ ဒါမှမဟုတ် မင်းတခြားဖုန်းပြောင်းကိုင်နေပြီလား….။ ဒါပေမယ့်ကွယ်….. ကိုယ့်မိတ်ဆွေတစ်ယောက်ပြောသလိုပဲ… နှလုံးသားအရေးထဲကို ဦးနှောက်ပါလာရင် အဲကိစ္စဟာ အကောင်ထည်ဖော်ဖို့ ရုပ်လုံးကြွဖို့က သိပ်ကိုခက်ခဲသွားပြီဆိုတာ သိပ်မှန်တာပဲ….။ နှလုံးသားကိစ္စကို  နှလုံးသားကပဲဆုံးဖြတ်ပါစေပေါ့လို့… ကိုယ့်ဦးနှောက်တွေက အမြဲတစေတားဆီးပိတ်ပင်ထားကြတယ်……။ နှလုံးသားကနာကျင်ခံခက်စွာနဲ့ မျက်ဝန်းနှစ်ဖက်ဆီကနေ မျက်ရည်တွေအဖြစ် သွန်ချလိုက်သလို နာကျင်စူးနစ်တဲ့ဝေဒနာတွေက လည်ချောင်းတလျှောက် ခါးသက်စွာစီး ဆင်းသွားကြတယ်…။

လွမ်းတယ်…အိန်ဂျယ်ရယ်….

ကိုယ့်မှာ ဒီလိုပဲ တီးတိုးညည်းဆိုပိုင်ခွင့်ရှိတယ် အိန်ဂျယ်….။

မင်းသိလား… ကိုယ်နောက်ဆုံးတစ်ခေါက် ကမ်းခြေကိုရောက်ခဲ့တုန်းက မင်းကို ကိုယ်ဘယ်လောက် သေမလောက် သတိရနေခဲ့သလဲလို့ လွမ်းဆွတ်နေခဲ့သလဲလို့…။ ကိုယ့်ရဲ့ကမ်းခြေခရီးတွေမှာ ခုတစ်ခေါက်က ကိုယ့်ကို ပျော်ရွှင်မှုမပေးနိုင်ဆုံးပဲ….။ တိုက်တိုက်ဆိုင်ဆိုင် ကိုယ်နေတဲ့အခန်းဘေးမှာ မင်းတို့လိုပဲ ဂီတာတီးပြီးသီချင်းတွေဆိုတဲ့ လူငယ်တစ်သိုက်ရှိနေတယ်…။ မင်းစဉ်းစားကြည့်ပါ ကိုယ်နေရာကနေမင်းတွေးကြည့်ပေးပါ… ကိုယ်ဘယ်လောက်ထိမင်းကို လွမ်းလိုက်မလဲလို့…။ ကိုယ်လေ… ညဖက် သောင်ပြင်ဖက်ကိုလမ်းလျှောက်ကြည့်တယ်…။ ညကမှောင်မိုက်တိတ်ဆိတ်လွန်းလို့ မင်းတို့တုန်းကလို မီးပုံပွဲလုပ်မယ့်သူလဲမရှိဘူး….။ ဟိုးး နေရာလေးမှာပေါ့ မင်းနဲ့သူငယ်ချင်းတွေ မီးပုံပွဲလုပ်ပြီး သီချင်းတွေဆိုကြတာလေ….။ အဲဒီတုန်းက မင်းကို ကိုယ်ခပ်ဝေးဝေးက ငေးမောပြီးပဲ ကြည့်ခဲ့ရတယ်…။ မီးပုံပွဲမလုပ်ခင် ကိုယ့်အခန်းရှေ့ကနေ မီးပုံပွဲအတွက် စားစရာတွေသယ်ပြီး ဖြတ်သွားတိုင်း မင်းက ကိုယ်သိပ်ကိုစွဲလန်းမြတ်နိုးလွန်းတဲ့ အပြုံးဖြူဖြူလေးတွေ ခြွေချတတ်တယ်…။

မင်းအပြုံးတွေနဲ့ဝေးနေခဲ့ရတာ ဘယ်လောက်ကြာပြီလဲ အိန်ဂျယ်….။
မင်းမျက်ဝန်းတွေဆီက တောက်ပတဲ့ကြယ်ပွင့်ကလေးတွေကို မမြင်ရတာလဲဘယ်လောက်ကြာပြီလဲ… ။ ဂျစ်ကန်ကန် ဘုကျကျ မင်းနှုတ်ဖျားဆီက စကားလုံးတွေလဲ မကြားရတာဘယ်လောက်ကြာပြီလဲ…။

ကိုယ့်ကိုယ်ကိုပြန်အကျဉ်းချထားရတာ ဘယ်လောက်ပင်ပန်းလဲ မင်းသိမှာမဟုတ်ပါဘူး….။

ကိုယ်အတွက် ထွက်ပေါက်ဆိုလို့…. မင်းတိတ်တဆိတ်လာပြီး ဖတ်ခွင့်ရှိတဲ့ ဟောဒီနေရာလေး တစ်နေရာပဲ ရှိတာပါ…။

ဘယ်တော့မှလဲ ခြေရာတွေထားသွားမှာမဟုတ်တဲ့မင်းဆီက ကျေးဇူးပြုပြီး မှတ်ချက်လေးပေးခဲ့ပါလားလို့ တောင်းဆိုဖို့ အသင့်ရဲတဲ့ ကိုယ်ကသာ ရူးနှမ်းသူတစ်ယောက်ပါ…။


မိုးငွေ့

Tuesday, 18 March 2014

မောင်နှင့်သူ၏ရှားစောင်းလက်ပတ်ပင်




“မီရေ...ဒီမှာခဏထပြီးလာကြည့်ပါဦး ကိုယ့်အပင်ကို ဘာကောင်လာယက်သွားလဲ မသိဘူး မြေကြီးတွေလဲ ပွလန်ကျဲလို့”

