ကျေနပ်တယ်...ဆိုလို့ ခုခေတ်အခြောက်တွေလက်သုံးစကားယူသုံးတာမဟုတ်ပါဘူး...။ ခုရောက်နေတဲ့ ကိုယ့်ဘဝအနေအထားကို ကျေနပ်တယ်လို့ပြောတာပါ...။
ကလေးဘဝတုန်းကတော့ အပူပင်ကင်းမဲ့တလှည့် မိသားစုကျိုးဒဏ်ကိုခံစားရတလှည့်နဲ့ပဲ ဘဝဟာပြီးပြည့်စုံခဲ့တယ် မဟုတ်ပေမယ့် သင်ခန်းစာလေးတွေ လူတိုင်းမကြုံနိုင်မယ့် အတွေ့အကြုံခံစားမှုသေးသေးလေးတွေရခဲ့တယ်...။ ဆယ်ကျော်သက် လူလတ်ပိုင်းရွယ်ရောက်တဲ့အထိ ဆိုပါတော့...။ ကျွန်မကတော့ လက်ရှိအခြေအနေကို အကျေနပ်ဆုံးပဲ...။ အပူအပင်မရှိဘူးရယ်လို့တော့ ဘယ်ဟုတ်မလဲ လူတစ်ယောက်ပဲ အပူတော့ရှိတာပေါ့...။ ဒါပေမယ့် ဝမ်းစာအတွက် ခိုင်မာတဲ့ အလုပ်အကိုင်တစ်ခုရယ် ဝါသနာအရ စာရေးနေရတာရယ်... အင်မတန်ခုံမင်မြတ်နိုးလွန်းတဲ့ မီးဖိုချောင်ဟင်းချက်ခြင်းအနုပညာအပြင် မုန့်ဖုတ်ခြင်းအနုပညာနဲ့ ကော်ဖီဖျော်ခြင်းအနုပညာကိုပါ သင်ယူလေ့လာရတာ ကျေနပ်လို့မဆုံးပါဘူး...။ ပြီးတော့ တစ်ခု အရေးအကြီးဆုံးက ကိုယ်ချစ်တဲ့သူကို လွတ်လပ်စွာ“I Love You”လို့ ဘယ်သူ့ကိုမှ အားနာထောက်ထားနေစရာမလိုပဲ လွတ်လပ်စွာပြောနိုင်တဲ့ အခွင့်ပါပဲ...။ ဟုတ်တယ်လေ ...ခုနေကျွန်မသာ အသက် ၁၇ ၁၈ အရွယ်မြီးကောင်ပေါက်မလေးဆို ကောင်လေးတစ်ယောက်ကို I Love You လို့သွားပြောကြည့်ပါလား မိန်းကလေးဖြစ်ပြီး သူကစရသလားလို့ ပြောခံရမယ် မိဘတွေက မဆုံးမထားဘူးလားဆိုတဲ့အထိ ကဲ့ရဲ့ခံရမယ်...။ ခုနေခါတော့ ကိုယ်ကြိုက်တဲ့ ဘယ်ကောင်လေး ကောင်မလေးကိုမဆို၊ ဘယ်အစ်ကိုကြီး အစ်မကြီးကိုမဆို၊ ဘယ်ဦးလေးကြီး အဒေါ်ကြီးတွေကိုမဆို “ချစ်လိုက်တာ”လို့ ပြောဆိုပိုင်ခွင့်ရှိနေပြီ...။ ကဲ ဘယ်လောက် စိတ်ချမ်းသာစရာကောင်းသလဲ...။
ကျွန်မ စာရေးသက်လက်ရှိချိန်မရောက်ခင် လမ်းတစ်ဝက်ခရီးလောက်တုန်းက မသက်ဝေ တဂ်ဖူးတဲ့ ပို့စ်တစ်ပုဒ်ကိုရေးခဲ့ဖူးပါတယ်...။ ခေါင်းစဉ်က “အချစ်အကြောင်းပြောရအောင်”တဲ့..။ အဲဒီတုန်းက အချစ်ကို ကျွန်မက အရောင်လေးတွေနဲ့ ခိုင်းနှိုင်းပြီး ရေးခဲ့ဖူးပါတယ်..။ ခုလက်ရှိရောက်နေတဲ့အချိန်က အရောင်သုံးရောင်ထဲက အဖြူရောင်ပေါ့။ အဖြူရောင်အချစ်မို့ ဘယ်သူ့ကိုမဆို လွတ်လပ်ပွင့်လင်းစွာ ချစ်တယ်လို့ပြောပိုင်ခွင့်ရှိတယ်လေ..။ နေ့စဉ် စိတ်ရောကိုယ်ပါ ပင်ပန်းကြီးစွာ အသက်မွေးဝမ်းကျောင်းနေထိုင်ကြရတဲ့ လူသားတိုင်းအတွက် စိတ်၏ခွန်အား ဝိညာဉ်၏အဟာရအတွက် အချစ်ဆိုတဲ့ အားဆေးလိုအပ်ပါတယ်...။ အချစ်ကို ပိုက်ဆံနဲ့ဝယ်လို့မရဘူး...။ ဒါကြောင့် နောက်မကျခင် ကိုယ်ချစ်တဲ့သူကို ချစ်တဲ့အကြောင်းပြောပေးပါလို့...:)
ကျွန်မကို စိတ်ဓါတ်ခွန်အားစကားတွေကြုံကြိုက်တိုင်းအမြဲပြောတတ်တဲ့ ကျွန်မရဲ့ကဗျာဆရာကပြောတယ် ဘဝဆိုတာ တိုတိုလေးပါ စိတ်ချမ်းသာအောင်နေ သွားချင်တဲ့နေရာသွား စားချင်တာစား ဘာမှတွေးတော ပူပင်ကြောင့်ကျမနေနဲ့တဲ့...။ သူ့စကားနားထောင်ပြီး ကျွန်တော့ အစားတွေစားမိတာ ဝိတ်ကိုတက်လို့ပါပဲ..။ များသောအားဖြင့် ကိုယ့်ပတ်ဝန်းကျင်မှာမြင်နေ တွေ့နေ ကြားနေရတယ် လူငယ်တွေကို လူကြီးတွေက ဟိုဟာမလုပ်နဲ့ ဒီကိုမသွားနဲ့ စသဖြင့် ပိတ်ပင်တားမြစ်ချုပ်ချယ်ချင်ကြတယ်...။ ကျွန်မကတော့ လူငယ်လေးတွေကို ယုံကြည်မှုအပြည့်နဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ချစေချင်တယ် မိဘက ကြိုးဆွဲကကြရတဲ့ အရုပ်တစ်ရုပ် မဖြစ်စေချင်ဘူး...။ ကျွန်မတို့မြန်မာလူမျိုးတွေ တော်တော်များများ မိဘအရိပ်ကနေ အသက်ကြီး အိမ်ထောင်ကျတဲ့အထိ မလွတ်ကြဘူး...။ တကယ်တော့ မိဘတွေဟာ အနောက်ကနေ ပဲ့ကိုင်ပေးရုံဆို လုံလောက်ပါပြီ ဒါမှ ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ အားကိုးမှုတွေ တိုးမှာပေါ့...။ နောက်တစ်ခုပြောချင်တာက အလုပ်တစ်ခုခု လုပ်စရာရှိရင် အခွင့်အရေးဆိုတာ အချိန်တိုင်းမရှိနေပါဘူး..။ ကိုယ်လုပ်ကိုင်ရမယ့် အရာဟာ အသက်အရွယ်ကန့်သတ်မှု ရှိနေတာမျိုးဆို သူ့အသက်အရွယ်နဲ့ သူ့အချိန်အခါမှာပေးလုပ်လိုက်ပါ...။ အရွယ်လွန်တော့မှ ဟဲ့ အဲလိုလုပ်လိုက်လေ ဟိုကိုသွားလိုက်လေလို့ လွယ်လွယ်ကလေးပြောလို့မရတော့ဘူး...။ သူတို့လုပ်ခိုင်း သွားခိုင်းမယ့်နေရာတွေဟာ သူ့အရွယ်မှာ မသင့်တော်တော့တာတွေ ရှိတယ်ဆိုတာ လူကြီးများ မတွေးမိကြဘူး ထင်ပါရဲ့...။
ဥပမာတစ်ခုပြောပြမယ် ကျွန်မ ခုနှစ်တန်း ရှစ်တန်းအရွယ်တုန်းက ဦးလေးတွေ အဒေါ်တွေမိသားစုနဲ့ မန္တလေးသင်္ကြန်သွားလည်ခဲ့ဖူးတယ်...။ တည်းတော့ မန္တလေးဟိုတယ်မှာ...။ အဲမှာ မင်းသားစိုးသူက မန်းသင်္ကြန်သီချင်းဆိုဖို့နဲ့ ရုပ်ရှင်လာရိုက်တာ ကျွန်မတို့တည်းတဲ့ ဟိုတည်မှာတည်းပါတယ်..။ ကျွန်မတို့ ကလေးတွေတအုပ် စိုးသူ အခန်းကိုလိုက်ရှာပြီး အော်တိုရေးခိုင်းမလို့ တံခါးသွားခေါက်ကြတယ်...။ ဘယ်သူမှလာမဖွင့်ဘူး ...။ ဒါနဲ့ စိုးသူကို နေ့လည်လောက်တော့ ဟိုတယ်တစ်နေရာမှာ ရိုက်ကွင်းရိုက်နေတော့ သွားထိုင်ကြည့်ကြတယ်...။ အဲဒါ ဦးလေးက မိန်းကလေးတွေဖြစ်ပြီး အရှက်မရှိ မင်းသားကို လာထိုင်ကြည့်ရသလားဆိုပြီး ရစရာမရှိအောင်ဆူပါတယ်..။ ကျွန်မတို့ကလေးတွေ အဲမှာ မင်းသားရုပ်ရှင်ရိုက်တာငမ်းနေရာကနေ ဖီးလ်အောက်သွားခဲ့ကြတာပေါ့...။ လွန်ခဲ့တဲ့ နှစ်မကြာခင်က ကျွန်မတို့ဝမ်းကွဲညီမလေးတစ်ယောက် သူ့သမီး တစ်နှစ်ပြည့်မွေးနေ့ကို မန္တလေး Novotel မှာလုပ်ပါတယ်...။ စတိတ်ရှိုးစင်လည်းပါတယ်...။ စိုင်းစိုင်းခမ်းလှိုင်ကို သီချင်းဆိုဖို့ဖိတ်ထားတယ်..။ အဲချိန်တုန်းက စိုင်းစိုင်းရဲ့ တောဂေါ်လီ အိုးလေးလှုပ်ပါဦး သီချင်း Hit ဖြစ်နေတဲ့ အချိန်ပေါ့...။ စိုင်းစိုင်းလည်းသီချင်းဆိုရော စင်ပေါ်ကို ဆုငွေတွေတက်ပေးသူပေး တက်ကသူက လုပ်ကြတာပေါ့...။ အဲချိန်မှာ အထက်မှာပြောထားတဲ့ ကျွန်မတို့ စိုးသူကိုသွားငေးလို့ အကြီးကျယ် ဆူထားခဲ့တဲ့ ဦးလေးက လူကြားသူကြားထဲ ကျွန်မနာမည်ကိုခေါ်ပြီး စိုင်းစိုင်းနဲ့စင်ပေါ်မှာတက်က ခိုင်းပါတယ်...။ အဲဒါပြောချင်တာပါ...အဲချိန်မှာ ကျွန်မအသက်က သုံးဆယ်တော်တော်ကျော်နေပြီ...။ ကလေးတွေအရွယ်လုပ်ရမယ့်အလုပ်ကို ခုချိန်ကျမှ သူက ကြည်ကြည်ဖြူဖြူ ခွင့်ပြုပါတယ်...။ အချိန်လွန်သွားပါပြီ...။ မသင့်တော်တော့ဘူးဆိုတာ သူမသိတော့ဘူး...။ တကယ်တော့ စိုင်းစိုင်းက ကျွန်မတို့နဲ့ သုံးလေးနှစ်ထဲငယ်တာပါ...။ ဒါပေမယ့် ဒီအရွယ်ကြီးမှာ ကလက်တက်တက်နဲ့ ဆယ်လီတွေနဲ့ စင်ပေါ်တက်ကစရာလား...။ စိုင်းစိုင်းကို အရမ်း crush နေတဲ့ ကလေးမလေး အရွယ်လည်းမဟုတ်နဲ့ ..။ ဟုတ်ကဲ့ ...သူ့အရွယ်သူ့အချိန်မှာ သူ့လွတ်လပ်ခွင့် သူ့လုပ်ပိုင်ခွင့်ကို ခွင့်ပြု ကြပါလို့..။
တစ်ခုဖြတ်ပြောရဦးမယ် လသာ(၂)ကောျင်းသူဟောင်းများ ဆရာကန်တော့ပွဲလုပ်တော့ စိုင်းစိုင်းကို ဖိတ်ကြသတဲ့..။ ကျွန်မလည်း ကျောင်းသူဟောင်းပေမယ့် တစ်ခါမှမသွားဖူးပါဘူး...။ စိုင်းစိုင်းက စင်ပေါ်ကနေပြောသတဲ့ “ခုဆိုမယ့် သီချင်းက ကောင်မလေးတွေကို ရည်ရွယ်ပြီး ရေးထားတာပါ ဒါပေမယ့် အခုရှေ့မှာက အန်တီကြီးတွေချည်းပဲဆိုတော့”လို့ပြောပြီး သီချင်းလဲဆိုရော သူ“အန်တီကြီး”လို့ ပြောတာ ခံလိုက်ရတဲ့ သုံးဆယ်ကျော် လေးဆယ်အရွယ် ကျောင်းသူဟောင်းတွေက တန်းစီပြီး စင်ပေါ်တက် စိုင်းစိုင်းကို နမ်းကြရောတဲ့ (ခုလိုဆို သူကိုယ်တိုင် ထုတ်လုပ်ရောင်းချနေတဲ့ SAI တံဆိပ်နဲ့ sexy and intellegent နှုတ်ခမ်းနီဆိုးပြီး တက်နမ်းရမှာ) ..။ အဲဒါမှတ်ကရောဖြစ်သွားတယ် ထင်တယ် နောင်နှစ်များကြရင် လသာ(၂)ဆိုဘယ်တော့မှ လာမဆိုတော့ဘူးဖြစ်သွားတယ်တဲ့ ...။ ရီစရာအဖြစ်ပြောပြတာပါ...။ ကျွန်မသာဆို အမြင်ကတ်လို့ ရွဲ့ပြီးလည်း စိုင်းစိုင်းကို မနမ်းပါဘူး...။ ကိုယ့်ရဲ့ Crush ဆိုရင်တော့ တစ်မျိုးစဉ်းစားမယ်လေ...:P
ကျွန်မ သူငယ်ချင်းတချို့တွေ့ဖူးတယ် လူကြီးမိဘတွေအသက်ရှင်ချိန်က ချုပ်ချယ်ကန့်သတ်ထားတော့ ဘာမှလုပ်ပိုင်ခွင့် သွားပိုင်ခွင့် သိပိုင်ခွင့်မရှိခဲ့ဘူး...။ လွတ်လပ်မှုအရသာကို မသိခဲ့ကြဘူး အသက်ငယ်နေစဉ်အခါမှာပေါ့...။ အိမ်ထဲအိမ်ပြင်မထွက်ဘဲနေလာခဲ့ရာက ခု မိဘများလည်း မရှိရော ခေတ်ရေစီးကြောင်းကိုလိုက်ပြီး အရင်မလုပ်ဖူးခဲ့တာတွေ မသွားဖူးခဲ့တာတွေ အကုန်လုပ် အကုန်သွားတော့တာပဲ...။ ဒါပေမယ့် သူတို့အသက်အရွယ်က သူတို့လုပ်ချင်တဲ့အရာတွေ သူတို့သွားချင်တဲ့နေရာတွေနဲ့ မအပ်စပ် မသင့်လျှော်တော့ဘူးဆိုတာ သူတို့မတွေးမိကြဘူး...။ ဥပမာ အဝတ်အစားဆိုရင်လည်း လေးဆယ်ကျော် ငါးဆယ်အရွယ်ကြီးမှာ နှစ်ဆယ်ကျော် အဝတ်အစားတွေ ဝတ်နေတာမျိုးတွေပေါ့... အိန္ဒြေရရ မြန်မာဆန်ဆန်လေး ဝတ်စားနေရမယ့်အချိန်မှာ ကိုယ်နဲ့လိုက်၏ မလိုက်၏မသိတော့ဘူး ကလေးတွေလို ဘောင်းဘီတွေ စကပ်တွေ ဂါဝန်ကြီးတွေဝတ်လိုဝတ် အဲသလိုမျိုးပေါ့...။ (ကိုယ့်နိုင်ငံမှာပြောပါတယ် ...တခြားနိုင်ငံရပ်ခြားသွားလည်လို့ ဝတ်စားရင်တော့ တစ်မျိုးပေါ့..။ ကာလံဒေသံဆိုတာရှိတယ်မဟုတ်လား..) ဒါလည်း လူကြီးသူမများနဲ့ အများကြီးဆိုင်ခဲ့တာပါ...။ သူ့အသက်အရွယ် သူ့ခေတ် သူ့အချိန်အခါကြည့်ပြီး လူငယ်များကို လွတ်လပ်ခွင်ေ့ပးခဲ့ရမှာလေ...။ ပြောသာပြောရတယ် ခုခေတ် လူငယ်ကလေးတွေ ကိုယ်တွေ ကလေးဘဝတုန်းကထက် အဆတစ်ရာသာပါတယ်...။
ပြောချင်တာက ခုလက်ရှိဘဝအနေအထားကို “ကျေနပ်တယ်” ဆိုတာပဲ ကျန်သောအကြောင်းအရာများ ပြောရင်းဘေးချော်သွားတယ် မှတ်ပေးပါ...။
မိုးငွေ့
2 comments:
တကယ္ဘဲ
လသာအန်တီကြီးတွေနမ်းလိုက်ကြတယ်တဲ့လား...
သူငယ်ချင်းတွေကိုမေးကြည့်မှ..
ကိုယ်တို့ကျောင်းလည်းအတူတူဘဲနော်..
မိုးငွေ့ရေ..မရောက်တာကြာပေမဲ့
သတိရနေတယ်နေကောင်းလား...
အတင်းတိုက်ဆိုင်တာတော့ဟုတ်ပါဖူးဗျာ
ကျွန်တော့်ရဲ့ လက်ရှိအခြေအနေကို ကျေနပ်နေတာ နောက်လာမယ့်အခြေအနေကိုလည်း ကြိုတွေးပြီးကျေနပ်နေတား) တကယ် တိုက်ဆိုင်တယ်
အဲသလိုပဲ တိုက်ဆိုင်ရင်းနဲ့ပဲ အဆိုတော် စိုးလွင်လွင်ရဲ့ ကျေနပ်တယ်သီချင်းစာသားလေး သွားသတိရမိတယ်
ဘာတဲ့ ကိုယ့်နဖူးလေးသူစမ်းပြီးတော့ ကိုနေကောင်းရဲ့လားလို့မေးတယ်
နေမကောင်းတဲ့ ကို့အတွက်တဲ့ သူရယ်ဆေးတွေဝယ်လာတယ်
ချစ်ဖို့ကောင်းတဲ့ ချစ်သူရယ် ဒီအပြုမှုကြောင့် ကိုယ်လေ တကယ်ကျေနပ်တယ်
ဆိုတဲ့ စာသားလေးဖြစ်ပါကြောင်းး)
Post a Comment