ဒီကော်ဖီခွက်လေး တစ်ခွက်ကိုအကြောင်းပြုပြီး ကျွန်မရေးချင်တာလေးတွေ ရေးပါရစေ..။ ဒီကော်ဖီခွက်လေးက ဒီမနက်ရုံးသွားရင်းလမ်းမှာ take away ဝယ်သောက်ဖြစ်တဲ့ Hot Latte ပါ ..။ bean ကောင်းတယ်..။ သကြားမလိုဘူး။ မခါးဘူး။ ဆိမ့်မွှေးလေး..။ တကယ်ဆို ဆိုင်တစ်ဆိုင်မှာ ကေ်ာဖီတစ်ခွက်ကောင်းမကောင်းက espresso တစ်ခွက်မှာသောက်ရတာပါ..။ ကျွန်မကတော့ ကော်ဖီကောင်းမကောင်းကို Latte မှာသောက်လေ့ရှိတယ်..။ နဂိုထဲက ကိုယ်က ကော်ဖီဆိုတာ ဘာမှန်းညာမှန်း မသိခင်ကတည်းက Ice Latte ကို ခုံမင်ခဲ့သူမဟုတ်လား..။ ဒီ The District ကော်ဖီဆိုင်က Hot Latte လေး မဆိုးဘူး။ ပုံမှန်ဈေးလေးနဲ့ အရသာလည်းကောင်းတယ် balance ဖြစ်တယ်..။ ဒါပေမယ့် ကျွန်မတို့သင်တန်းက ကော်ဖီကိုတော့ မမှီသေးဘူး....။
ဒီကော်ဖီခွက်ပုံလေးကိုတော့ Iphone SE A1662 နဲ့ရိုက်ထားတာပါ..။ ကျွန်မ Iphone SE လေးက Rose Gold အရောင်လေး..။ ကျွန်မက ပန်းရောင် ခရေဇီမို့ အဲအရောင်ကိုရွေးမိတာ..။ ဖုန်းထဲမှာ I ကို ခုမှစကိုင်တာပါ..။ အရင်ကတော့ ကျွန်မ Sony တို့ Sumsung တို့လို Andriod ပဲသုံးဖူးခဲ့တာပါ..။ Iphone ကို ခုမှစကိုင်တာ ရှစ်လလောက်ရှိဦးမယ်..။ I ပစ္စည်းကို သိပ်မစိမ်းတာက လွန်ခဲ့တဲ့ သုံးလေးနှစ်ကတည်းက ကျွန်မ Ipad သုံးခဲ့ဖူးပါတယ် အဲတုန်းကစသုံးတာက Ipad 2 ခုတော့ Ipad Air သုံးပါတယ်..။ Ipad ကိုသုံးရခြင်းရဲ့ အဓိက ရည်ရွယ်ချက်က ကျွန်မလိုချင်တဲ့ Pinterest ထဲက ပုံတွေကို သိမ်းရတာပါ..။ ပြီးတော့ စာအုပ်စင်ထဲမှာရှိတဲ့ စာအုပ်တွေကို အချိန်မရွေး ခရီးသွားရင်းလည်းဖတ်လို့ရအောင်ပါ..။ နောက်ပြီးတော့ Candy Crush Saga အပျင်းပြေဆော့ရအောင်..။ ကျွန်မအဲဒီဂိမ်းတစ်မျိုးကိုပဲ ဒေါင်းလုတ်လုပ်ထားတယ်..။ အရင်ကဆို အချိန်ပေါတော့ Itune ကနေ Movie တွေထည့်ပြီး ကြည့်ဖြစ်သေးတယ်..။ ခုတော့ You tube လောက်နဲ့ပဲ..။ ကျွန်မက စိတ်ဝင်စားစရာ သက်ဝင်ဆွဲဆောင်နိုင်တဲ့ အရာဝတ္ထုလေးတွေကို ဓါတ်ပုံရိုက်ရတာ ဝါသနာပါတယ်..