အိမ်ရှေ့ဝရံတာမှ တကျော်ကျော်အော်နေသော မောင့်အသံကြောင့် ကျွန်မမျက်လုံးပွတ်ပြီး ခေါင်းရင်းက နှိုးစက်နာရီလေးကို လက်နှင့်စမ်းယူကြည့်လိုက်တော့ မနက် ခြောက်နာရီထိုးပြီး ငါးမိနစ်စွန်းရုံရှိသေး...။ တနင်္ဂနွေမနက်မှာ ဘာအတွက်များ မောင်ကစောစောစီးစီးထပြီး ဝရံတာရောက်နေရသတုန်း...။ မှန်တင်ခုံပေါ်က ခေါင်းစည်းကြိုးလေးယူပြီး ဆံပင်ကိုခပ်မြင့်မြင့်စုချည်လိုက်၏...။ 

အိမ်ရှေ့ဧည့်ခန်းရောက်တော့ အလင်းရောင်ခြည်က ဝိုးတိုးဝါးတား မြူတွေထူထပ်စွာ အုပ်စိုင်းနေကြသည်။   မောင်တစ်ယောက်တော့ သူ့အပင်အိုးလေးနားမှာ ကုံးကုံးကွကွနဲ့..။

“ဘာဖြစ်တာလဲ မနက်စောစောစီးစီး အသံတွေထွက်နေတယ် ဒီမှာ သူများကအိပ်မက်လို့ကောင်းတုန်း”

“ဒီမှာလေ... ကိုယ့်ရှားစောင်းပင်အိုးထဲ ဘာအကောင်လာယက်သွားလဲမသိ မြေကြီးတွေလဲ ပွကျဲပြီးကျနေတယ်...”

မောင်ပြောတော့ သူ့အပင်အိုးထဲကိုကြည့်လိုက်မိသည်...။ အပင်ကိုတော့ ဘာမှမလုပ်ဘဲ မြေကြီးကိုလက်နှင့်လျက်ထားဟန်တူသည်...။ အပင်ခြေရင်းကမြေကြီးမှာ ကျင်းသေးသေးလေးတောင် ဖြစ်လို့နေသည်။

“ကြောင်ဖြစ်မယ်နဲ့တူတယ်... အင်းး ဒီတိုက်မှာ ကြောင်မွေးတဲ့သူလဲမရှိပါဘူး တခါမှမတွေ့ဖူးဘူး ငှက်များဖြစ်မလားဟင် ... ဒါဆိုရင်တော့ မောင် စီတီအဟောင်းတချပ်ရှာပြီး ကြိုးချည်ဒီအပင်နား တွဲလောင်းချိတ်ထားလိုက်”

မောင်က သူ့အပင်ကိုမြေကြီးပြန်ဖို့ရင်း ကျွန်မကိုတစ်ချက်လှည့်ကြည့်လိုက်သည်..။

“အမယ် မီက ဒါတွေဘယ်က ဘယ်လိုသိနေရတာတုန်း အပင်စိုက်တာဖြင့် ဝါသနာတောင် မပါဘဲနဲ့...”

ကျွန်မက လက်ကလေးပိုက်ပြီး တံခါးဘောင်လေးကိုမှီလျက်က မောင့်ကို ဆရာကြီးလေသံနှင့်ပြန်ဖြေလိုက်လေသည်..။

“အော်... ဒီလိုပါပဲ.. စာတွေဖတ်ထားတော့ ကြားဖူးနားဝကရှိနေတယ်လေ...စမ်းကြည့်ပါ.. တကယ်ထူးခြား မထူးခြားသိရအောင်ပေါ့ ”

မောင်သူ့အပင်ကလေးနဲ့ အလုပ်ရှုပ်နေတုန်း ကျွန်မကတော့ ဝရံတာလက်တန်းပေါ်လက်တင်ရင်း မနက်စောစောလေကို အားပါးတရရှူနေလိုက်သည်...။

“ မီ ပြီးရင် ပြန်ဝင်အိပ်မနေနဲ့ဦးနော်... ကိုယ်နို့ဖျော်ထားပေးတယ်... ပဲပြုတ်ထမင်းလုပ်ထားတယ် ကြက်ဥကြော်နဲ့..”

ပိတ်ရက်ဆို မောင်က အဲဒီလို စိတ်ရှည်လက်ရှည် ကျွန်မကို ပြုစုတတ်သေးသည်..။ 

“ဟုတ်ကဲ့... ကျေးဇူးတင်ပါတယ် ချစ်သောမောင်... သြော်...နေထွက်ရင် မောင့် Cactus အပင်လေးတွေကို နေပြရဦးမယ်နော်...”

ပြီးခဲ့သည့်တစ်ပတ် မြေပဒေသာကျွန်းမှ မောင်ထပ်ဝယ်လာခဲ့သော လက်တဖဝါးကိုင်စာ အရောင်စုံ ကန္တာရဆူးပင်ကလေး..။ တပတ်ကိုရေတခါလောင်း ငါးရက်တခါနေပြရမည်ဟု ဆိုင်ကမှာလိုက်သည်ကို မောင်မမေ့အောင် ကျွန်မက သတိပေးအချိန်ဇယားကလေးလုပ်ပေးထားသည်...။

