ကိုယ်ရယ် ..မင်းရယ်.. ဒီဇင်ဘာရယ် လက်ချင်းယှက်လို့.....။
ကိုယ့်လက်တွေက သိပ်အေးနေလို့လား မင်းလက်ဖဝါးတွေကနွေးနေတာပဲ...။
ဒီဇင်ဘာကတော့ ကိုယ်တို့နှစ်ယောက်ကို သိုင်းဖက်ထားလေရဲ့...။
မဲနက်နက် မင်းမျက်တောင်ထူထူပေါ်မှာ ဒီဇင်ဘာက နှင်းမှုန်ကလေးတွေတင်ထားပေးတယ်...။
မင်းပါးပြင်နှစ်ဖက်လည်း ပန်းသွေးရောင်လွှမ်းလို့...။
ဒီဇင်ဘာဟာ ကိုယ့်နှှုတ်ခမ်းကို အေးစက်ပြာနှမ်းသွားအောင်ဖန်ဆင်းပေးထားတယ်
မင်းနှုတ်ခမ်းထူထူအိအိတွေဆီက အနွေးဓါတ်ရအောင်လို့တဲ့....။
ဆောင်းညနေ နေဝင်ချိန်ကို ကိုယ်တို့အတူထိုင်ကြည့်ကြတယ်...။
လိမ္မော်ရောင်တိမ်တိုက်တွေကို နှင်းဇာပုဝါနဲ့ဖုံးအုပ်ထားတာ သိပ်လှတာပဲ...။
ရွေ့လျားနေတဲ့ တိမ်တွေကို ပုံဖော်ကြည့်ကြရင်း အိပ်တန်းပြန်ငှက်တွေကိုလည်း ငေးမောရင်းပေါ့..။
မင်းက ကိုယ်တို့ထိုင်တဲ့ မြက်ခင်းစိမ်းပြင်ပေါ်က အဝါရောင်ပန်းပွင့်ကလေးကို နှုတ်ယူပြီး ကိုယ့်ဆံနွယ်ကြားထဲ
ပန်ပေးလိုက်တယ်...။ ဆောင်းရဲ့ နေညိုညိုအောက်ကနေ မင်းက ကိုယ့်ကိုတစ်ချက်ကြည့်ရင်း....ထုံးစံအတိုင်း
အပြုံးဖြူဖြူတွေနဲ့ ကိုယ့်ကိုပြောတယ်...“ညနေရွှေညိုရောင်နဲ့မမနဲ့သိပ်လိုက်တာပဲ” တဲ့...။
ပြီးတော့ ကိုယ်တို့နှစ်ယောက်ရဲ့ အပြုံးကို ကောင်းကင်က ထွက်လာခါစ ကြယ်ကလေးတွေက ငေးကြည့်ပြန်ပေါ့...။
ကိုယ်ရယ်...မင်းရယ် ... ဒီဇင်ဘာရယ်....
ဆောင်းဟာ ဘယ်လောက်အေးစိမ့်နေပါစေ
မင်းအတောင်ပံတွေနဲ့ ကိုယ်အမြဲနွေးထွေးနေမှာပါ အိန်ဂျယ်......။