Wednesday, 23 August 2017

9th Anniversary.....




ဘာလိုလိုနဲ့ ကျွန်မ ဘလော့လေး ကိုးနှစ်ပြည့်သွားပြီ...။ တကယ်တမ်း ဒီဘလော့ကိုစလုပ်တာက 2008 August လမှာဖြစ်ပေမယ့် ...ဒီဇင်ဘာကျမှ ပို့စ်တွေစတင်တာ ....။ 2008 ဆိုတာကို ပြန်လှမ်းကြည့်တော့လည်း ဟိုး...အဝေးကြီးမှာ ဒါပေမယ့် စိတ်ထဲမှာတော့ အချိန်တွေက ခဏလေးလိုပဲ...။ ကျွန်မ ကိုးနှစ်တာအတွင်းမှာ ဘာတွေရေးခဲ့သလဲ ဘာတွေပြောင်းလဲသွားသလဲလို့ ပြန်ကြည့်ကြည့်တော့ ပြောင်းတာတော့ ပြောင်းလဲသွားပါတယ်...။ အချိန်ကာလတစ်ခုဆိုတာ တိုတောင်းတာနဲ့ ရှည်လျားတာနဲ့မှမဆိုင်ဘဲ လူတစ်ယောက်ကို အမှတ်မထင်တာတွေရော မှတ်ထင်တာတွေရော အဖြစ်အပျက်ပေါင်းများစွာနဲ့ ရင်ဆိုင်ကျော်ဖြတ်စေခဲ့တာပဲ...။ 2008  ဘလော့စရေးတော့ ကျွန်မအသက်က ကိုမျိုးကျော့ သီချင်းထဲကလို ၃၃...:) ။ 2008 ခုနှစ်မှာ မိုးငွေ့တွေနဲ့အတူ ရောက်လာခဲ့တဲ့ သူငယ်ချင်းလေးတစ်ယောက်က ဒီဘလော့လေးကို ဆောက်ပေးခဲ့လို့ ကျွန်မဘလော့ကို “မိုးငွေ့နှင့်အတူ” ဆိုတဲ့ နာမည်နဲ့စရေးခဲ့တယ်...။ ဒါနဲ့ ကျွန်မလည်း မိုးငွေ့ဆိုတဲ့ ကလောင်နာမည် အလိုလိုရသွားခဲ့တယ်..။ တကယ်တမ်းက ဘလော့နာမည်သက်သက်ပဲပေးခဲ့တာ..။ စာဖတ်သူတွေကတော့ ကျွန်မကို မမိုး  မမိုးကြီး.. မမိုးငွေ့  မမငွေ့ စဖြင့် အမျိုးမျိုးခေါ်ကြတယ်...။ မမငွေ့လို့ခေါ်တတ်တာ တစ်ယောက်ပဲရှိတယ် သူက ကိုရဲထွန်းဇော် မလေးမှာနေတုန်းက ကျွန်မတို့ 2010 ဘလော့ခေတ်အစက စာရေးဖော်ရေးဖက်တွေလည်းဟုတ်တယ် ။ ခုတော့ ရန်ကုန်ပြန်ရောက်ပြီး အိမ်ကပေးစားလို့ မိန်းမတွေဘာတွေတောင်ရနေလောက်ပြီ...။   အဲဒီတုန်းက စာရေးချင်တာပဲသိတယ်...။ ပို့စ်တင်ချင်တာပဲသိခဲ့တယ်..။ တကယ်ကိုယ်တိုင်က ဘာစာကိုအားသန်တယ်ဆိုတာ မသိသေးဘူး...။ စမ်းတဝါးဝါးနဲ့ သူများကဗျာလေးတွေပဲ တင်ခဲ့တယ်...။