ရုက္ခဗေဒဘာသာနှင့်ကျောင်းပြီးသူမို့ အပင်စိုက်ဝါသနာပါတာမဆန်းပေမယ့် ကျွန်မတို့လို တိုက်ခန်းကျဉ်းနှင့် နေသူများ ပန်းပင်ပန်းအိုးများထားစရာနေရာမှာ လသာဆောင်မှလွဲ၍ အခြားမရှိတော့..။ ဒါကြောင့်မောင်က သိပ်မနုမယုယဘဲ စိုက်ရလွယ်ကူသည့် အပင်များကိုသာရွေးချယ်ဝယ်ခဲ့ ဟန်တူပါသည်...။ ကျွန်မက အပင်စိုက်တာ ဝါသနာမပါပေမယ့် မောင့်အတွက်အပင်စိုက်ဖို့ ကိရိယာတန်ဆာပလာများ ကိုတော့ ဈေးဝယ်ထွက်တိုင်းတွေ့ရင် ဝယ်ဝယ်လာပေးပါသည်..။ ကျွန်မက မောင့်ရဲ့ ပါရမီဖြည့်ဖက်မဟုတ်လား...။

တစ်ညမှာ ထမင်းစားကြပြီး တီဗီရှေ့ရောက်နေချိန်... မောင်က သူ့ရှာစောင်းပင်မှ တဖတ်ခွာယူကာ အခွံစိမ်းတွေဓါးနှင့်လှီးပစ် အတွင်းပိုင်းမှ ဂျယ်လီကဲ့သို့ကြည်လင်းအေးမြသော အတုံးကလေးများနှင့် မျက်နှာလာပွတ်ပေးပါသည်...။ အသားရေကောင်းသည် ဟူ၏ ။ တဖန် ဆံပင်ဦးရေအေးမြအောင်လို့ ခေါင်းမလျှော်ခင် ဦးရေကိုပွတ်ပြန်၏...။ အစာအိမ်အတွက် သွေးတွင်းအဆီကျဖို့အတွက် သကြားနဲနဲနဲ့ဖျော်သောက်ရတာနဲ့ မောင်တစ်ယောက် သူ့ရှားစောင်းလေးအသုံးဝင်ပုံကို တမျိုးပြီးတမျိုး မရိုးနိုင်စွာလုပ်ပါတော့သည်...။

မောင်က ဘုရားပန်းကပ်ဖို့ အိမ်အလှပန်းအိုးထိုးဖို့ တခါတလေအလုပ်သွားလျှင် ကျွန်မခေါင်းမှာပန်ဖို့ အလှပန်းကလေးတွေစိုက်ချင်တာပါတဲ့...။ ဒါပေမယ့်လည်း နေရာမရှိတာရယ် အပင်တွေကို ပျိုးထောင်ဂရုစိုက်ဖို့ အချိန်မရတာရယ်နဲ့ အဲစိတ်ကူးကို အကောင်ထည်မဖော်တော့တာ...။ ဘာပဲဖြစ်ဖြစ် ကျွန်မကတော့ အပင်လေးတွေကို ချစ်တတ်သော မောင့်လိုလူမျိုးနှင့်လက်တွဲဖော်ဖြစ်ရလို့ ဝမ်းသာပီတိ ဂွမ်းဆီထိပါ၏...။


မိုးငွေ့

Wednesday, 12 March 2014

နွေဦးလေပြေ.....




 



ရော်ဝါရွက်ကြွေတစ်ရွက် လေအဝေ့မှာ ပတ်လည်လှည့်ကာလှည့်ကာနဲ့ ကိုယ့်ပေါ်ကြွေကျလာခဲ့တယ်…။ လေးလံထိုင်းမှိုင်းစွာ အပင်ကိုမော့ကြည့်လိုက်တော့ ညနေသုံးနာရီခွဲနေက သစ်ကိုင်းပြိုင်းပြိုင်းတွေမှာ ရွက်ဟောင်းတွေတဖြုတ်ဖြုတ်ကြွေတန်တာကြွေ ပုရစ်ဖူးတွေလည်းထွက်တန်ထွက်နေတဲ့ကြားက ကိုယ်မျက်လုံးထဲ စူးခနဲဝင်လာလေတော့ အမြင်အာရုံတွေမိုက်ခနဲဖြစ်သွားရတယ်…။ ကိုယ်ချက်ချင်းမျက်လုံး မှိတ်လိုက်ပြီး အရှေ့တူယူမှာ မြင်နေရတဲ့ ပန်းပင်တွေဆီကို ခပ်ဖြေးဖြေးပို့လွှတ်လိုက်တယ်..။ ကန်ရေပြင်ပေါ် ဖြတ်တိုက်သွားတဲ့လေနဲ့ နေရောင်ကြောင့် ငွေရောင်ဖိတ်ဖိတ်တောက်ပြီးလက်နေတယ်….။ အဖြူရောင်ငန်းစုံတွဲနှစ်ကောင်ကတော့ ရေပြင်ပေါ်ကူးခတ်နေလေရဲ့….။

ကောင်းကင်တစ်ခုလုံးကြည်စင်လို့ ပြာလဲ့နေကြတယ်….။ တိမ်စိုင်ဂွမ်းစ တစတလေမျှတောင်မရှိပါဘူး….။ ကိုယ်ထိုင်နေတဲ့ သစ်သားခုံတန်းပေါ် (ကိုယ့်ဘေးနား)မှာ ဖတ်လက်စ မဂ္ဂဇင်းစာအုပ်တစ်အုပ်နဲ့ ဆရာမင်းလူရဲ့ အက်ဆေးချစ်သူစာအုပ်လေး….။ ဆရာ့အတွေးနဲ့ရေးထားတဲ့ အက်ဆေးတစ်ပုဒ်ရဲ့ လွတ်လပ်စွာဖန်တီးနိုင်မှုကို သိပ်သဘောကျတယ်..။ အက်ဆေးဆိုတာ အချက်အလက်ကိုအားမကိုးဘူး စိတ်ကူးစိတ်သန်းကိုအားကိုးတယ် ခိုင်မာတိကျတဲ့ အထောက်အထားတွေပါချင်မှပါမယ် ဗဟုသုတဖြစ်စရာ ပညာပေးတွေ အကျိုးပြုတွေပါချင်မှလည်းပါမယ် စာရေးသူက စိတ်ကူးအလျဥ်းသင့်သလိုချရေးသွားတဲ့စာမျိုးတဲ့…။ ကိုယ်လည်း အက်ဆေးချစ်သူပါပဲလေ…။ စိတ်ကူးပေါက်ရာချရေးတတ်တဲ့ကိုယ့်အတွက် အက်ဆေးရေးခြင်းသည်သာ အသင့်လျော်ဆုံးလို့ထင်တယ်လေ…။ ဒါကြောင့် လွတ်လပ်ပေါ့ပါးမှုနဲ့ဆက်နွယ်တဲ့ အက်ဆေးရေးနည်းကို ကိုယ်အားကိုးခဲ့တယ်…။ ဆရာပြောသလိုပဲ အက်ဆေးရေးရတာ လွတ်လပ်တယ် ဒါပေမယ့် လွယ်ကူတယ်လို့တော့မပြောနိုင်ဘူး…။ တခါတလေ ရှောရှောရှုရှုဖြစ်တတ်ပေမယ့် တခါတလေကျ အတွေးသာရှိပြီး ချရေးလို့မရဘဲဖြစ်နေတတ်တယ်…။ စာတစ်ကြောင်းအတွက် တနေကုန်ချင်ကုန်တတ်နေမယ်..။  ခုတလော ကိုယ်အဲလိုသိပ်ပြီးခံစားနေရတယ်… စာတွေရေးမထွက်ဘူး…။ စာတကြောင်းကို တနေကုန်မက တစ်ပတ်ဆယ်ရက်လဲဖြစ်ချင်ဖြစ်နေတတ်တာမျိုး..။ စာရေးချင်သူတစ်ယောက် စာရေးလို့မရတာဟာ စီးကရက်စွဲနေသူတစ်ယောက် အချိန်ကျလို့ စီးကရက်မသောက်ရလို့ ခံတွင်းချဉ်နေတာနဲ့ ဆင်တူနေမလားဘဲလေ…။

ပြီးတော့ အက်ဆေးမှာ ဦးတည်ချက် ရည်ရွယ်ချက်တွေမပါဘဲ စိတ်ကူးတည့်ရာ လျှောက်ရေးနေခြင်းမျိုးဖြစ်တယ် ဆိုပေမယ့်လည်း တဖက်သတ်ပြောလို့မဖြစ်ပြန်ဘူး…။ တခါတရံ မိုးရွာလို့ ရေစီးကြောင်းလေးတွေ ဖြစ်ပေါ်လာပုံကို တခမ်းတနား ရေးချင်ရေးတယ်…။ တခါတလေ အလွန်ခက်ခဲနက်နဲတဲ့ စကြာဝဠာကြီးအကြောင်း ဖြစ်ချင်ဖြစ်နေပြန်တယ်…။ တခါတလေကျတော့လည်း သာမန်အသေးအဖွဲ့မျှသာဖြစ်တဲ့ ပုရွက်ဆိတ်ကလေးတစ်ကောင်အကြောင်းကို အစပြုပြီး သဘာဝလောကကြီးအကြောင်းနက်နဲတဲ့ အဘိဓမ္မာအကြောင်းတွေကို ဆက်စပ်ဆွဲယူတင်ပြ တတ်သေးတယ်လေ…။

အက်ဆေးရေးတယ်ဆိုတာ ကိုယ့်ခံစားချက် ကိုယ့်အတွေ့အကြုံ ကိုယ့်စိတ်ကူး ကိုယ့်အတွေးအခေါ်ကို ကိုယ့်အရင်းနှီးဆုံးမိတ်ဆွေကို ရင်ဖွင့်ပြောပြရတာနဲ့တူတယ်…။ အက်ဆေးဖတ်ရတာကျတော့ ဘာနဲ့တူသလဲဆိုရင် တနေ့လုံးအိမ်ထဲမှာ ကုပ်နေရလို့ ညနေစောင်း အညောင်းပြေ လမ်းလျှောက်ထွက်ရတဲ့ အရသာမျိုး…။ အက်ဆေးဖတ်တဲ့အခါ တပန်းသာတဲ့အချက်တစ်ချက်လည်းရှိသေးတယ်…။ အက်ဆေးဟာ စာဖတ်သူကို လှည့်စားခြင်း ညွှန်ကြားခြင်း ဆုံးမခြင်း ပညာပေးခြင်းတွေ မပြုခြင်းပဲဖြစ်တယ်…။ များသောအားဖြင့် အက်ဆေးဟာ စာဖတ်သူကို တိုက်ပင်ခြင်း ညှိနှိုင်းခြင်း တင်ပြခြင်းသာပြုလေ့ရှိတယ်….။
ခုနောက်ပိုင်း အက်ဆေးတွေဟာ ဝတ္ထုဆန်လာသလို တချို့ ဝတ္ထုတွေက အက်ဆေးဆန်လာကြတယ်..။ ကိုယ် 2011ခုနှစ်လောက်တုန်းက ရေးခဲ့ဖူးတဲ့ တနင်္ဂနွေမိုးသည်း ဆိုတဲ့အက်ဆေးမှာ စကားပြောသောအက်ဆေးလို့ ဆရာဦးဟန်ကြည် မှတ်ချက်လာပေးသွားတာခုထိမှတ်မိနေသေးတယ်...။

ခုပဲကြည့်လေ ကိုယ်ဒီအက်ဆေးကိုစရေးတုန်းက ဦးတည်ချက်ကတမျိုး တကယ်ချရေးဖြစ်တော့ စိတ်ကူးကတမျိုးဖြစ်သွားတယ်…။ အက်ဆေးတပုဒ်ဖြစ်လာဖို့ခံစားမှုတွေကို တင်ပြသလိုဖြစ်သွားတယ် မဟုတ်လား…။ ဆရာမင်းလူရဲ့ အက်ဆေးချစ်သူထဲက ကိုယ်အကြိုက်ဆုံး “အက်ဆေးအကြောင်းအက်ဆေး”ကို ပြောပြမိနေပြီလေ…။ ကိုယ်တစ်ချက်ပြုံးမိသွားခဲ့တယ်…။ ကိုယ်ကိုယ်တိုင်လည်း အက်ဆေးတပုဒ်ဖြစ်နေပြီလား လို့လေ…။ စာအုပ်လေးကို ဖတ်လက်စ စာမျက်နှာမှာ book mark လေးအသာညှပ်ထည့်ရင်း စာအုပ်ကိုပိတ်ဘေးမှာချ ကောင်းကင်ကိုပြန်မော့ကြည့်မိတယ်……။

အိုးးး….. ကြည့်စမ်း ဒီလောက်တိုက်ဆိုင်မှုရှိပါ့မလား…။ စောစောက ကြည်စင်ကောင်းကင်မှာ ခုတော့ အတောင်ပံတစ်စုံနဲ့  အိန်ဂျယ်ပုံလေးထင်းခနဲပေါ်နေတယ်….။  ကိုယ်မင်းအကြောင်းအက်ဆေးတွေ မရေးဖြစ်တာကြာလို့ ကိုယ်ထင်ပြတာလား အိန်ဂျယ်….။ တကယ်တော့ အိန်ဂျယ့်ကို ကိုယ်သိပ်ကျေးဇူးတင်ရမှာပါ…။ ကိုယ်အက်ဆေးတွေအများကြီးရေးထွက်လာနိုင်အောင် ကိုယ့်ကို ရှေ့ဆောင်လမ်းပြ ခံစားမှုရသတွေကို ပေးစွမ်းခဲ့တာလေ…။ အိန်ဂျယ်သာမရှိခဲ့ရင် ကိုယ်လည်း အက်ဆေးလှလှလေးတွေကို ရေးဖြစ်ခဲ့မှာမဟုတ်ဘူး..။ ကိုယ့်ကိုလည်း ကိုယ့်နာမည်ထက် အိန်ဂျယ်နဲ့ပိုပြီးတွဲမိနေကြပြီလေ…။

ပြန်ခါနီး စာအုပ်တွေကောက်သိမ်းရင်း သစ်သားထိုင်ခုံနောက်မှီလေးမှာ ဘယ်သူရေးခြစ်ခဲ့မှန်းမသိတဲ့ စာကြောင်းတခုကို ဖတ်လိုက်မိတယ်..။ 
“နွေဦးလေပြေ မောင့်ကိုစေ” တဲ့…..:)


မိုးငွေ့

Thursday, 6 March 2014

တိမ်တွေလိုမျောနေမယ်…..




                 








                           







ဒဏ်ရာဟောင်းများပဲဒီည ဘယ်လိုမှပြေးလို့မလွတ်နိုင် ငိုချင်လျက်လက်တို့နေသလား အဝေးမှာ နင်ကြိုက်တဲ့သီချင်းသံ ကမ္ဘာကလည်းတိတ်ဆိတ်နေပြီ အမှောင်တွေပဲကြီးစိုးထားသည် တခါတရံမှာဂီတာသံလေးတစ်ခု ဟိုအဝေးကလွှင့်ပျံ …… ကြယ်တွေကြွေတာကြည့်နေမယ် တိမ်တွေလိုငါမျောနေတယ် ဘဝရဲ့ အစိတ်အပိုင်းများစွာဟာ တခုပြီးတခုပဲ့ထွက်ကုန်မလား ငါသေမလိုဘဲလွမ်းနေတာ……

ဒီနေ့လည်း ကျွန်တော်ဒီနေရာလေးကို ရောက်လာခဲ့ပြန်ပြီ….။ ဘယ်နှစ်ရက်ရှိသွားခဲ့ပြီလဲ ကျွန်တော်မရေထားတော့ဘူး…..။ တကယ်လို့ သူရောက်လာခဲ့မယ်ဆိုရင် ကျွန်တော်သူ့ကိုလာစောင့်နေတဲ့ ရက်ပေါင်းများစွာဆိုတာ မနေ့တနေ့ကလိုပဲ ချက်ချင်းတိုတောင်းသွားမှာပါ…။

ဒီနေ့ထူးထူးခြားခြား လေအေးတွေတိုက်ခတ်နေတယ်… အခါတိုင်း ကျွန်တော်လာထိုင်တော့ ရင်ထဲကအပူကြောင့်ဘဲ သတိမထားမိလေသလား….။ တချက်တချက် နှင်းဆီပန်းရနံ့သင်းပျံ့ပျံ့လေးကို ရလိုက်သေးတယ်…။ ကျွန်တော်ယောင်ပြီး နောက်ကိုလှည့်ကြည့်မိတယ်… သူ ကျွန်တော်နောက်ကိုများ ရောက်လာသလားလို့ပေ့ါ…။ ပြီးတော့ သူရှိနေတုန်းကလို ကောင်းကင်မှာ ငှက်ကလေးတွေပျံဝဲနေတာလည်း မတွေ့ရတာကြာပေါ့.။ စမ်းချောင်းကလေးကလည်း တိတ်တဆိတ်ကလေး စီးနေသလား အောက်မေ့ရလောက်အောင် ညင်သာတိုးတိတ်လွန်းပါတယ်…။ ကျွန်တော်ကတော့ သူ့လို ကမ်းပါးအောက် ခြေတွဲလဲချပြီးလဲမထိုင်ရဲပါဘူး…။ ကမ်းပါးအစပ်နဲ့ခပ်နီးနီးနားမှာ ထိုင်ပြီး မကြာခဏ စမ်းချောင်းလေးကို ငုံ့တော့ကြည့်မိပါတယ်…။

သူရောက်လာရင် အဆင်သင့် သောက်နိုင်ဖို့ ကော်ဖီခွက်လေးတွေဟာ အေးစက်သွားကြတာ ဘယ်နှစ်ခွက်များရှိနေပြီလဲ…။ သူရောက်မလာတဲ့နေ့ရက်တွေမှာ ကျွန်တော်နေ့တိုင်းလုပ်နေကျ သူသောက်ဖို့ ကော်ဖီခွက်ကလေးကို ဟိုးး ကမ်းပါးအောက်ထိဆင်းပြီး စမ်းချောင်းလေးထဲကို အသာယာချပြီး မျောလိုက်တာပဲ…..။ ရေထဲမြှုပ်ပြီး ပျောက်ကွယ်သွားတဲ့အထိ ကျွန်တော်စောင့်ကြည့်ပြီးမှပြန်ခဲ့စမြဲ…။

ဂီတာသံပါးလျလျလေး ဟိုးးး အဝေးကလွင့်လာကြတယ်….။

ဟိုတလောက သူကျွန်တော်နဲ့တွေ့တော့ ပြောခဲ့ဖူးတယ်… ကိုညီထွဋ်ရဲ့ အမ်လ်ဘမ်အသစ်ထဲက “ဒဏ်ရာဟောင်းများရဲ့ည” သီချင်းလေးသိပ်ကြိုက်တာပဲတဲ့…… ။ အဲသီချင်းထဲက ဂီတာကိုခပ်ပါးပါးလေးခတ်လိုက်တဲ့အသံ ဘာဂျာသံလေးတွေဟာ သိပ်ကိုလွမ်းဖို့ကောင်းတာပဲ….။ အခု ကျွန်တော့်အခြေနေနဲ့ဆို…ကွက်တိပေါ့…။ ဘာကြောင့်များ ဒီလိုချိန်ကျမှ သီချင်းလေးက တိုက်တိုက်ဆိုင်ဆိုင် ကျွန်တော်နားထဲ တိုးဝင်လာရသလဲ……။

သူဘယ်ရောက်နေသလဲ….။ ကျွန်တော့်ကို တိမ်စိုင်တွေကြားပုန်းပြီးများ ချောင်းကြည့်နေခဲ့သလား…။ လွမ်းဆွတ်မှုတွေနဲ့ ရူးနေသူတစ်ယောက်ကိုများ သူက ဇိမ်ပြေနပြေအဝေးတစ်နေရာက ကြည့်နေမလား….။

ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ သူ ကျွန်တော့်အနားမှာရှိနေတယ်လို့ ဒီနေ့မှာ ထူးထူးခြားခြား ခံစားမိနေတယ်…။

လုပ်နေကျအတိုင်း လက်ထဲက ကော်ဖီခွက်လေးကိုကိုင်ပြီး ကမ်းပါးအောက်ကို ကျွန်တော်ဆင်းသွားခဲ့တယ်…။ စမ်းချောင်းနဘေးရောက်တော့ ကော်ဖီခွက်ကလေးကို ရေစီးထဲ အသာချပြီးမျောလိုက်တယ်….။ ကျွန်တော် ခွက်လေးကို မျက်စိတဆုံးကြည့်နေမိတယ်…..။ ခွက်ကလေး တော်တော်အလှမ်းဝေးသွားချိန်မှာ ရေစီးထဲ ပန်းဖြူဖြူပွင့်ကလေးတွေ ဖွေးခနဲမျောလာကြတယ်….။ ကျွန်တော် ရင်ခုန်လှိုက်မောစွာ ပန်းကလေးလာရာကို လှည့်ကြည့်လိုက်တယ်…။ 




 
                      


အို…. သူ….။  ကျွန်တော့်ရဲ့ မနှင်းဆီ…။ အဖြူရောင်ချည်ဂါဝန်ခပ်ရှည်ရှည်လေးနဲ့ ကျွန်တော်နဲ့ ဆယ်ကိုက်လောက်အကွာ ကျောက်တုံးတခုပေါ်မှာထိုင်ရင်း ပန်းပွင့်ဖြူလေးတွေအပြည့်ပါတဲ့ ကြိမ်ခြင်းလေးကိုကိုင်ပြီး ပန်းကလေးတွေကိုမျောနေတာ…..။  အညိုဖျော့ရောင်သူ့ဆံပင်တွေက ကျောလည်လောက်ထိ နွယ်ခွေပြီးကျနေတာ… နားထင်နားမှာ အဖြူဆွတ်ဆွတ် နှင်းဆီတစ်ပွင့်…။ မြင်ကွင်းလေးဟာ သိပ်ကဗျာဆန်တာပဲ……။ ကျွန်တော့်ဘဝမှာ မြင်ဖူးခဲ့သမျှ အလှဆုံးပန်းချီကားချပ်ပါပဲ…။

ကျွန်တော်သူ့အနားကို လျှောက်မသွားသေးဘဲ သူပန်းကလေးတွေမျောနေတာကို ထိုင်ကြည့်နေမိတယ်…။ သူကတော့ သူနဲ့ခပ်လှမ်းလှမ်းမှာ ကျွန်တော်ရှိနေတယ်လို့တောင်များ သိနေရဲ့လားမသိ သူ့အာရုံတွေက ပန်းကလေးတွေဆီမှာ စမ်းချောင်းဆီမှာပဲ…..။ သူ့ကြိမ်ခြင်းလေးထဲက ပန်းတွေကုန်သွားတော့ ကျောက်တုံးပေါ်ကသူဆင်းပြီး ကျွန်တော့်ဆီကို ဦးတည်လျှောက်လာခဲ့တယ်….။ ကျွန်တော်က လှမ်းလာနေတဲ့ သူ့ကိုမနှုတ်ဆက်ဘဲ တခုခုညို့ခံထားရသလို သူ့ကိုပဲ မမှိတ်မတုန်ကြည့်နေမြဲ(ဆဲ)။

