ဗဟန်း ရေတာရှည်လမ်းဟောင်းထဲက ဦးရွှေမန်း ဆီချက်ခေါက်ဆွဲကို ကျနော် သွားစားဖို့ပြောပြောနေတာ ဟိုး 2024 နှစ်အစပိုင်းကတည်းက....။ 2025 မှပဲအောင်မြင်တော့တယ်....။ အလုပ်ဆင်းတဲ့ တစ်ညနေမှာ ကျနော် ရွှေဂုံဒိုင် ခုံးတံတားအောက်ကနေ ရေတာရှည်လမ်းကိုသွားဖို့ကားမောင်းခဲ့တယ်...။ ရွှေဂုံဒိုင်လမ်းဖက်ကိုကွေးကြောက နှစ်လမ်း ကျနော်က ရေတာရှည်လမ်းဖက်ကို မယူမိဘဲ အလယ်ကြောသွားယူထားတာ ငါးထပ်ကြီးဘုရားသွားတဲ့လမ်းဖက်ရောက်သွားရော အဲကနေပြန်ကွေ့ပြီး စောနက မီးပွိုင့်ကိုပြန်တန်းဆီ ဒီတော့မှ ကျနော်ဦးတည်ချင်တဲ့ ရေတာရှည်လမ်းဟောင်းက ဦးရွှေမန်းဆီချက်ဆိုင်ကိုရောက်သွားတယ် ကံကောင်းချင်တော့ ဆိုင်ရှေ့ တစ်ဖက်လမ်းမှာ ကားရပ်စရာလေးတစ်နေရာရလို့ ကားပါကင်ထိုးလိုက်တယ် ...။ ဆိုင်ကိုလှမ်းကြည့်တော့ ကော်စားပွဲခုံခင်းထားတဲ့နေရာမှာ အမျိုးသမီးတစ်ယောက်ထိုင်စားနေတယ်...။ ကျနော်က အဘခေါက်ဆွဲရောင်းတဲ့စားပွဲရှေ့က သစ်သားခွေးခြေမှာပဲဝင်ထိုင်လိုက်တယ်...။ ကျနော် ဒီဆိုင်ကို ဘယ်လိုသိပြီး ဘယ်လိုရှာတွေ့လဲဆိုတဲ့ ရာဇဝင်ကိုတော့ မပြောပြတော့ပါဘူး...။
ပုံထဲမှာ မြင်တဲ့အတိုင်းပဲ သန့်ရှင်းမှုက ဇီးရိုးပါ....။ တခြားနေရာတွေ ကျနော်မရိုက်ပြထားသေးဘူး...။ ဒါပေမယ့် ဆီချက်ခေါက်ဆွဲအရသာကတော့ တကယ် မူလလက်ဟောင်း ကျနော်တို့ ငယ်ငယ်ရန်ကုန်ရောက်ခါစက အရသာမျိုးပဲ...။ အဲဒီ Taste ကို ပြန်ရချင်လို့ကို သွားစားတာပဲ....။ သူ့ဆီချက်ရဲ့ အသက်က ကြက်သွန်ဖြူဆီချက် ကြော်ထားတာလေးပဲ ပြီးတော့ဂျုံခေါက်ဆွဲသားလဲမွှေးပြီးအရသာရှိတယ်...။ ငရုတ်ချဉ်နဲ့စားရတာပိုကြိုက်တယ်ကျနော်ကတော့...။ သွားစားပါ သွားမြည်းကြည့်ပါလို့ Recommend မပေးချင်ပါဘူး...။ ကျနော်ကတော့ သူ့အရသာကိုကြိုက်လို့သွားစားတာပါပဲ...။ ဒါနဲ့စားရင်း အဘ စားပွဲခင်းလေး ဘာလေး အသစ်လဲပါလားလို့ မရွံ့မရဲတော့ အကြံပေးခဲ့ပါတယ်...။ ရောင်းတဲ့ ဆိုင်ပိုင်ရှင်အဘက အသက်တော်တော်ကြီးနေပြီ အလွန်ဆုံး ရှစ်ဆယ်လောက်တော့ရှိပြီ အလုပ်လုပ်နေတုန်း....။ အကူ လူကြီးတစ်ယောက်တော့တွေ့တယ်....။ ဂျုံဆီချက်အပြင် ကြာဇံဆီချက်နဲ့ ကြက်သားဆန်ပြုတ်တို့ ကြက်ရိုးသုပ်တို့လည်းရသေးတယ်..။ အပြန် ကြက်သားဆန်ပြုတ်တစ်ထုပ်ပါဆယ်ဆွဲခဲ့သေးတယ်...။ ဆန်ပြုတ်အရောင်က ဘာလို့ဝါနေတာလဲအဘ လို့မေးတော့ ကာလာလှအောင် နနွင်းလေးနဲနဲထည့်ထားတာတဲ့...။ အိမ်ရောက်တော့ သောက်ကြည့်တာ ကောင်းနေရော ဆီချက်ခေါက်ဆွဲမှာသုံးမယ့် ကြက်သားပြုတ်ရည်နဲ့ ဆန်ကိုပြန်ကျိုထားတာမို့ ကြက်ပြုတ်ရည်အရသာချိုချို ဆန်အနံ့သင်းသင်းမွှေးမွှေးလေးနဲ့ တော်တော်ကောင်းတယ်...။ သူ့ဆန်ပြုတ်က ငရုတ်ကောင်းမပါတော့ တရုတ်မဆန်တဲ့ ဗမာဆန်ပြုတ်လို့ခေါ်ရမှာပေါ့.....။
ရန်ကင်း ရန်ရှင်းလမ်းမပေါ်က "လူလူ" ဆိုတဲ့ မန္တလေးဆိုင်လေးတစ်ဆိုင်လာဖွင့်တယ်...။ ကျနော်က မန်းက အစားစာဆိုဘာဖြစ်ဖြစ်အကုန်ကြိုက်ပြီးသားသူဆိုတော့ ဒီဆိုင်ကို သွားထိုင်ဖြစ်တယ်...။ အထူးသဖြင့် မန်းလေး မြီးရှည်က ကျနော် အကြိုက်ဆုံးအစားစာထဲမှာပါတယ်...။ အဲဆိုင်မှာ ကျနော် မန္တလေးမုန့်တီနဲ့ မြီးရှည်ပဲ စားဖြစ်တယ် ...။ တခြား စားစရာ ထမင်းဆီဆမ်း ရှမ်းခေါက်ဆွဲ ဆီချက် ထမင်းသုပ် မုန်လာချဉ်သုပ်တွေလည်းရပါတယ်...။ မြီးရှည်စားရတာ မန်းလေးမှာနေတုန်းက ငယ်ဘဝကို ပြန်အမှတ်ရစေတယ်...။ ကျနော် ခုနှစ်တန်းတုန်းက ဗထူးကွင်းနားမှာနေတော့ ဗထူး အထမ်းမြီးရှည် အမြဲစားဖြစ်တယ်...။ ခုချိန်ထိသူ့အရသာကိုကြိုက်တုန်းပဲ အထမ်းမြီးရှည်ရဲ့ အသက်ကတော့ ပဲငပိပါပဲ...။ ဒီမနက်ပဲ ကျနော် သွားထိုင်စားဖြစ်တော့ ကျနော့်ဘေးဝိုင်းကလူတစ်ယောက်မြီးရှည်မှာတာ အမှတ်တမဲ့ကြားလိုက်တယ် ပဲငပိမထည့်နဲ့တဲ့...။ ပဲငပိမပါရင် မြီးရှည်လို့မခေါ်နိုင်တော့ဘူးလို့ ကျနော်ထင်တာပဲ သူ့အရသာက နန်းကြီးဖတ်ကို ကော်ရည်နဲ့ ငရုတ်ကြော်ဆီနဲ့သုပ်သလိုပဲဖြစ်သွားမှာလေ...။ ပြီးတော့ သူတို့ ချပေးတဲ့ တွဲဖက်စားရတဲ့ မုန်လာချဉ်ကလည်း သိပ်ကောင်းတယ်...။ ရန်ကုန်မှာ မန်းလေး မြီးရှည်ကို ဆိုင်တော်တော်များများမှာ တစ်ပွဲ ငါးထောင် ငါးထောင်ငါးရာအနည်းဆုံးယူတယ်...။ ကျနော်စားဖြစ်တဲ့ လူလူမှာတော့ တစ်ပွဲသုံးထောင်ပဲ ပါဝင်တဲ့ portion က တစ်ခါစားဖို့အနေတော်ပဲ များလည်းမများဘူး နည်းလည်းမနည်းဘူးဗျ...။ ပြီးတော့ ကြက်ပြုတ်ဟင်းချိုရည်ကလည်း နံနံအနံ့လေးမွှေးပြီး အရိုးပြုတ်ရည်ချိုချိုနဲ့ အရမ်းကောင်းတယ်...။ မန်းလေးက လာတဲ့ လင်မယားနှစ်ယောက်ရောင်းတာ ဆိုင်သေးသေးလေး သပ်သပ်ရပ်ရပ်လေးနဲ့ ကြုံရင်သွားစားကြည့်ဖို့ အကြံပြုပါတယ်...။ ပြီးခဲ့တဲ့မွေးနေ့တုန်းက ရုံးကလူတွေအကုန်လုံးကို မန်းလေးမုန့်တီသုပ်ကျွေးဖြစ်တယ် သူတို့ဆီကပဲ အော်ဒါမှာလိုက်တာ...။
လောလောဆယ် ကျနော်ချစ်တဲ့ မန္တလေး ငလျင်ဒဏ်သင့်ပြီး ဒုက္ခပင်လယ်ဝေနေတဲ့အချိန် တကယ်စိတ်မကောင်းဖြစ်ရတယ် ရှေးဟောင်းအမွေအနှစ်တွေ ပျက်စီးကုန်တာကအစပဲ....။ ငလျင်ဘေးသင့်နေသူ ပြည်သူတွေနဲ့ သံဃာတော်တွေ သီလရှင်တွေအတွက် မြှူတစ်မှုန်စာ ကူညီခွင့်ရခဲ့လို့လည်း ဝမ်းသာပီတိဖြစ်ရပါတယ်...။ အခုလိုကူညီခွင့်ရဖို့ မြေပြင်မှာ ကိုယ်တိုင်ကိုယ်ကျသွားရောက်လုပ်ကိုင်ပေးတဲ့ ကျနော့်ဘလော့ရဲ့ ထာဝရစာဖတ်သူ ညီမလေးကိုလည်း သာဓုသုံးကြိမ်ခေါ်ပါတယ်.... သာဓု သာဓု သာဓုပါ ခုလိုအများအကျိုးအတွက် ကိုယ်ပိုင်ချိန် အလုပ်ချိန်ကိုဖဲ့ပြီးသွားပေးတဲ့အတွက် ညီမဘဝ လိုအင်ဟူသမျှပြည့်ပါစေဗျာ....။
No comments:
Post a Comment