ဒီနေ့မနက် ကျွန်မနိုးလာတော့ … အလင်းရောင်က မှုန်မှုန်မှိုင်းမှိုင်းဖြစ်နေလို့ ပြူတင်းနားကို လှမ်းကြည့်လိုက်မိတယ်…။ ပြူတင်းက ပန်းနုရောင်ဇာခန်းစည်းလေး ယိမ်းကနေတာကိုတွေ့လိုက်တယ်…။ ကျွန်မတစ်ချက်ပြုံးမိသွားလား ကျွန်မသေချာမမှတ်မိတော့ဘူး…။ ပြူတင်းနားကို ကျွန်မ .. လှမ်းသွားလိုက်တယ်…။ ခြံဝင်းထဲကို လှမ်းကြည့်လိုက်တော့… မိုးဦးစမို့ထင်ရဲ့ မြက်ခင်းတွေဟာ စိမ်းလန်းစပြုလာကြတယ်…။ မိုးကောင်းကင်မှာ ခဲဖျော့ရောင်တိမ်တိုက်တွေ လေနှင်ရာကို စီးမျောလိုက်ပါနေကြတယ်…။ ကျွန်မရဲ့ အိမ်နောက်ဖက်မှာတော့ စမ်းချောင်းရဲ့ ဟိုတစ်ဖက်မှာ တောအုပ်ညိုညိုလေးရှိသလို အိမ့်အရှေ့ဖက်မှာတော့ မျှော်မဆုံးတဲ့ လယ်ကွင်းပြင်ကြီးမှာ မိုးကုတ်စက်ဝိုင်းကို ထိလုနီးပါး ရှိနေတော့တယ်..။ လယ်ကွင်းကို ဖြတ်တိုက်လာတဲ့ မိုးဦးလေဟာ ရနံ့တစ်ခုကို ဆောင်ယူလာခဲ့တယ်…။
ဘာရနံ့လေးဖြစ်မယ်လို့ ရှင်တို့ထင်လဲ…?
ဘာရနံ့ဖြစ်ရမလဲ လတ်ဆတ်စိမ်းရွှင်တဲ့ ရနံ့ကလေးပေါ့….။ လေကို တရှိုက်မတ်မတ်ရှူသွင်းလိုက်ရင်း စိတ်ထဲ လန်းဆန်းပေါ့ပါးသွားရတယ်…။ လေဟာ လတ်ဆတ်ပြီးအေးတယ် ပြီးတော့ မွှေးတယ်…။
ခြံအရှေ့ တောင့် မြက်ခင်းပြင်ပေါ်မှာလည်း ရွှေပွင့်လေးတွေလို စကားပန်းပွင့်လေးတွေ ကြွေနေကြတယ်…။ အပင်ထက်မှာလည်း စကားပန်းများဟာ ရွှေဝတ်လွှာတွေကို ခြုံနေကြရဲ့…။ လေတိုက်လိုက်တိုင်း ပိုးဝါကောင်ကလေးတွေ ပျံလာကြသလို ပွင့်ဖတ်ဝါတွေက မြက်ခင်းပေါ်ကို ခုန်ဆင်းလာကြတယ်…။ ပင်ခြေက မြက်ခင်းက စိမ်းပြီး ပန်းပွင့်ကြွေတွေက ဝါနေတယ်…။ အစိမ်းမှာ အဝါဖောက်ထားတဲ့ မြေကော်ဇောကို ကျွန်မနှစ်သက်မိတယ်..။ တကယ်တော့ ကျွန်မနေထိုင်ရာ ဒီအိမ်ဝင်းလေးဟာ သာယာလှပတဲ့ ရှုခင်းတစ်ခုပါပဲ…။ ကြည့်နေရင်းနဲ့ပဲ တောအုပ်ဖက်ဆီမှာ အရောင်မှိုင်းလို့နေပေမယ့် အရှေ့ဖက်လယ်ကွင်းပြင်ဖက်မှာတော့ နေခြည်ဟာ နွေးရုံဖြာကျလာတယ်…။ တောပန်းရနံ့လေးတွေလဲ လေမှာတချက်တချက် ရောပါလာတတ်သေးတယ်..