2009 မေလလောက်ကျမှ ကျွန်မရဲ့ ငယ်ဘဝအကြောင်းတွေကို “တစ်ခါတုန်းကတို့ရွာမှာ” ဆိုတဲ့ ခေါင်းစဉ်အောက်ကနေစရေးခဲ့တယ်...။ 2010 မှာတော့ အက်ဆေးလိုလို ဘာလိုလိုစာတွေကို တစ်ပုဒ်စနှစ်ပုဒ်စရေးနေပြီ...။ ဝတ္တုတိုလေးတွေနဲ့ ဟင်းချက်နည်းတွေကတော့ ကြိုကြားပေါ့..။ 2011 ဖေဖော်ဝါရီကစပြီး ကျွန်မကိုယ်တိုင် ဖန်တီးလိုက်တဲ့ အပြင်မှာသက်ရှိထင်ရှားရှိတဲ့ အိန်ဂျယ်ဆိုတဲ့ ဇာတ်ကောင်လေးနဲ့ အက်ဆေးတွေစရေးလိုက်တာ ခုဆိုရင် 118 ပုဒ်ရှိသွားပြီ...။ 2011 ကနေ 2013 ထိက အက်ဆေးနဲ့ “အိန်ဂျယ်စာစု”တွေကို လက်သွက်သွက်နဲ့ ရေးနေတဲ့ နှစ်တွေပေါ့...။ 2014 မှာ နှစ်ဝက်လောက်ရေးပြီး 2015 နှစ်ဦးပိုင်းမှာ နောက်ဆုံး နွေဦး(၅)ဆိုတဲ့ အိန်ဂျယ်စာစုကိုရေးပြီးနောက် နှစ်ကုန်ထိ ဘလော့နဲ့ တော်တော်ကြာ အဆက်ပြတ်သွားခဲ့တယ်...။ အလုပ်များတာရော စိတ်ရှုပ်တာတွေရောကြောင့်ပါ..။ 2016 ဇန်နဝါရီလကစပြီး  ကျွန်မ ဘလော့ကို “မိုးငွေ့နှင့်အတူ”မဟုတ်ဘဲ ကျွန်မရဲ့ ကဗျာဆရာမိတ်ဆက်ပေးခဲ့တဲ့ ကျွန်မသိပ်ရောက်ဖူးချင်ခဲ့တဲ့ မလေးက လက်ဖက်ခင်းတွေ စတော်ဗယ်ရီခင်းတွေရှိတဲ့ “Cameron”ဆိုတဲ့ နာမည်နဲ့ ပြန်ရေးခဲ့တယ်...။ အဲဒီနောက်ပိုင်းရေးတဲ့ စာတွေကတော့ အရင်တွေနဲ့မတူတော့တဲ့ စာအုပ်စာပေခံစားမှုတွေ သီချင်းခံစားမှုတွေ ခရီးသွားမှတ်တမ်းတွေ အက်ဆေးနဲ့ ဝတ္တုတိုတချို့တွေပဲဖြစ်တယ်..။

2011 ကစပြီး ကျွန်မအားသန်တာ ကျွန်မရေးတဲ့ စာပုံစံဟာ လွတ်လပ်ပေ့ါပါးတဲ့ စာဖတ်သူတွေကို စေခိုင်းခြင်း အမိန့်ပေးခြင်း ဆရာလုပ်ခြင်း မရှိတဲ့ အက်ဆေးပုံစံလေးဆိုတာ သေချာသိလာခဲ့ရတယ်...။ ဘေးပတ်ဝန်းကျင်အကြောင်းအရာတွေကို အငှားခံစားချက်နဲ့ရေးတာရှိသလို ကိုယ်ပိုင်ခံစားသိမြင်တာတွေလည်း ပါတယ်..။ စိတ်ကူးနဲ့ ဇာတ်ကွက် ဇာတ်အိမ်ဆောက်ပြီး ရေးရတာထက် တကယ့်အပြင်ဖက်မှာမြင်တွေ့နေရတဲ့ အကြောင်းအရာအဖြစ်အပျက်တွေကို ရေးရတာ ပိုအားရတယ်..။ အဲဒီပိုးက ကျွန်မ 2016 ဆရာသာဓုတို့ မိသားစုရေးတဲ့ စာအုပ်တွေစဖတ်ကတည်းကစတာ...။ သူတို့ထဲက ဆရာဦးသုမောင်ရေးတဲ့စာကို အကြိုက်ဆုံး..။ Family Saga ဆိုတဲ့ စာအမျိုးအစားက ကမ္ဘာမှာရေးလေ့ရေးထရှိတဲ့သူ သိပ်ကိုရှားတာ...။ ဒီလိုစာမျိုးရေးဖို့ ကိုယ့်ရာဇဝင်ဇာတ်ကြောင်းဆွေမျိုးသားခြင်းတွေအကြောင်းကို မကွယ်မဝှက်တမ်း ရေးချနိုင်ဖို့လိုတယ်....။ အတ္ထုပ္ပတိစာအမျိုးအစားနဲ့ ခပ်ဆင်ဆင်တူတယ်...။ အတ္ထုပ္ပတိရေးတာကတော့ တာဝန်ပိုကြီးပြီး တိကျရတယ်...။ Family Saga ကတော့ လက်ဖက်ရည်သောက်ရင်း ကော်ဖီလေးမြ့ုံရင်း ပတ်ဝန်းကျင် မိသားစုမောင်နှမတွေ ကိုယ်တိုင်တကယ်ကြုံတွေ့ဖြစ်ပျက်ခဲ့တဲ့ အမှတ်ရစရာတွေကို ပြန်လှန်ပြောပြတဲ့ စာမျိုးလို့ ကျွန်မထင်တယ်...။

တစ်ခုရှိသေးတယ် ကျွန်မ ဆရာချစ်ဦးညိုရဲ့ ရာဇဝင်တွေကို ဇာတ်လမ်းပြန်ရေးတာမျိုးထဲက ရာဝဏဒဿဂီရိဘီလူး နေရာကနေပြန်ရေးထားကို သဘောကျမိတယ်..။ ရာဝဏဟာ တစ်သက်လုံး ဗီလိန်နေရာက နေလာရာကနေ ဆရာချစ်ဦးညို အရေးအသားကြောင့် မယ်သီတာကို ချစ်ကျွမ်းဝင်ခဲ့တဲ့ သူ့မေတ္တာဟာ သူလူမဟုတ်တာနဲ့ မဆိုင်ဘူး ဘီလူးမှာလည်း အသည်းနှလုံးရှိတယ်ဆိုတာကို ပြသွားနိုင်ခဲ့တယ်..။ ပြောချင်တာက လူဆိုးကို လူကောင်းဖြစ်အောင်ရေးသွားနိုင်တယ်..။ အဲဒါမျိုးလည်း ကျွန်မသဘောကျတယ်..။ ဘာကြောင့်ဆိုတော့ ကျွန်မ စာတွေထဲမှာ အပြင်မှာတကယ်ဖြစ်ပျက်တာတွေကို အခြေခံထားတာ အများကြီးရှိတယ်..။ ကျွန်မရဲ့ ဇာတ်လိုက်မင်းသားတွေဟာ အပြင်မှာ ဘယ်လောက်ပဲ ဆိုးသွမ်းရိုင်းစိုင်းပါစေ.... ကျွန်မစာထဲမှာတော့ သူတို့ဟာ လူကောင်း လူရည်မွန် ဇာတ်လိုက်တွေပဲ...။ ကျွန်မ လူဆိုးကို လူကောင်းတစ်ယောက်ဖြစ်အောင် ရေးရတာကို ကြိုက်တယ်..။ လူတစ်ယောက်ကိုကြည့်ရင် သူဟာ လူဆိုးဖြစ်နေပါစေ သူ့ကောင်းကွက်ကိုပဲ အရင်ရွေးကြည့်ရတာကို ကြိုက်တယ်...။ လူတစ်ယောက် ဆိုးသွမ်းသွားရတဲ့ အကျိုးအကြောင်းတော့ရှိမှာပဲလေ..။ ရုပ်ရှင်ကြည့်ရင်တောင် တခါတလေ မင်းသားတွေထက် ဗီလိန်တွေဖက်ကနေခံစားပြီးကြည့်တတ်တယ် ...။ ကျွန်မရဲ့ လူတစ်ယောက်အပေါ်ကြည့်တဲ့ အမြင်တွေ ရှုဒေါင့်တွေက တခြားသူတွေနဲ့မတူ တမူတော့ထူးခြားလိမ့်မယ်..။  တကယ်တော့ ဒါဟာ နိယာမတစ်ခုပါပဲ...။ ကိုယ်မေတ္တာလိုချင်ရင် တစ်ဖက်လူကို မေတ္တာပေးတတ်ရမယ်...။ ဘာမဆို အရင်းနှ်ီးလိုတယ်.. ရင်းနှီးမြှုပ်နှံမှုမလုပ်ချင်ရင် အကျိုးအမြတ်ကောင်းလည်း ရလာမှာမဟုတ်ဘူးလေ..။

ကျွန်မဆီမှာ ရေးလက်စ စာတစ်ပုဒ်ရှိတယ်...။ စာဖတ်သူ ကလေးမတစ်ယောက်က သူ့ခံစားချက်ကို စာတစ်ပုဒ်ရေးပြပေးပါလို့တောင်းဆိုထားလို့ ကျွန်မ သူ့ဇာတ်အကြမ်းကိုဖတ်ပြီး ပြန်ပုံဖော်ထားတာလေးပါ...။ ဒီနေ့ အပြင်လောကမှာ တကယ်ဖြစ်နေတဲ့ အွန်လိုင်းဇာတ်လမ်းမျိုးလေးပါ..။ ဇာတ်လမ်းထဲမှာ ကောင်မလေးက စာရေးဆရာမဖြစ်ဖို့ စိုင်းပြင်းနေတဲ့ သူတစ်ယောက်...။ တစ်နေ့တော့ အွန်လိုင်းကနေခင်မင်တဲ့ ကောင်လေးနဲ့ အပြင်မှာတွေ့ရင်း ကောင်မလေးအချစ်ကို ကောင်လေးကအကြမ်းနည်းနဲ့သုံးပြီး ရယူခဲ့တာ...။ ပြီးတော့ အမှုမမြှောက်အောင် ရဲတွေရဲ့စစ်ချက်တွေဘယ်လိုရှိကြောင်း ကောင်မလေးကိုနားချသလိုနဲ့ ပြောပြတယ်...။ အရှက်ရမှာစိုးလို့ ကောင်မလေး ငြိမ်ခံခဲ့တယ်...။ ဒီလိုနဲ့ မာယာတွေနဲ့ချော့တလှည့်ခြောက်တလှည့် ကောင်မလေးအချစ်ကို သူအကြိမ်ကြိမ်ရယူခဲ့တယ်...။ နောက်ဆုံး ကောင်မလေး တခြားမြို့ အဝေးတစ်နေရာကို ပြောင်းပြေးသွားခဲ့တယ်..။ ပြီးတော့ ကောင်မလေးက တကောင်ကြွက် နယ်မှာရှိတဲ့ အမျိုးအိမ်မှာ မျက်နှာငယ်ငယ်နဲ့ ကပ်နေခဲ့ရတယ်...။ ပိုပြီး ကံဆိုးမိုးမှောင်ကျစေတာကတော့ ကောင်မလေးဆီမှာ ကိုယ်ဝန်ပါလာခဲ့တာပဲ...။ ဒုက္ခမျိုးစုံကြားထဲမှာ ကောင်မလေးက သူ့သားကလေးကိုမွေးခဲ့တယ်...။ သူ့သားအသက် နှစ်နှစ်မပြည့်ခင်မှာ အဆက်သွယ်ကောင်းတစ်ခုနဲ့ သူလုံးချင်းဝတ္ထုတစ်အုပ်ထုတ်လိုက်တယ်..။ သူနဲ့ ကောင်လေးနဲ့ တွေ့ကြုံခဲ့တဲ့ အဖြစ်အပျက်တွေကို တကယ်အပြင်မှာနဲ့ဆန့်ကျင်ပြီး ရိုမန့်တစ်ဆန်ဆန် အချစ်ဇာတ်လမ်းတစ်ပုဒ်ကို ဖန်တီးပြီးရေးလိုက်တာ သူ့စာအုပ်လေးအောင်မြင်သွားခဲ့တယ်..။ အဲလိုဇာတ်မျိုးလေးနဲ့ ကျွန်မရေးပေးထားပါတယ်  ဆိုလိုတာက လူဆိုးကို လူကောင်းဖြစ်အောင် အကောင်းဖက်က လှည့်ရေးထားတာကိုပါ...။ အကြမ်းပဲရှိပါသေးတယ်..... ကာယကံရှင် သေချာဖတ်ရှုပြီး ခွင့်ပြုမှ ကျွန်မအဲဒီပို့စ်ကိုတင်မှာပါ...။ ဒါက ဆရာချစ်ဦးညိုဆီကရလာတဲ့ အိုင်ဒီယာနဲ့ အဲဒီညီမလေးကို အချစ်ဇာတ်လမ်းလှလှလေးတစ်ပုဒ် ပြန်ရေးပေးထားတာပါ...။ သူကြုံတွေ့ခဲ့တဲ့ ရုန့်ရင်းဆန်မှုတွေကို ကျွန်မက သိမ်မွေ့နူးညံ့မှုတွေနဲ့ ပြန်ပုံဖော်ပေးရင်း ပညာပေးထားတဲ့ ဇာတ်မျိုးလေးလဲဖြစ်ပါတယ်...။

ကျွန်မဖြတ်သန်းလာခဲ့ရတဲ့ ဘလော့ရေးတဲ့ကာလ ကိုးနှစ်တာအတွင်းမှာ ကြုံတွေ့ပတ်သက်ဆက်ဆံဖူးခဲ့တဲ့ လူတွေကအများကြီး...။ စိတ်စေတနာကောင်းသူ၊ အဝေဆုံးတနေရာကိုရောက်နေပေမယ့် အမြဲတစေကျန်းမာရေးဂရုစိုက်ဖို့ တဖွဖွပြောပြီး စိတ်ပူပေးတတ်တဲ့သူ၊ ကိုယ်ကချည်းပဲယူပြီး ပြန်ပေးရမှာမေ့လျော့နေတဲ့သူ၊ ကတိတစ်လုံးကိုလွယ်လွယ်ပေးပြီး ကတိမတည်တဲ့သူ၊ မာယာများပြီး လှည့်စားတတ်တဲ့သူ၊ ယုတ်မာရိုင်းစိုင်းတဲ့သူ၊ ကိုယ်ချင်းစာတယ်ဆိုတဲ့ စကားကို ခဏခဏသုံးပြီး ကိုယ်တိုင်မခံစားဖူးတော့ ကိုယ်ချင်းစာနာမှုကို ပီပီပြင်ပြင်မသိတဲ့သူ...၊ လူတစ်ဖက်သားကို အနိုင်ပိုင်းချင်တိုင်း သူ့အားနည်းချက်ကို ထုတ်သုံးပြီး နင်းချေတတ်တဲ့သူ....။ အဲဒီလူမျိုးတွေအားလုံးနဲ့ တွေ့ဖူးခဲ့တယ် ..။ စင်းလဲတဲ့သူမျိုးကိုမတွေ့ခဲ့ရတာပဲ ကံကောင်းတယ်မှတ်ပါတယ်..။ ကျွန်မကိုယ်တိုင် လူတွေကို ဘယ်တော့မှ မကောင်းမမြင်တတ်လို့... အဲဒီကံအကျိုးပေးကြောင့်လို့ပဲထင်ပါတယ်..။ တကယ်တော့ လူတစ်ယောက်မှာ လိုအပ်တာ ကိုယ်ချင်းစာတရားပဲ အဲဒါတစ်ခုထဲရှိတာနဲ့ကို အားလုံးကျန်တာ သူ့ဘာသာသူ အော်တိုလိုက်ပါလာလိမ့်မယ်...။

ဒီနေရာလေးဟာ မိသားစုနဲ့အတူနေရတဲ့အိမ်ပြီးရင် ကျွန်မအချစ်ဆုံးနေရာတစ်ခုပဲ...။ ကျွန်မအသက်ရှင်နေသရွေ့ ကျွန်မချစ်တဲ့စာတွေကို ဒီနေရာလေးမှာ ရေးနေဦးမှာပါ...။ ပြီးတော့ ကျွန်မအတွက် လျှို့ဝှက်ထွက်ပေါက် တစ်ခုလည်းဟုတ်တယ်...။ ငယ်ငယ်တုန်းက ကျွန်မ ဒိုင်ယာရီသိပ်ရေးဖူးခဲ့တယ်...။ မှတ်မှတ်ရရ ခုနှစ်တန်းနှစ်ကနေ ဆယ်တန်းထိရေးဖူးခဲ့တယ် ...။ ကျွန်မအတွက် privacy မရှိဘူး လုံခြုံမှုမပေးနိုင်ဘူးလို့ စိတ်ထဲစွဲထင်သွားခဲ့တဲ့ အချိန်ကစပြီး ဒိုင်ယာရီမရေးဖြစ်တော့တာ ဒီနေ့ထိပဲ...။ စာရေးခြင်းရဲ့ အခြေခံတစ်ခုတော့ဖြစ်ခဲ့ဟန်တူပါတယ်..။ ဒီနေရာလေးဟာ ကျွန်မခံစားချက်တွေ ကျွန်မပြောပြချင်တာတွေကို တစ်ကမ္ဘာလုံးမှာရှိတဲ့ မြန်မာစာဖတ်တတ်တဲ့ လူတိုင်းဝင်ဖတ်လို့ရတဲ့ နေရာဆိုပေမယ့် ကျွန်မအတွက် လုံခြုံနွေးထွေးတယ်လို့ခံစားရတယ်...။ အွန်လိုင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်.. မုဆိုးနဲ့ သားကောင်တွေ အပြန်အလှန်ချောင်းနေတဲ့နေရာ အချက်အလက်တွေ စုဆောင်းလို့လွယ်ကူတဲ့ နေရာ ...။ Privacy မရှိတဲ့အတွက် တော်တော်များများ အွန်လိုင်းကို စွန့်ခွာသွားကြတယ်..။ ကျွန်မကတော့ စာရေးနေရရင်ကိုပဲ နေလို့ထိုင်လို့ကောင်းနေသူမို့ ဒီနေရာလေးကိုမစွန့်လွှတ်နိုင်သေးဘူး..။ ကျွန်မအတွက် Privacy ရှိတယ်လို့လည်းယုံကြည်တယ်...။ ဘာကြောင့်လည်းဆိုတော့ ကျွန်မရေးတဲ့စာတွေက အဆိပ်တွေမဟုတ်လို့ပဲ..။ ကျွန်မစာကိုနှစ်သက်လို့ ကျွန်မကိုချစ်လို့ အမြဲအစဉ်မပြတ် စာလာဝင်ဖတ်တဲ့ သူတွေနဲ့ ကျွန်မဟာ အချင်းချင်း မေတ္တာရောင်ပြန်တွေ ဟပ်နေတာပါ...။ တချို့တွေ ကော်မန့်မပေးပေမယ့် Silent Reader တွေကအများကြီး...။ တခါတလေ သူတို့ ကျွန်မကို အမှားလာပြင်ပေးတတ်သေးတယ်..။ အဲလိုခါမျိုးဆို သိပ်ကေးျဇူးတင်မိတယ်...။ ကျွန်မရေးတဲ့ စာကိုအလေးထားလို့ ကျွန်မကိုချစ်ခင်လို့သာ ဒီလိုလုပ်ဆောင်ကြတယ်လို့ မြင်တယ်..။






ဘယ်လိုပဲဖြစ်ဖြစ် ကျွန်မ ဘလော့ကို ဒီနေ့ထိတိုင် လာဖတ်ပေးကြတဲ့ စာဖတ်သူအားလုံးကို ကျွန်မဒီနေရာလေးကနေ အများကြီးကျေးဇူးတင်ပါတယ်.....:)


မိုးငွေ့



7 comments:

ချစ်ကြည်အေး said...

Happy Anniပါ ညီမမိုး....
စာတွေအများကြီး ပျော်သလောက်ရေးပါ....
ရေးသလောက်လည်း ပျော်ပါစေ....

စံပယ်ချို said...

၉ နှစ်သမီးအိမ်လေးကိုရောက်နေတယ်

Unknown said...

Happy Anni just like yi yi help us unite lifefateofabhiishekyiyi.blogspot.com

Candy said...

ဒီပိုစ့်လေးဖတ်ပြီး ဟိုးးးအရင် ဘလော့ဂ်တွေ အရမ်းခေတ်စားတဲ့ အချိန်လေးကို သွားသတိရမိတယ်။ လွမ်းတာ...

Anonymous said...

2017 မှာ blog ရေးတဲ့သူ တွေ အရမ်းနည်းသွားပြီ ဗျာ
အခုလို blog အမြဲရေးနေတဲ့သူတွေကို လေးစားပါတယ် အရင်တုန်းကလိုပဲ blog လေးတွေ လူစည်စေချင်ပါတယ်

Anonymous said...
This comment has been removed by the author.
ဖြိုးမောင်မောင်(CTM) said...

☺️