။ ဓါတ်ပုံပညာကို ဂဃနဏ နားမလည်ပေမယ့် .. ဖုန်းတွေနဲ့ လျှောက်ရိုက်ရတာကြိုက်တယ်..။ ကျွန်မ အရင်က ကိုင်ခဲ့ဖူးတဲ့ Sumsung Galaxy S5 ကို အကြိုက်ဆုံးပဲ ပုံထွက်အရမ်းလှတယ်..။ Auto Filter ပါလို့ထင်တယ် Selfie ရိုက်ရင်လည်း လူကလှမှလှပဲ..။ Iphone တွေကတော့ လူကိုရုပ်ဆိုးစေတယ် အရေပြားမှာရှိတဲ့ မကောင်းတာမလှတာတွေကို အသားပေးထားသလားအောက်မေ့တယ်..။ ပြောရမယ်ဆိုရင် အရှေ့ကင်မရာပဲကောင်းတယ် အနောက်ကင်မရာမကောင်းဘူး...။ ခုကော်ဖီခွက်ပုံလေးက ကြည်ကြည်လင်လင်လေးထွက်တယ်..။ Focus ယူတဲ့အတိုင်းထွက်တယ်..။ ငှက်ပျောကောက်ညှင်းပန်းကန်နဲ့ တခြားနောက်ခံတွေကို ဝါးထားတယ်..။ ကျွန်မ Fuji XA2 ကင်မရာ တစ်လုံးဝယ်ထားဖြစ်သေးတယ်..။ သူ့ကိုအကြောင်းပြုပြီး ပုံတွေသိပ်မရိုက်ဖြစ်သေးတာနဲ့ သူ့အကြောင်းမရေးဖြစ်သေးတာ..။
ခုတလော နေလို့သိပ်မကောင်းဘူး..။ လည်ပင်းထဲမှာ အစာစားပြီးတိုင်း နင်နေသလို တစ်ဆို့ဆို့ကြီး ခံစားနေရတယ်..။ ဒါမျိုးခံစားမှုကို 2015 နှစ်ဦးပိုင်းတုန်းက တစ်ခါဖြစ်ဖူးတယ်..။ Stress များရင်ဖြစ်တတ်တယ်တဲ့..။ အစာအိမ်က gas က အပြင်မထွက်ဘဲ လည်ပြွန်မှာ တစ်နေတာမျိုး..။ နောက်ပြီး လည်ပြွန်ယောင်နေလို့လဲပါလိမ့်မယ်..။ အဲလိုသာဖြစ်တာ အစားကတော့ စားလို့ကောင်းနေတာပဲ...။ လောလောဆယ် ဆေးခန်းမပြဖြစ်ပါဘူး..။ ဆေးခန်းပြရင် နောက်ဆက်တွဲတွေက များလွန်းလို့ သွေးစစ် ဆီးစစ် ဓါတ်မှန်ရိုက် ဘာညာကွိကွတွေနဲ့..။ အိပ်ရေးကလည်း ဆက်တိုက်ပျက်လို့ ပင်ပန်းတာလည်းပါတယ်..။ အပြင်ပက Virus တွေကူးမလွယ်ရအောင် Vitamin- C သောက်ထားဦးမှလို့ စိတ်ထဲပဲရှိတယ် လက်တွေ့ မသောက်ဖြစ်သေးဘူး..။ မိုးတွင်းဆို ရောဂါထူပျောလွန်းလို့...။ ဒီခန္ဓာကို အလုပ်လုပ်ခိုင်းထားတာ နှစ်ပေါင်းမှမနည်းတော့ဘဲ..။ ဟိုတပတ်ကလည်း ကောက်ညှင်းပြန်ပေါင်းလေး စားမိတာ ဗိုက်ထဲဗြောင်းဆန်ပြီး ထိုးအန်ပါလေရော..။ တော်သေးတယ် ရုံးမှာ အစာအဆိပ်သင့်ရင် ဖြေတဲ့ ဓါတ်ဆားထုပ်လေးရှိပေလို့..။ အဲနောက်ပိုင်းကတည်းက လည်ပြွန်ယောင်တာဖြစ်မယ်..လည်ပင်းက နေလို့မကောင်းဘူး..။ အစပ်ရှောင်ရမယ် မာပြီးအစာကျေမလွယ်တာတွေ ရှောင်ရမယ်...။ ဆီကြော်တွေလည်းရှောင်ရမယ်..။ သိတော့သိနေတာပဲ ပြီးတော့မှသာ အကုန်စားဖြစ်နေတာ..။
ဝိတ်ကလည်းလျှော့ချင်သေးတယ်လေ လှချင်တာကိုး..။ ပြီးခဲ့တဲ့ သုံးလက ခရီးတွေဆက်တိုက်ထွက်တုန်းက ဝိတ်တော်တော်တက်သွားသေးတယ် 148ပေါင်တွေ ဘာတွေဖြစ်..။ ခုတော့ 139ပေါင်လို့ စက်ကပြတာပဲ တကယ်ဟုတ်မဟုတ်တော့မသိ..။ ညဖက်ထမင်းမစားဖြစ်တာကြာပြီ..။ စားတဲ့ ထမင်းကလည်း ဆန်လုံးညိုပဲချက်စားဖြစ်နေတယ်..။ ကျွန်မက ရှမ်းပြောင်းကြိုက်တော့ ..။ ရှမ်းပြောင်းအရသာနဲ့ ခပ်ဆင်ဆင်ဖြစ်တဲ့ ဆန်လုံးညိုကို စားလို့ရနေတယ်..။ တော်ရုံလူတွေ ဆန်လုံးညိုကို အမြင်မှာတင် နှာခေါင်းရှုံ့တတ်ကြတယ်..။ ပြီးတော့ ကျွန်မက ဟင်းမျိုးစုံသာချက်တတ်တာ ထမင်းချက်တော့ သိပ်ညံ့...။ ဆန်လုံးညို ချက်နည်းတောင် You tube မှာ မနည်းလေ့လာသင်ယူထားရတာ..။ ရေကိုအရင်ဆူအောင်တည်ပြီး သန့်စင်အောင်ဆေးထားတဲ့ ဆန်လုံညိုကိုထည့် ဆန်လုံးကွဲသွားတဲ့အထိတည်ပြီး ကျန်တဲ့ရေတွေကို ငှဲ့ထုတ်ပစ်လိုက်တယ်..။ အဲဒါဆို ဆန်က မာဆတ်ဆတ်မဖြစ်တော့ဘဲ ဝါးလို့ကောင်းတဲ့ ပြောင်ဆံလေးတွေလိုဖြစ်သွားရော..။ ပိုစားကောင်းချင်ရင်တော့ ထမင်းရေငှဲ့ပြီးပြန်နှပ်တဲ့အချိန်မှာ ဆားပါလေကာလေးနဲ့ ကြက်သွန်ဖြူဆီချက်လေး ဆမ်းပြီးနဲနဲမွှေပြီးမှ နှပ်ပါ..။ ဒါဆို ကြက်သွန်ဖြူဆီချက်နံ့လေးမွှေးနေတဲ့ ထမင်းရပြီ..။ ပေါ်ဆန်းလိုတော့ ဘယ်လိုမှ မနူးညံ့နိုင်ဘူးလေ..။ ဒါကြောင့် သူ့ကို အဝင်ကောင်းအောင်တော့ သေချာချက်တတ်မှ စားချင်စဖွယ်လေးဖြစ်မှာ....။
ဟိုးတလောတုန်းကလည်း tissue တွေယောင်တဲ့ Allergies ဖြစ်သေးတယ် ဘယ်ဖက်လက်မှာ..။ မြန်မာလိုတော့ သွေးမှင်လေမှင်ဖြစ်တယ်ခေါ်တာပဲ..။ အဲဒါတော့ ဆရာဝန်ပြပြီး ဆေးသောက်လိုက်တယ်..။ ပင်လယ်စာရှောင်တဲ့ ငပိ ငံပြာရည် ပုစွန်ခြောက်ရှောင်တဲ့..။ ဒါလည်း ဟိုး အရင် သုံးလေးနှစ်ကဖြစ်ဖူးသေးတယ်..။ ဆရာဝန်ကပြောတယ် အချဉ်ဓါတ်လိုတယ်တဲ့..။ သံပုရာရည်သောက်တဲ့..