Monday, 29 February 2016

နွေရာသီအနုပညာ (၁)နှင့်(၂).....






 

"နွေရာသီ အနုပညာ (၁)"


ငှက်ကန်းတွေလည်း လှတယ်

ကျီးအာသံလည်း သာတယ်

မြက်တွေ တသွေ့သွေ့ ခြောက်ကုန်တဲ့ ဓာတ်ပုံ..

နေကာမျက်မှန်ချွတ်ပြီး ဘီယာဗူးကို ဖောက်ချလိုက်တော့

ကျွန်တော့်သီချင်းစာသားတွေ ပါသွားတယ်

ကျေးလက်ဂီတဟာ ရင်ဘတ်ကြီးနဲ့မအော်ဘဲ

ငြိမ့်ငြိမ့်ညောင်းညောင်း တိုက်စားသွား..

အဝေးပြေးလမ်းများ ပျော်ပါးတဲ့ရာသီ။ ။


ရေသားသူ- Craton


 

"နွေရာသီ အနုပညာ (၂)"


မူးမော်ပျို့အန်ချင်နေတာကိုက နွေရဲ့ကော်ဖီမိတ်ပဲ

ချွေးတလုံးလုံး သံတရဲရဲ နေ့လည်ခင်းတွေ

သံပုရာသီးများများလိုအပ်တဲ့ ညနေတွေ

တလူးလူးတလှိမ့်လှိမ့် အိပ်ရာခင်း အကျိုးအကြေတွေ

ပေါင်ဖော်ကျောဖော် အလန်းဇယားတွေ

နွေရာသီဟာ အချိုများများလိုနေဆဲ..။ ။


ရေသားသူ- Craton


Saturday, 20 February 2016

နောက်ဆုံးတောင်းဆု.....





ကျွန်မသူ့ကို ဘယ်လောက်စောင့်ရမှာတဲ့လဲ….။

ဘဝမှာ စောင့်စားရခြင်းအဖြစ်ကို မကြိုက်ဆုံးပေမယ့်လည်း အဲဒီကျွန်မ မကြိုက်နှစ်သက်တာနဲ့ပဲ မကြာခဏကြုံတွေ့နေရတာဟာ ကျွန်မရဲ့ ကံတရားကြောင့်လား…..။

အင့်ခနဲ..ရှိုက်လိုက်တဲ့ ကိုယ့်ရှိုက်သံကိုယ်ပြန်ကြားရင်း သူ ကျွန်မဆီကို ဘယ်တော့မှ ပြန်မလာတော့ဘူးဆိုတာ လက်ခံလိုက်ဖို့ကို ကျွန်မတုန်လှုပ်ထိတ်လန့်နေမိတယ်…..။

ကြည့်ပါဦး …. ကောင်းကင်မှာ ကြယ်တွေတဖြုတ်ဖြုတ်ကြွေကျနေပြီ….။ ဒါကို ရှေးပြေးနိမိတ်တစ်ခုလို့ ကျွန်မ မကောက်တတ်ခဲ့လို့ပဲလား…။ တကယ်ဆို… ဘယ်တော့မှ ကျွန်မဆီကို ပြန်ရောက်မလာတော့တဲ့  သူ့ကို ကျွန်မအပြီးပိုင်လက်လွှတ်ဆုံးရှုံးလိုက်ရပြီဆိုတာပဲ…။

ပုလဲလုံးတွေလို မျက်ရည်တချို့ ကျွန်မပါးပြင်ပေါ် လှိမ့်ဆင်းခုန်ချလာကြတယ်…။ အို…. ကျွန်မငိုနေတာလား…….။ ကြယ်ကြွေတာ ငိုစရာမှမဟုတ်ဘဲ…..။ ကြယ်ကြွေရင် ဆုတောင်းပြည့်တတ်တယ်တဲ့…..။ ကျွန်မရှေ့မှာ တဖြုတ်ဖြုတ်ကြွေနေတဲ့ ဘယ်ကြယ်တစ်လုံးကို ရည်စူးပြီး ကျွန်မဆုတောင်းရမှာတဲ့လဲ…။ ပြီးတော့ ကျွန်မကရော ဘာဆုကိုတောင်းမှာတဲ့လဲ……။

ခုချိန်မှာ ကျွန်မ မျက်စိစုံမှိတ်ပြီး လက်နှစ်ဖက်ကိုယှက်လို့… “သူနဲ့ပြန်တွေ့ပါစေ…” အဲလိုဆုတောင်းရမှာလား…။ အဲလို ဆုတောင်းလိုက်တာနဲ့ ကျွန်မရှေ့မှာ သူဘွားခနဲပေါ်လာမှာလား…။ ကျွန်မရဲ့လိုအင်တွေသိပ်များနေပြီ...။

လေအေးတွေစိမ့်ခနဲ တချက်အဝှေ့မှာ ကျွန်မဆံပင်တွေ ဖွာလန်ကျဲသွားကြတယ်….။ ကျွန်မ ဒီနေရာမှာ ရပ်နေခဲ့တာဘယ်လောက်ကြာနေပြီလဲ…….။ သူပြောတော့ “မနှင်းဆီ ဆီကို ကျွန်တော်အရောက်လာခဲ့မယ်”ဆို…..။ ခုတော့ ကျွန်မပြောတဲ့ ပုံပြင်တွေနဲ့ သူက ကျွန်မကို ပုံပြန်ပြောသွားခဲ့ပါပြီ….။ ဟုတ်ပါတယ် ကျွန်မနားလည်လိုက်ပါပြီ….။

နှင်းဆီသင်းရနံ့တွေရဲ့ ဆွဲဆောင်ဖြားယောင်းမှုကြောင့် ကြယ်ကြွေရတာပါဆို….. ခုတော့လည်း ကြွေနေရသူဟာ ကျွန်မကိုယ်တိုင်ဖြစ်နေခဲ့ပါပြီ…..။ 







“ကြယ်ကြွေရင် နှင်းဆီခြေရင်းမှာ မြှုပ်ပေးခွင့်ပြုမှာလား”လို့ သူမေးခဲ့ဖူးတာကို ဖျတ်ခနဲအမှတ်ရမိသွားခဲ့တယ်…။ ဒါဖြင့်…“နှင်းဆီကြွေရင်ရော…ဘယ်နေရာမှာမြှုပ်နှံခွင့်ရှိမှာလည်း”….။ သူကပြောတယ် နှင်းဆီဆိုတာ မြေမှာပွင့်တာမဟုတ်တဲ့အတွက် ဘယ်တော့မှကြွေမှာမဟုတ်ဘူးတဲ့…. ဒါဖြင့်ဘယ်မှာပွင့်မှာလည်းဆိုတော့ ကြယ်ကြွေတဲ့အခါသိရလိမ့်မယ်တဲ့…။ 

ကြယ်ကြွေသောက်ရင် အလွမ်းပျောက်သတဲ့….။ ကျွန်မ သူကိုယ်တိုင်ဖျော်တိုက်မယ့် ကော်ဖီခါးခါးတစ်ခွက်သောက်ရရင် အလွမ်းတွေပျောက်မလားပဲနော်….။ ခုနတုန်းက ကြွေခသွားကြတဲ့ကြယ်တွေထဲမှာ သူပါမပါ သေချာအောင်ကြယ်ကြွေတွေကို တစ်လုံးချင်း ကျွန်မလိုက်ကောက်ကြည့်ရမလား… ဟင့်အင်း…ကျွန်မစိတ်ကူးမယဉ်သင့်တော့ပါဘူး..။ သူ ကျွန်မနားကနေ အပြီးတိုင် ပျောက်ကွယ်လွင့်ပါးသွားခဲ့ပြီပဲ……။ ကျွန်မ ဒါကိုလက်ခံနိုင်ရလိမ့်မယ်…..။


မိုးငွေ့



Saturday, 13 February 2016

ကြယ်ရောင်ပျောက်သောည.....



 

ကျွန်မကောင်းကင်မှာ ကြယ်ရောင်တွေမရှိတဲ့အခါ ကျွန်မသေဆုံးသွားမှာလား…??
ကျွန်မ ပန်းခင်းထဲကို ကြယ်မကြွေတော့တဲ့အခါ ကျွန်မသေဆုံးမှာလား??

တကယ်တမ်း ကျွန်မညတွေဆီက ကြယ်ရောင်တွေအလင်းမပေးတော့တဲ့အခါ ကျွန်မစိတ်တွေနွမ်းလျလှိုက်မော သွားရုံမှအပ ဘာမှမဖြစ်ခဲ့ပါဘူး…။

ကျွန်မနားကို အတောက်ပဆုံးမဟုတ်ဘဲ… ခပ်မှိန်မှိန်အလင်းမှိတ်တုတ်နဲ့ ကြယ်လေးတစ်လုံး လင်းပခဲ့ဖူးတယ်…။ ကျွန်မကိုသူပြောဖူးတယ်….  မနှင်းဆီက မြေမှာစိုက်တဲ့ ပန်းမှမဟုတ်ဘဲတဲ့…။ နှင်းဆီဘယ်မှာစိုက်လဲဆိုတာ… ကြယ်ကြွေတဲ့အခါသိရလိမ့်မယ်တဲ့…..။ 

ကျွန်မစောင့်ကြည့်ခဲ့ဖူးတယ်…..။ ကောင်းကင်မှာ ဘယ်ချိန်ကြယ်ကြွေမလဲဆိုပြီးတော့လေ…..။ ခုတော့ ကြယ်ကြွေကိုမြင်ရဖို့နေနေသာသာ ….ကြယ်ရောင်တွေကိုတောင်မမြင်ရတဲ့ညပါ……။ ညတိုင်းကျွန်မ စောင့်နေခဲ့တယ်…..။ ဒါပေမယ့် ကြယ်ကရောက်မလာခဲ့ပါဘူး…။ 