“ကော်ဖီခွက်ကလေးတွေ ၂၁ လုံးတောင်ရေထဲမျောပစ်လိုက်တာ နှမြောစရာကွယ်…” တဲ့….။

ကျွန်တော့်ဘာသာ ဘယ်နှစ်ခွက်မှန်းတောင်မသိတဲ့ ကော်ဖီခွက်တွေကို သူက တိတိကျကျသိနေတယ်ဆိုတာ ကျွန်တော့်ကို သူအဝေးတနေရာကစောင့်ကြည့်နေတယ်ဆိုတာ သေချာနေပြီ…။ ကျွန်တော်သူ့ကို တစ်ခုခု ပြန်ပြောဖို့ စကားလုံးတွေ အသည်းအသန်ရှာနေပေမယ့် နှှုတ်ကဆွံ့အနေခဲ့တယ်…။

“မနှင်းဆီ.. ခင်ဗျား သိပ်ကို ညို့ယူနိုင်စွမ်းအားပြင်းလွန်းတယ်….”  ဒီစကားလေးဟာ ကျွန်တော့်ရင်ထဲက တိတ်တိတ်ကလေးပဲပြောမိတာပါ…။ တကယ်တမ်း ကျွန်တော့်နှုတ်ခမ်းတွေဟာ အာစေးမိသလို ပွင့်ဟမလာကြ…။

“လာ သွားစို့ အပေါ်မှာ အတူထိုင်ပြီး စကားပြောကြမယ်လေ…” ဆိုပြီး သူက ကျွန်တော့်အကျီၤလက်ဖျားကို လာဆွဲတယ်…။ အဲဒီချိန် သူ့ခေါင်းပေါ်က နှင်းဆီဖြူလေး ရှောခနဲပြုတ်ကျသွားခဲ့တယ်…။ ကျွန်တော်ကောက်ယူပြီး တချက်နမ်းရှိုက်လိုက်မိတယ်…။ ပြီးတော့ သူ့ကိုလှမ်းပေးတော့ သူက တစ်ချက်ပြုံးပြီး သူ့ဆံနွယ်ကြားထိုးပန်လိုက်တယ်……။ သူ့အပြုံးတွေက လျှပ်စီးပန်းတွေလိုပဲ  အလင်းပွင့်သွားခဲ့တာ မျက်လုံးတွေတောင် ကျိန်းစပ်သွားရတယ်..။

သူရောက်လာလိမ့်မယ်လို့ ကျွန်တော်ခံစားလိုက်မိတာ…တကယ်လည်း သူရောက်လာခဲ့တယ်….။

ကျွန်တော်တို့နှစ်ယောက် အခါတိုင်းလိုပဲ  စကားမပြောကြသေးဘဲ  ဟိုးး အဝေးဆီက တိမ်တွေကို မျှော်ငေးရင်း နေကြတယ်…။ သူကတော့ လွတ်လပ်ပေါ့ပါးစွာပဲ ကမ်းပါးအောက်ကိုခြေတွဲလောင်းချထိုင် လက်နှစ်ဖက်ကို အနောက်ဖက်မြက်ခင်းပေါ်ထောက်လျက် အနေထားနဲ့…။ တခါတခါကျ ကျွန်တော်သူ့ကို သိပ်အားကျတာပဲ…။ သူ့ကိုကြည့်လိုက်ရင် အမြဲလွတ်လပ်ပေါ့ပါး ပျော်ရွှင်နေတတ်တယ်…။ ကျွန်တော်ကသာ အပူအပင်တွေပြည့်နှက်နေသူလို့ သူ့ကိုပြောပြတော့…။ “အော်ကွယ်……အပူကင်းတဲ့လူရယ်လို့ လောကမှာရှိလို့လား”တဲ့…..။ ဒါပေမယ့် သူကတော့ တကယ် ကလေးမကလေးတစ်ယောက်လို ဖြူစင်သွက်လက်ပျော်ရွှင်နေတာပဲ မြင်ရတယ်…။ ကျွန်တော်မကြာခဏ ဟစ်ကြွေးခဲ့ဖူးတဲ့ နေချင်စရာမကောင်းတဲ့ လောကကြီးဟာ သူနဲ့တွေ့ပြီး မမှန်ပါလားလို့ တဖြေးဖြေးသိလာရတယ်…..။ တကယ်ဆို လူတွေကကိုယ့်အပူကို လောကကို အပြစ်ပုံချ…. လောကကြီးကနေလို့ထိုင်လို့မကောင်းဘူးလို့ အထင်မြင်တွေလွဲမှားနေကြတာပါ…..။ လောကကြီးဟာ နေတတ်ရင်ကျေနပ်စရာဆိုတာ သူ့ကိုကြည့်ရင်း ကျွန်တော်နားလည်လာခဲ့တယ်……။

“ရှင်နဲ့မတွေ့တဲ့ ရက်ပိုင်းလေးမှာ မျက်နှာတွေချောင်သွားလိုက်တာ ကျန်းမာရေးဂရုစိုက်ဦး….” တဲ့…။ သူ့လေသံထဲမှာ ကျွန်တော့်ကို စိုးရမ်းပူပန်နေတာမျိုးမဟုတ်ဘဲ မိတ်ဆွေအရင်းချာ တစ်ယောက်ကို စေတနာနဲ့ သတိပေးသံပဲပေါက်ပါတယ်….။ ဒုက္ခပဲဗျာ …မနှင်းဆီ… ကျွန်တော် ခင်ဗျားဆီက ဘယ်လောက်ထိများ ဂရုတစိုက်ရှိမှှုကို တောင်းတနေခဲ့မိနေသလဲ…။



                      



“ကျွန်မ ဒီနေ့လာခဲ့တာ ရှင့်ကို လာနှုတ်ဆက်တာ…”  သူက မြက်ခင်းစိမ်းတွေကြားက အဝါရောင်ပန်းပွင့်သေးသေးလေးတစ်ပွင့်ကိုဆွဲနုတ်ပြီး လက်မနဲ့လက်ညိုးကြား လှည့်ကစားနေတယ်…။
သူက ကျွန်တော့်ကို လာနှုတ်ဆက်တာတဲ့ သူဘယ်သွားမှာမို့လို့လဲ…။ တကယ်ဆို ကျွန်တော်လည်း ဒီနေရာလေးကို ဒီနေ့နောက်ဆုံးလာခဲ့တာပါ… သူရောက်မလာခဲ့ရင်တောင် သူနဲ့အတူထိုင်စကားပြောဖူးတဲ့ နေရာလေးကို နောက်ဆုံးအနေနဲ့လာနှုတ်ဆက်တာပါပဲ…။ ခုတော့ သူက ဦးသွားခဲ့ပြီ…။

“ကျွန်မက ပတ်ဝန်းကျင်ကို ဂရုစိုက်တတ်တဲ့သူတစ်ယောက်မဟုတ်ပါဘူး… ဒါပေမယ့် ကျွန်မလက်တွေ့ဘဝကို သွားဖို့အချိန်တန်ပြီလို့ထင်လို့ ခုလိုဆုံးဖြတ်လိုက်တာပါ… ဒီနေရာလေးကိုဘယ်တော့မှ မလာတော့ဘူးလို့ ဆုံးဖြတ်တာမဟုတ်ပါဘူး… အချိန်ရတဲ့အခါ လူတွေကိုငြီးငွေ့လာတဲ့အခါ မွန်းကျပ်မှုတွေများလာတဲ့အခါ ဒီနေရာလေးကို ကျွန်မရောက်လာခဲ့ဦးမှာပါ… ရှင်လည်း ဒီလိုပဲဆုံးဖြတ်လိမ့်မယ်ထင်ပါတယ်…”

“ကျွန်တော်လဲ ဒီနေရာလေးကိုနှုတ်ဆက်ဖို့ရောက်လာတာပဲ ခင်ဗျားနဲ့ကျွန်တော် စိတ်ကူးချင်းတူသွားတာ…” လို့ပြန်ပြောလိုက်တဲ့ ကျွန်တော့်အသံတွေ အနည်းငယ်တုန်ယင်နေကြတာ သူမရိပ်မိလောက်ဘူးထင်ရဲ့…။

ဝါသနာတူချင်းမို့ ကျွန်တော်တို့အတွေးတွေပဲ ကူးစက်သွားကြသလား မနှင်းဆီ…။ ဟုတ်တယ် သူပြောသလိုပဲ ကျွန်တော်တို့ တစ်နေ့တစ်နေ့ဒီနေရာလေးကို အချိန်ကုန်ခံပြီး နေ့တိုင်း မလာသင့်တော့ဘူး….။ စိတ်ကူးယဉ်စရာတွေပြည့်သိပ်နေတဲ့ စိတ်ချမ်းသာစရာ ကောင်းတယ်လို့ ထင်ရပေမယ့် ကျွန်တော်တို့ လက်တွေ့ဘဝကိုဆက်လျှောက်ကြရဦးမယ် မဟုတ်လား…။

ကျွန်တော်သက်ပြင်းချပြီး သူ့ကိုလှည့်ကြည့်တော့ သူကျွန်တော့်နားမှာမရှိတော့ဘူး…..။ ဒီလောက်ပဲမြန်မြန်ဆန်ဆန် ကိုယ်ယောင်ဖျောက်ရသလား…။ သူထိုင်ခဲ့တဲ့ မြက်ခင်းပြင်ပေါ်မှာ သူ့ခေါင်းပေါ်က နှင်းဆီဖြူလေးကျကျန်ရစ်ခဲ့တယ်…။ ကျွန်တော် ကောက်ယူပြီး အိတ်ကပ်ထဲ ထည့်လိုက်တယ်….။

ကျွန်တော်တို့ ဘယ်လောက်ကြာမှ ဒီနေရာမှာ ထပ်ဆုံကြဦးမလဲ…. အဲဒီအတွေး ကျွန်တော့်ခေါင်းထဲ မကြာခဏဝင်မလာစေဖို့ ရက်ပေါင်းများစွာ ကျွန်တော်လေ့ကျင့်ရလိမ့်ဦးမယ်…..။



 





ဒဏ်ရာဟောင်းများပဲဒီည ဘယ်လိုမှပြေးလို့မလွတ်နိုင် ငိုချင်လျက်လက်တို့နေသလား အဝေးမှာ နင်ကြိုက်တဲ့သီချင်းသံ ကမ္ဘာကလည်းတိတ်ဆိတ်နေပြီ အမှောင်တွေပဲကြီးစိုးထားသည် တခါတရံမှာဂီတာသံလေးတစ်ခု ဟိုအဝေးကလွှင့်ပျံ …… ကြယ်တွေကြွေတာကြည့်နေမယ် တိမ်တွေလိုငါမျောနေတယ် ဘဝရဲ့ အစိတ်အပိုင်းများစွာဟာ တခုပြီးတခုပဲ့ထွက်ကုန်မလား ငါသေမလိုဘဲလွမ်းနေတာ……




 ဇော်ဝင်းထွဋ် - လူ အမ္ဘမ္မွ - အဆံုး



မိုးငွေ့