။ ဟုတ်မယ် ကျွန်မ သံပုရာသီးတွေ မစားဖြစ်တာကြာပြီ..။ ဟင်းတွေထဲ အသုပ်တွေထဲထည့်စားရမယ်..။ သရက်သီးစိမ်းလို အချဉ်မျိုးတော့စားဖြစ်ပါတယ်..။ သံပုရာသီးမစားဖြစ်တာ အဓိကက..။ ဒီလိုအသက်ရွယ်မှာ အချိုရှောင်ရမှာ နေ့တိုင်း လိုလို ထမင်းစားပြီး ရသာမွန်က ထုပ်တဲ့ မြေပဲလိတ်တို့ နှမ်းလိတ်တို့စားဖြစ်နေတယ်..။ အဖေ့ဖက်က တမျိုးလုံးက ဆီးချိုသမားတွေ အဲဒီရောဂါတွေနဲ့ပဲ Expire ဖြစ်သွားကြတာ..။ ကျွန်မတို့ပိုသတိထားသင့်တယ်..။ Life Style ကို ပြောင်းဖို့ စပြီး ကြိုးစားနေပါတယ်.. နေထိုင်ပုံ စားသောက်ပုံတွေပေါ့..။ လုပ်စရာရှိ ပြည့်ပြည့်၀၀လုပ်မယ် စားစရာရှိစားမယ် အိပ်စက်စရာရှိ နှစ်နှစ်ခြိုက်ခြိုက်အိပ်မယ်..။ ဒီပို့စ်ရေးနေတုန်း Lunch time ရောက်လို့ ထမင်းဆင်းစား... ဟင်းကစပါယ်ရှယ် ဆန်လုံးညိုကို ကြက်သွန်ဖြူဆီချက်ဆမ်းထားတာရယ် ရှမ်းငရုတ်သီးထောင်းနဲ့စားတယ်..။ ရခိုင်က သရက်သီးလက်ဆောင်ရတာတဲ့ ခွဲထားတာတွေ့လို့ စားခဲ့တယ် ချဉ်ပြုံးလေးကောင်းတယ်..။ ခုတော့ စားပြီး လည်ပင်းက နေလို့ကောင်းနေတယ် တစ်မနေတော့ဘူး..။ တခါတလေ စိတ်ကလည်းအရေးကြီးတယ်..။ စိတ်က တကယ်ဖြစ်နေတဲ့ ရောဂါထက်ပိုကုရခက်တယ်..။
အင်း...ဘာထပ်ပြောရင်ကောင်းမလဲ...။ သြော်... ခုတလော ကျွန်မတို့ဆီမှာ Beauty Blogger တွေခေတ်စားနေတယ်..။ ကျွန်မတို့လို ဘာတွေရေးမှန်းမသိတဲ့ blogger တွေထက်တော့ သူတို့ကို လူပိုစိတ်ဝင်စားကြတယ်....။ အထူးသဖြင့် အလှကုန်တွေ ပေါခြင်းသောခြင်း အမယ်စုံရနိုင်တဲ့ ဒီခေတ်ကြီးထဲမယ် ကလေးမလေးတွေ အရွယ်ရောက်နဲ့ မျက်နှာလေးတွေကို ဘယ်လိုကြည့်လှအောင်ပြင်ရမယ်ဆိုတာ တတ်နေကြပြီ..။ နောက်ဆို Beautician တွေတောင် အလုပ်သိပ်ဖြစ်မှာမဟုတ်တော့ဘူး..။ ကျွန်မကတော့ ဟိုအရင် ဖဘသုံးကတည်းက ဝင်းမင်းသန်းကို အားပေးနေကျပေါ့..။ သူ့ပေ့ချ်က Yangon In My Heart ...။ ခုဖဘမသုံးတော့ Instagram မှာ follow လုပ်ထားတယ်..။ နောက်ညီမလေးတစ်ယောက်ဖြစ်တဲ့ Nay Chi Oo ကိုတော့ You tube ကြည့်ရင်းနဲ့တွေ့တာ..။ နှစ်ယောက်စလုံး လှတပတလေးတွေ အပြောအဆို သွက်လက်ချက်ချာပြီး ဆွဲဆောင်မှုရှိတဲ့ ကလေးမလေးတွေ..။ ကိုယ်ကိုယ်တိုင်လည်း အလှပြင်တာကြိုက်တော့ You tube မှာ Make up tutorial တွေကြည့်ရင်း နေခြည်ဦးကိုသိသွားတာ..။ ဝင်းမင်းသန်းကိုတော့ မြန်မာပြည်ပြန်မလာခင် ကနေဒါမှာနေကတည်းက သိတယ်..။ တခြား Beauty Blogger တွေလည်း အများကြီးပါပဲ..။ ဒီနှစ်ယောက်ကတော့ ကျွန်မရဲ့ ဖေးဘရိတ်ပေါ့..။ blogger ခြင်းတူပေမယ့် သူတို့ကတော့ ကျွန်မတို့လို Blogspot တို့ .com တို့နဲ့ စာရေးတာမဟုတ်ဘူး..။ Face Book Page ထောင်ထားတဲ့ ဘလော့ဂါတွေ..။ အဓိက ကတော့ Video တွေ Live တွေလွှင့်ကြတယ်..။ ဖဘစာမျက်နှာက ပိုတွင်ကျယ်တာကိုး..။ ဖုန်းရှိသူတိုင်း ဖဘသုံးကြသည်..။ ကလေး လူကြီး အယုတ် အလတ် အမြတ်မရွေး...။
ဒါနဲ့ စကားမစပ် မေဦးကို တွေ့လိုက်မိတယ်...ကျွန်မဘဏ်ကိစ္စသွားတုန်းကပါ သူနိုင်ငံခြားကနေ အပြီးပြန်လာပြီထင်ပါ့..။ နည်းနည်းပြည့်လာတယ်..။ အဲနေ့ကတွေ့တော့ မြန်မာဝတ်စုံနဲ့ အချိတ်လုံချည်လေးနဲ့ ညိုညက်ပြီး ချစ်စရာကောင်းနေတယ်..။ မေဦးဆိုလို့ ဘယ်သူလဲ မေးနေမယ်..။ တချိန်က No အဖွဲ့ထဲက ရတနာနဲ့ နှစ်ယောက်ထဲဖွဲ့ထားတဲ့ Trio အဖွဲ့မှာ သီချင်းဆိုတဲ့ မေဦးပါ.. (make up artist မေဦးမဟုတ်ဘူးနော်..)။ အဲတုန်းက သူက အမေရိကားမှာ ကျောင်းတက်နေတဲ့ ကျောင်းသူကလေးတစ်ယောက် ဘဝပဲရှိသေးတာ..။ ဒီမနက်ပဲ ဝင်းမင်းသန်း Instagram ထဲမှာ သူ့ကိုထပ်တွေ့လိုက်တော့ တဆင့် သူ့ Instagram ထဲဝင်တော့ Private လုပ်ထားတယ်..။ ဒါနဲ့ ကျွန်မ သူ့ကို follow ဖို့ request လုပ်ထားတယ်..။ ပိုသိသွားအောင် မေဦးဆိုထားဖူးတဲ့ သီချင်းလေး ဗီဒီယိုတင်ပေးမယ်..။ ရှားရှားပါးပါး အဲသီချင်းနှစ်ပုဒ်ပဲရှိတယ်...။
ပြောချင်တာတွေလည်း ကုန်လောက်ပြီဆိုတော့ နှုတ်ဆက်ပါတယ်...အားလုံး ပျော်ရွှင်ချမ်းမြေ့ စီးပွားလာဘ်လာဘတွေ ပွင့်လန်းပါစေလို့.....:)
မိုးငွေ့
2 comments:
အိမ်အလည်လာရင်း ကော်ဖီတခွက်သောက်ခဲ့တယ်
ကျန်းမာရေး ဂရုစိုက်ပါ အစ်မ..
Post a Comment