ကျွန်မထင်မှတ်မှားခဲ့ဖူးတယ်… ကြယ်အလင်းရောင်မရဘဲ နှင်းဆီတွေပွင့်မှာမဟုတ်ဘူးဆိုပြီးတော့လေ….။ တကယ်ကျတော့ ကြယ်အလင်းမရှိဘဲနဲ့လဲ ပန်းတွေကပွင့်လန်းနေခဲ့တယ်…..။ နှင်းဆီလန်းမယ်ဆို သူက ကြယ်တစ်ပွင့်အဖြစ်ကနေ လအစင်းတစ်ရာတောင် ဖန်ဆင်းဦးမယ်တဲ့…။ သွေးနဲ့လောင်းမှလန်းမယ်ဆိုလဲ သွေးနဲ့လောင်းမယ်တဲ့..။ 
အို.. သူ့အချစ်တွေက သွေးရူးသွေးတန်းနိုင်လိုက်တာလို့ ကျွန်မတွေးမိခဲ့တယ်…။ 

ကျွန်မကအတွေးလေးနဲ့တင်တွေးခဲ့ပေမယ့်… သူကကတော့ နှင်းဆီနက်ဆူးတွေလက်ဖဝါးမှာစူးခံပြီး ဆုပ်ကိုင်ထားဆဲ….။ နှင်းဆီနက်ဆူးတွေက တခြားနှင်းဆီဆူးတွေထက် အဆိပ်ပြင်းတယ်လို့ သူထင်နေမလားပဲ။  သူကတော့ ကျွန်မကိုသိပ်ရက်စက်သူလို့မြင်ချင်မြင်လိမ့်မယ်…။ ကျွန်မက သူ့အတွက် အဆိပ်တွေနဲ့ဆူးကိုသာ ပေးနိုင်သူကိုး…။

ဟုတ်တယ် ကြယ်တွေတစ်ပွင့်မှရောက်မလာခဲ့ရင် ကျွန်မ Chain Relink game လေးကို ဆက်ကစားဖို့တောင် အင်အားမရှိတော့ပါဘူး…..။ ဒီလောက်ဆို ကျွန်မရဲ့ ရူးသွပ်မှုတချို့ကို သူမြင်တတ်လောက်ပါရဲ့…။

တစ်ခုတော့ ကျွန်မဝန်ခံခဲ့မယ်…. ကြယ်ရောင်တွေမရှိတဲ့ညတွေမှာ ကျွန်မတစ်ယောက်တည်း ခြောက်ချားနေတတ်ခဲ့ပြီဆိုတာပဲ….။


မိုးငွေ့

Tuesday, 9 February 2016

နွေဦး(၆).....



 


 

မြူငွေ့ခပ်ပါးပါးကို ထိုးထွင်းဖောက်နေတဲ့ အဝါဖျော့ အလင်းတန်းလေးအောက်မှာ... ရော်ရွက်ဝါဟောင်းတွေကြွေကျနေတာ သိပ်လှတာပဲ..။ ဟို..အရင်ငယ်စဉ်တုန်းကတော့ ကိုယ်ဟာအဝါရောင်ကို မနှစ်သက်တတ်ခဲ့ဘူး…။

နွေဦးရဲ့ အရောင်ဟာ ဝါဖျော့ဖျော့လေးလား….။ နွေဦးကြောင့် အဝါရောင်ကို ကိုယ်တစတစ နှစ်သက်လာတတ်ခဲ့သလား….။

အိန်ဂျယ်ရေ….. နွေဦးတွေတစ်ခုပြီးတစ်ခု ကျော်လွန်ပြီးနောက်မှာ တိတ်တဆိတ်နဲ့ မင်းရောက်လာခဲ့သေးသလား…။ အခွင့်မရှိတော့တာတောင်မှ ကိုယ်သိချင်နေခဲ့မိသေးတယ်…။

နွေဦးကတော့ သူ့တာဝန်သူ ကျေပွန်စွာလှပနေဆဲပဲ ဥသြကလည်းသူ့အသံချိုချိုနဲ့ တွန်မြည်နေဆဲပဲ… ကိုယ်လည်းပဲ နွေဦး ပန်းချီကို ခြယ်သနေဆဲပါပဲ အိန်ဂျယ်….။

မင်းနဲ့ဘယ်တော့မှ ပြန်မဆုံနိုင်တော့ပေမယ့် အဲဒီနေရာလေး(ကမ်းခြေ)ကိုလည်း ကိုယ်လွမ်းနေတတ်မြဲပါပဲ…။


မိုးငွေ့