။ သြကာသလောကကြီးဟာ သာယာစိုပြေလှပါလား…။ ခြံစည်းရိုးမှာလဲ တောနှင်းဆီအရိုင်းတွေဟာ ဆယ့်နှစ်ရာသီပွင့်နေကြတယ်…။ သစ်ရွက်တွေပေါ်မှာလည်း ညကရွာထားတဲ့မိုးစက်များက နံနက်နေခြည်နဲ့အတွေ့ လေဝှေ့လိုက်တိုင်း စိန်းပွင့်လေးတွေလို ဖြစ်နေကြတယ်…။ “လှလိုက်တာကွယ်..” နွေဦးပေါက်ချိန်တုန်းကဆို စမ်းချောင်းနဘေး သွားထိုင်ပြီး ရေစီးသံလေး နားထောင်ရတာကို ကျွန်မသိပ်နှစ်သက်တာပဲ…။ စမ်းချောင်းထဲ မျောပါလာတဲ့ သစ်ရွက်ခြောက်တွေ ပန်းပွင့်လေးတွေကို ငေးကြည့်ရင်းနဲ့ပေါ့…။ ဆောင်းဦးမှာဆိုရင်တော့ နေခြည်ပျောက်ချိန်ဆို လယ်တောပေါ် မြူမှုန်လေးများ သမ်းလာပုံဟာ လွမ်းဆွတ်ဖွယ်သိပ်ကောင်းတာပဲ ပန်းချီဆန်လှပါတယ်…။ ညဖက်ဆို လရောင်ခြည်ဟာ ရွှေရောင်လို ဝါပြေပြေသာ မြင်ရတတ်ပြီး လစောင့်နတ်သမီးရဲ့ ဆံပင်များပြေလျော့ကျလာသလို လရောင်ခြည်ဟာ ညွတ်ပျော့ပြီး မြေပေါ်ကို ကျလာတယ်…။ ရာသီတိုင်းဟာ သူ့အလှနဲ့သူပြည့်စုံပေမယ့် ကျွန်မကတော့ မိုးရာသီကိုအချစ်ဆုံး…။ ဟုတ်တယ် ကျွန်မ မိုးကို သိပ်ချစ်တယ်…။ မိုးစက် မိုးပေါက်လေးတွေဟာ နွမ်းလျနေတတ်တဲ့ ကျွန်မစိတ်ဝိဉာဉ်တွေကို လန်းဆန်းတက်ကြွစေမြဲပဲ…။
မိုးရာသီစလာပြီဆိုတာနဲ့ လေတွေဟာ လေပူလေရမ်းတွေမဟုတ်တော့ဘဲ တောင်ဘက်ကနေသာ တိုက်ခတ်လာတတ်တဲ့ လေအေးတွေအဖြစ် ပြောင်းလဲလာတယ်..။ အက်ကွဲမာကျောတဲ့ မြေကြီးတွေလည်း စိုထိုင်းပြီး ညိုလာကြတယ်…ရေတွေလည်း မိုးစက်နဲ့ မြေငွေ့တွေပါလာတယ်…။ ပန်းပွင့်တို့ အိပ်ယာနိုးကုန်ကြတယ်…။ သစ်ပင်အားလုံး မိုးစက်အောက်မှာ စိမ်းလန်းလာကြတယ်…။ မိုးဦးစဖြစ်လို့ လမ်းတွေဟာလဲ ဖုန်မထူတော့ဘူး…။ အားလုံးသော သဘာဝဟာလည်း မိုးတဖြိုက်ရွာအပြီးမှာ ပြန်လည်ဆန်းသစ်လာသလို ရွှင်လန်းနေတော့တယ်…။ သစ်ပင်လေးတွေဟာလဲ ထိုးထိုးထောင်ထောင်လှုပ်လှုပ်ရှားရှားနဲ့ ကျွန်မကို နှုတ်ဆက်နေကြသယောင်…။ မိချောင်းပန်းနွယ်လေးတွေဟာ ဖွေးနေတော့တာပဲ…။ တခါတခါ မိုးဦးလေတစ်ချက်ဝှေ့လိုက်ရင် အပင်တိုင်းရှိ သစ်ရွက်ကလေးများ ဝှေ့ယမ်းလိုက်တဲ့အသံဟာ ကလေးတွေ ရယ်မောသံလို ပေါ့ပါးပျံလွင့် လွန်းလှတယ်…။ အဲဒီအခါ ကျွန်မရှေ့မှာ ရေစက်ရေမွှားကလေးတွေဟာ နေခြည်တန်းကို ဖြတ်သန်းပြီး သစ်ရွက်မျှင်များပေါ်ကနေ မြေပေါ်ကျလာကြတယ်…။
ဒီလိုနေရာမျိုးမှာ နေရတာ တစ်ဘဝစာလုံးအတွက် ဘယ်လောက် စိတ်ချမ်းသာစရာ ကောင်းလိုက်သလဲလို့ တွေးမိကြမှာပဲ…။ လူဆိုတာလည်း အခက်သားလား….။ အတွေးနဲ့လည်း ကိုယ့်စိတ်ကို နှိပ်စက်နိုင်ပါရဲ့…။ လောကမှာ ပြီးပြည့်စုံမှုဆိုတာ ဘယ်မှာရှိနိုင်လို့လည်း….။ ကျွန်မ နေ့စဉ်ခံစားမှုတွေ အတွေးတွေကို စကားလုံးတွေအဖြစ်ပြောင်းလဲပြုပြင်နိုင်ခဲ့လို့သာ ဒီနေ့ချိန်ထိ ရှင်သန်ခွင့်ရှိနေတာပေါ့….။ လိုအပ်ချက်ဆိုတာ လူတိုင်းမှာရှိတယ် ကျွန်မဆီမှာလည်းရှိတာပဲ…..။ ကျွန်မဟာ တစ်ကိုယ်ကောင်းဆန်သူတစ်ယောက်လို့ မှတ်ယူသွားသူတစ်ယောက်အပေါ် ယနေ့ထိ မမေ့နိုင်ခဲ့တာဟာ သူ့အပေါ်အမျှင်တန်းနေသေးလို့လား…။ ကျွန်မမသိဘူး….။ မနှင်းဆီလို့ ကျွန်မကိုတမြတ်တနိုးခေါ်တတ်တဲ့ သူတစ်ယောက်…ကျွန်မနားကနေ ပျောက်ကွယ်သွားအောင် ကျွန်မကိုယ်တိုင်ကပဲ တွန်းပို့ခဲ့တာပါ…။ ဒါနဲ့များကွယ်… ကျွန်မ လွမ်းဆွတ်နေချင်သေးတယ်ဆို ရယ်စရာ သက်သက်သာဖြစ်တော့မယ်…။ လောကမှာ အချစ်နဲ့မထိုက်တန်သော သူဟာ ကျွန်မသာဖြစ်လိမ့်ထင်တယ်…။ ထင်တာမဟုတ်ဘူး အဟုတ်ကို ဟုတ်ပါတယ်လေ…။
ဝန်ခံချက်။ ။ကျွန်မဖတ်ဖြစ်ခဲ့ဖူးသော ဆရာမဒေါ်ခင်နှင်းယု၏ နှင်းဆီမွေ့ယာဝတ္ထုတိုထဲမှ ဆရာမ၏ ရာသီဥတုနှင့် ပတ်ဝန်းကျင်အပေါ်ဖွဲ့နွဲ့ဖော်ညွှန်းထားသည့် နူးညံ့ကြွရွသော စကားဖွဲ့များကို အက်ဆေးတစ်ပုဒ် အဖြစ် ပြန်လည်ပေါင်းစပ်ထားခြင်းသာ ဖြစ်သည်…။
မိုးငွေ့
1 comment:
ဒီရာသီ ဒီနေရာ နေရာအနှံ့ နှင်းဆီခင်းတွေပဲမြင်နေရလို့နှင်းဆီချစ်တဲ့ မီးမီးကို အမြဲသတိရနေတတ်ပြီ---
ပေးထားတဲ့ခေါင်းစဉ်လေးကိုလဲ ကြိုက်သွားပြီ
Post a Comment