Monday, 26 May 2014

အလွမ်းနှင်းဆီဖြူ ဖြူဘယ်သူဆွတ်ခူးလို့ပေးပါ့မလဲ.....






အဲဒီနေ့က ကြာသပတေးနေ့ မနက် .. 6:30 အနောက်ဖက်ဆောင်းတန်းမှာ နှင်းဆီဖြူ နှစ်စည်းဝယ်ပြီး ဘုရားပေါ်တက်ခဲ့တယ်...။ စက်လှေခါးတောင်မဖွင့်သေးလို့ ရိုးရိုးလှေခါးလေးအတိုင်း ခပ်ဖြေးဖြေး တက်ခဲ့တယ်...။ အနောက်မုဒ် မျက်စောင်းထိုးက ဘယ်ဘက်ကိုချိုးကွေ့လိုက်ပြီး အလှူ ခံမဒဏ္ဍတ်ရှေ့က အုတ်ခုံလေး ဆင်ရုပ်နဘေးမှာ ထိုင်စောင့်နေမိတယ်...။ ဒီတစ်ခါတော့ သူ နေရာမှားပြီး စောင့်မနေလောက်ဘူးလို့ မျှော်လင့်ရင်း နှင်းဆီပန်းစည်းလေးကို ခပ်တင်းတင်းပွေ့ထားမိတယ်..။ ဘုရားဖူးလာသူတွေကို လျှောက်ငေးကြည့်နေလိုက်တယ်...။ ဟုတ်တယ်... ဒီနေရာလေးမှာ ကိုယ်ထိုင်စောင့်နေမယ်ဆိုတာ ရင်ထဲအသည်းထဲကနေ သူအလွတ်ရနေပါပြီ...။ ဟိုတစ်ခါ မြောက်ဖက်မုဒ်မှာ သူမှားပြီးထိုင်စောင့်လို့ မြောက်ဖက်ကနေပတ်လာရင် ကိုယ်ထိုင်တဲ့နေရာရဲ့ ဘယ်ဖက်ကနေသူရောက်လာခဲ့တယ်...။ ဒီနေ့တော့ သူတည်းတဲ့နေရာက အရှေ့ဖက်မုဒ်နဲ့နီးတော့ အရှေ့မုဒ်ကနေ တက်လာဟန်တူပါတယ် သူရောက်လာတော့ ကိုယ့်ညာဖက်ကနေဖြစ်တယ်...။ သူအသားဖြူလာတယ် ဝလည်းမလာဘူး ပိန်လည်းမသွားပါဘူး...။ သူ့လက်ဆွဲတော် ကင်မရာကတော့ လက်ထဲပါမလာဘူး...။ သူ့လက်ထဲမှာ ဖုန်းတစ်လုံးပဲတွေ့တယ်...။ သူ့အပြုံးတွေက ပျိုမျှစ်လတ်ဆတ်ဆဲပဲ..။ ဒါပေမယ့် မျက်ဝန်းတစ်စုံမှာတော့ ရင့်ကျက်တည်ငြိမ်ရိပ်တွေ ခိုတွဲနေတာတွေ့ရတယ်...။ သူက အလိုက်တသိ ကိုယ့်လက်ထဲက နှင်းဆီပန်းစည်းတွေကိုယူပြီး ကိုယ်တို့ အရှေ့မှာရှိတဲ့... ကြာသပတေးဒေါင့်မှာ ဘုရားဝတ်ပြုဖို့ နှစ်ယောက်သားဒူးတုတ်ထိုင်လိုက်ကြတယ်...။ သူကိုယ့်ကို နှင်းဆီပန်း တစ်စည်း ကမ်းပေးတယ်...။ သူနဲ့ကိုယ် ဒီနေရာလေးမှာ နှင်းဆီပန်းဖြူ ဖြူဖြူလေးတွေကပ်ဖူးတာ ဒီတစ်ခါ သုံးကြိမ်မြောက်မို့ သူလည်းအသားတကျရှိနေပြီ...။ ဘုရားကန်တော့... ဆုတောင်းပြီး ကိုယ့်လက်ထဲက ပန်းစည်းကိုသူယူပြီး ကြာသပတေးဂြိုဟ်တိုင်က ပန်းအိုးမှာထိုးစိုက်ရင်း ရေသပ္ပါယ်နေတယ်...။ ကြာသပတေးဟာ သူ့မွေးနံမို့ သူနဲ့အတူ ဘုရားကန်တော့တာပါ...။ နှင်းဆီဆိုတာ သူနဲ့ကိုယ်တို့ တွေ့ဆုံမှုရဲ့ အမှတ်တရ တင်္ကေတတစ်ခု မဟုတ်လား....။ အဖြူ ရောင်ကတော့ ကြာသပတေးမို့လို့ သူနဲ့ဆုံတိုင်း ဘုရားဖူး ဖြစ်တိုင်း နှင်းဆီဖြူ ဖြူ ကိုပဲဝယ်ကပ်ဖြစ်ခဲ့တာပါ..။

ကိုယ်တို့နှစ်ယောက်ဟာ  နှင်းဆီရောင်စုံတွေနဲ့ဆက်နွယ်မှုရှိခဲ့ကြတယ်...။ ကိုယ့်ကိုသူစတွေ့တော့ နှင်းဆီ အနီရဲရဲကိုးပွင့်နဲ့ ကဗျာသီပေးခဲ့ဖူးတယ်...။ ကိုယ်ပထမဦးဆုံးရဖူးတဲ့ နှင်းဆီအနီရဲရဲပန်းစည်းလေးက သူဆီကပေါ့...။ ပြီးတော့ ချစ်သက်လက်ဆောင်အဖြစ် သိပ်လှတဲ့ ပန်းနုရောင် နှင်းဆီတွေနဲ့လည်း အလွမ်းကဗျာလေးတွေရေးပေးခဲ့ဖူးတယ်...။ အဖြူ ရောင်နှင်းဆီတွေကတော့ သူနဲ့ကိုယ်တို့ကြားက အဖြူ ရောင်သံယောဇဉ်တွေလို့ဆိုလို့ရပါတယ်....။ ကိုယ့်ဆံနွယ်မှာလည်း သူစိတ်ကူးနဲ့ နှင်းဆီပွင့်ဖြူ ဖြူ လေးတွေ ဘယ်နှစ်ပွင့်တောင်ပန်ပေးခဲ့ပြီးပြီလဲ...။ ဘုရားဖူးပြီး ဘုရားနဲ့သိပ်မဝေးတဲ့  မြန်မာမုန့်တွေအစုံရတဲ့ မနက်စာဆိုင်လေးဆီကိုဆက်သွားကြတယ်...။ ဆိုင်အတွင်းဖက် နံရံနားက စားပွဲလေးမှာ ကိုယ်တို့နေရာယူလိုက်တယ်...။ ကိုယ်က မုန့်နဲ့ နွားနို့နဲ့ဖျော်တဲ့ မေမြို့လက်ဖက်ရည်တစ်ခွက်မှာတယ်...။သူက ကော်ဖီတစ်ခွက်နဲ့ ရွှေတောင်ခေါက်ဆွဲ။ ကိုယ်ခွက်ထဲအခါးရည်ထည့်တော့ သူကိုယ့်မျက်နှာကို ခပ်ငေးငေးလေးကြည့်နေတယ်...။ ဘာလို့လဲ...။ သူ့အကြည့်တွေမှာ အလွမ်းငွေ့တွေဆွတ်ပျံ့နေတာကို မြင်လိုက်မိတယ်...။   ဆုံနေရက်နဲ့လွမ်းလေခြင်းကွယ်....။






ကိုယ့်နားကို သုံးနှစ်အရွယ်ကလေးလေး ပြေးဆော့နေတယ် သူ့အဖေဖြစ်ဟန်တူတဲ့လူက “သားလေး ပန်းတွေမကိုင်ရဘူးနော်”လို့လှမ်းပြောတော့မှ... ဆင်ရုပ်လေးဘေးမှာ မှီထားတဲ့ နှင်းဆီဖြူ ဖြူ ပန်းစည်းလေးကို သတိရသွားခဲ့တယ်...။ ကိုယ်အတွေးများသွားပြီကွယ်...။ ပန်းစည်းလေးကို ကိုင်ပြီး ကိုယ်ပြုံးလိုက်မိတယ်...။ သြော်...ခုတော့လဲ အလွမ်းနှင်းဆီဖြူ ဖြူ တွေကို ဘယ်သူ ဆွတ်ခူးလို့ပေးပါ့မလဲ...။


မိုးငွေ့

No comments: