ချစ်ဇနီးလေး ဟက်သာတစ်ယောက် ကျွန်တော့်အတွက် ကြက်ဥပူတင်းတွေဖုတ်ထားမှာပဲလို့ တွေးလိုက်ရုံနဲ့တင် ကားလီဗာကို ဖိနင်းမိလျက်သား
ပူတင်းနံ့တထောင်းထောင်းက နှာခေါင်းထဲတောင် ဝေ့လာသလိုလို..
ဝိုင်နီဖန်ခွက်နှစ်ခွက်နဲ့ လာဗန်ဒါအဆီဖယောင်းတိုင်လေးတွေ လဲ့လာသလိုလို..
ဟက်သာ့ငွေရောင်ဆံပင်တွေဆီက ရှားစောင်းလက်ပတ်ခေါင်းလျှော်ရည်နံ့ သင်းလာသလိုလို..
ဟက်သာ့အတွက်ဝင်ဝယ်လာတဲ့ အဖြူရောင်လီလီပန်းစည်းပေါ်က
၃နှစ်ပြည့် မင်္ဂလာအထိမ်းအမှတ် ကဒ်ကလေးကို ဘေးတစောင်း လှည့်ကြည့်လိုက်တယ်
မျက်လုံးထဲ ဝင်းခနဲဖြစ်သွားပြီး ခေါင်းတွေထူပူသွားပြီး မူးမိုက်မိုက်ကလေး
ဒီနေ့ အလုပ်သိပ်ပင်ပန်းခဲ့တယ်ထင်ရဲ့..
ကားကိုရပ်ထားပြီးတဲ့အခါ ပန်းစည်းလေးကိုင်ရင်း လှေခါးတွေကို နှစ်ထစ်စီကျော်တက်ခဲ့မိ
အရာအားလုံးဖြတ်ကျော်ပြီးတဲ့အခါ အိမ်ရှေ့ဝရံတာမှာရပ်နေတဲ့ ဟက်သာ့ကိုတွေ့တယ်
တိတ်တိတ်ကလေး ခြေသံဖွရင်း အနောက်ကနေ ပြေးဖက်လိုက်တဲ့အခါ
ကျွန်တော် အောက်ကို အရှိန်နဲ့ပြုတ်ကျသွားခဲ့..
သွေးတွေထိတ်လန့်လှုပ်ခုန်သွားပေမဲ့ ကျွန်တော် မသေခဲ့ဘူး..
အံ့သြခြင်းများစွာနဲ့ မတ်တပ်ရပ်ပြီး လမ်းမပေါ်ကနေ ဟက်သာ့ဆီ လှမ်းမော့ကြည့်လိုက်တဲ့အခါ
ဟက်သာဟာ အဝေးကို မျှော်လို့ကောင်းဆဲ..
ကျွန်တော် ဟက်သာ့ကို ထိတွေ့လို့ မရခဲ့ဘူး
ဘယ်...တော့....မှ....လည်း... ရတော့မယ်မဟုတ်ဘူး..
ကျွန်တော်.. မင်းကိုသိပ်ချစ်တယ် ဟက်သာ...။ ။
Tuesday, 29 March 2016
နွေရာသီအနုပညာ..... (၇)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment