Monday, 18 July 2016

အတိတ်ရဲ့ အလွမ်းများကိုတူဖော်ကြည့်ခြင်း.....

 




အချိန်အားလေးရှိတုန်း ကော်ဖီလေးတစ်ခွက်သောက် ...ပြီးခဲ့တဲ့ 2011 နဲ့ 2012 များဆီက အက်ဆေးတွေ ကဗျာတွေ စာစုလေးတွေပြန်ဖတ်ပြီး... အဲအချိန်များဆီကို တော်တော်လေး တမ်းတမ်းတတနဲ့ လွမ်းမိသွားတယ်...။ အတိတ်ကာလဆိုတာ ဘယ်တော့မှပြန်မရနိုင်တော့တဲ့ အရာတွေဆိုတာကို သတိချပ်ရင်းလည်း ရင်ထဲနင့်နင့်နဲနဲခံစားသွားရတယ်...။ ခါးသက်တဲ့ကော်ဖီတွေ အေးစက်သွားတဲ့အထိ ကိုယ့်အတွေးတွေ ဟိုး.... အဝေးကို လွင့်လွင့်ပျံ့ပျံ့..။ 

အဲဒီအချိန်တုန်းက ကိုယ်ဟာ...အရောင်စုံတဲ့ တိမ်တွေဆီလွင့်မျောရင်း လှပတဲ့စကားလုံးတွေကို ဖန်းဆင်းခဲ့ဖူးတယ်...။ နှင်းဆီပန်းနီနီရဲရဲပန်းစည်းလေး အမှတ်တရ ရခဲ့ဖူးတယ်...။ နူးညံ့တဲ့ ကဗျာလှလှလေးတွေရဲ့ စကားလုံးတွေအဖြစ်လည်း ကိုယ်စားပြုခဲ့ရဖူးတယ်...။ ကြည်နူးစရာကောင်းတဲ့ ရွှေရောင်ညတစ်ညမှာ လပြည့်လကို ငေးမောရင်းလည်း အတူဖြတ်သန်းခွင့် ရခဲ့ဖူးတယ်...။ ကြယ်ရောင်နည်းတဲ့ ညကို ကော်ဖီနဲ့အတူတူမြည်းခဲ့ဖူးတယ်...။ သူပေးခဲ့ဖူးတဲ့ ရင်ခုန်သံပါးပါးလျားလျားလေးတွေကိုလည်း ဘယ်ဖက်အိပ်ကပ်ထဲ သိမ်းထားခဲ့ဖူးတယ်...။ ကိုယ့်လက်ဖဝါးထဲကို သူထည့်ပေးခဲ့ဖူးတဲ့ အလွမ်းတွေကို ဖမ်းဆုပ်ကိုင်ထားခဲ့ဖူးတယ်...။ 

ဘယ်တော့မှ ပြန်မရနိုင်တော့တဲ့ အရာတွေနဲ့ အချိန်တွေကို လွမ်းဆွတ်ကြည့်ရတာဟာ ခါးသက်နာကျင်လှ ပေမယ့် အဲဒီခံစားမှုကို နောင်တတစ်ခုလို့မသတ်မှတ်ဘဲ တစ်သက်သာ သိမ်းဆည်း ထားရမယ့် အမှတ်တရပို့စ်ကဒ်လေးတစ်ခုလို့ပဲ ကိုယ်ခံယူချင်ပါတယ်..။  

နေရာအသစ်ကိုရောက်ပြီး ဘဝအသစ်စ အချစ်အသစ်နဲ့ဖြစ်နေတဲ့ သူ့ကို ဘယ်လိုမှတွေ့ဆုံပတ်သက်မှု မရှိနိုင်(မရှိသင့်)တော့ပေမယ့် အိပ်မက်ထဲတစ်ခဏရောက်လာခဲ့တဲ့ သူ့အတွက် ချရေးဖြစ်သွားတဲ့ ကိုယ့်ရဲ့ ဒိုင်ယာရီလေး...။


မိုးငွေ့


No comments: